သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖြေရှင်းရမယ့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ


Wai Hnin Pwint Thon
Wai Hnin Pwint Thon

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ခဲ့ရတဲ့ အကြောင်းရင်းခံနဲ့ ပတ်သက်ပြီး အင်္ဂလန်နိုင်ငံ လန်ဒန်မြို့အခြေစိုက် Burma Campaign UK အဖွဲ့က မဝေနှင်းပွင့်သုန် ကို ဦးသန်းလွင်ထွန်းက ဆက်သွယ်မေးမြန်း သုံးသပ်ဆွေးနွေးထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံအနောက်ခြမ်း ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုနဲ့ ပဋိပက္ခပြဿနာတွေဟာ ရခိုင်ပြည်နယ်ရဲ့ မူရင်းဒေသခံ ဗုဒ္ဓဘာသာဝင် ရခိုင်တိုင်းရင်းသားတွေနဲ့ နောက်မှာဝင်လာသူတွေဆိုတဲ့ ဘာသာကွဲပြား စကားမတူတဲ့ ဘင်္ဂါလီနွယ်ဖွားတွေကြားမှာ နှစ်ပေါင်းအတော်ကြာရှိနေခဲ့တဲ့ မုန်းတီးမှုနဲ့ သံသယမီးပွားတွေ ထပြီးတောက်လောင်ခဲ့တာပါ။ ကိုယ့်ကိုယ်ကို ရိုဟင်ဂျာလို့ သတ်မှတ်ခေါ်ဝေါ်စေချင်တဲ့ ဒီလူအစု၊ လူအဝေးကို ဒေသခံတွေက အကြောင်းအမျိုးမျိုး၊ ခံစားမှုအမျိုးမျိုးကြောင့် သံသယကြီးစွာနဲ့ မယုံကြည် လက်မခံနိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ ဒါဟာ လူဝင်မှုကြီးကြပ်ရေးရဲ့ အစဉ်အဆက် ကိုင်တွယ်မှုမှားယွင်းမှုအပြင်၊ နိုင်ငံရေးအမြတ်ထုတ်မှု၊ နိုင်ငံသားဖြစ် ဥပဒေအားနည်းချက်၊ လူ့အခွင့်အရေးချိုးဖောက်မှု စသဖြင့်လည်း ထောက်ပြမှုတွေ ရှိခဲ့ပါတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး လန်ဒန်မြို့မှာ ရှိနေတဲ့ Burma Campaign UK အဖွဲ့က မဝေနှင်းပွင့်သုန် ကို ဆက်သွယ်မေးမြန်းထားပါတယ်။ မဝေနှင်းပွင့်သုန်ဟာ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမြအေးရဲ့ သမီးလည်း ဖြစ်ပါတယ်။

