သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗုဒ္ဓဂါယာ တိုက်ခိုက်မှု ဒဏ်ရာရသူတွေထဲ မြန်မာသံဃာတစ်ပါး ပါဝင်


ဗုဒ္ဓဂါဟာ ဗုံးခွဲတိုက်ခိုက်မှုအတွင်း ဒဏ်ရာရသံဃာတစ်ပါးကို ဆေးရုံ သယ်ဆောင်နေစဉ် (၇ ဇူလိုင် ၂၀၁၃)
ဗုဒ္ဓဂါဟာ ဗုံးခွဲတိုက်ခိုက်မှုအတွင်း ဒဏ်ရာရသံဃာတစ်ပါးကို ဆေးရုံ သယ်ဆောင်နေစဉ် (၇ ဇူလိုင် ၂၀၁၃)
အိန္ဒိယနိုင်ငံ Bihar ပြည်နယ်တွင်း တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့တဲ့ ဗုဒ္ဓဂါယာဝင်းတွင်း ဗုံးဆက်တိုက် ပေါက်ကွဲမှုတွေအတွင်း ဒဏ်ရာအပြင်းအထန် ရခဲ့တဲ့ မြန်မာနိုင်ငံသား စာသင်သံဃာတော်ရဲ့ အခြေအနေဟာ အရေးပေါ် ခွဲစိတ်မှု ခံယူရမယ့် အနေအထားမှာ ရှိနေပါတယ်။ ဗုဒ္ဓဂါယာ ဗုံးပေါက်ကွဲမှုဟာ ဘာသာရေးတင်းမာမှုတွေ ရှိနေတဲ့ အိန္ဒိယနိုင်ငံတွင်းမှာ ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ နေရာတခုအပေါ် ပထမဆုံး ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။ အသေးစိတ်ကို မဆုမွန် က တင်ပြထားပါတယ်။

ဇူလိုင်လ ၇ ရက်နေ့က အိန္ဒိယနိုင်ငံ အရှေ့ဘက် Bihar ပြည်နယ်က ကုလသမဂ္ဂ ပညာရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့ဖြစ်တဲ့ UNESCO ကနေ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်တခုအဖြစ် သတ်မှတ်ထားတဲ့ ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားရာ ဗုဒ္ဓဂါယာဝင်းအတွင်းမှာ ဗုံးဆက်တိုက် ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဗုဒ္ဓဂါယာဝင်း ဖွင့်ခါစအချိန် တနင်္ဂနွေနေ့ မနက်ပိုင်းမှာပဲ ဒီမဟာဗောဓိ ဘုန်းကြီးကျောင်းဝင်းထဲမှာ ပထမဆုံး ဗုံး ၄ လုံး ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။

နောက်ဆက်တွဲ အနီးအနားက ဘုန်းတော်ကြီးကျောင်းဝင်း တခုထဲမှာလည်း ၃ လုံး ဆက်တိုက် ပေါက်ကွဲခဲ့သလို၊ ဉာဏ်တော်အမြင့်ပေ ၈၀ ရှိတဲ့ မဟာဗောဓိ စေတီတော် အနီးနားမှာလည်း နောက်ထပ် ၁ လုံး ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ အိန္ဒိယအာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။

ဒီပေါက်ကွဲမှုတွေအတွင်း အဲ့ဒီ မဟာဗောဓိပင်ရင်းနားမှာ တရားထိုင်နေတဲ့ မြန်မာသံဃာတော်တစ်ပါးနဲ့ တိဘက် ဘုန်းတော်ကြီးတစ်ပါး အပါအဝင် ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပါတယ်။

ဒဏ်ရာရသူတွေအနက် အပြင်းထန်ဆုံး ဒဏ်ရာရခဲ့တဲ့ မြန်မာသံဃာတော်တစ်ပါးရဲ့ အခြေအနေဟာ အသက်အန္တရာယ် စိုးရိမ်စရာ အနေအထားမှာ မရှိတော့ဘူးလို့ ကူညီစောင့်ရှောက်ပေးနေတဲ့ သံဃာတော်တွေက ဆိုပါတယ်။ ဒါပေမဲ့ ဗုံးပေါက်ကွဲစဉ်က ပြင်းပြင်းထန်ထန် ရရှိခဲ့တဲ့ ဒဏ်ရာတွေအတွက် အရေးပေါ် ခွဲစိတ်ကုသမှု ခံယူရမယ့် အနေအထားမှာ ရှိနေတယ်လို့ မာဂဓတက္ကသိုလ်က စာသင်သား မြန်မာရဟန်းတော် အရှင်နန္ဒာစာရိယ က မိန့်ပါတယ်။

