သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် တင်းမာမှု ဖြေရှင်းရေး ဗြိတိန်ကူညီ


The British Foreign Secretary William Hague
The British Foreign Secretary William Hague
ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး William Hague က မြန်မာအာဏာပိုင်တွေကို တိုက်တွန်းလိုက်ပါတယ်။

ရခိုင်ပြည်နယ်အရေးကိစ္စမှာ သီးခြားလွတ်လပ်တဲ့ စုံစမ်းမှုတွေလုပ်ပြီးတော့ တာဝန်ရှိသူတွေကို ဖော်ထုတ် အရေးယူဖို့၊ လူမျိုးရေးအခြေခံအပေါ်မှာ မတရားဖမ်းဆီးခံရသူတွေ ပြန်လွှတ်ပေးဖို့ စတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာကင်တာနားရဲ့ တောင်းဆိုချက်အပေါ် သူ့အနေနဲ့ အပြည့်အဝထောက်ခံပြီးတော့ လူ့အခွင့်အရေး အသိအမှတ်ပြု လေးစားတဲ့ ကိုင်တွယ်ဖြေရှင်းမှုမျိုး လုပ်ဆောင်ဖို့လည်း နိုင်ငံခြားရေးဝန်ကြီး Hague က မြန်မာအာဏာပိုင်တွေကို တိုက်တွန်းပါတယ်။

မြန်မာနိုင်ငံတွင်းမှာ အပြောင်းအလဲတွေ ပြုပြင်မှုတွေ ပေါ်ထွန်းလာချိန်မှာ၊ အခုလိုမျိုး ရခိုင်ပြည်နယ် အတွင်းဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ စိုးရိမ်စရာဖြစ်မိတယ်လို့လည်း ဆိုပါတယ်။ ပြဿနာတွေ ပြေလည်အောင်လို့ ထိန်းထိန်း သိမ်းသိမ်းလုပ်ဆောင်ကြဖို့လည်း အဲဒီမှာ ရှိတဲ့ လူမှုအသိုင်းအဝိုင်းတွေကို တိုက်တွန်းတဲ့ အကြောင်းလည်းဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေနဲ့ နိုင်ငံရေးတိုးတက်မှုတွေကြောင့် နိုင်ငံတကာက အထူးသဖြင့် အနောက်နိုင်ငံတွေက အာရုံစိုက် ချီးကျူးမှုခံနေရချိန်မှာပဲ အခုလိုမျိုး ရခိုင်ပြည်နယ်တွင်းမှာ လူမျိုးရေး အကြမ်းဖက်မှုတွေဖြစ်လာတဲ့နောက် အနောက်နိုင်ငံတွေနဲ့ ကုလသမဂ္ဂရဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်ရှင်။
XS
SM
MD
LG