သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မေးခွန်းထုတ်စရာ မြန်မာ့ပြုပြင်ပြောင်းလဲရေး


မဇင်မာအောင် နဲ့ VOA မစုမြတ်မွန်
မဇင်မာအောင် နဲ့ VOA မစုမြတ်မွန်
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးအစီအစဉ်မှာ အပြောင်းအလဲဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ပါဝင်မှုတွေကို တာဝန်ရှိအုပ်ချုပ်သူတွေဖက်က ဘယ်လောက် အသိအမှတ်ပြုသလဲ၊ ထည့်သွင်းစဉ်းစားသလဲဆိုတာကို မေးခွန်းထုတ်ဖို့ လိုတယ်လို့ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်း ဘုတ်အဖွဲ့ဝင် မဇင်မာအောင် က ပြောဆိုလိုက်ပါတယ်။ အမေရိကန်တက္ကသိုလ် အာဆီယံလေ့လာရေးဌာနက ပြုလုပ်တဲ့ မြန်မာနိုင်ငံအပြောင်းအလဲများကို သုံးသပ်တဲ့ ဆွေးနွေးပွဲအတွက် ဝါရှင်တန်ဒီစီမြို့တော်ကို ရောက်ခဲ့စဉ် ဗွီအိုအေမြန်မာပိုင်းနဲ့ မေးမြန်းခန်းမှာ မဇင်မာအောင် က အခုလို ပြောကြားသွားတာလည်း ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေး အပြောင်းအလဲမှာ မြန်မာပြည်သူပြည်သားတွေရဲ့ အာရုံစူးစိုက်မှုနဲ့ ပါဝင်ဖို့ ကြိုးစားမှုတွေနဲ့ ပတ်သက်လို့ မဇင်မာအောင် ကို ဗွီအိုအေဝိုင်းတော်သူ မစုမြတ်မွန် က တွေ့ဆုံမေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

မစုမြတ်မွန် ။ ။ အဓိကတော့ ဒီတခေါက် အမေရိကန်ပြည်ထောင်စုကိုလာတာက မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အပြောင်းအလဲတွေကို သုံးသပ်တဲ့ ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးဖို့ ဖြစ်ပါတယ်။ ဆိုတော့ အရင်ဆုံး မေးချင်တာက မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အပြောင်းအလဲတွေထဲကနေ နိုင်ငံရေး၊ စီးပွားရေး နဲ့ လူမှုဝန်းကျင်မှာ ဖြစ်နေတဲ့ အပြောင်းအလဲတွေကို အမ အနေနဲ့ ဘယ်လိုသုံးသပ်ပါလဲရှင့်။

မဇင်မာအောင် ။ ။ အခုတလောအတွင်းမှာဖြစ်တဲ့ ၂၀၁၂ ဆိုပါစို့ ၂၀၁၀ ပြီးတော့ ၂၀၁၂ ဒီဖက်ပိုင်းပေါ့။ ဆိုတော့ ကျမ မြင်တာကတော့ အဲဒီ (၂) နှစ်အတွင်းမှာတော့ မြန်ဆန်လွန်တယ်လို့တောင်မှ ပြောလို့ရတယ်။ အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်ရင်။ ဒါပေမဲ့ မြန်ဆန်လွန်တယ်လို့ ပြောပြီးတော့ တကယ်ဆုတ်မိကိုင်မိ ပြည်သူတွေအတွက် ဘာရှိသလဲဆိုတော့ အဲဒါလဲ တချက် ပြန်ပြီးတော့ review ပြန်သုံးသပ်မယ်ဆိုလို့ရှိရင် မေးခွန်းထုတ်စရာ ရှိနေပြန်တယ်။ အခုလက်ရှိကာလ အနေအထားမှာ။ ဆိုတော့ နိုင်ငံရေးအရဆိုလို့ရှိရင် ဟုတ်တယ် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးအကျဉ်းသားတော်တော်များများ၊ ဒေါ်အောင်ဆန်းစုကြည်တို့ လွတ်မြောက်လာတယ်။ NLD က အခု လွှတ်တော်ထဲကို အတိုက်အခံပါတီအနေနဲ့ ရောက်နေတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်လွတ်လပ်လပ် အရင်ကထက်ဆရင် လွတ်လွတ်လပ်လပ် သွားလာခွင့်ရတယ်။ အတိုက်အခံတွေ သွားလာခွင့်ရတာဟုတ်ပြီ။ ဒါပေမဲ့ ဒီမိုကရေစီကို တည်ဆောက်တဲ့အခါမှာ ဒီလောက်ပဲလားပေါ့။ အဲဒါက ကျမတို့ ပြန်မေးခွန်းထုတ်စရာ။ အဲဒီလို သွားလာခွင့်ရတော့ ဘာဖြစ်လာသလဲပေါ့။ သွားလာခွင့်ရတာက သွားလာခွင့်ရတာပဲ ဖြစ်ပြီးတော့ တကယ့် နိုင်ငံရေးအတွက် အပြောင်းအလဲတွေ ဖြစ်ဖို့ကတော့ လည်ထွက်နေတုန်းပဲလို့ ကျမတော့ အဲဒီလိုပဲ မြင်တယ်။ ဒါက နိုင်ငံရေးအပိုင်းပေါ့။