“ဒေါက်တာတွေ ပြောအရကတော့ကွယ် သူ့မှာ ဒဏ်ရာတွေက အများကြီးဖြစ်နေတာ။ ဒဏ်ရာတွေကလေ ညောင်ပင်က အမြစ်တွေ မှန်တာတွေ၊ ဗုံးစတွေ မှန်တာတွေ၊ ဘုရားရှေ့မှာ သစ်သီးဆွမ်းတွေ ကပ်ဖို့အတွက် ခုံတွေဘာတွေ ချထားတာကိုး။ အဲ့ဒီခုံတွေကနေပြီးတော့လည်း တစစီ ကွဲပြီးတော့ မှန်တာတွေ အဲ့ဒီဟာတွေက ခွဲစိတ်ပြီး ကုသရမယ်ပေ့ါ။ ဗုံးမှန်တဲ့ဟာတွေက အဓိကပဲပေ့ါနော်။ ဗုံးစတွေ မှန်တဲ့ဟာတွေက ခွဲစိတ်ပြီးတော့ ကုသရမယ်။ အသားအစားထိုးရမယ့်ပုံစံမှာ ရှိတယ်။"

"ဦးဇင်းတို့ သံဃာ့အဖွဲ့အစည်းအနေနဲ့ လုပ်လို့ကတော့ မရဘူး။ ဒါဘာတုန်းဆိုတော့ နိုင်ငံတော် အချင်းချင်းပဲဆိုင်တယ်။ နိုင်ငံတော် အကြီးအကဲတွေနဲ့ ဆိုင်တာပေါ့နော်။ ဒီရဟန်းတော်ကလည်း တရားဝင် လာနေတာ။ အိန္ဒိယအစိုးရနဲ့လည်း ဆိုင်တယ်။ အိန္ဒိယအစိုးရမှာ လုပ်ပေးရမယ့် တာဝန်လည်းရှိတယ်။ ဗမာအစိုးရနဲ့လည်း ဆိုင်တယ်။”

ဗုဒ္ဓဂါယာ မာဂဓ သံဃာတက္ကသိုလ် သံဃာ့ဆေးရုံမှာ အခု ဆေးကုသမှု ခံယူနေတဲ့ မြန်မာနိုင်ငံသား ရဟန်းတော်ရဲ့ ဘွဲ့အမည်က အရှင်ဝိလာသက္ခ ဖြစ်ပြီး သီရိလင်္ကာနိုင်ငံ ဗုဒ္ဓတက္ကသိုလ်ကနေ မဟာဘွဲ့ ရယူခဲ့ပြီးတဲ့နောက် အခု အိန္ဒိယနိုင်ငံ မာဂဓတက္ကသိုလ်မှာ ပါရဂူဘွဲ့ ယူဖို့ သင်တန်းတက်နေတဲ့ စာသင်သား ဖြစ်ပါတယ်။

ဇွန်လကုန်မှာပဲ စာမေးပွဲဖြေဆိုဖို့ ရှိနေတဲ့အတွက် သူ့ကျန်းမာရေးကို စိုးရိမ်စရာ အနေအထားမှာ ရှိနေတယ်လို့လည်း အရှင်နန္ဒာစာရိယ က မိန့်ပါတယ်။

“ဒီသံဃာက သီရိလင်္ကာကနေ ပြောင်းလာတာ။ သီရိလင်္ကာမှာ MBA ဘွဲ့ ရထားပြီးပြီ။ MBA ဘွဲ့ရလာပြီးတော့ အိန္ဒိယနိုင်ငံ ဒီ မာဂဓ University မှာ သူက ဒေါက်တာဘွဲ့ လာချိတ်တယ်။ Entrance က ဒီလကုန် နောက်လလောက်ဆိုရင် ဖြေရမယ့် အခြေအနေရှိတယ်။ သူဘွဲ့က ဦးဝိလာသက္ခ သက်တော်က ၂၈ လောက်ရှိမယ်။”

အခုအချိန်မှာတော့ အိန္ဒိယအစိုးရက ဗုံးပေါက်ကွဲမှု ဖြစ်ပွားတဲ့နေရာနဲ့ ဗုဒ္ဓဘာသာတွေ နေထိုင်ရာနေရာတွေနဲ့ ဘာသာရေး အဆောက်အဦးတွေကို လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားတယ်လို့ သိရပါတယ်။

ဗုဒ္ဓဂါယာဝင်းအတွင်း ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်အပြီး မာဂဓတက္ကသိုလ်က စာသင်သား ရဟန်းတော်တွေ အရောက်သွားပြီး ကူညီပေးခဲ့တဲ့ အရှင်နန္ဒာစာရိယက ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး သူမြင်ရသမျှကို အခုလို မိန့်ပါတယ်။

“ဗုံးပေါက်ပြီး ၅ မိနစ်လောက်ဆို ဦးဇင်းတို့ ရောက်လာတယ်။ ဗုံးတွေပေါက်တယ်။ ဗုံးတွေပေါက်တယ်ဆိုတာနဲ့ ဒါပေမဲ့ အထဲကို ဝင်ခွင့်မပေးတော့ဘူး။ လုံခြုံရေးတွေက အကုန် ပိတ်ပစ်လိုက်တာ။ အခု သူတို့ သန့်ရှင်းရေးတွေ လုပ်ကြတယ်ပေ့ါနော်။ ဗုံးပေါက်တဲ့နေရာကတော့ အခုထိ ပဲ့သွားတဲ့နေရာလေးတွေကတော့ မပြင်ရသေးဘူး။”

အိန္ဒိယနိုင်ငံတွင်း နှစ်ပေါင်း ၂၀ ကျော် နေထိုင်လာခဲ့စဉ်အတွင်း ဒီလို ဗုဒ္ဓဘာသာဝင်တွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုဟာ ပထမဆုံးအကြိမ် ကြားဖူးတာဖြစ်ပြီး ဒါဟာ မြန်မာနိုင်ငံတွင်း ပြီးခဲ့တဲ့လတွေက ဖြစ်ပွားခဲ့တဲ့ ဘာသာရေး အသွင်ဆောင်တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေရဲ့ နောက်ဆက်တွဲ အကျိုးရလဒ် ဖြစ်နိုင်တယ်လို့ အိန္ဒိယနိုင်ငံ နယူးဒေလီက ဦးကျော်သန်း က သုံးသပ်ပါတယ်။

“ဒီအိန္ဒိယသတင်းစာတွေကတော့ ဗမာပြည်နဲ့ ဆက်စပ်ပြီးတော့ ဖြစ်တယ်လို့ကို သူက အတိအလင်း ရေးနေတယ်။ ကျနော်လည်း အဲ့လိုပဲ ယူဆပါတယ်။ မှန်ပါတယ်။ ဆိုတော့ ဗမာပြည်ထဲက ဖြစ်တဲ့ဟာဆိုတော့ သူတို့ ဒါ ဗမာပြည်မှာ ဖြစ်တဲ့ ပြဿနာက ဒီဘက်မှာ ရှိတဲ့ သူတွေမှာလည်း သွားသက်ရောက်မှု ရှိတယ်ဆိုတာတော့ အမှန်ပဲ။ အခုတော့ ဒီဟာက ကျနော်တို့ ဗမာပြည်မှာဖြစ်တဲ့ ဗုဒ္ဓဘာသာတွေရယ်နဲ့ သူတို့ မူဆလင်တွေကို နှိမ်နင်းတယ် ဘာညာဆိုတဲ့အပေါ်မှာ ဖိနှိပ်တယ်ဆိုတဲ့အပေါ်မှာ လက်တုံ့ပြန်တာလို့ သူတို့ ပြောတာပဲ။ ဒါ ကျနော် ခုနပြောတဲ့ ဒီဘာလဲ အိန္ဒိယ မူချာဟေဒင်အဖွဲ့ဆိုတာ ရှိတယ်။”

ဒီကနေ့ တနင်္လာနေ့မှာတော့ ဗုဒ္ဓဂါယာဝင်းအတွင်းမှာရှိတဲ့ မာဂဓတက္ကသိုလ်မှာ ဒီလို အကြမ်းဖက် ဗုံးပေါက်ကွဲမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲဖြစ်ခဲ့ပြီး မဟာဗောဓိပင်ရင်းနားမှာလည်း ငြိမ်းချမ်းရေးအတွက် ဝတ်ပြုဆုတောင်းပွဲတွေ ပြုလုပ်ခဲ့ပါတယ်။
XS
SM
MD
LG