သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဲရစ်ကိုတိုက်တဲ့ အကြမ်းဖက်ဂိုဏ်း ဗြိတိန်မှာ အဆက်အနွယ်ရှိ


ပဲရစ်တိုက်ခိုက်မှုကို ကျူးလွန်ခဲ့သည့် အကြမ်းဖက်အဖွဲ့
ပဲရစ်တိုက်ခိုက်မှုကို ကျူးလွန်ခဲ့သည့် အကြမ်းဖက်အဖွဲ့

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်မှာ နိုဝင်ဘာလ ၁၃ ရက်နေ့က တိုက်ခိုက်မှုတွေကို ကျုးလွန်ခဲ့တဲ့ အကြမ်းဖက်ကွန်ယက်အဖွဲ့ဟာ ဗြိတိန်နိုင်ငံက လူတချို့နဲ့ ဆက်နွယ်မှုရှိလိမ့်မယ်လို့ သံသယရှိတဲ့အကြောင်း အနောက်နိုင်ငံ အစိုးရအရာရှိ ၂ ဦးက သတင်းမီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုုမှာ အဓိက ကြိုးကိုင်သူလို့ စွပ်စွဲခံထားရတဲ့ IS အဖွဲ့က စစ်သွေးကြွ အပ်ဒဲ ဟာမစ် အဘာအု (Abdelhamid Abaaoud) နဲ့ ဗြိတိန်နိုင်ငံ ဘာမင်ဟန်အရပ်က လူတော်တော်များများဟာ အဆက်အသွယ် ရှိမယ်လို့ ယူဆရကြောင်း အရာရှိတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး သောကြာနေ့က ထုတ်ပြန်တဲ့ Wall Street Journal မှာ ဖော်ပြထားပါတယ်။

တိုက်ခိုက်မှုတွေနဲ့ ဆက်နွယ်သူတွေထဲက အနည်းဆုံး ၁ ယောက်ဟာ ပစ်ခတ်မှုတွေ မလုပ်ခင်မှာ ဗြိတိန်ကို သွားရောက်ခဲ့တယ်လို့ ယုံကြည်ရကြောင်းလည်း Wall Street Journal ကို ပြောဆိုခဲ့ပါတယ်။ ဗြိတိန်နိုင်ငံက တန်ပြန်အကြမ်းဖက်မှု ကိစ္စတွေကို ကိုင်တွယ်ရတဲ့ လန်ဒန်ရဲတပ်ဖွဲ့ကတော့ ဒီသတင်းနဲ့ ပတ်သက်လို့ တစုံတရာ မှတ်ချက် မပေးခဲ့ပါဘူး။

မော်ရိုကိုနွယ်ဖွား ဘယ်လ်ဂျီယံနိုင်ငံသား အဘာအု ဟာ ဒီနှစ်ဆန်ုးပိုင်းမှာ လန်ဒန်နဲ့ မြောက်ပိုင်း ကီလိုမီတာ ၁၉၀ လောက်က ဘာမင်ဟမ်အထိ သွားရောက် လည်ပတ်ခဲ့တယ်လို့ ယူဆထားပြီး မြို့နှစ်မြို့စလုံးမှာ လူတချို့နဲ့ တွေ့ဆုံပြီး ဗြိတိန်မှာ အကြမ်းဖက် လုပ်ရပ်တွေ ဆောင်ရွက်ဖို့ ကူညီတာ၊ ဒါမှမဟုတ် စီစဉ်တာမျိုးတွေ ရှိခဲ့တယ်လို့ ယုံကြည်ရတဲ့အကြောင်းကိုလည်း The Guardian သတင်းစာမှာ ဖော်ပြထားပါတယ်။

အဘာအုကတော့ - လူ ၁၃၀ အထိ သေဆုံးခဲ့ရတဲ့ ပဲရစ်မြို့က ဂီတဖျော်ဖြေပွဲ၊ စားသောက်ဆိုင်တဆိုင်နဲ့ အမျိုးသားအားကစားကွင်းတို့မှာ တိုက်ခိုက်မှုတွေအပြီး ရက်ပိုင်းအကြာ ပြင်သစ်ရဲတွေရဲ့ စီးနင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ပါတယ်။

XS
SM
MD
LG