သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Brussels လေဆိပ်က “ဦးထုပ်နဲ့လူ” ဖြစ်ကြောင်း အဖမ်းခံတဦး ထွက်ဆို


ပြင်သစ်နိုင်ငံမှာ ဖြစ်သွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှု ပြုလုပ်ခဲ့သူလို့ မသင်္ကာရသူ Mohamed Abrini

က Brussels မြို့ Zaventem လေဆိပ်မှာ မတ်လ ၂၂ ရက်နေ့က အသေခံဗုံးခွဲ တိုက်ခိုက်ခဲ့သူ ၂ ဦးနဲ့ အတူပါလာတဲ့ ဦးထုပ်နဲ့လူဟာ သူဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့တယ်လို့ Belgium အစိုးရ ရှေ့နေက ပြောပါတယ်။

Belgium ရဲတပ်ဖွဲ့က သောကြာနေ့မှာ ပြုလုပ်ခဲ့တဲ့ ဝင်ရောက် ဖမ်းဆီးမှုတွေအတွင်း ပြင်သစ်နဲ့ Brussels တိုက်ခိုက်မှုတွေနဲ့ ဆက်နွယ်နေသူလို့ မသင်္ကာရသူ မော်ရိုကိုနွယ်ဖွား Belgium နိုင်ငံသား အသက် ၃၁ နှစ်အရွယ် Abrini အပါအဝင် လူ ၅ ဦးကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။

လူပေါင်း ၃၂ ဦး သေဆုံးပြီး အများအပြား ထိခိုက် ဒဏ်ရာရခဲ့တဲ့ ပြီးခဲ့တဲ့လအတွင်းက ဖြစ်သွားခဲ့တဲ့ အသေခံ ဗုံးခွဲတိုက်ခိုက်မှုနဲ့ ဆက်နွယ်နေသူ ၄ ဦးကိုလည်း Belgium အစိုးရရှေ့နေ့က စနေနေ့မှာ စွဲဆိုလိုက်ပါတယ်။

ဖမ်းဆီးထိန်းသိမ်းထားတဲ့ Abrini၊ Osama K၊ Herve B. M. နဲ့ Bilal E. M. တို့ကို မတ်လ ၂၂ ရက်နေ့က Brussels လေဆိပ်နဲ့ မြေအောက် ရထားဘူတာရုံတွေမှာ ဖြစ်သွားခဲ့တဲ့ တိုက်ခိုက်မှုတွေအတွက် အကြမ်းဖက် သတ်ဖြတ်မှု၊ အကြမ်းဖက် အဖွဲ့အတွင်း ပါဝင် လုပ်ဆောင်မှုတွေနဲ့ စွဲချက်တင်လိုက်ကြောင်း အစိုးရရှေ့နေရုံးက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Brussels တိုက်ခိုက်မှုနဲ့ ဆက်နွယ်သူ ၆ ဦးမြောက်ကို ဖမ်းဆီးလိုက်ကြောင်း Belgium အာဏာပိုင်တွေက စနေနေ့ အစောပိုင်းမှာ ကြေညာချက် ထုတ်ပြန်ခဲ့ပေမဲ့ တခြား အသေးစိတ် အချက်အလက်တွေတော့ ထုတ်ပြန်ခြင်း မရှိပါဘူး။

XS
SM
MD
LG