သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၅ ရွေးကောက်ပွဲပြီးမှ ဖွဲ့စည်းပုံပြင်နိုင်မည်


Doves fly over Peace Memorial Park with Atomic Bomb Dome in the background, at a ceremony in Hiroshima, August 6, 2015.
Doves fly over Peace Memorial Park with Atomic Bomb Dome in the background, at a ceremony in Hiroshima, August 6, 2015.

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၂၀၁၅ ရွေးကောက်ပွဲပြီးမှသာ ပြင်ဆင်နိုင်မှာဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

နိုင်ငံရေးပါတီတချို့ကတော့ ဖွဲ့စည်းပုံပြင်ဆင်ပြီးမှသာ ရွေးကောက်ပွဲ ကျင်းပဖို့ကို လိုလားပြီး ဖွဲ့စည်းပုံ မပြင်ဆင်ဘဲ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံတည်ငြိမ်မှုနဲ့ နိုင်ငံတကာ လူ့အဖွဲ့အစည်းရဲ့ ထောက်ခံမှုအပေါ်မှာလည်း သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ သုံးသပ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်မှာ လက်ရှိ ဆွေးနွေးနေချိန်မှာပဲ ပြည်ထောင်စု လွှတ်တော်နာယကက အခုလို ပြောဆိုလိုက်တာပါ။ လက်ရှိ ဖွဲ့စည်းပုံကို ၂၀၁၅ ရွေးကောက်ပွဲပြီးမှသာ ပြင်ဆင်နိုင်မယ်ဆိုတာကို ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုပါတယ်။

“အဲ့ဒီက ထွက်ပေါ်လာတဲ့ ဥပဒေကြမ်းတွေကို တချို့ကိစ္စက referendum လုပ်ရမယ်။ ပြည်သူ့ဆန္ဒခံယူရမယ်။ အဲ့ဒါကို လာမယ့် ၂၀၁၅ မေလအတွင်းမှာ ဆောင်ရွက်မယ်။ အဲ့ဒီကနေ ထွက်ပေါ်လာတဲ့ဟာကို ၂၀၁၅ ရွေးချယ်တင်မြှောက်ပွဲပြီးလို့ ပြည်ထောင်စုလွှတ်တော် စတင်ကျင်းပတဲ့ ပြည်သူ့လွှတ်တော်၊ ပြည်ထောင်စုလွှတ်တော် ကျင်းပတဲ့အခါကျမှ အဲ့ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဌာန်းလိုက်တဲ့ ပြဌာန်းချက်တွေကို အတည်ပြုမှာ ဖြစ်ပါတယ်။”

လောလောဆယ်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ တင်ပြခဲ့တဲ့ အစီရင်ခံစာကို ဒီလ ၁၃ ရက်နေ့ကနေ ၂၅ ရက်အထိ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးဖို့ ရှိနေပါတယ်။ ရရှိလာတဲ့ ဆွေးနွေးချက်တွေကို နောက်တကြိမ်ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုမှာ ဖြစ်ပါတယ်။ ဒီအတည်ပြုထားတဲ့ ဥပဒေမူကြမ်းကို ၂၀၁၅ ခုနှစ် မေလလောက်မှာ လူထုဆန္ဒခံယူပွဲကျင်းပ အတည်ပြုရမှာ ဖြစ်ပါတယ်။

လူထုဆန္ဒခံယူပွဲက အတည်ပြုလိုက်တဲ့ ပြင်ဆင်ပြီး ဖွဲ့စည်းပုံကို အရေးပေါ် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးနိုင်မယ်ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲကို ဖွဲ့စည်းပုံသစ်နဲ့ ကျင်းပနိုင်မယ်လို့ ရခိုင်အမျိုးသားပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောပါတယ်။

