သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ရေး တပ်မတော်သားတွေပါဝင်ဖို့ ဒေါ်စုတိုက်တွန်း


၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရေး လူထုဆန္ဒ သဘောထား လက်မှတ် ကောက်ယူစုဆောင်းတဲ့ လှုပ်ရှားမှုထဲမှာ တပ်မတော်သားတွေပါ ပါဝင် လက်မှတ်ရေးထိုးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

ဒီလှုပ်ရှားမှုကို ဒီကနေ့မှာပဲ တနိုင်ငံလုံးမှာ စတင်လိုက်တာဖြစ်ပြီး နေပြည်တော်မှာ လုပ်ခဲ့တဲ့ လူထုစုဝေးပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို တိုက်တွန်းခဲ့တာပါ။

တဘက်မှာတော့ ဒီလှုပ်ရှားမှုကို ဝေဖန်တာ၊ ကန့်ကွက်တာတွေကလည်း ရှိနေပါတယ်။ အပြည့်အစုံကို ဗွီအိုအေရဲ့ ရန်ကုန်အခြေစိုက် သတင်းထောက် ကိုအောင်ရဲမောင်မောင်က သတင်းပေးပို့ထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူမှုအဖွဲ့အစည်းက ဦးဆောင်ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံကို အဓိက ပြင်ဆင်ရေးအတွက် လက်မှတ်ရေးထိုးပွဲတွေကို ဒီကနေ့ မတ်လ ၂၇ ရက်နေ့ကစပြီး မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ စတင်ခဲ့တာ ဖြစ်ပါတယ်။

အစိုးရအဖွဲ့ရုံးစိုက်တဲ့ နေပြည်တော်ရဲ့ ဥတ္တရသီရိမြို့နယ်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေး လက်မှတ်ထိုး ဆန္ဒပြုပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့ပြီး ဝန်ထမ်းတွေနဲ့ တပ်မတော်သားတွေလည်း ပါဝင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။

“ဝန်ထမ်းများလည်း ထိုးပိုင်ခွင့် ရှိတယ်နော်။ ဒါကျမ ပွင့်ပွင့်လင်းလင်း ပြောတာ။ ဘယ်ဥပဒေကမှ ဝန်ထမ်းက မထိုးရဘူးဆိုတာ မပါဘူး။ အဲဒီတော့ ဝန်ထမ်းတွေကို ခြိမ်းခြောက်ပြီးတော့ မထိုးရဘူး၊ ဥပဒေနဲ့ ငြိစွန်းတယ်လို့ ပြောလို့ရှိရင် ကျမတို့ကို အသိပေးပါ။ ဒီလိုခြိမ်းခြောက်တာကိုက ဥပဒေနဲ့ မကိုက်ညီပါဘူးလို့ ကျမကတော့ ပြောချင်ပါတယ်။ ဝန်ထမ်းတွေထဲမှာလည်း တပ်မတော်ထဲက တပ်မတော်သားတွေ ပါတာပေါ့နော်။ တပ်မတော်သား ဆိုတာလည်း နိုင်ငံ့ဝန်ထမ်းပဲ။ လာပြီးတော့ လှိုက်လှိုက်လှဲလှဲ ဒီလှုပ်ရှားမှုကို ထောက်ခံတဲ့အနေနဲ့ လက်မှတ်ထိုးကြပါလို့ ကျမအနေနဲ့ မေတ္တာရပ်ခံရင်း နိဂုံးချုပ်ပါတယ်။”

ဒီလို ဆန္ဒပြု လက်မှတ်ရေးထိုးတာဟာ အနာဂတ် မြန်မာနိုင်ငံအတွက် အရေးပါတဲ့ ဖွဲ့စည်းပုံတရပ် ပေါ်ပေါက်လာဖို့အတွက် ဖြစ်တယ်လို့ သူမက ပြောခဲ့ပါတယ်။