မဝေနှင်းပွင့်သုန် ။ ။ ကျမအနေနဲ့ ပြောရမယ်ဆိုရင် - အစ္စလာမ်ဘာသာဝင်တဦးအနေနဲ့ ပြောရမယ်ဆိုလို့ရှိရင် ဒီလိုမျိုး အကြမ်းဖက်မှုဆိုတဲ့အရာကို လုံးဝယုံကြည်ချက် မရှိဘူးရှင့်။ ရခိုင်ပြည်နယ်မှာဖြစ်တယ်ဆိုတဲ့ဟာက တော်တော်များများ ပြောတဲ့လူတွေကတော့ ရခိုင်ပြည်သူပြည်သားတွေဖက်ကလည်း ပြောတဲ့လူတွေရှိသလို။ ဒီလိုမျိုး ရခိုင်ပြည်သူတွေဖက်မှာနေနေတဲ့ အစ္စလာမ်ဘာသာဝင်တွေဖက်ကနေ ပြောတဲ့လူတွေလည်းရှိတယ်။ ကျမအနေနဲ့ကတော့ တယောက်နဲ့တယောက် အမြင်ချင်းမတူတာ၊ ဘာသာချင်းမတူတာ။ အကိုပြောသလို ဒါက နှစ်တွေ၊လတွေ များစွာ စုပေါင်းပြီးတော့ဖြစ်လာတဲ့ ပြဿနာ။ အခုအချိန်မှာ အကြမ်းဖက်နည်းနဲ့ ဖြေရှင်းမယ်ဆိုရင် ဒါကလုံးဝမဖြစ်သင့်တဲ့ ပြဿနာ။ နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးသင့်တယ်။ ကိုယ်နဲ့ဘာတူညီလဲ။ ကိုယ်နဲ့ဘာကွဲခြားသလဲဆိုတာကို ကြည့်မှာထက်။ တူညီတဲ့နေရာကနေ စပြီးတော့ ဘယ်လိုမျိုး ငြိမ်းချမ်းစွာနေသွားသင့်သလဲ။ ဘယ်လိုမျိုး နိုင်ငံကို။ လူမျိုးရေးပြီးတဲ့အခါကြတော့ ဘာသာရေးပိုထွန်းကားလာအောင်၊ ပြီးတော့ ပိုပြီးကာကွယ်လို့ရအောင် ဘယ်လိုမျိုး လုပ်မလဲဆိုတာတွေက အကြမ်းဖက်နည်းနဲ့သွားမယ်ဆိုရင် ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စတခုပါ။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ စိတ်ဝင်စားစရာကောင်းတာက မဝေနှင်း အခုနပြောသလို၊ တွေ့ဆုံဆွေးနွေးနည်းနဲ့ အဖြေရှာသင့်တယ်ဆိုတဲ့ နေရာမှာ အခုပြဿနာရဲ့ အရင်းခံကို အများစုသုံးသပ်တာကတော့ ဒါဟာ တိုင်းရင်းသားပြဿနာ။ ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားမဟုတ်ဘူး။ အဲဒီတော့ ကိုယ့်ကိုယ်ကို ရိုဟင်ဂျာလို့ သတ်မှတ်ပြီး အခေါ်ခံနေရတဲ့လူစုကို ရိုဟင်ဂျာအနေနဲ့ မခေါ်ချင်ဘူးဆိုကတည်းကိုက ဘယ်လိုလုပ် ဆွေးနွေးမှု ဖြစ်လာနိုင်မလဲ။

မဝေနှင်းပွင့်သုန် ။ ။ ရိုဟင်ဂျာလို့ မခေါ်ချင်ဘူး။ ရတယ် ကိစ္စမရှိဘူး။ ရိုဟင်ဂျာလို့ မခေါ်ချင်ဘူးဆိုရင် မင်းတို့ဘယ်လို ခေါ်ချင်သလဲ။ ဆွေးနွေးမှုဆိုတာ အဲဒီလို စတင်တယ်။ ဒါပေမဲ့ တကယ်တမ်း အခုဖြစ်နေတဲ့ဟာက သူတို့အနေနဲ့က ကျမတို့ ရိုဟင်ဂျာလူမျိုးရယ်လို့ မပြောပါနဲ့ ရန်ကုန်၊ မန္တလေးမှာရှိနေတဲ့ မြန်မာမူစလင်လူတွေကိုယ်တိုင်က တချို့ဆိုရင် မှတ်ပုံတင်မရှိတဲ့လူတွေ အခုအချိန်အထိ ရှိနေတုန်းပဲ။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ရဲ့ မိသားစုအခြေအနေကြောင့်။ ဒါမှမဟုတ်လို့ရှိရင် ပြီးတဲ့အခါကြရင် ပိုက်ဆံမရှိတာလား။ ပြီးတဲ့အခါ ဘယ်နေရာမှာ နေထိုင်တာလဲ။ အဲဒီလိုမျိုး ကွဲခြားပြီး မှတ်ပုံတင်မရှိတဲ့လူတွေ ရှိနေတုန်းပဲ။ ဆိုတော့ ဒီနေရာမှာ တရားမဝင်လာနေထိုင်ဆိုပြီးထားပါအုန်း။ တရားမဝင်လာနေထိုင်တယ်။ သူတို့အနေနဲ့ သူတို့က လူမဟုတ်တော့ဘူးလား။ သူတို့အနေနဲ့ ကျမတို့မှာ ရှိနေတဲ့ လူအခွင့်အရေးမျိုး သူတို့အနေနဲ့ မပိုင်ဆိုင်သင့်ဘူးလား။ မင်းက ငါနဲ့ ဘာသာမတူဘူး။ မင်း ဒီနိုင်ငံက မဟုတ်ဘူးဆိုတာနဲ့ သူတို့ကို ကျမတို့ သတ်တော့မလား။ ဒီလိုမျိုး အကြမ်းဖက်နည်းနဲ့ သွားမယ်ဆိုလို့ရှိရင် ကျမတို့က တိရစ္ဆာန်ထက်မခြားတော့ဘူးလေ။ အဲဒီလိုမျိုးတွေလည်း ကျမတို့ ကြည့်သင့်တယ်။

ဦးသန်းလွင်ထွန်း ။ ။ ကျနော်တို့မြင်တာကတော့ ဘယ်ဖက်ကမှ တကယ်တမ်း အကြမ်းဖက်ချင်ကြတဲ့ ဆန္ဒတော့ ရှိချင်မှရှိကြမှာပါ။ ဒါပေမဲ့လည်း လက်တွေ့ ဒေသအတွင်းမှာ ဖြစ်နေတဲ့ ပြဿနာတွေ လှုံဆော်မှုတွေကြောင့် ဒါက မလိုလားအပ်တဲ့ကိစ္စတွေ ဖြစ်ရတယ်။ ဒီနေရာမှာ သတင်းပေးပို့ကြတဲ့၊ ကောလဟာလဖြန့်ကြတဲ့ ကိစ္စတွေကလည်း တဖက်နဲ့တဖက် နစ်နစ်နာနာဖြစ်အောင် လှုံဆော်မှုတွေ အမျိုးမျိုးရှိနေကြခဲ့တယ်။ အဲဒီတော့ ဒါတွေဟာ နာကြည်းစရာ ပိုဖြစ်ကြတဲ့အနေအထားပေါ့။ အဲဒီတော့ ဒီပြဿနာဟာ စောစောက မဝေနှင်း ပြောသလိုပဲ နိုင်ငံသားပြဿနာ။ အဲဒီတော့ အနှစ်နှစ်အလလ၊ လူဝင်မှုကြီးကြပ်ရေးရဲ့ အဆက်ဆက်ရဲ့ ပေါ့လျော့မှုတွေ၊ နိုင်ငံသားဖြစ်တည်းမှုဆိုင်ရာ အခြေခံဥပဒေရဲ့ မမျှတမှုတွေကြောင့်ဖြစ်တယ်ဆိုတာ မဝေနှင်းတို့ရဲ့ အဖေဖြစ်တဲ့ ကိုမြအေးတို့အပါအဝင် ၈၈ မျိုးဆက်ကျောင်းသားတွေ၊ ဗမာပြည်က နိုင်ငံရေးသမားတွေ အတော်များများက ဒီအချက်ကို လက်ခံပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားအဖြစ် ဖြစ်တည်မှုကိုတော့ လက်မခံနိုင်ဘူးဆိုပြီးတော့ တွင်တွင်ကြီးငြင်းနေတာကို ကျနော်တို့ ကြားရပါတယ်။ ဒီနေရာမှာ နိုင်ငံသားအခွင့်အရေးနဲ့ တိုင်းရင်းသားအခွင့်အရေး အခုလောလောဆယ် အခြေအနေအရ မြန်မာနိုင်ငံရဲ့ အခြေအနေအရ ဘာတွေများ ကွာတယ်လို့ ယူဆပါသလဲ။

မဝေနှင်းပွင့်သုန် ။ ။ ကျမအမြင်အနေနဲ့ ပြောရမယ်ဆိုလို့ရှိရင် အခုန အကိုပြောသွားသလိုပဲ ဒီပြဿနာတွေ ဖြစ်လာတဲ့အချိန်မှာ အဓိကနေရာကတော့ ပိုပြီးတော့ ပါဝင်ဆောင်ရွက်လာတဲ့ဥစ္စာက မီဒီယာပေါ့။ အထဲက မီဒီယာပဲပြောမလား။ အပြင်က မီဒီယာပဲ ပြောမလား။ သူတို့တွေက ပိုပြီးတော့ ဆွပေးတယ်။ ဆွပေးတဲ့နေရာမှာ တချို့နေရာတွေမှာဆိုရင် စကားအသုံးအနှုန်းလေးတွေ။ ပြီးတဲ့အခါကြတော့ ပြောတာဆိုတာက တကယ်ကို ပညာတတ်လို့ ယူဆလို့မရအောင် ရေးသားတဲ့ဟာတွေရှိတယ်။ သူတို့ကိုယ်တိုင်ကလည်း ကြွပေးတယ်။ Facebook ပေါ်မှာဆိုရင်လည်း လူတွေက လိမ်ပြီးတော့ သတင်းမမှန်တာကို ပိုပြီးတော့ ယုံကြည်ချင်ကြတယ်။ ဒါကို ကျမအနေနဲ့ နားလည်းတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျမတို့ လူမျိုးရေး၊ ဘာသာရေးဆိုတော့ ဘယ်သူမဆို ကျမတို့ နိုင်ငံကို ထိခိုက်တယ်ဆိုရင် ဘယ်သူမဆို နာမယ့်ကိစ္စပဲလေ။ ဆိုတော့ မီဒီယာကလည်း အဲဒါမျိုးကို ဆွပေးတယ်။ အခုလောလောဆယ်မှာ မြန်မာနိုင်ငံထဲက လူတော်တော်များများ ယုံကြည်တာက၊ အပြင်ကလူတွေပါပါတယ်။ ယုံကြည်တာက ဘာလဲဆိုတော့ တိုင်းရင်းသားအရေးလို့ ပြောလာတဲ့အခါကြရင် သူတို့ထင်တာက သူတို့က နိုင်ငံတနိုင်ငံ လိုချင်တယ် သူတို့အတွက်။ ရိုဟင်ဂျာအရေးလို့ တောင်းတဲ့အခါမှာ သူတို့က ရိုဟင်ဂျာနိုင်ငံ တည်ဆောက်ဖို့တောင်းတာပဲ။ သူတို့ မူစလင်နိုင်ငံတည်ဆောက်မယ်ဆိုပြီးတော့ ပြောကြတယ်ဆိုပြီး အဲဒီလိုမျိုး စွပ်စွဲတာမျိုးတွေလည်းရှိတယ်။ ကျမတို့ Burma Campaign UK ဆိုလို့ရှိရင် စွပ်စွဲခံရတာ ကျမတို့က အရှေ့အလယ်ပိုင်းက ပိုက်ဆံတွေ ကျမတို့ရတယ်။ ရတဲ့အခါကြတော့ ကျမတို့ ရိုဟင်ဂျာအရေးကို ကျမတို့က အားသွန်ခွန်စိုက်လိုက်ပြီးတော့ တိုက်တွန်းဆောင်ရွက်နေတယ်။ ကျမတို့အနေနဲ့ ပိုက်ဆံတပြားမှ မရပါဘူး။ အရှေ့အလယ်ပိုင်းက ရိုဟင်ဂျာအရေးလုပ်ဖို့ဆိုတာ။ ကျမတို့အနေနဲ့ လူ့အခွင့်အရေးလို့ ယုံကြည်တယ်။ ကရင်အရေးလည်း လုပ်ခဲ့တယ်။ ကချင်အရေးလည်း လုပ်ခဲ့တယ်။ တိုင်းရင်းသား၊ ဘာသာ၊ လူမျိုးမရွေးကိစ္စတွေကို ကျမတို့ လုပ်ခဲ့တယ့်အတွက် ဒီကိစ္စကလည်း လူ့အခွင့်အရေးဆိုပြီး လုပ်ခဲ့တာ။ နောက်တခု နိုင်ငံသားအရေးလို့ ပြောမယ်ဆိုလို့ရှိရင် ကုလသမဂ္ဂအခြေခံ UN Declaration of Human Rights မှာ ပြောခဲ့တာက ဒီနိုင်ငံမှာ ဒီခလေးတယောက်က မွေးတယ်ဆိုလို့ရှိရင် သူတို့က နေ့ချင်းညချင်း နိုင်ငံသာခွင့် သူမှာရှိပြီသာ။ ရှိပိုင်ခွင့် ရှိကိုရှိတယ်။ ခလေးတိုင်းက သူတို့မှာ နိုင်ငံသားခွင့်ဆိုတာ ရှိတယ်။ ကျမတို့မြန်မာနိုင်ငံမှာ မွေးခဲ့တဲ့ တရုတ်လူမျိုး၊ နောက်ပြီး မြန်မာနိုင်ငံမှာ လာမွေးတဲ့ မူစလင်နိုင်ငံသားတွေလည်း ရှိတယ်ဆိုတော့ သူတို့အနေနဲ့ ဘာသာနိုင်ငံရေး၊ နိုင်ငံသားခွင့်ဆိုတာ သူတို့မှာရှိသင့်တယ်။ ဘာသာရေးမတူတာနဲ့ နိုင်ငံသားခွင့် မရှိတော့ဘူးဆိုတာ မဖြစ်သင့်ဘူး။ ကျမတို့ ဒီကိစ္စကိုတော့ သေသေချာချာ ပြန်ပြီးတော့ ကြည့်ရမယ်။

ဦးသန်းလွင်ထွန်း ။ ။ အခုစောစောက မဝေနှင်း ပြောသွားတဲ့ Burma Campaign UK ဗြိတိန်နိုင်ငံမှာရှိနေတဲ့ မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့။ ဒီအဖွဲ့ဆိုရင် အထူးသဖြင့် ရိုဟင်ဂျာတွေရဲ့ အရေးကို နောက်ပိုင်းမှာ တော်တော်လေး ဦးစားပေးပြီးတော့ ဆောင်ရွက်လာတာလည်းတွေ့တယ်။ အထူးသဖြင့် ဗြိတိသျှပါလီမန်မှာသွားပြီးတော့ တင်ပြမှုတွေ လုပ်တဲ့အခါမှာ Burma Campaign UK အဖွဲ့ရဲ့ ပံ့ပိုးမှုတွေလည်းပါတယ်။ ရိုဟင်ဂျာအဖွဲ့တွေက သွားပြီးတင်ပြတဲ့အခါမှာ။ အဲဒီနေရာတွေမှာ တချို့သော ဥပမာ တချို့သော ရိုဟင်ဂျာအဖွဲ့တွေရဲ့ တင်ပြမှုတွေထဲမှာ တချို့သောကိန်းဂဏန်းတွေက ပြည်တွင်းမှာ အခုလက်ရှိ အနေအထားအရ အသတ်ခံရတဲ့လူပေါင်း ထောင်ချီပြီး ရှိနေပါပြီဆိုတဲ့ကိစ္စမျိုး။ ဒါမျိုးတွေကြတော့ အထောက်အထား ခိုင်ခိုင်လှုံလှုံ ရှိရဲလား။ ဒါမျိုးတွေက ဒီလိုမျိုး တင်ပြတာကိုကြားတဲ့အတွက် တဖတ်ကနေ စိတ်ဆိုးစရာ၊ ဒေါသဖြစ်စရာ ပိုပြီးမဖြစ်စေဘူးလား။

မဝေနှင်းပွင့်သုန် ။ ။ ကျမတို့ Burma Campaign UK အနေနဲ့ အခုနောက်ပိုင်း ရိုဟင်ဂျာအရေးကို လုပ်လာတယ်ဆိုတာ ကျမတို့အဖွဲ့အစည်းတခုတည်း ဒီကိစ္စကို လုပ်တာမဟုတ်ပါဘူး။ ခရစ်ယာန်အဖွဲ့အစည်းလို့ခေါ်တဲ့ Christianly Solidarity World Wide နဲ့ တခြားအဖွဲ့အစည်း Amnesty ဆိုလည်း ဒီကိစ္စကို ထောက်ခံတာပဲ။ ဒါပေမဲ့ ဒီနံပတ်၊ လူဦးရေ ဘယ်လောက်ရှိတယ်။ ပြီးတော့ ဘယ်နှစ်ယောက် ထိခိုက်ပြီးတော့၊ ဘယ်နှစ်ယောက် သေဆုံးနေတဲ့ကိစ္စကိုတော့ ကျမတို့အနေနဲ့ သူတို့ကို သေချာကို အထောက်အထား ခိုင်ခိုင်လုံလုံဖြစ်အောင် ပြခိုင်းပါတယ်။ အထောက်အထား ခိုင်ခိုင်လုံလုံ - တချို့ကြတော့လည်း တကယ်တမ်း သိပ်ပြီးတော့ experience မရှိတဲ့အခါကြတော့ ဟိုရောက်တဲ့အခါ စိတ်လှုပ်ရှားတာနဲ့ ပြီးတော့ ပြောတဲ့နံပတ်တွေကလည်း မှားရင်လည်း မှားပါလိမ့်မယ်။ ဒါပေမဲ့ တကယ်တမ်း ပါလီမန်မှာ ဗြိတိသျှလွှတ်တော်မှာ အမတ်တွေနဲ့သွားပြီး တွေ့တဲ့အခါကြရင် သူတို့နဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါကြရင် သေချာတဲ့၊ ခိုင်လုံမှုရှိတဲ့ အချက်အလက်တွေနဲ့ ကျမတို့သွားတာ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ပြဿနာက ဒီကိစ္စကို ဖြေရှင်းဖို့ဆိုလို့ရှိရင် နှစ်ဖက်စလုံး ရခိုင်တိုင်းရင်းသားဖက်နဲ့ မြန်မာပြည်မှာရှိတဲ့ နိုင်ငံသားတွေဖက်ကရော ဒီဖက်မှာရှိနေတဲ့ ရိုဟင်ဂျာတွေ၊ ရခိုင်ပြည်နယ်ထဲမှာရှိနေတဲ့ ဘင်္ဂါလီလူမျိုးတွေ ဘယ်သူတွေကိုပဲ ကိုယ်စားပြုပြု မှန်ကန်တဲ့ တင်ပြချက်တွေကို လုပ်နိုင်ဖို့ဆိုတာ ပိုပြီးအရေးကြီးတယ်လို့ မယူဆဘူးလား။ နို့မို့ဆိုရင် ပြဿနာက တဖက်နဲ့တဖက် ပိုပြီးတော့ အထင်လွှဲမှားမူတွေ၊ မုန်းတီးမှုတွေ ပိုဖြစ်ဖို့ ရှိနေတယ်လို့ မယူဆဘူးလား။

မဝေနှင်းပွင့်သုန် ။ ။ ဒါကတော့ ဟုတ်တာပေါ့။ ကျမတို့အနေနဲ့ မှန်ကန်တဲ့ဥစ္စာကို အဓိကထားပြီးတော့ သွားရမှာလေ။ ကျမတို့အနေနဲ့ သေသေချာချာ အချက်အလက် ခိုင်ခိုင်လုံလုံ ရှိမှသာ ကျမတို့သွားရမယ်။ ဒါပေမဲ့ အခု ဥပမာ လန်ဒန်မှာ ပြဿနာ ဘယ်လိုဖြစ်သလဲဆိုတော့ ရိုဟင်ဂျာကိစ္စအရေးဆိုလို့ရှိရင် ကျမတို့အနေနဲ့ ဖြစ်စေချင်တာက ရခိုင်ပြည်သူ၊ ပြည်သားတွေကိုလည်း လာစေချင်တယ်။ ပြီးတော့ တွေ့ဆုံဆွေးနွေးဖို့။ ဒီလိုမျိုး Facebook, အင်တာနက်ပေါ်မှာ ဆဲဆိုရေးတဲ့ဟာတွေ။ ပြီးတော့ တဖက်သတ် စွပ်စွဲတာဟာတွေထက်ဆရင် လာပါ။ အကယ်၍ မျက်နှာချင်းဆိုင်ပြီး ဆွေးနွေးလို့ရတယ့်ဟာမျိုး။ မင်းတို့ ဘာဖြစ်လို့ အဲဒီလိုမျိုး ခေါ်တာလဲ။ ဘာဖြစ်လို့ မင်းတို့ ဒီလိုမျိုး ယုံကြည်ချက် ဖြစ်တာမျိုးလည်းဆိုတာ။ ဒီလိုမျိုး မျက်နှာချင်းဆိုင် ဖြေရှင်းတဲ့အခါမျိုးကြရင် ပိုပြီး ထိရောက်တယ်လို့ မြင်ပါတယ်။ ကျမတို့ မြန်မာနိုင်ငံမှာ ပြောင်းလဲလာပြီ။ အခြေအနေလေးတွေ ပြောင်းလဲလာတဲ့အခါကြတော့ ဒီမိုကရေစီ လမ်းစဉ်ကို သွားနေတယ်လို့ ကျမယုံကြည်တယ်။ ဒီမိုကရေစီလမ်းစဉ်ကို သွားတယ်ဆိုလို့ရှိရင် ကျမတို့အနေနဲ့ ဘယ်သူကိုမှ အနောက်ထဲမှာ ထားခဲ့လို့မရဘူး။ ဘာသာမတူ၊ လူမျိုးမတူလို့လား ကျမတို့အနေနဲ့ ဘယ်လိုမျိုးအချင်းချင်း ငြိမ်းချမ်းစွာ နေထိုင်သွားမလဲ။ အဲဒီဥစ္စာကတော့ နှစ်ဦးနှစ်ဖက် တွေ့ဆုံ ဆွေးနွေးပြီးတော့ တူညီတဲ့နေရာလေးတွေက စရမှာပေါ့။

ဦးသန်းလွင်ထွန်း ။ ။ ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားမဟုတ်ပါဘူးလို့ ယတိပြတ် ပြောဆိုနေတဲ့အချက်တွေနဲ့ ပတ်သက်လို့။

မဝေနှင်းပွင့်သုန် ။ ။ အဲဒီဥစ္စာက ရိုဟင်ဂျာ တိုင်းရင်းသားမဟုတ်ပါဘူးဆိုပြီး ယတိပြတ်ပြောဆိုနေတဲ့ အချက်အလက်တွေက တချို့ကြတော့ သူတို့အနေနဲ့လည်း သေချာအချက်အလက် မပေးနိုင်ဘူး။ ကျမအဖေ ပြောသွားသလို ကျမအနေနဲ့ ငယ်တယ်။ ကျမအနေနဲ့ သေချာသိချင်မလဲသိမယ်။ ဒါပေမဲ့ ကျမရဲ့ ယုံကြည်ချက်က ဘာလဲဆိုတဲ့အခါကြတော့ လူ့အခွင့်အရေးဆိုတာ လူတိုင်းအတွက် ဖြစ်သင့်တယ်။ ထားပါတော့ သူတို့ တရားမဝင် ဝင်လာတယ်လို့ စွပ်စွဲတဲ့လူတွေ အများကြီးရှိတယ်။ သူတို့ တရားမဝင် ဝင်လာတာနဲ့ ဒီခလေးတွေကို ကျမတို့ ပညာသင်ပိုင်ခွင့် မပေးနိုင်တော့ဘူးလား။ ဒီ ခလေးတွေကို ကျန်းမာရေးပတ်သက်တဲ့ စောင့်ရှောက်ခွင့်တွေ မပေးတော့ဘူးလား။ ဒီ ခလေးတွေက တကယ်တမ်းကြတော့ ကြားထဲက မြေစာပင်ဖြစ်ရတဲ့ ဘဝမျိုးတော့ မဖြစ်သင့်ဘူးလေ။ လူ့အခွင့်အရေးဆိုပြီး လက်ကိုင်ထားပြီးတော့ ပြောနေတဲ့လူတွေ ခဏတော့ စဉ်းစားသင့်တယ်။ ကျမတို့အနေနဲ့ လူ့အခွင့်အရေးဆိုတာ ငါတို့အတွက်ပဲ ဖြစ်သင့်သလား။ သူတို့အတွက်ကော မဟုတ်ဘူးလားဆိုတာကို ကျမတို့ သေသေချာချာ မျက်စိဖွင့်ပြီး ကြည့်သွားဖို့ လိုပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခုဟာက မဝေနှင်း ပြောနေတာက နိုင်ငံသားအခွင့်အရေးနဲ့ လူ့အခွင့်အရေးကိစ္စပေါ့။ အဲဒီတော့ စောစောက ကျနော် မေးခဲ့တဲ့ မေးခွန်းအတိုင်းပဲ တိုင်းရင်းသားအခွင့်အရေးဆိုတာ အခုအချိန်မှာ ဘာများပိုလို့လဲ။ သဘောကတော့ သူတို့ကို ဘင်္ဂါလီလူမျိုးတွေလို့ မခေါ်ပါနဲ့ သူတို့ကို ရိုဟင်ဂျာလို့ ခေါ်ပါဆိုတဲ့ တောင်းဆိုချက်ပေါ့။