စီးပွားရေးကလည်း ဒီအတိုင်းပဲ။ စီးပွားရေးကလည်း နိုင်ငံရေးအပြောင်းအလဲတွေအပေါ်မှာ မှီခိုနေရတာ။ ကျမတို့ တိုင်းပြည်က ဘယ်လိုပြောမလဲ .. underdeveloped ဖွံ့ဖြိုးမှု နှိမ့်ကျတဲ့ တိုင်းပြည်တပြည် ဖြစ်တဲ့အတွက်ကြောင့်မို့ အခုန ငွေကြေးဆိုင်ရာ အဖွဲ့အစည်းတွေ၊ နောက်ပြီးတော့ စီးပွားရေးနဲ့ ပတ်သက်တဲ့ လုပ်ကိုင်နိုင်စွမ်း၊ ယှဉ်ပြိုင်နိုင်စွမ်းတွေကလည်း လူတစုစား လက်ထဲမှာပဲ ရှိခဲ့တဲ့ အနေအထားကနေ အခုပြောင်းမယ်ဆိုတော့ အဲဒါကရော ဘယ်လောက်အထိ ခိုင်ခိုင်မာမာ ရှိပြီလဲ ဆိုတာကလဲ မေးခွန်းထုတ်စရာ ဖြစ်နေတုန်းပဲ။

လူမှုရေးအရလဲ နည်းနည်းလေး လွတ်လပ်လာတဲ့အခါမျိုးမှာ မတူကွဲပြားတဲ့ လူအုပ်စုတွေကြားထဲမှာ အပြန်အလှန် လက်ခံနိုင်တတ်ဖို့နဲ့ tolerance လို့ခေါ်တဲ့ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးဟာ ထိလွယ်ရှလွယ်အနေအထားမျိုးတွေ တချို့နေရာတွေမှာ တွေ့ရတယ်။ ဒါက လူ့အဖွဲ့အစည်းက ဖြစ်တာမဟုတ်ဘဲနဲ့ အခုန မတူကွဲပြားမှုအပေါ်မှာ နိုင်ငံရေးအလိုငှာ၊ နိုင်ငံရေးအခြေအနေက အကျိုးစီးပွားတွေကလည်း တယောက်နဲ့တယောက် မတူညီကြဘူး။ ပိုပြီးတော့ ပွင့်လင်းလာတဲ့ negative ဆန့်ကျင်ဖက်ကဟာတွေကို ကျမ မြင်တယ်။ ကောင်းတဲ့အချက်ကတော့ ကျမတို့အတွက် နေရာကွက်လပ်လွတ်တွေ ပိုရလာတော့ မှန်ပါတယ်။

မစုမြတ်မွန် ။ ။ မဇင်မာအောင် စောစောက ပြောသွားသလိုပါပဲ ဒီ နိုင်ငံရေးအပြောင်းအလဲတွေကြောင့်မို့ စီးပွားရေးအပြောင်းအလဲတွေ ဖြစ်လာတယ်ဆိုတော့ ဗမာပြည်မှာ ဖြစ်နေတဲ့ စီးပွားရေးအပြောင်းအလဲတွေက သာမန်ပြည်သူတွေ ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် ခံစားနိုင်ပြီလို့ မြင်ရပါသလဲရှင့်။

