သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိပ်ကျွန်းလူသတ်မှု ဗြိတိန်ရဲစစ်ဆေးမည်


ထိုင်းနိုင်ငံ၊ ကော့တော်ကျွန်းလူသတ်မှုနဲ့ တရားစွဲဆိုခြင်းခံနေရသူ မြန်မာ ရွှေ့ပြောင်းအလုပ်သမား နှစ်ဦး။
ထိုင်းနိုင်ငံ၊ ကော့တော်ကျွန်းလူသတ်မှုနဲ့ တရားစွဲဆိုခြင်းခံနေရသူ မြန်မာ ရွှေ့ပြောင်းအလုပ်သမား နှစ်ဦး။

ထိုင်းနိုင်ငံ Koh Toa ကျွန်းပေါ်မှာ စက်တင်ဘာလက အသတ်ခံခဲ့ရတဲ့ ဗြိတိန်ခရီးသွား နှစ်ယောက်ရဲ့အမှုကို ဗြိတိန်ရဲတပ်ဖွဲ့က ထိုင်းရဲတပ်ဖွဲ့နဲ့
ပူးပေါင်းစစ်ဆေးမယ်လို့ ဗြိတိန်အစိုးရက ပြောကြားလိုက်ပါတယ်။

အီတလီနိုင်ငံ Milan မြို့မှာကျင်းပခဲ့တဲ့ ASEM ထိပ်သီးစည်းဝေးပွဲဘေးပန်းမှာ ဗြိတိန်ဝန်ကြီးချုပ် David Cameron နဲ့ ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha တို့သဘောတူခဲ့ပြီးနောက် ဗြိတိန်မှုခင်းစစ်ရဲအဖွဲ့ တဖွဲ့ ထိုင်းနိုင်ငံမှာ သွားရောက်စုံစမ်းမယ်လို့ ဝန်ကြီးချုပ် Cameron ရုံးက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ထိုင်းကိုစေလွှတ်မယ့် ဗြိတိန်ရဲတွေနဲ့ ပတ်သက်လို့ အသေးစိတ်ကိုတော့ ကြေညာချက်ထဲမှာ ဖော်ပြထားခြင်း မရှိပေမယ့် ဗြိတိန်ထုတ် Guardian သတင်းစာကြီးမှာတော့ ထိုင်းရဲတွေက မသင်္ကာသူတွေလို့ ပြောနေကြသူနှစ်ယောက်ရဲ့ DNA တွေက လူသတ်မှုနဲ့ ပတ်သက်နေတဲ့ DNA နဲ့ တကယ်တူနေသလားဆိုတာကို သီးခြားလွတ်လပ်တဲ့ စစ်ဆေးမှုတွေ လုပ်သွားမှာဖြစ်တယ်လို့ ရေးသားထားပါတယ်။

ဗြိတိန်ခရီးသွား Hannah Witheridge နဲ့ David Miller တို့ကို သတ်တယ်လို့ စွပ်စွဲပြီး မြန်မာရွှေ့ပြောင်းလုပ်သား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို
ထိုင်းရဲက ဖမ်းဆီးထားပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်လုံးက သူတို့သတ်ပါတယ်လို့ ဝန်ခံအောင် ထိုင်းရဲက ရိုက်နှက်နှိပ်စက်ခဲ့တယ်လို့
ပြောပါတယ်။

ဒီလူသတ်မှုနဲ့ပတ်သက်လို့ ထိုင်းရဲတွေရဲ့ ကိုင်တွယ်ပုံပေါ်မှာလည်း နိုင်ငံတကာက လူ့အခွင့်အရေးအဖွဲ့တွေက စိုးရိမ်ကြောင်း ပြောခဲ့ကြပါတယ်။ ဗြိတိန်ရဲနဲ့ ထိုင်းတာဝန်ရှိသူတို့ အတူစုံစမ်းဖို့ကိစ္စ အသေးစိတ်ကို ညှှိနှိုင်းရဦးမှာဖြစ်ပေမယ့် အမှုမှန်ဖော်ထုတ်နိုင်ဖို့ ထိုင်းအာဏာပိုင်တွေနဲ့ ဘန်ကောက်က ဗြိတိန်သံရုံးကြားမှာ အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ထိုင်းစစ်တပ် ဒုတိယပြောခွင့်ရသူရဲ့ အပြောကို Bangkok Post သတင်းစာထဲမှာ ဖော်ပြထားပါတယ်။

ဒီအမှုစုံစမ်းမှုကို လွတ်လပ်မျှတပြီး ဥပဒေအတိုင်းဆောင်ရွက်ဖို့လည်း မြန်မာအစိုးရက တိုက်တွန်းထားပါတယ်။

XS
SM
MD
LG