“စောစောကလေ ကျနော်တို့ရဲ့ မေလနောက်ပိုင်းဆိုရင် ဖွဲ့စည်းပုံပြင်ဆင်ထားပြီးသားကတော့ ကျနော်တို့ လူထုဆန္ဒခံယူပွဲနဲ့ ပြီးပြီပေါ့ဗျာ။ အဲ့ဒါဆိုရင် ဥပဒေတခုကတော့ ရပြီပေါ့။ အတည်ပြုထားပြီပေ့ါ။ ဒါပေမဲ့ ဥပဒေသဘောအရ အာဏာသက်ရောက်တဲ့ နည်းတခု လိုသေးတာပေါ့လေ။ အဲတော့ ဘယ်ပါတီမန်မှာ အတည်ပြုမလဲ ဆိုတာတခု လိုတာပေါ့။ referendum ကျင်းပပြီး နောက် ၃ လအကြာမှာ၊ ၄ လအကြာမှာ စသဖြင့်ပေါ့နော် ခေါ်ယူတဲ့ ပြည်ထောင်စုလွှတ်တော်ဆိုရင်တော့ ဒီဖွဲ့စည်းပုံအသစ်ကြီးနဲ့ပေါ့နော် ရွေးကောက်ပွဲကို ဖြတ်သန်းနိုင်မှာပေါ့လေ။”

သူတို့ပါတီအနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ပြီးမှ ရွေးကောက်ပွဲကျင်းပတာကို လိုလားပြီး ဒီလို ပြင်ဆင်ဖို့အတွက် လက်ရှိ အာဏာရပါတီ၊ အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီတွေနဲ့ ပြည်သူတွေအပေါ်မှာ မူတည်နေတယ်လို့လည်း ပြောပါတယ်။

ပြည်ထောင်စု လွှတ်တော်အတွင်းက အဓိက အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်ကတော့ ဖွဲ့စည်းပုံမပြင်ဆင်ဘဲ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် ဖြစ်ပေါ်လာမယ့် အခြေအနေကို အခုလို သုံးသပ်ပါတယ်။

“ဒီဟာရဲ့သက်ရောက်မှုက ငြိမ်းချမ်းရေးဆွေးနွေးမှုအပေါ်မှာလည်း သက်ရောက်နိုင်သလို အခြား အထွေထွေ တည်ငြိမ်မှုအပေါ်မှာလည်းပဲ အများကြီး သက်ရောက်နိုင်တယ်။ နောက်နိုင်ငံတကာ လူ့အဖွဲ့အစည်းရဲ့ အခြေအနေမျိုးမှာလည်း အကျိုးသက်ရောက်မှုတွေတော့ အများကြီး ဖြစ်လာနိုင်တယ်။ ဘာလို့လဲဆိုတော့ နိုင်ငံရေးရဲ့ အဓိကကျတဲ့ အခင်းအကျင်းတခု ဖြစ်တဲ့အတွက်ကြောင့် သက်ရောက်မှုတွေကတော့ ရှိလာနိုင်တယ်လို့ ကျနော်တို့က မှန်းလို့ရတယ်ပေါ့လေ။”

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ စုပေါင်းဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ ဒုဥက္ကဌ ဦးနိုင်ဟံသာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်ရင် ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးရာမှာ ဆွေးနွေးရမယ့် အချက်တွေ ပိုများလာနိုင်မယ်လို့ ပြောပါတယ်။

“အခုလောလောဆယ် မပြင်ဘူးဆိုရင် အန်ကယ်လ်တို့နဲ့ ဆွေးနွေးတဲ့အခါကျရင် အများကြီး ပြောစရာ ရှိလာမှာပေါ့လေ။ အဓိကကတော့ အန်ကယ်လ်တို့ကတော့ ဒီတိုင်းရင်းသားတွေရဲ့ အခွင့်အရေးပိုင်းနဲ့ ဆိုင်တဲ့ဟာကိုပဲ အဓိက ပြောတယ်လေ။ အန်ကယ်လ်တို့ ပြောဖို့ လိုအပ်တယ်။ တခြားဟာကတော့ ဒီ ပြည်သူအများစုက လိုလားခဲ့တဲ့ ဒီမိုကရေစီ အခွင့်အရေးတွေကိုတော့ အခုအချိန် ပြင်ပေးနိုင်ရင် ပိုကောင်းမယ်ပေါ့ဗျာ။”

လက်ရှိ လွှတ်တော်အတွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီနဲ့ အခြားပါတီတွေက ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် အဓိက တိုက်တွန်းနေပြီး တပ်မတော်သား ကိုယ်စားလှယ်တွေကတော့ မပြင်ဆင်ဖို့ကို ဆွေးနွေးနေပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ သက်ဆိုင်တဲ့ ပုဒ်မ ၄၃၆ အရ တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမှုကိုမရရင် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပြင်ဆင်နိုင်မယ့် အခြေအနေမရှိပါဘူး။

XS
SM
MD
LG