မဝေနှင်းပွင့်သုန် ။ ။ သူတို့အနေနဲ့ ဘင်္ဂါလီလို့ ခေါ်လား။ ရိုဟင်ဂျာလို့ ခေါ်တယ်ဆိုတာ ကျမအနေနဲ့ နံမည်တွေကို ခဏဘေးဖယ်ထားလိုက်။ ကျမတို့ မြန်မာနိုင်ငံမှာ မွေးလာတဲ့လူတွေကြတော့ ဘယ်လိုခေါ်မလဲ။ ကျမတို့ အခုဆိုလို့ရှိရင် ကုလားဆိုတဲ့ဟာက ရိုဟင်ဂျာတင်မဟုတ်ပါဘူး။ ကျမတို့ မြန်မာနိုင်ငံမှာ မွေးပြီး၊ မြန်မာနိုင်ငံမှာ ကြီးလာတဲ့လူတွေကိုတောင်မှ ကုလားလို့ အခေါ်ခံထိတဲ့လူတွေ ရှိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဘာသာရေးနဲ့ ပတ်သက်ပြီးတော့။

ဦးသန်းလွင်ထွန်း ။ ။ အများစုက အခေါ်မခံချင်တဲ့ ကုလားဆိုတာကိုတော့ ခေါ်ကြတယ်။ အခေါ်ခံချင်ပါတယ်ဆိုတဲ့ ရိုဟင်ဂျာဆိုတာကိုတော့ မခေါ်ချင်ကြဘူးဆိုတဲ့ သဘောပေါ့။

မဝေနှင်းပွင့်သုန် ။ ။ အဲဒီလိုမျိုး ဖြစ်နေတယ်။ ရိုဟင်ဂျာ ဆိုလို့ရှိရင်။ ကျမဆိုရင် ရိုဟင်ဂျာလူမျိုးလည်း မဟုတ်ပါဘူး။ ရိုဟင်ဂျာအနေနဲ့ ကြီးလာတာလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ကျမကို ပြောတယ်ဆိုလို့ရှိရင် ကျမမှာ ရိုဟင်ဂျာ ယောကျ်ား ဘယ်နှစ်ယောက်ရှိတယ်။ ကျမဟာ ရိုဟင်ဂျာလူမျိုး၊ ရိုဟင်ဂျာအရေးအတွက် လုပ်နေတယ်။ ပိုက်ဆံဘယ်လောက်ရတယ်ဆိုပြီး အဲဒီလိုမျိုး စွပ်စွဲခံရတယ်။ ကျမတို့ တကယ်ကို နက်နက်ရှိုင်းရှိုင်း ပြန်ကြည့်မယ်ဆိုလို့ရှိရင် မုန်းတီးမှုက ဘာသာရေးကစတာလို့ပဲ ကျမမြင်မိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ လန်ဒန်မြို့မှာရှိနေတဲ့ Burma Campaign UK က မဝေနှင်းပွင့်သုန် ကို ဆက်သွယ်မေးမြန်းခဲ့တာပါ။

XS
SM
MD
LG