သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် လူ့အခွင့်အရေးအခြေအနေ ဗြိတိသျှပါလီမန် ဆွေးနွေး


မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ရှိလာပေမဲ့လို့ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ စိုးရိမ် စရာတွေ ရှိနေသေးတဲ့အကြောင်း၊ အထူးသဖြင့် ရခိုင်ပြည်နယ်မှာ မကြာခင်လတွေက ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေအရေး စိုးရိမ်တဲ့ အကြောင်းတွေကို မနေ့က ဗြိတိန် ပါလီမန်မှာ လွှတ်တော်အမတ်တွေက မေးမြန်းဆွေးနွေးခဲ့ကြ ပါတယ်။ နိုင်ငံတကာက အရေးကိစ္စတွေကို ဗြိတိန်ပါလီမန်မှာ လစဉ် ခုလို ဆွေးနွေးကြတာမှာ ဒီလမှာတော့ မြန်မာနိုင်ငံအရေးကို အလေးပေး ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဆွေးနွေးမှု အကြောင်း အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

နိုင်ငံတကာက အရေးကိစ္စတွေနဲ့ပတ်သက်လို့ ဗြိတိန်ပါလီမန်မှာ လွှတ်တော် အမတ်တွေရဲ့ မေးမြန်း မှုတွေနဲ့ သက်ဆိုင်ရာနိုင်ငံခြားရေးနဲ့ ဓနသဟာယဝန်ကြီးရုံး ဝန်ကြီးရဲ့ အပြန် အလှန် ဖြေကြားဆွေးနွေးမှုတွေကို လစဉ်ပြုလုပ်လေ့ရှိတာမှာ ဒီလမှာတော့ မြန်မာနိုင်ငံက လူ့အခွင့် အရေး အခြေအနေ၊ အထူးသဖြင့် ရခိုင်ပြည်နယ်တွင်း မကြာသေးခင် လပိုင်းတွေက ဖြစ်ပွားခဲ့ တဲ့ သွေးထွက်သံယို အကြမ်းဖက်မှုတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ဗြိတိန်အမတ်တွေ မနေ့က မေးမြန်း ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

မကြာခင်လတွေကစလို့ မြန်မာနိုင်ငံအပေါ် ဗြိတိန်အစိုးရက ဖိအားပေးမှုတွေ လျှော့လာနေ တာကြောင့် မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတချို့ ရှိလာတယ်ဆိုပေမဲ့ လူ့အခွင့် အရေးပိုင်းမှာ စိုးရိမ်စရာ အခြေအနေ ရှိနေတယ်ဆိုတဲ့အချက်ကို အစိုးရအနေနဲ့ အလေးထား စဉ်းစားနိုင်ဖို့ ဗြိတိန်ပါလီမန် အမတ်တွေက ခုလို မေးခွန်းထုတ်မှုတွေနဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့ တာဖြစ်တယ်လို့ ဗြိတိန်နိုင်ငံအခြေ စိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK က လှုပ်ရှားမှုတာဝန်ခံတဦးဖြစ်တဲ့ မမေရီလှက ပြောပါတယ်။

“ရခိုင်ဒေသအရေးနဲ့ပတ်သက်ပြီးတော့ပဲ အဓိကဆွေးနွေးတာပါ။ နောက် ရိုဟင်ဂျာ လူမျိုးတွေ အတွက်ကို သူတို့ အဓိကထားပြီးတော့ ဆွေးနွေးပါတယ်။ ဘယ်လိုထောက်ပံ့ ကူညီမှုတွေ ပေးမလဲ၊ သူတို့အတွက် သူတို့ရဲ့ ရပိုင်ခွင့်တွေပေ့ါနော်-အဲဒီ အတွက်ကို ထည့်သွင်းပြီးတော့ အဓိကထား ဆွေးနွေးကြပါတယ်။ ဗမာပြည်အစိုးရနဲ့ ပတ်သက်ပြီးတော့လည်း သူတို့တွေက ဆွေးနွေး မှုတွေ နေ့တိုင်း ရှိတယ်။ ရခိုင်ဒေသတင်မဟုတ်ဘူး၊ အခု ကချင်ပြည်နယ် အခြေအနေတွေရော၊ ရှမ်းပြည်နယ် အခြေအနေတွေရော သူတို့တွေက စိုးရိမ်မှုတွေလည်း ရှိနေတယ်။ ဒီတော့ ဗမာပြည် က ခေါင်းဆောင်တွေနဲ့ရော နောက် David Cameron သွားလည်တုန်းကလည်း အဲဒီ တိုင်းရင်းသား အရေးကိုလည်း ထည့်သွင်း ဆွေးနွေးတဲ့ အကြောင်းကိုလည်း သူ mention လုပ်ပါတယ်။ နောက်ပြီးတော့ ဗမာပြည်မှာ တာဝန်ကျနေတဲ့ ဗြိတိန်နိုင်ငံ သံအမတ်ကလည်း တိုင်းရင်းသားအရေးတွေကို အမြဲတမ်းပဲ မြန်မာပြည်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်နေတယ်လို့ သူတို့ ပြောပါတယ်။”

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေ၊ လူ့အခွင့်အရေး အခြေအနေ တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်ရမယ့် အခြေအနေတွေနဲ့ ဗြိတိန်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် အကူအညီ ပေးနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့လည်း ဗြိတိန် လွှတ်တော်အမတ်တွေ က မေးခွန်း ထုတ် ဆွေးနွေးခဲ့ကြတယ်လို့လည်း မမေရီလှက ပြောပြပါတယ်။

“မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီးတော့က အခု လာမယ့် နောက်တပတ်လောက် ဆိုလို့ရှိရင် ဗြိတိန်မှာရှိတဲ့ မြန်မာနိုင်ငံရေးဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးတစ်ယောက်က မြန်မာပြည်ကို ဒီက ရင်းနှီးမြှုပ်နှံမယ့်သူတချို့နဲ့ သွားလည်ဖို့ ရှိတယ်။ အဲဒီမှာလည်း သူတို့ သွားလည်တဲ့ အခါမှာ လည်း မြန်မာနိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှုတွေကို အလေးထားပြီး လုပ်မှာဖြစ်သလို လူ့အခွင့်အရေး ကိစ္စတွေကိုလည်း ထည့်သွင်းဆွေးနွေးမယ်လို့ ပြောပါတယ်ရှင့်။”

ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ Burma Campaign UK က လှုပ်ရှားမှု တာဝန်ခံ တဦးဖြစ်တဲ့ မ မေရီလှ က ပြော ပြသွားတာပါ။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စတွေ အပေါ်မှာ ခုလို ဗြိတိန် အမတ်တွေ မေးမြန်း ဆွေးနွေးခဲ့ကြတယ် ဆိုပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း သံဃာတော်တွေနဲ့ ပြည်သူ အများအပြား ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြတဲ့ မုံရွာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကြမ်းဖက် နှိမ်နင်းမှုတွေနဲ့ ဖမ်းဆီးမှုတွေနဲ့ ပတ်သက် လို့တော့ သူတို့က ထည့်သွင်း ပြောသွားခဲ့ခြင်း မရှိပါဘူး။

မြန်မာနိုင်ငံကို ပေးနေတဲ့ ဗြိတိန်နိုင်ငံ ရဲ့လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့တွေ ဟာ မြန်မာနိုင်ငံရဲ့ အကျပ် အတည်းတွေကို ကူညီ ဖြေရှင်းရာ ရောက်စေဖို့နဲ့ ဗြိတိန်စီးပွားရေး ကိုယ်စားလှယ်အဖွဲ့တချို့ မကြာခင် မြန်မာနိုင်ငံကို သွားတဲ့အခါ လူ့အခွင့်အရေး ကိစ္စတွေကို လျစ်လျူရှုမထားဘဲ လူ့အခွင့် အရေးနဲ့ ပတ်သက်လို့ မြန်မာ အစိုးရကို အလေးပေး တိုက်တွန်းမှုတွေ လုပ်သင့်တဲ့ အကြောင်းတွေကို လွှတ်တော်အမတ်တွေက အစိုးရကို အဓိက တိုက်တွန်း ဆွေးနွေးခဲ့ကြ တာ ဖြစ်ပါတယ်။ ဗြိတိန်အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် ဖိအားပေးမှုတွေ လျော့နည်းလာချိန်မှာ ခုလို လွှတ်တော်အမတ်တွေရဲ့ တိုက်တွန်းပြောဆိုမှုဟာ အားတက်စရာ ဖြစ်တယ်လို့ မမေရီလှ က ပြောဆိုခဲ့ပါတယ်ရှင်။
XS
SM
MD
LG