“ဒီနေ့အတွက် မဟုတ်ဘူး၊ မနက်ဖြန်အတွက် မဟုတ်ဘူး၊ နောက် ၁၀ နှစ်အတွက် မဟုတ်ဘူး၊ ကျမတို့ နိုင်ငံရဲ့ အနာဂတ်အတွက် ပြုပြင်ပြောင်းလဲသင့်တဲ့ ကိစ္စကို ကျမတို့ ပြုပြင်ပြောင်းလဲဖို့ လုပ်နေတာပါ ဆိုတာကို ကျမတို့အားလုံး နားလည်ပြီးတော့ တက်တက်ကြွကြွနဲ့ တရက်လုံးလုံး အချိန်ပေးရမယ် ဆိုရင်တောင်မှ ကိုယ်တတ်နိုင်တဲ့ နေရာကို သွားပြီးတော့ လက်မှတ်ထိုးမယ် ဆိုလို့ရှိရင်၊ ဒါကျမတို့ အားလုံးမှာ နိုင်ငံသူ၊ နိုင်ငံသားများ တာဝန် ကျေပြွန်တယ်လို့ ကျမတို့ ပြောလို့ရပါတယ်။”

ဒီကနေ့ လက်မှတ်ရေးထိုးပွဲ ကျင်းပတဲ့အချိန်မှာ အာဏာရပါတီကြီးတခုဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်တဲ့ ဦးလှဆွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူမှုအဖွဲ့အစည်းရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခန်း ၁၂ ပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်ချက်တွေအပေါ်မှာ အခုလို ဝေဖန် ပြောဆိုခဲ့ပါတယ်။

“ကျနော်ပြောမယ်၊ အရေးကြီးတဲ့ပုဂ္ဂိုလ် ၃ ယောက်ဖြစ်တဲ့ သမ္မတရယ်၊ သမ္မတက ပြင်မယ်ပြောတယ်။ ဒါပေမဲ့ မလောနဲ့လို့ ပြောတယ်နော်၊ ဒါကနံပါတ်တစ်။ နောက် ကာချုပ်ကပြင်မယ်၊ ဥပဒေဘောင်ထဲက ပြင်မယ်လို့ ပြောတယ်။ ဒါပေမဲ့ သူတို့ ၂ ယောက်လုံး ပြောတာ ပြင်မယ်ပါတယ်။ ဦးရွှေမန်းကလည်း ပြင်မယ်လို့ ပြောပြီးတော့ ကော်မရှင်တောင် ဖွဲ့ပြီးပြီဗျာ။ အဲဒီတော့ ပြင်မယ်ဆိုကတည်းကိုက ၄၃၆ ကြီးက ပွင့်ပြီးသားလို့ ကျနော်က ယူဆတယ်။ ဒါကြောင့်မို့လို့ တပ်မတော်သား ကိုယ်စားလှယ် ၂၅% ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဖို့လို့ ဒီ ၄၃၆ ဂိတ်တံခါးကြီးကို ဖွင့်တဲ့အခါမှာ လျှောလျှောလျူလျူ မဲထည့်လိမ့်မယ်။ ကျနော်ဒီလို မျှော်လင့်တယ်။ ပြီးလို့ရှိရင် ကျနော်က အဲဒါကြောင့် ဒါကြီးကို ၄၃၆ ကို ဖွင့်ပေးပါ၊ ဖွင့်ပေးပါနဲ့ ၈၈ နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့က ပြောနေတာသည် ငါတို့အော်လို့ သူတို့ဖွင့်ပေးရတာ ဆိုတဲ့ဟာကို ပြည်သူလူထုကို တမင်တကာ နားလှည့်ပါးရိုက်သလို ကျနော်မြင်တယ်။ အမှန်က ၄၃၆ က ဖွင့်ပေးမယ်ဆိုတဲ့ သဘောကို လူကြီး ၃ ယောက်လုံးက ပြောပြီးသားပဲဟာ။”

တချိန်တည်းမှာပဲ အစိုးရအဖွဲ့ရုံးစိုက်တဲ့ နေပြည်တော်မှာ လက်မှတ်ရေးထိုးပွဲ လုပ်နေချိန် ပုဒ်မ ၄၃၆ ဟာဆိုရင် ပြင်ဆင်ဖို့ မလိုဘူးဆိုပြီးတော့ လူ ၁၀ ဦးလောက်က ဆိုင်းဘုတ်ထောင် ကန့်ကွက်ဆန္ဒပြတဲ့ဖြစ်စဉ် နေပြည်တော်မှာ ရှိခဲ့တယ်လို့ အဖွဲ့ချုပ်ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က သူကြုံတွေ့ခဲ့တဲ့အဖြစ်ကို အခုလို ပြောပါတယ်။

