သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်အားပြင်း မုန်တိုင်း မြန်မာဘက် ဦးတည်


မြန်မာနိုင်ငံ အနောက်မြောက်ဘက်ကို ဦးတည်လာနေတဲ့ ဆိုင်ကလုန်းမုန်တိုင်း။ (ဓာတ်ပုံ - NASA)
မြန်မာနိုင်ငံ အနောက်မြောက်ဘက်ကို ဦးတည်လာနေတဲ့ ဆိုင်ကလုန်းမုန်တိုင်း။ (ဓာတ်ပုံ - NASA)
“One” လို့နံမည်ပေးထားတဲ့ အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်းတခု မကြာခင်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံ အနောက်ပိုင်းဒေသတွေကို ဝင်ရောက်နိုင်တယ်လို့ အမေရိကန် လေတပ်နဲ့ရေတပ်ပူးတွဲ မုန်တိုင်းသတိပေးဌာနက သတိပေးချက်တရပ် ထုတ်ပြန်ထားပါတယ်။ အိန္ဒိယသမုဒ္ဒရာတွင်းဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာနေပြီး မြန်မာနိုင်ငံအနောက်ဘက်ဒေသကို ဦးတည်ပြီး လာမယ့်ရက်ပိုင်းအတွင်း အားပြင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း အဆင့်ကို ပြောင်းလဲသွားနိုင်တယ်လို့ ဆိုပါတယ်။ ဆိုင်ကလုန်းမုန်းတိုင်း One သတိပေးချက်တွေနဲ့ပတ်သက်လို့ မခင်ဖြူထွေးက တင်ပြထားပါတယ်။

အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ တဖြည်းဖြည်း ပိုမို အားကောင်းလာနေပြီးတော့ ဘင်္ဂလားပင်လယ်အော် ကို ဖြတ်ပြီး၊ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့ခြမ်းဒေသတွေကို အင်အားပြင်းမုန်တိုင်းတခုအဖြစ် ဒီရက်ပိုင်းအတွင်းမှာပဲ ဝင်ရောက်လာနိုင်တဲ့အကြောင်း အမေရိကန် လေတပ်နဲ့ရေတပ်ပူးတွဲ မုန်တိုင်းစောင့်ကြည့် သတိပေးဌာန (JTWC) က မိုးလေဝသပညာရှင်တွေက သတိပေးထားတာပါ။ အဲဒီဒေသတွေကို မေလ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ တစ်နာရီကို မိုင် ၁၀၀ ကျော်နှုန်းနဲ့၊ ဆိုင်ကလုန်း မုန်တိုင်းအဆင့် သတ်မှတ်ချက်အရတော့ အဆင့် ၂ အနေအထားနဲ့ ဝင်ရောက် တိုက်ခတ်လာနိုင်တယ်လို့ သတိပေးထားတာဖြစ်ပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း One လို့ နံမည်ပေးထားတဲ့ ဒီမုန်တိုင်းဟာ မေလ ၁၄ ရက်မနက်၂ နာရီဝန်းကျင်လောက်မှာ မြန်မာနိုင်ငံအနောက်ဘက်ခြမ်း ရခိုင်ကမ်းရိုးတန်း ဒေသတွေကို ဖြတ်ပြီး၊ ကုန်းတွင်းပိုင်းအထိ ဖြတ်ကျော် ဝင်ရောက်နိုင်ဖွယ် ရှိတယ်လို့ JTWC ရဲ့ မိုးလေဝသ စောင့်ကြည့် ခန့်မှန်းချက်တွေမှာ ဖော်ပြထားပါတယ်။

လေပြင်းမုန်တိုင်းနဲ့အတူ နောက်ဆက်တွဲ မိုးအကြီးအကျယ်ရွာသွန်းမှုတွေ နဲ့ ရေကြီးရေလျှံမှုတွေလည်း ဖြစ်လာနိုင်တာကြောင့်၊ ဒေသတွင်းက အဆောက်အဦးတွေ၊ လူနေအိမ်တွေ ထိခိုက်ပျက်စီးနိုင်ပြီး လူတွေအတွက် အသက်အန္တရာယ် စိုးရိမ်ရတယ်အနေအထား ဖြစ်တယ်လို့လည်း ဒီ မုန်တိုင်း သတိပေးဌာနက ပြောဆိုထားပါတယ်။ မုန်တိုင်းတိုက်ခတ်နေစဉ်အတွင်း ၆ ပေထက်မနည်း လှိုင်းကြီးနိုင်တယ်လို့လည်း သတိပေးထားပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့ပိုင်းဒေသတွေမှာ နေထိုင်နေကြတဲ့ ဒေသခံတွေ အနေနဲ့ ဒီမုန်တိုင်း သတိပေးချက်တွေကို နားစွင့်ပြီး သတိထားနေသင့်တယ်လို့ အမေရိကန် အာကာသစူးစမ်းလေ့လာရေးဌာန NASA ကလည်း သတိပေးထားပါတယ်။ NASA ရဲ့ စတလိုက်ကနေ ရိုက်ယူထားတဲ့ ပုံရိပ်တွေအရ အိန္ဒိယသမုဒ္ဒရာတွင်းမှာ လတ်တလော အားယူနေတဲ့ မုန်တိုင်းငယ်နှစ်ခု ရှိနေပြီး၊ အဲဒီအထဲကမှ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း One မြန်မာနိုင်ငံ အနောက်ဘက်ဒေသတွေကို ဦးတည်ပြီး အင်အားကောင်းလာနေတာကို သတိပေးထားပါတယ်။

မေလ ၁၀ ရက် သောကြာနေ့ မြန်မာအစိုးရ ကြေးမုံသတင်းစာမှာတော့ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီးတော့၊ ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဆင့်ကို ရောက်ရှိနိုင်တဲ့ အကြောင်းနဲ့၊ မေလ ဒုတိယ ၁၀ ရက်သီတင်းပတ်အတွင်း အနောက်တောင်မုတ်သုန်လေဟာ မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေကို ဝင်ရောက်နိုင်တယ်လို့ ဖော်ပြထားတာ တွေ့ရပြီး၊ မုန်တိုင်း သတိပေးချက်တွေတော့ ထုတ်ပြန်ထားတာ မတွေ့ရပါဘူး။

မြန်မာနိုင်ငံမှာ ခုလို နွေကနေ မိုးရာသီအကူး ကာလမျိုးမှာ နိုင်ငံရဲ့ အနောက်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ မုန်တိုင်းဒဏ်ကို မကြာခဏဆိုသလို ခံရလေ့ရှိပြီး၊ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် မေလ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကတော့ မြန်မာ့သမိုင်းမှာ အဆိုးရွားဆုံးကြုံခဲ့ရတဲ့ မုန်တိုင်းပဲ ဖြစ်ပါတယ်။ မုန်တိုင်းပြင်းအားအဆင့် ၄ သတ်မှတ်ထားတဲ့ နာဂစ်မုန်တိုင်းကြောင့် အထူးသဖြင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနဲ့၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ လူပေါင်း ၁၄၀,၀၀၀ ကျော် သေဆုံး ဒဏ်ရာရခဲ့ပြီး လူပေါင်း ၃,၀၀၀,၀၀၀ လောက် အိုးအိမ်မဲ့ ဖြစ်ခဲ့ရတာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG