သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ လွှတ်တော်မှာကျင်းပ


အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို ၂၀၁၁ ခုနှစ်က ပထမဆုံးအကြိမ် ကျင်းပခဲ့စဉ် တက်ရောက်လာခဲ့ကြတဲ့ မြန်မာ့လွှတ်တော် အမတ်များ။ (စက်တင်ဘာလ ၁၅ ရက်၊ ၂၀၁၁)။
အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို ၂၀၁၁ ခုနှစ်က ပထမဆုံးအကြိမ် ကျင်းပခဲ့စဉ် တက်ရောက်လာခဲ့ကြတဲ့ မြန်မာ့လွှတ်တော် အမတ်များ။ (စက်တင်ဘာလ ၁၅ ရက်၊ ၂၀၁၁)။
၂၀၁၂ ခုနှစ်ရဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို နေပြည်တော် ပြည်ထောင်စုလွှတ်တော် ခမ်းမမှာ ဒီကနေ့ ပြုလုပ်ပါတယ်။ ပြည်ထောင်စုလွှတ်တော် နယက ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း၊ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး တို့ ဦးဆောင်ပြီး အစိုးရ ဝန်ကြီးတချို့လည်း တက်ရောက်ပါတယ်။ နိုင်ငံရေးပါတီတွေကို ဖိတ်ကြားထားတာကြောင့် နိုင်ငံရေးပါတီ ၁၉ ပါတီက ဒီမိုကရေစီနေ့ အတွက် စာတမ်းတွေ တက်ရောက် ဖတ်ကြားခဲ့ကြပါတယ်။ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ကျင်းပပြုလုပ်တဲ့ မြန်မာ့လွှတ်တော်မှာ ဘယ်လောက်အထိ ဒီမိုကရေစီ အနှစ်သာရ ပြည့်ဝလာပြီလို့ ယူဆပါလဲ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူတဦးလည်းဖြစ်၊ မန္တလေးတိုင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်တဲ့ ဦးအုန်းကြိုင်ကို ကိုသားညွှန့်ဦးက ဆက်သွယ် မေးမြန်းထားပါတယ်။

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ဒီကနေ့ ကျင်းပတဲ့ အခမ်းအနားအကြောင်းကို ဦးအုန်းကြိုင်က အရင်ဆုံး အခုလို ပြောပြပါတယ်။

“ကျနော်တို့ NLD က တက်တယ်။ နောက် ကျနော်တို့ မတ္ထီလာနဲ့ ပျဉ်းမနားကြားမှာ ရှိတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေလည်း အဲဒီမှာ သွားပြီး တက်ရောက်ကြပါတယ်။ နောက် မကွေးက ဦးအောင်ကြည်မြင့်တို့၊ ထန်းတပင်က ဦးစိန်ထွန်း တို့၊ နောက် တောင်ငူက ဦးအောင်စိုးမြင့် ဆိုရင် ကျင်းပရေး ဗဟိုကော်မတီထဲမှာ ပါပါတယ်။ နေပြည်တော်က လွှတ်တော် ကိုယ်စားလှယ်တွေ လေးဦးစလုံးလည်း တက်ရောက်ကြပါတယ်။ နောက် တခြား တောင်ငူနဲ့တဝိုက်၊ မတ္ထီလာတဝိုက် မှာရှိတဲ့ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တွေ ဒေါ်စန္ဒာမင်း တို့ ဘာတို့လည်း အဲဒီမှာ တက်ရောက်ကြပါတယ်။”

ဒီမိုကရေစီနေ့ကို ဒုတိယအကြိမ် လွှတ်တော်မှာ ကျင်းပတာ ဆိုတော့ အခြေအနေက အန်ကယ်တို့ ဘယ်လိုမြင်လဲခင်ဗျ။ အရင်နှစ်ကထက် စာရင် ဘာများ ထူးထူးခြားခြား ရှိပါလဲ။ -

