လစ်ဗျားနိုင်ငံကို နိုင်ငံတကာတပ်ဖွဲ့တွေ လွှတ်ဖို့ကိစ္စနဲ့ လက်နက်မရောင်းဖို့ ပိတ်ပင် တားမြစ်ထားတာကို ရုပ်သိမ်းရေးကိစ္စကို ဗြိတိန်နိုင်ငံက ကြာသပတေးနေ့မှာ ကန့်ကွက်လိုက်ပါတယ်။ လစ်ဗျားမှာ အကြမ်းဖက်မှုတွေ တိုးဖြစ်လာနေတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ကျင်းပအပြီး နောက်တရက်အကြာမှာပဲ အခုလိုကန့်ကွက်တာပါ။
လစ်ဗျားနိုင်ငံမှာ နိုင်ငံရေးအရ အဖြေတခုရှာဖို့ အယ်လ်ဂျီးရီးယားနိုင်ငံဆီ တရားဝင် သွားရောက်တဲ့ ခရီးစဉ်တခုအတွင်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး Philip Hammond က တောင်းဆိုပါတယ်။ IS စစ်သွေးကြွှအဖွဲ့ကို သစ္စာခံတယ်လို့ဆိုတဲ့ လစ်ဗျား စစ်သွေးကြွတွေ ဟာ အီဂျစ်နိုင်ငံသား ၂၁ ဦးကို ဒီသီတင်းပတ် အစောပိုင်းမှာပဲ ခေါင်းဖြတ်သတ်လိုက်တဲ့အကြောင်း ကြေညာထားတာပါ။
လစ်ဗျားက စစ်သွေးကြွပစ်မှတ်တွေကို တနင်္လာနေ့မှာ လေကြောင်းကနေ တိုက်ခိုက်ပြီးတဲ့နောက် နိုင်ငံတကာကနေ စစ်ရေးအရ ဝင်စွက်ဖက်ဖို့ အီဂျစ်နိုင်ငံက ပန်ကြားထားပါတယ်။ လစ်ဗျားအစိုးရကို လက်နက်ခဲယမ်းမပေးဖို့ ပိတ်ပင်ကန့်သတ်ထားတာကို ရုပ်သိမ်းပြီး စစ်သွေးကြွတွေဆီ လက်နက်တွေ မရောက် နိုင်အောင် တားဆီးဖို့၊ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ လစ်ဗျားအစိုးရ ထရီပိုလီမြို့တော်ဆီ ပြန်သွားနိုင်ရေး တွန်းအားပေး ဖို့ အချက်တွေပါဝင်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်း တရပ်ကို ဂျော်ဒန်နိုင်ငံက ဗုဒ္ဓဟူးနေ့မှာ ဖြန့်ဝေထားပါ တယ်။
လစ်ဗျားနိုင်ငံက စစ်သွေးကြွတွေနဲ့ စင်ပြိုင်အစိုးရနှစ်ခုအကြား ကုလသမဂ္ဂက ကြားဝင်ပြီးတော့ ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးတာ မအောင်မမြင်ဖြစ်ခဲ့ပါတယ်။