သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အသွင်ကူးပြောင်းရေးကာလ ဖိနှိပ်မှုတွေရှိဆဲ ICTJ ဝေဖန်


မြန်မာနိုင်ငံတွင်း ဆက်လက်ဖြစ်ပေါ်နေတဲ့ ကျူးလွန်ချိုးဖောက်မှုတွေဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အန္တရာယ်ဖြစ်စေတယ်လို့ နယူးရောက်မြို့အခြေစိုက် ICTJ လို့ခေါ်တဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာ နိုင်ငံတကာစင်တာအဖွဲ့က သတိပေးလိုက်ပါတယ်။ ICTJ ရဲ့ တာဝန်ခံ Anna Roccotello ကို ဆက်သွယ်မေးမြန်းပြီး မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

ICTJ အဖွဲ့ကြီးက မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဖော်ဆောင်နိုင်ဖို့ နည်းလမ်းတွေကို ရှာဖွေခြင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ အစီရင်ခံစာတစောင်ကို မကြာသေးခင်က ထုတ်ပြန်ခဲ့ပါတယ်။ ဒီအစီရင်ခံစာအရ မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ ဆက်လက်ဖိနှိပ်မှုတွေ၊ ခရိုနီစီးပွားရေးစနစ်နဲ့ မပြီးဆုံးတဲ့ ပဋိပက္ခတိုက်ပွဲတွေဟာ ဒီမိုကရေစီရေးလမ်းကြောင်းကို ထိခိုက်ပျက်ပြားစေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အစီရင်ခံစာမှာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ကူညီပံ့ပိုး အထောက်အကူပြုတဲ့ လုပ်ရပ်တွေမှာ တရားမျှတမှု ဖော်ဆောင်ရေးကို ဦးစားပေး မပေး လေ့လာသုံးသပ်ထားတယ်လို့ ICTJ ရဲ့ တာဝန်ခံ Anna Roccotello က ဗွီအိုအေကို ပြောပါတယ်။

“ဒီအစီရင်ခံစာဟာ ၂၀၁၃ ခုနှစ်အတွင်း အဖြစ်အပျက်တွေကို အဓိကလေ့လာ သုံးသပ် တင်ပြထားတာပါ။ မြန်မာနိုင်ငံတွင်း ပြောင်းလဲတိုးတက်မှုတွေမှာ နိုင်ငံ တကာ အသိုင်းအဝိုင်းဘက်က ပါဝင်ပတ်သက်မှုတွေကိုလည်း လေ့လာခဲ့ပါ တယ်။ နိုင်ငံတကာအနေနဲ့ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုမှာ ရှေ့ကို ရောက်နေပေမဲ့ လူ့အခွင့်အရေးကို ဦးစားပေးတဲ့ နည်းလမ်းတွေနဲ့ ပူးပေါင်းဆောင်ရွက်တာမျိုး အားနည်းနေတာ တွေ့ရပါတယ်။”

ဒါ့အပြင် ဇူလိုင်လ ၂၂ ရက် နေ့စွဲနဲ့ ICTJ ရဲ့ သတင်းထုတ်ပြန်ချက်မှာ မကြာသေးခင်က ဖြစ်ခဲ့တဲ့ မန္တလေးမြို့က အကြမ်းဖက်မှုတွေ သတင်းထောက်တွေကို ဖမ်းဆီးစစ်ဆေးပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေတဲ့ လုပ်ရပ်တွေဟာ ဒီမိုကရေစီစနစ်ကို ပြောင်းလဲဖို့ ခြေလှမ်းပိုပြီး ဝေးသွားစေတယ်လို့ ဆိုပါတယ်။

