သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲကော်မရှင် ကြားနေမှုအလားအလာ Carter Center စိုးရိမ်


မြန်မာနိုင်ငံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တချို့ဟာ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဖြစ်နေတဲ့ အတွက် ကော်မရှင်ရဲ့ ကြားနေမှု၊ ဘက်မလိုက်မှု အလားအလာဟာ စိုးရိမ်ဖွယ် ဖြစ်တယ်လို့ Carter Center က ထောက်ပြလိုက်ပါတယ်။

ဒါ့အပြင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ မဖြစ်ရလေအောင် ကြိုတင်ဆောင်ရွက်သင့်တာတွေကို ဆောင်ရွက်သင့် တယ်လို့လည်း ဆိုပါတယ်။ Carter Center ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး Carter Center တွဲဘက်ညွှန်ကြားရေးမှူး Jonathan Stonestreet ကို မေးမြန်းပြီး ဦးကျော်ဇံသာ က တင်ပြထားပါတယ်။

Carter Center ဟာ ၂၀၁၄ ဒီဇင်ဘာကနေ ၂၀၁၅ ဖေဖော်ဝါရီအထိ ကယား၊ ကရင်၊ မွန်၊ ရှမ်း၊ ဧရာဝတီ၊ မန္တလေး စတဲ့ ဒေသကြီးတွေကို ကွင်းဆင်းလေ့လာခဲ့တာ ဖြစ်ပါတယ်။ ဒီအဖွဲ့အပါအဝင် နိုင်ငံတကာ စောင့်ကြည့်အဖွဲ့တွေကို ဖိတ်ဖို့ ကတိပြုတာဟာ တကယ်တော့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွေထက် သိသိသာသာ ကွဲပြားခြားနားလာတဲ့ အချက်တစ်ချက်ဖြစ်တယ်လို့ သူတို့ ထောက်ခံကြိုဆိုထားပါတယ်။ ဒါပေမဲ့ ကြိုတင် မဲပေးခိုင်းတဲ့ကိစ္စမျိုးတွေဟာ နိုင်ငံတကာစံနဲ့စာရင် အလွန်ပဲ အားနည်းနေတယ်လို့ ထောက်ပြပါတယ်။ ဒါ့အပြင် အဓိကထောက်ပြတဲ့ကိစ္စကတော့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့တွေဟာ ဒေသဆိုင်ရာ အစိုးရအုပ်ချုပ်ရေးအဖွဲ့တွေအပေါ်မှာ မှီခိုနေရတဲ့အတွက် ဘက်မလိုက်ရေးမူအပေါ် ထိခိုက်စရာရှိနေတယ်လို့လည်း ဆိုပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကိုယ်တိုင်မှာလည်း အဖွဲ့ဝင်တချို့ဟာ ယခင်စစ်ဗိုလ်ချုပ်ဟောင်းတွေ ဖြစ်နေတဲ့အတွက် ဒါဟာ စိုးရိမ်စရာ အချက်တစ်ခုဖြစ်တယ်လို့ Carter Center ရဲ့ တွဲဘက်ညွှန်ကြားရေးမှူး Jonathan Stonestreet က အခုလို ပြောပါတယ်။

“ကျနော်တို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ရွေးကောက်ပွဲကော်မရှင်ထဲက အဖွဲ့ဝင်တချို့ဟာ ယခင်စစ်အရာရှိကြီးတွေ ဖြစ်နေတဲ့အတွက် ကော်မရှင်ရဲ့ ဘက်မလိုက်မှု၊ လွတ်လပ်မှု၊ ကြားနေမှု စတာတွေ ရှိပါ့မလားဆိုတာ မေးခွန်းထုတ်ထားပါတယ်။ ဒါဟာ တကယ် စိုးရိမ်စရာကောင်းတဲ့ အချက်လည်း ဖြစ်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ သူတို့ဟာ လုံး၀ ဘက်လိုက်မှုမရှိဘူး။ လုံး၀ လွတ်လပ်တဲ့ အဖွဲ့အစည်းဖြစ်တယ်ဆိုတာကို အပြည့်အ၀ ပြသနိုင်ရေးဟာ ကျနော်တို့ အထူး ထောက်ပြလိုတဲ့အချက် ဖြစ်ပါတယ်။ အခုလောလောဆယ်မှာ တစိတ်တဒေသ တွေ့ရပေမဲ့ သူတို့ဟာ လုံး၀ ဘက်မလိုက်ဘူးဆိုတာ ပိုမို ပြသဖို့ လိုအပ်ပါတယ်။”

ဒါ့အပြင် white card လို့ခေါ်တဲ့ ယာယီသက်သေခံ လက်မှတ်သက်တမ်း ကုန်ဆုံးသွားပြီဖြစ်တဲ့အတွက် ဒီလက်မှတ်ကိုင်ဆောင်ခဲ့သူတွေ မဲပေးခွင့် ဆုံးရှုံးရမယ့်ကိစ္စကိုလည်း စိုးရိမ်မကင်းဖြစ်တယ်လို့ ဆိုပါတယ်။