မဇင်မာအောင် ။ ။ ကျမကတော့ တိတိပပ မမြင်ရသေးဘူး။ သာမန်အောက်ခြေ ပြည်သူလူထုတယောက်အနေနဲ့ ကြည့်မယ်ဆိုလို့ရှိရင် အလုပ်အကိုင် အခွင့်အလမ်းတွေက စိန်ခေါ်မှု ရှိနေတုန်းပဲ။ နောက်ပြီးတော့ ဗမာပြည်မှာက ကိန်းဂဏန်းအတိအကျ မရှိတဲ့ပြဿနာ။ ဘွဲ့ရပညာတတ် ကျမတို့ တက္ကသိုလ်တွေက မွေးထုတ်ပေးလိုက်တဲ့ လူငယ်အရေအတွက် ဘယ်လောက်ရှိပြီးတော့ အလုပ်လက်မဲ့ဦးရေ ဘယ်လောက်ရှိနေတယ်ဆိုတာမျိုးတွေက နိုင်ငံတော်အဆင့်ကနေပြီးတော့ သုတေသန လုပ်ထားတာမျိုး၊ မှတ်တမ်းကောက်ယူထားတာမျိုးလည်း မရှိတဲ့အတွက် ပြောဖို့ခက်တယ်။ ကျမတို့ မျက်စိရှေ့မှောက်မှာ မြင်နေရတာတော့ လူငယ်တွေရဲ့ အလုပ်အကိုင်၊ အခွင့်အလမ်းတွေဟာ စိန်ခေါ်မှုတွေ အများကြီး ရှိနေတုန်းပဲ။

မစုမြတ်မွန် ။ ။ နောက်တခုက မဇင်မာအောင် က မြန်မာနိုင်ငံမှာ နိုင်ငံရေးအတွေးအမြင်တွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာအောင်လို့ နိုင်ငံရေးသိပ္ပံကျောင်းလည်း ဖွင့်ထားပါတယ်။ ဆိုတော့ အခုလိုမျိုး နိုင်ငံရေးအမြင်ကျယ်လာအောင်လို့ လုပ်နေတဲ့ သူတယောက်အနေနဲ့ ဆက်ပြီးတော့ မေးချင်တာက အခု မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အပြောင်းအလဲတွေအပေါ်မှာ သာမန်ပြည်သူတွေရဲ့ အာရုံစိုက်မှုနဲ့ သူတို့ ပါဝင်မှုက ဘယ်လောက်ရှိတယ်လို့ မြင်ရပါသလဲရှင့်။

မဇင်မာအောင် ။ ။ အဲဒါက ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေ လွတ်ပြီးတဲ့နောက်ပိုင်းမှာတော့ လူထုက ဘာပဲပြောပြော အကောင်းမြင်လာတယ်။ ဘာဖြစ်မလဲပေါ့။ သူတို့ ချစ်နှစ်သက်တဲ့ လေးစားအားထားတဲ့ ခေါင်းဆောင်တွေလည်း လွတ်လာပြီ။ ဦးသိန်းစိန်အစိုးရဟာ တကယ်ပဲ ဒီလိုပဲ အတိုက်အခံတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးတော့ တကယ့် ကြီးမားတဲ့ အပြောင်းအလဲကြီး ဖြစ်လာမလား၊ ဖြစ်လာမလားဆိုပြီး အခု (၁) နှစ်ကျော် (၂) နှစ်လောက်တော့ စောင့်ကြည့်နေကြတဲ့ အနေအထားပေါ့။ ကောင်းတဲ့အမြင် အလွန်အမင် မျှော်လင့်ချက်တွေနဲ့။ ဒါပေမဲ့ အခုကြတော့ ဘယ်လိုပြန်ဖြစ်သွားသလဲဆိုတော့ နိုင်ငံရေး ပြောင်းလဲမှုဟာ ဒီလောက်နဲ့ တန့်နေပြီလား။ တကယ့် အဓိကကျတဲ့ အပြောင်းအလဲတွေ လုပ်ဖို့လို့ ကျန်နေတုန်းပဲ။ အခုန dialogue သဘောဆောင်တဲ့၊ တွေ့ဆုံဆွေးနွေးပွဲသဘောဆောင်တဲ့ ဟာမျိုးတွေဟာ နိုင်ငံရေးအရ ဆုံးဖြတ်ချက်တခု။ ခိုင်မာတဲ့ခြေလှမ်းတွေ။ ဒါမှမဟုတ် within the frame – time frame ပဲ ဆိုပါစို့။ အချိန်အကန့်အသတ် ဘယ်လောက်အတွင်းမှာ ဘာလုပ်မယ်ဆိုတဲ့ဟာမျိုး ကျမတို့ အနာဂတ်မြေပုံ၊ လမ်းပြမြေပုံကို ထပ်ပြီးတော့ မတွေ့ရသေးဘူး။ ဆိုတော့ ကျမတို့ မြင်နေရတာတော့ နိုင်ငံရေးက ဒီလောက်ပဲလား၊ အပြောင်းအလဲက ဒီလောက်ပဲလားလို့။ ဒီအချိန်က မေးခွန်းထုတ်ရမယ့် အချိန်အခါ ဖြစ်နေပြီ။