အစီရင်ခံစာမှာတော့ ကချင်ပြည်နယ်တွင်း နှစ်ဘက်တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တာ၊ ငြိမ်းချမ်းရေးလုပ်ငန်းတွေ အကြောင်းပြပြီး တိုင်းရင်းသားဒေသတွေမှာ အကြီးစားစီးပွားရေး လုပ်ငန်းတွေအတွက် မြေယာတွေကိုသိမ်းတာ၊ မူဆလင်ဆန့်ကျင်ရေး တိုက်ခိုက်တာတွေ ပိုပြီးဆိုးလာတာ၊ အစွန်းရောက် ဗုဒ္ဓဘာသာဝင်တွေရဲ့ အကြမ်းဖက်မှုတွေဟာ ရခိုင်ပြည်နယ်ကတဆင့် မြန်မာပြည်အနှံ့အပြားကို ပျံ့နှံ့လာတာ မြန်မာ့အသွင်ကူးပြောင်းရေးမှာ ရင်ဆိုင်နေရတဲ့ ပြဿနာ အခက်အခဲတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အပစ်အခတ်ရပ်စဲရေးမှာ ဒေသခံတွေအပေါ် လူ့အခွင့်အရေးချိုးဖောက် ကျူးလွန်မှုတွေအတွက် တရားမျှတမှု ရှာဖွေဖို့ အချက်မပါတာဟာ ဆွေးနွေးပွဲ အောင်မြင်ရေးကို အခက်အခဲ ဖြစ်စေတယ်လို့လည်း Anna Roccotello က ဆိုပါတယ်။

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တရားမျှတမှု ရှာဖွေဖို့နည်းလမ်းကို ဆက်ပြီး လျစ်လျူရှုထားမယ်ဆိုရင် ငြိမ်းချမ်းရေး တကယ်ရဖို့ လက်တွေ့မှာ မဖြစ်နိုင်ပါဘူး။ လက်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးပွဲတွေဟာ တိုင်းပြည်ရဲ့အနာဂတ်အတွက် အလွန်ပဲအရေးကြီးပြီး အားလုံးကလည်း ဝိုင်းပြီး ပံ့ပိုးသင့်ပါတယ်။ ဒါကြောင့် ဒီဆွေးနွေးပွဲတွေမှာ မပါဝင်သေးတဲ့ အတိတ်ကာလက မတရား နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်ခံခဲ့ရသူတွေအတွက် တရားမျှတမှုဆိုင်ရာ လုပ်ငန်းတွေကို အနှေးနဲ့အမြန် စတင်ဆွေးနွေးကြဖို့ ကျမတို့ တိုက်တွန်းချင်ပါတယ်။”

ဆက်လက်ပြီးတော့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရေး စတဲ့ ကဏ္ဍအသီးသီးမှာ ပါဝင်ဆောင်ရွက်နေတဲ့ မူဝါဒချမှတ်သူတွေ၊ နိုင်ငံတကာ အလှူရှင်တွေအတွက် ICTJ က အစီရင်ခံထားတဲ့ အကြံပြုချက်တွေနဲ့ ပတ်သက်လို့လည်း Anna Roccotello က အခုလို ပြောပြပါတယ်။

“ပွင့်လင်းမြင်သာမှုနည်းလမ်းကို အလေးပေးဆောင်ရွက်ကြဖို့ ICTJ က တိုက်တွန်းထားပါတယ်။ ဒါ့အပြင် အသွင်ကူးပြောင်းရေးမှာ အရေးပါတဲ့ လုပ်ငန်းစဉ်တွေ တိုးတက်လာဖို့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းဘက်က အစိုးရနဲ့ ဆက်ဆံတဲ့အခါ သူတို့ရဲ့သြဇာအရှိန်ကို အသုံးပြုဖို့ အကြံပြုပါတယ်။ နောက်ပြီး ဥပဒေအရ ကင်းလွတ်ခွင့် ရနေတာတွေနဲ့ တရားမျှတမှုအပေါ် မြန်မာပြည်သူတွေရဲ့ အမြင်တွေကို ပြည်တွင်း၊ ပြည်ပက မူဝါဒချမှတ်ရေးဆွဲသူတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ အချိန်ပေး စစ်တမ်းကောက်ယူဖို့ လိုပါတယ်။ ဒါတွေဟာ အသွင်ကူးပြောင်းရေးမှာ တရားမျှတမှုနည်းလမ်းတွေ ရှာဖွေနိုင်ဖို့ အရေးကြီးတဲ့အချက်တွေ ဖြစ်ပါတယ်။”

Anna Roccotello ကိုယ်တိုင်လည်း ပြီးခဲ့တဲ့သီတင်းပတ်က မြန်မာနိုင်ငံမှာ ဒီအစီရင်ခံစာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာနဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေကို ရှင်းလင်းတင်ပြခဲ့ပါတယ်။

XS
SM
MD
LG