“ထူးထူးခြားခြား ဒီနှစ်ကတော့ သူတို့ ကျင်းပမယ်လို့ လွှတ်တော်က စဉ်းစားကတည်းက ကျနော်တို့ လွှတ်တော်တက်နေတဲ့ နိုင်ငံရေးပါတီဝင်တွေ အားလုံး ပါဝင်တဲ့ ကျင်းပရေး ဗဟိုကော်မတီ ဆိုတာ ဖွဲ့တယ်။ ကျနော်တို့ ဆီကလည်း တောင်ငူက လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမြင့် ပါတယ်။ ဗဟိုကော်မတီ ဖွဲ့ပြီးတော့ ပါတီကို တတ်နိုင်သမျှ ပါတီတွေ အားလုံးကို ပါဝင်အောင်ပေါ့ဗျာ၊ စာတမ်းတွေ သဝဏ်လွှာတွေ ထည့်ခိုင်းပါတယ်။ ကျနော်တို့ အဖွဲ့ချုပ်ကနေ သဝဏ်လွှာကတော့ ဦးဝင်းထိန် ကနေ ဖတ်ပါတယ်။ အဲဒါကတော့ ဒီနှစ်ထဲမှာ ကျယ်ကျယ်ပြန့်ပြန့်ပေါ့ဗျာ။ ပါတီတွေ အားလုံးပါအောင်း စည်းရုံးပြီးတော့ လုပ်လာတဲ့ အနေအထား တွေ့ရပါတယ်။ အဲဒါကတော့ ထူးခြားတယ်လို့ ကျနော် မြင်ပါတယ်။”

နောက်တခုက အန်ကယ့်သဘောထားကို မေးချင်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ် တဦးအနေနဲ့ အမြင်ပေါ့။ အခု ဒီမိုကရေစီနေ့ကို ကျင်းပဖြစ်တာတော့ ဒီ မြန်မာလွှတ်တော်မှာ ဒုတိယနှစ်ပေါ့နော်။ အဲဒီတော့ မြန်မာလွှတ်တော်မှာ ဒီမိုကရေစီနေ့ကို ကျင်းပသလိုပဲ ဒီမိုကရေစီအရ လွတ်လွတ်လပ်လပ်နဲ့ အခြေအနေ၊ လွတ်လပ်ခွင့်ရှိလာတဲ့ အခြေအနေ၊ ဒီမိုကရေစီ အနှစ်သာရ မြန်မာလွှတ်တော်ထဲမှာ ဘယ်လောက်ထိရော ရှိလာပြီလို့ ထင်မြင်ယူဆပါလဲ။ -

“ကျင်းပဖို့ဆိုပြီး ကျနော်တို့ကို လှုံ့ဆော်ကတည်းကိုက ဒါ ကုလသမဂ္ဂက နေပြီးတော့ပေါ့ဗျာ ဒီနေ့ စက်တင်ဘာ ၁၅ ရက်နေ့ကို ဒီမိုကရေစီ အထိမ်းအမှတ်နေ့ အဖြစ်နဲ့ သတ်မှတ် ကြေညာထားတယ်။ အဲဒါကြောင့်မို့ ကျင်းပပါမယ်လို့ ဆိုတော့ ဒါ ဒီမိုကရေစီ ထွန်းကားလာမယ့်ကိစ္စကို လက်ရှိ ကျနော်တို့ အစိုးရကပေါ့ဗျာ၊ ဒါကို လေးလေးနက်နက် ထားတယ်ဆိုတဲ့ ကုလသမဂ္ဂလိုပဲ အလေးအနက် ထားတယ် ဆိုတာ ပေါ်လွင်ပါတယ်။ နောက် သူတို့ လွှတ်တော် အနေနဲ့တော့ ဒါ ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး အဆင့် ရောက်သွားပြီပေါ့။ ကျနော်တို့ကတော့ ဒါ ပထမဦးဆုံးအကြိမ် စတုတ္ထပုံမှန် အစည်းအဝေးမှာမှ ကျနော်တို့က စပြီးတော့ တက်ကြတာကိုး။ အရင် ပထမအကြိမ်က ကျမ်းကျိန်တာနဲ့ပဲ ကျနော်တို့က တနေ့တည်း စတိ ရောတက်လိုက်ပြီးတော့ တကယ့် အစည်းအဝေးက အခုမှ စကျင်းပတာ။ အဲဒီတော့ ကျနော်တို့အမြင် ပြောရရင်တော့ တော်တော်လေးတော့ ဆွေးနွေးပြောဆိုမှုတွေဟာ လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း ပိုရှိလာတယ်။ တစ်ယောက်နဲ့တစ်ယောက် ပိုပြီးတော့ အဲဒီလို ဖြစ်လာတဲ့အခါကျတော့လည်း သူ့ပါတီ ကိုယ့်ပါတီ ဆိုတာကလည်း တစ်ယောက်နဲ့တစ်ယောက် လွှတ်တော် ကိုယ်စားလှယ် အချင်းချင်း ကြားထဲမှာလည်း ပိုပြီးနားလည်မှုတွေ တိုးလာတယ်။ တိုင်းရင်းသားတွေနဲ့ ကျနော်တို့ ကြားမှာလည်း နားလည်မှု ပိုပြီး တိုးလာတယ်။ တပ်မတော်သားတွေနဲ့ ကျနော်တို့ ကြားထဲမှာလည်း နားလည်မှု ပိုတိုးလာတယ်။ ပိုပြီးတော့ ဆက်ဆံရေးကလည်း ပို တိုးတက်လာတယ်။ ဒါကတော့ နည်းနည်း ထူးခြားတယ်လို့ အခုတကြိမ် တက်ခဲ့ပြီးတဲ့ အပြီးမှာ ကျနော် ခံစားရတဲ့ ခံစားချက်ပါ။”