မစုမြတ်မွန် ။ ။ အဲဒီလို ဖြစ်နေတဲ့ အခြေအနေက နိုင်ငံရေးမှာ အခုလက်ရှိ ဖြစ်နေတဲ့ မြန်မာနိုင်ငံ အပြောင်းအလဲမှာ ဦးဆောင်နေတဲ့ သူတွေကြောင့် ဖြစ်နေတာလား။ အခြေအနေကြောင့် ဖြစ်နေတာလား။ တကယ်လို့ ဒီထက် ရှေ့ဆက်ပြီးတော့ မဇင်မာအောင် ပြောသလို တိုးသွားဖို့ လိုတယ်ဆိုရင် ဘာတွေလုပ်ဖို့လို့ မြင်ပါသလဲရှင့်။

မဇင်မာအောင် ။ ။ အဓိကတော့ အခြေခံဥပဒေ။ ဆိုတော့ အခြေခံဥပဒေကို ပြင်ပါလို့ လွှတ်တော်ထဲမှာ ဝင်ပြင်ပါလို့ ပြောပြီးတော့ အတိုက်အခံတွေကို persuade လုပ်ခဲ့တယ်။ ဆွဲဆောင်စည်းရုံးပြီးတော့။ ထားပါတော့ ဒါကလည်း တွေ့ဆုံဆွေးနွေးမှုရဲ့ ရလဒ်တခုအနေနဲ့ ဝင်ခဲ့ပြီးပြီ။ အဲဒီလောက်နဲ့ ပြီးသွားပြီလား။ အခု (၁) နှစ်ကျော် ၂၀၁၂ ခုနှစ်ကနေ ပြန်ကြည့်မယ်ဆိုလို့ရှိရင် ကျမတို့ မြန်မြန်ထက်ထက် သွားဖို့လို့ လိုမယ်လို့ထင်တယ်။ တကယ်လို့များ နိုင်ငံရေးဟာ တကယ်ပြောင်းလဲချင်တယ် ဆိုလို့ရှိရင် ဘာဆင်ခြေဆင်လက်မှ မလိုဘူး။ ဒါက ဘာဖြစ်လို့လဲဆိုတော့ စကတည်းက တွေ့ဆုံဆွေးနွေးတယ်ဆိုတာ ပြည်သူလူထုရဲ့ အားလုံးရဲ့ ပါဝင်မှုဆိုတာထက်၊ နိုင်ငံရေး အဓိကခေါင်းဆောင်တွေနဲ့ အုပ်ချုပ်နေတဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ကြတာသာလျင် ဖြစ်တဲ့အတွက်ကြောင့်မို့လို့။ နောက်တခု အတိုင်းအတာတခု အတိုက်အခံခေါင်းဆောင်တွေကိုလည်း ပြည်သူက ဘာပဲပြောပြော mandate ပေးထားတယ်။ ထောက်ခံမှု ပေးထားတဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ကြတဲ့အခါမျိုးမှာ သူတို့အပေါ်မှာပဲ ယုံကြည်စိတ်ချစွာနဲ့ လူထုက စောင့်ကြည့်နေတဲ့ သဘောရှိတယ်။ နိုင်ငံရေးသမားတွေအနေနဲ့၊ သာမန်လူထုအနေနဲ့။ ဆိုတော့ ဟုတ်ပြီ ဒီလောက်မှာ ဒီလောက်ပဲလားပေါ့။ ပြောချင်တာက mandate အပြည့်အဝရထားတဲ့ လူတွေအနေနဲ့ အစိုးရ ဦးသိန်းစိန်အစိုးရရှိမယ်။ တပ်မတော် ရှိမယ်။ ဒေါ်အောင်ဆန်းစုကြည် ရှိမယ်။ နောက် တခြားတိုင်းရင်းသားခေါင်းဆောင်တွေ အတိုက်အခံခေါင်းဆောင်တွေ ရှိအုန်းမယ်ဆိုတော့။ အမှန်တကယ်က ဒီလောက်ကြီး အချိန်ဆွဲစရာ မလိုဘူးလို့ ကျမထင်တယ်။ နိုင်ငံရေးအတွက် ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချဖို့ဆိုရင် ဒီထက်မြန်မြန် သွားမယ်ဆိုရင် သွားလို့ရတယ်လို့ ဒီလိုပဲ ရှင်းရှင်းလေးပဲ မြင်ပါတယ်။

မစုမြတ်မွန် ။ ။ နောက်တခုက မြန်မာနိုင်ငံက အခုက အသွင်ပြောင်းနေတယ်ကာလပေါ့။ ဆိုတော့ အဲဒီလို အသွင်ပြောင်းနေတဲ့ နိုင်ငံတခုမှာ ပြည်သူအများ ဖြစ်စေချင်တဲ့ ပုံစံပေါ်လာဖို့အတွက်က ပြည်သူတွေကိုယ်တိုင် ပါဝင်တဲ့ တွန်းအားပေးမှုကလည်း အင်မတန်အရေးကြီးပါတယ်။ ဆိုတော့ အဲဒီလို ပြည်သူတွေကိုယ်တိုင် ပါဝင်ပြီးတော့ ဒီနိုင်ငံရေး အပြောင်းအလဲမှာ တွန်းအားပေးသင့်တယ်ဆိုတဲ့ အမြင်မျိုးကရော ကျယ်ကျယ်ပြန့်ပြန့် သဘောပေါက်ကြတယ်လို့ ထင်ပါသလားရှင့်။

မဇင်မာအောင် ။ ။ ကျယ်ကျယ်ပြန့်ပြန့်ဆိုတာထက် အဲဒါက လူမှုအလွှာတွေ ကွာလိမ့်မယ်လို့ထင်တယ်။ သာမန်ပြည်သူလူထုကတော့ သေချာတယ်။ သူတို့ စားဝတ်နေရေးကောင်းမယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေရှိမယ်။ သူတို့ရဲ့ အခြေခံလူမှုဘဝလေးတွေ ပြည့်စုံမယ်ဆိုလို့ရှိရင် ဒါက ကျေနပ်နေကြမယ်။ ဟုတ်ပြီ ဒါဆိုရင် အတိုက်အခံနဲ့ နှိုးကြားလာတဲ့ တက်ကြွလှုပ်ရှားသူတွေကြားထဲမှာ ဆိုလို့ရှိရင်တော့ သေချာတယ် လူထုပါဝင်မှုဟာ ဒီမိုကရေစီရဲ့ အခြေခံနှုန်းတန်းဖိုးတွေထဲက တခုပဲပေါ့။ အဲဒါကိုတော့ အတိုက်အခံတွေကြားထဲမှာ ပိုသဘောပေါက်လာတယ်လို့ ကျမတို့ နားလည်းတယ်။ မေးခွန်းထုတ်စရာ ရှိတာက အဲဒီ တက်ကြွလှုပ်ရှားတဲ့သူတွေ အပါအဝင် နိုင်ငံသူနိုင်ငံသားတွေ ပူးပေါင်းပါဝင်မှုတွေ၊ သူတို့ရဲ့ သဘောထားတွေကို အုပ်ချုပ်တဲ့သူတွေက ဘယ်လောက်အသိအမှတ်ပြုသလဲပေါ့။ အခုဆိုလို့ရှိရင် အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ဖြစ်ဖြစ် ကျမတို့ လူထုနဲ့ တွေ့ဆုံဆွေးနွေးတာတွေ၊ လူထုရဲ့ သဘောထားတွေ၊ အရပ်ဖက်လူ့အဖွဲ့အစည်းတွေရဲ့ သဘောထားတွေ။ ဒါတွေ ပေးတာတွေ အများကြီး တွေ့လာရတယ်။ အဲဒါကို ဘယ်လောက်အသိအမှတ် ပြုပြီးတော့ အခု လက်ရှိတာဝန်ရှိတဲ့လူတွေ၊ အစိုးရတွေအနေနဲ့ ဘယ်လောက်ပြင်ဆင်ဖို့၊ ထည့်သွင်းစဉ်းစားဖို့ ရှိမလဲဆိုတာတော့ နောက်ထပ် မေးရမယ့်ပြဿနာဖြစ်တယ်။ လူထုဖက်ကတော့ တာဝန်ကျေခဲ့ကြပြီ။ ကျေလည်ကျေနေတုန်းပဲလို့ ကျမ ဒီလိုပဲ ယူဆပါတယ်။

