သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လွှတ်ဖို့ သမ္မတကြေညာ


မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် ရည်ရွယ်ပြီး နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို မနက်ဖြန် ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား ပြန်လွှတ်ပေးဖို့ သမ္မတဦးသိန်းစိန်က လက်မှတ်ရေးထိုး ကြေညာလိုက်ပါတယ်။ နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး ပြစ်ဒဏ်ချခံထားရသူတွေရော အမှုရင်ဆိုင်နေရဆဲဖြစ်တဲ့ သူတွေကိုပါ လွတ်ငြိမ်းချမ်းသာခွင့် ပေးမှာ ဖြစ်တဲ့အကြောင်း သမ္မတက ကြေညာခဲ့တာပါ။ လွတ်ငြိမ်းချမ်းသာခွင့် ခံစားခွင့်ရမယ့်သူတွေနဲ့ ပတ်သက်လို့ သမ္မတရုံးရဲ့ ညွှန်ကြားရေးမှူးဖြစ်သူ ဦးဇော်ဋ္ဌေးကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းရာမှာတော့ သူက အခုလို စရှင်းပြပါတယ်။

ဦးဇော်ဌေး။ ။ ၂၀၁၃၊ ဒီဇင်ဘာလ ၃၁ ရက်နေ့နဲ့ ၃၁ ရက်မတိုင်မီ ပြစ်မှုပြစ်ရပ်နဲ့ စပ်လျဉ်းပြီးတော့ပေါ့- ပြစ်ဒဏ်ပုဒ်မတွေပေါ့နော်၊ အဲဒီပုဒ်မတွေက ဘာတွေလဲဆိုတော့ - မတရားအသင်း အက်ဥပဒေ၊
နောက် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၁၂၂)- နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု၊
နောက် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၁၂၄/က)- နိုင်ငံတော် အကြည်ညိုပျက်အောင် ပြုလုပ်မှု၊
နောက် အရင်တုန်းက နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊
နောက် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ- ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၅)၊
အများပြည်သူအကျိုး ပျက်စီးစေမှု၊
နောက်တစ်ခုက ၁၉၅၀ အရေးပေါ်စီမံမှု အက်ဥပဒေ- အဲဒီဥပဒေတွေအရပေါ့နော် ပြစ်ဒဏ်ကျခံနေရသူတွေအားလုံး၊ နောက် အဲဒီ ဥပဒေတွေအရ တရားရုံးတွေမှာ ကြားနာဆဲအမှုတွေကို ပိတ်သိမ်းပြီး တရားခံတွေကို ချက်ခြင်းလွှတ်။ နောက် အဲဒီဥပဒေအရ စုံစမ်းအရေးယူဆဲဖြစ်တဲ့ အမှုတွေကို အရေးမယူဘဲနဲ့ ပိတ်လိုက်ပြီ။ အဲဒီတော့ တရားရုံးတွေမှာ စီရင်ဆဲ၊ စစ်ဆေးဆဲဟာတွေလည်း လွှတ်လိုက်ပြီ၊ အဲဒီတော့ ထောင်ကျနေတဲ့လူတွေ အကုန်လုံးလည်း လွှတ်လိုက်ပြီ။ အဲဒါနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတဲ့လူတွေလည်း လွှတ်လိုက်ပြီပေါ့။

မေး။ ။ အခုလို သမ္မတကြီးက လွတ်ငြိမ်းချမ်းသာခွင့်ပေ့ါနော်- အားလုံးကိုပေးလိုက်တဲ့ ရည်ရွယ်ချက်က အဓိက-က ဘာပါလဲရှင့်။

ဦးဇော်ဌေး။ ။ အဓိက-ကတော့ နိုင်ငံတော်တည်ငြိမ်ရေးနဲ့ ထာဝရငြိမ်းချမ်းမှု ဖော်ဆောင်ရေးအတွက်၊ နံပါတ် (၂) အချက်ကတော့ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးအတွက်၊ နံပါတ် (၃) က နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ All Inclusive ဖြစ်ဖို့ အတွက်၊ နံပါတ် (၄) အချက်က လူသားချင်းစာနာထောက်ထားမှု၊ နောက် နံပါတ် (၅) အချက်က နိုင်ငံတော်တည်ဆောက်ရေးမှာ တဘက်တလမ်းမှ အထောက်အပံ့ပြုစေမယ့် နိုင်ငံသားများအဖြစ်သို့ ပြောင်းလဲစေဖို့အတွက်- အဲဒီရည်ရွယ်ချက်တွေအရ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ (၂၀၄)၊ ပုဒ်မခွဲ (က) အရ အခုလို လွှတ်ပေးလိုက်တာပါ။

မေး။ ။ ဟုတ်ကဲ့။ အခု ဒီ ပုဒ်မ (၁၈) နဲ့ပတ်သက်ပြီး တောင်းဆိုနေတဲ့ ပုဒ်မ (၁၈) ဖျက်သိမ်းပေးဖို့ဆိုတဲ့ ကိစ္စကျတော့ရော အဲဒီတောင်းဆိုချက်အပေါ်မှာ သမ္မတကြီးရဲ့သဘောထားကရော ဘယ်လိုရှိပါသလဲရှင့်။

ဦးဇော်ဌေး။ ။ အဲဒါက Executive နဲ့ မဆိုင်တော့ဘူး။ သူကတော့ ပါလီမန်ပေါ် မူတည်သွားပြီပေါ့နော်။ ပါလီမန်မှာလည်း သူတို့ ဒါတွေကို အဆိုတင်သွင်း ထားပြီ။ ဒါနဲ့ပတ်သက်ပြီး ဆွေးနွေးမယ်၊ တရားဝင် တရားဥပဒေတင်သွင်းမယ်ဆို တဲ့အဆိုက လွှတ်တော်မှာ သဘောတူထားပြီး ဖြစ်တယ်ပေါ့နော်။ အဲဒီတော့ လွှတ်တော်အလှည့် ပေါ့နော်။ ဒီဥပဒေနဲ့ ပတ်သက်ပြီး ပုဒ်မ (၁၈) ကို ပြင်ဆင်တယ်ဆိုရင် အဲဒီပြင်ဆင်တဲ့အတိုင်းပဲ အစိုးရက လုပ်သွားမယ်။ အကယ်၍ လွှတ်တော်က ဒီပုဒ်မကို မပြင်ဘူးဆိုရင်တော့ ဥပဒေအရ ပြောဆို ဆောင်ရွက်ရမယ့်သဘောပေါ့။ သို့သော်လည်းပဲ ဒီဟာနဲ့ပတ်သက်ပြီးတော့ တော့ လွှတ်တော်ကတော့ Ongoing Procress ပေါ့နော်။ လာမယ့် session မှာ သူတို့ ဆွေးနွေးပါလိမ့်မယ်။
XS
SM
MD
LG