လွှတ်တော်ထဲမှာရော လူထုရဲ့ ဒီမိုကရေစီ ဆိုတဲ့ လူထုရဲ့အသံ၊ လူထုရဲ့ သဘောထားကိုရော ဘယ်လောက်ထိ ထင်ဟပ်နိုင်မှု ရှိတယ်လို့ ယူဆပါလဲ။ -

“လွှတ်တော်ဥက္ကဋ္ဌရဲ့ ဆောင်ပုဒ်တွေပေါ့ဗျာ၊ သူ့ရဲ့ သြဝါဒကိုယ်က လွှတ်တော်ဟာ ပြည်သူ့အသံပဲ။ လွှတ်တော်ရဲ့ ဆန္ဒဟာ ပြည်သူ့ရဲ့ ဆန္ဒပဲ၊ ပြည်သူ လူထုရဲ့ မျှော်လင့်ချက်တွေကို လွှတ်တော်က အကောင်အထည် ဖော်ကြရမှာ ဖြစ်တယ်လို့ သူက လမ်းညွှန်ထားတော့ တော်တော်တော့ အဲဒီဘက်ကို တော်တော် အားကြိုးမာန်တက် ကြိုးပမ်းနေတယ်ပေါ့ဗျာ။ ဒါဖြင့်ရင် စစ်မှန်တဲ့ ဒီမိုကရေစီ ရောက်ပြီလား လို့ ပြောဖို့ကတော့ ကျနော်တို့က ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ရဦးမယ်လို့ ပြောထားသူတွေ ဖြစ်တယ်။ အဲဒီတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရဦးမယ်၊ အဲဒါမှ ဖွဲ့စည်းပုံမှာပါတဲ့ အခြေခံဥပဒေတွေက တကယ့်ကို အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီ စံနှုန်းတွေနဲ့ ကိုက်တဲ့အဆင့်အထိ ရောက်သွားဖို့ ဆိုရင်တော့ ကြိုးစားရဦးမယ်လို့ ကျနော်တို့က အဲဒီလိုပြောမယ်။ သို့သော်လည်း အရင်ထက်စာရင်တော့ တကယ့်ကို ဒီမိုကရေစီဘက်ကိုတော့ ထက်ထက်သန်သန်ပေါ့၊ တက်တက်ကြွကြွ ပြောင်းလဲဖို့ အားယူကြိုးစား နေတာကတော့ ပေါ်လွင်တယ်လို့ ကျနော် ဒီလိုပဲ သုံးသပ်ချင်ပါတယ်။”
XS
SM
MD
LG