မစုမြတ်မွန် ။ ။ နောက်တခုက ဒီမိုကရေစီလူ့ဘောင်ကို ဖန်တီးနေတာပေါ့ အခုအချိန်က။ ဒီမိုကရေစီလူ့ဘောင် ဖန်တီးတယ်ဆိုတာက လူမှုအသိုင်းအဝိုင်းထဲမှာ လူမျိုးမတူတဲ့လူတွေ၊ ဘာသာယဉ်ကျေးမှု မတူတဲ့လူတွေအားလုံးက တသားတည်းတန်းတူ နေထိုင်နိုင်ဖို့ ကြိုးစားတာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ အပြောင်းအလဲ ဖြစ်လာပြီးကာလကို ပြန်ကြည့်လို့ရှိရင် လူမှုရေး၊ လူမျိုးရေး ဘာသာရေးကို အခြေခံတဲ့ အကြမ်းဖက်မှုတွေကလည်း မကြာမကြာ ထပ်ထပ်ပြီးတော့ ဖြစ်နေတာကို တွေ့ရတယ်ဆိုတော့ ဒီလို ဒီမိုကရေစီလူ့ဘောင်မှာ အားလုံးတန်းတူ တသားတည်းနေရမယ်ဆိုတဲ့ အတွေးအမြင်ကို ကျယ်ကျယ်ပြန့်ပြန့် သဘောမပေါက်ကြလို့ အခုလိုမျိုး ဖြစ်နေတယ်လို့ ထင်ပါသလားရှင့်။

မဇင်မာအောင် ။ ။ မှန်တာပေါ့။ အခြေခံအားဖြင့်ဆိုလို့ရှိရင်တော့။ တခုရှိတာက ကျမ ဒီနေရာမှာ ပြောချင်တာက လူ့အခွင့်အရေးပဲ ဆိုပါစို့။ မတူကွဲပြား ခြားနားတဲ့ လူ့အသိုင်းအဝိုင်းတွေ၊ ယုံကြည်မှုတွေကြားထဲမှာ အတူယှဉ်တွဲ နေထိုင်ဖို့ဆိုတာ ကျမတို့အချင်းချင်း လူထုကြားထဲမှာ အပြန်အလှန် လေးစားလက်ခံမှုတွေ လိုအပ်တယ်။ ထို့နည်းတူစွာ ဒါဟာ မတူတဲ့ ကွဲပြားခြားနားမှုတွေအပေါ်မှာ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာမယ်ဆိုရင်လည်း ကျမ ဒီနေရာမှာ ပြောချင်တာက နိုင်ငံတော်ရဲ့ အခန်းကဏ္ဍကို ပြောချင်တယ်။ နိုင်ငံတော်က တာဝန်နှစ်မျိုး ရှိတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်ရင် နိုင်ငံတော်အစိုးရတွေကိုယ်တိုင်ကလည်း ပြည်သူလူထုအပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်တာတွေ မလုပ်ရသလို။ လူ့အသိုင်းအဝိုင်း နှစ်ခုကြားထဲမှာ အပြန်အလှန် ပြည်သူအချင်းချင်း၊ နိုင်ငံသားအချင်းချင်း လူ့အခွင့်အရေး ချိုးဖောက်တာတွေကိုလည်း တရားဥပဒေစိုးမိုးမှုနဲ့ အကာအကွယ်ပေးဖို့ နိုင်ငံတော်မှာ တာဝန်ရှိတယ်။ အဲဒီတာဝန်ကို ပျက်ကွက်နေတယ်လို့ ကျမကတော့ ဒီလိုပဲ ယူဆတယ်။