Carter Center ရောက်ရှိခဲ့တဲ့နေရာတွေမှာ လူမျိုးရေး၊ ဘာသာရေး တင်းမာမှု စိုးရိမ်ဖွယ် ထူးထူးခြားခြား မတွေ့ခဲ့ရပေမဲ့ မူဆလင်ဆန့်ကျင်ရေး ရေးသားပြောဆိုမှုတွေ ပုံမှန်ရှိနေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် လူမျိုးရေးတင်းမာမှုတွေ ပိုမို မဆိုးရွားနိုင်အောင် အားထုတ်သင့်တယ်လို့လည်း ဆိုပါတယ်။

“ကျနော်တို့ရောက်ခဲ့တဲ့နေရာတွေက လူမှုအသိုင်းအဝိုင်းအဆင့်မှာ ဘာသာပေါင်းစုံ အခါအားလျော်စွာ တွေ့ဆုံဆွေးနွေးကြတာ တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ကျနော်တို့အနေနဲ့တော့ အစိုးရအဆင့်ရော၊ နိုင်ငံတကာကပါ လူမှုအသိုင်းအဝိုင်းတွေကြား ပဋိပက္ခမဖြစ်ပွားအောင် ကူညီဆောင်ရွက်ကြဖို့ ထောက်ခံတင်ပြထားပါတယ်။ ပဋိပက္ခတွေ တကယ်ဖြစ်လာနိုင်တယ်လို့ကတော့ ကျနော်တို့ မခန့်မှန်းနိုင်ပါဘူး။ မူဆလင်ဆန့်ကျင်စိတ်ဓာတ်တွေ အမုန်းစကားတွေ ရှိနေကြလေတော့ ပဋိပက္ခဖြစ်လာနိုင်တဲ့ စိုးရိမ်စရာ အခြေအနေတွေ ရှိနေပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲအတွက် ပြိုင်ဆိုင်မှုတွေ နီးကပ်မလာခင် အခုကတည်းက ကြိုပြီးတော့ ကိုင်တွယ်ထားရမယ့်ကိစ္စ ဖြစ်ပါတယ်။”

သူတို့အဖွဲ့ဟာ အစိုးရရဲ့ ဖိတ်ကြားချက်အရ သွားရောက်ခဲ့တာဖြစ်တယ်။ တခါ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကလည်း တရားဝင် ဖိတ်ကြားထားတဲ့အဖွဲ့ ဖြစ်တဲ့အတွက် သူတို့အဖွဲ့ရဲ့ ထောက်ခံတင်ပြချက်တွေကို မြန်မာအာဏာပိုင်တွေက လက်ခံစဉ်းစားဖို့ မျှော်လင့်တယ်လို့လည်း သူက ပြောပါတယ်။

“သူတို့လက်ခံစဉ်းစားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါကြောင့်လည်း ကျနော်တို့ အဲ့ဒီကို သွားရောက်လေ့လာပြီး ထောက်ခံတင်ပြနေတာပါ။ ကျနော်တို့ဟာ မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်အရ သွားရောက်ခဲ့တာပါ။ အခုအခါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားဝင်ဖိတ်စာကို လက်ခံရရှိပါပြီ။ သူတို့က Carter Center ကို စိတ်ဝင်စားပုံရတာကို ထောက်ရင် Carter Center ရဲ့ ထောက်ခံတင်ပြချက်ကိုလည်း လက်ခံစဉ်းစားမယ်လို့ ယူဆပါတယ်။ ကျနော်တို့ဟာ ရွေးကောက်ပွဲကို ဘယ်လိုလုပ်ရမယ်ဆိုပြီး ညွှန်ကြားနေတာ မဟုတ်ပါဘူး။ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီအောင် ပွင့်လင်းမြင်သာမှုရှိပြီး၊ လူအများလက်ခံယုံကြည်လာနိုင်တဲ့ ရွေးကောက်ပွဲဖြစ်အောင် ဘယ်လိုလုပ်သင့်တယ်ဆိုတာ ထောက်ခံတင်ပြခြင်းသာ ဖြစ်ပါတယ်။”

ဒါ့အပြင် လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ စုဝေးဖော်ထုတ်ခွင့်ဟာ အလွန်အရေးကြီးတဲ့အတွက် အာဏာပိုင်တွေအနေနဲ့ ဒီအခွင့်အရေးတွေကို အပြည့်အ၀ ခွင့်ပြုဖို့ လိုအပ်တယ်လို့လည်း ဖော်ပြထားပါတယ်။ Carter Center ဟာ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ ဦးစီးတည်ထောင်ထားတဲ့ အစိုးရမဟုတ်သော အဖွဲ့အစည်းတရပ် ဖြစ်ပါ တယ်။

XS
SM
MD
LG