“လမ်းဘေး၊ လမ်းဘေးဆိုပေမဲ့ သူကအိမ်ခြံဝန်းထဲက ထိပ်ကနေပြီးမှ ဆန္ဒပြတဲ့ လူငယ်လေး ၆-၇ ယောက်လောက်တွေ့တယ်။ အဲဒီလူငယ်လေး ၆-၇ ယောက်ကတော့ သူတို့ကိုင်ထားတဲ့ ကဒ်ပြားတွေက ၄၃၆ မပြင်ဆင်ရေး၊ သို့မဟုတ် ၄၃၆ ပြင်ဆင်ရေးကို ကန့်ကွက်သည်၊ အစရှိသဖြင့် စာရွက်တွေ ကိုင်ပြီးတော့ သူတို့က သူတို့မျက်နှာတွေ မဖော်ပဲနဲ့ ကဒ်ပြားတွေ ထောင်ပြီးတော့ ဆန္ဒပြတာပေါ့။ ကျနော်တို့က အဲဒီကလေးတွေကို မေးတဲ့အခါမှာ ကလေးတွေက ဘာမှပြန်မပြောတတ်ဘူး။ ကြည့်ရတာ သူတို့ကို ပိုက်ဆံပေးပြီး ဆန္ဒပြခိုင်းထားသလားတော့ မသိဘူးပေါ့လေ။ နောက်တချက်ကတော့ အဲဒီဆန္ဒပြတဲ့ ကလေးတွေက ဆန္ဒပြတဲ့ ကဒ်ပြားတွေကို မြှောက်ပြတဲ့အခါမှာ သူတို့ရဲ့ ခေါင်းတွေကို တယောက်မှ မမြင်ရဘူး။ အဲဒီကဒ်ပြားတွေနဲ့ ကွယ်နေတယ်။”

ဒီကနေ့ ရန်ကုန် မြို့မှာလည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီးတော့ အဖွဲ့ချုပ်ရုံးနဲ့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရုံးတွေမှာ ကျင်းပခဲ့ပြီးတော့ မနက်ပိုင်းမှာဆိုရင် ရွှေဂုံတိုင်ရုံးမှာ လူ ၁ ထောင်နီးပါး လာရောက် လက်မှတ်ရေးထိုးခဲ့တယ်လို့ NLD ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီ က ပြောခွင့်ရှိသူ ဦးထွန်းထွန်းဟိန်က ပြောပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒပြု လက်မှတ်ရေးထိုးတာတွေကို ဒီကနေ့ကစပြီးတော့ ဇူလိုင်လ ၁၉ ရက်နေ့အထိ ၁လခွဲနီးပါး မြန်မာနိုင်ငံအနှံ့က အဖွဲ့ချုပ်ရုံးတွေမှာ လက်မှတ်ထိုးနိုင်အောင် စီစဉ်ပေးထားတာပါ။

မေလ ၁၇ နဲ့ ၁၈ ရက်တွေမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရန်ကုန် - မန္တလေး မြို့ကြီးတွေမှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဟောပြောမှုတွေ လုပ်နေချိန် တပ်မတော်ကို ထိပါးတဲ့စကားတွေ ပါဝင်ခဲ့တယ်ဆိုတဲ့အချက်နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သူမထံကို အသိပေး အကြောင်းကြားစာတစောင် ပေးဖို့ခဲ့ပါတယ်။

ပြည်ထောင်စု လွှတ်တော်ထဲမှာ ဖွဲ့စည်းထားတဲ့ အခြေခံဥပဒေပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော်မတီကလည်း ဒီ ၄၃၆ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ပြင်ဆင်ဖို့ အစည်းအဝေးထိုင် ဆုံးဖြတ်ပြီးဖြစ်တယ်လို့လည်း ကော်မတီ အဖွဲ့ဝင်တဦးဖြစ်တဲ့ ဒေါက်တာ အေးမောင် က ပြောဆိုပါတယ်။

ဒီလို အများက ပြင်ဆင်ဖို့ လိုလားနေတဲ့ ပုဒ်မ ၄၃၆ ဟာဆိုရင် ဖွဲ့စည်းပုံပြင်ဆင်တဲ့ နေရာမှာ လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်မှ ပြင်ဆင်နိုင်မယ်ဆိုပြီး ကန့်သတ်ထားတာကြောင့် ဒီမိုကရက်တစ် စံနှုန်းတွေနဲ့ မကိုက်ညီဘူးဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က သူမရဲ့ နိုင်ငံတကာ ခရီးစဉ်တွေမှာ မကြခဏ ထောက်ပြ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG