သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှု ဆက်ရှိနေမည်ဟု ADB သုံးသပ်


မြန်မာနိုင်ငံမှာ အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေက မကြာခင်နှစ်တွေအတွင်း စီးပွားရေးတိုးတက်မှုအတွက် အထောက်အပံ့ပေးနေသလို အခု ၂၀၁၅ ခုနှစ်မှာလည်း တိုးတက်မှုတွေ ဆက်ရှိနေမယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် ADB က ဒီကနေ့ထုတ်ပြန်တဲ့ ၂၀၁၅ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၁၅ - ADO- အာရှဒေသ ဖွံ့ဖြိုးတိုးတက်မှု အလားအလာ အတွက်ချက်မှုအရ မြန်မာနိုင်ငံအတွက် ၂၀၁၅ -၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း စီးပွားရေးကြီးထွားမှုဟာ ၈.၃ % အထိ ရှိလာမယ်လို့ ADB က ခန့်မှန်းထားပါတယ်။ ဒါ့အပြင် ၂၀၁၆ ခုနှစ်ထဲမှာလည်း စီးပွားရေးကြီးထွားမှုဟာ ၈ ရာခိုင်နှုန်းအထက်မှာပဲ ရှိနေနိုင်တယ်လို့ တွက်ချက်ထားတာပါ။

ဒါဟာ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်နေတဲ့အတွက် ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာစေသလို မြန်မာနိုင်ငံတွင်း စီးပွားရေးဝန်းကျင် ပိုကောင်းလာတာနဲ့ အရှေ့တောင်အာရှ ဒေသတွင်း စီးပွားရေး ပိုမိုပေါင်းစည်းနိုင်မှုတွေကြောင့်လို့ ADB ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယ အကြီးအကဲ Peter Brimble က ပြောပါတယ်။

ဘဏ္ဍာရေးသုံးငွေ မြင့်မားလာသလို လုပ်ခလစာ တိုးလာဖို့ ရှိတာကြောင့် ပြည်တွင်းဝယ်လိုအားကို တိုးလာစေမှာ ဖြစ်သလို ဒီနှစ်ထဲမှာပဲ ငွေကြေးဖောင်းပွမှုနှုန်းက ၈.၄ ရာနှုန်းအထိ မြင့်တက်လာနိုင်ပေမဲ့ နောက်နှစ်ထဲမှာတော့ ၆ ရာနှုန်းအထိ ပြန်ကျသွားဖို့ ရှိတယ်လို့လည်း ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကြောင့် တိုးတက်မှုရှိလာနေပေမဲ့ အခြေခံအဆောက်အအုံတွေ တိုးတက်အောင် လုပ်ဆောင်ဖို့၊ စီမံအုပ်ချုပ်မှုနဲ့ ပြည်သူ့ဝန်ဆောင်မှုတွေ အားကောင်းအောင်လုပ်ဖို့၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးဖို့၊ ပုဂ္ဂလိကကဏ္ဍကို တိုးတက်အောင်လုပ်ဖို့နဲ့ စိုက်ပျိုးရေးကဏ္ဍ ကောင်းမွန်အောင်လုပ်ဖို့လိုမျိုး ဖွံ့ဖြိုးရေးဆိုင်ရာမှာ စိန်ခေါ်မှုတွေရင်ဆိုင်ရဆဲ ဖြစ်တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် လိုအပ်ချက်အနေနဲ့ မြန်မာလူငယ်ထုကို ခေတ်သစ်စီးပွားရေးနဲ့ ကိုက်ညီမယ့် အခန်းကဏ္ဍတွေမှာ ပါဝင်နိုင်အောင် ကာယ၊ ဉာဏ အရည်အသွေး ဖြည့်တင်းပေးဖို့ လိုအပ်နေတာလို့ ဆိုပါတယ်။

XS
SM
MD
LG