မစုမြတ်မွန် ။ ။ တဆက်တည်းမှာ မေးချင်တာက မြန်မာနိုင်ငံက မကြာခင်မှာပဲ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူရတော့မယ်။ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာပြီဆိုရင် အာဆီယံအသိုင်းအဝိုင်း တခုလုံးထဲမှာ ကိုယ့်က ဦးဆောင်မှုပေးဖို့က အစိုးရတခုတည်းရဲ့ တာဝန်မဟုတ်ဘူး။ ပြည်သူတွေမှာလည်း တာဝန်ရှိလာပြီဆိုတော့ အဲဒီဟာကို ပြည်သူတွေအနေနဲ့ ဘယ်လောက်အထိ ပြင်ဆင်ထားတယ်လို့ ပြောနိုင်ပါသလဲရှင့်။

မဇင်မာအောင် ။ ။ ပွင့်ပွင့်လင်းလင်း ပြောရလို့ရှိရင်တော့ မမြင်မိဘူး။ လူထုရဲ့ capacity အဲဒါကို မြှင့်တင်ပေးနိုင်တဲ့ ယန္တရားတွေ အစိုးရအနေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ ဘယ်လိုချိတ်ဆက်ပြီး ဆောင်ရွက်ထားတာမျိုး ရှိပြီလဲ ဆိုတဲ့အပေါ်မှာ မူတည်တယ်။ ကိုယ့်ပြည်တွင်းမှာတောင် ကောင်းကောင်း စီမံခန့်ခွဲမှု မနိုင်ဘဲနဲ့ regional ဒေသအတွင်းမှာရှိမယ့် ကမ္ဘာ့အဆင့်မှီ အစည်းအဝေးတွေ ကျမတို့ လုပ်ရမယ်။ နောက်ပြီးတော့ အာဆီယံ စီးပွားရေးအသိုင်းအဝိုင်း ဆိုတာမျိုးတွေ လုပ်ရမယ့်ဟာအတွက် ကျမတို့ တိုင်းပြည်က အဆင်သင့်ဖြစ်ပြီလား။ ခေါင်းဆောင်မှု ဒီကာလအတွင်းမှာ ပေးနိုင်မလားဆိုတာတော့ စိန်ခေါ်မှုတွေ အများကြီးလို့ ကျမအနေနဲ့ ဒီလိုပဲ ယူဆတယ်။

မစုမြတ်မွန် ။ ။ နောက်တချက်က အဲဒီလို အာဆီယံဥက္ကဋ္ဌ တာဝန်ယူတဲ့အချိန်မှာ ရှိလာမယ့် အခွင့်အလမ်းတွေ။ အဲဒါတွေကို ပြည်သူတွေအနေနဲ့ အမိအရယူဖို့။ နောက်တခါ ရှိလာမယ့် စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့တွေက ဘယ်လိုမျိုး ပြင်ဆင်ထားသင့်တယ်လို့ အကြံပြုချင်ပါသလဲရှင့်။

မဇင်မာအောင် ။ ။ အဓိကတော့ higher level သွားနေတယ် နိုင်ငံရေးအရ စီးပွားရေးအရ engagement တွေနဲ့ဆလို့ရှိရင် လူထုကို empower လုပ်ဖို့လို့ လိုအပ်နေတယ်လို့ ကျမတို့ မြင်တယ်။ လူထုမှာ ထားပါတော့ အစိုးရဝန်ကြီးဌာနတွေကိုပဲ သွားမလား။ ဘယ် mechanism တွေကိုပဲကြည့်ကြည့် အခုနပြောတဲ့ citizen participation မပြောနဲ့ လူထုရဲ့ ပူးပေါင်းပါဝင်မှုက မဲပေးတာ တခုတည်းမဟုတ်ဘူး၊ ဆန္ဒပြတာ တခုတည်းမဟုတ်ဘူး။ အုပ်ချုပ်ရေးယန္တရားတွေနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ အစိုးရရဲ့ မူဝါဒတွေ။ နောက်ပြီးတော့ local ဒေသအောက်ခြေက အစိုးရဌာနတွေမှာပဲဖြစ်ဖြစ် သူတို့ engage လုပ်နိုင်မယ့် နည်းလမ်းတွေ။ အနှိမ့်ဆုံး တရားစီရင်ရေးလို နေရာမျိုးမှာပဲဖြစ်ဖြစ် သူတို့ ဘယ်လိုပါဝင်နိုင်သလဲ။ Rules of law တရားဥပဒေစိုးမိုးရေးအတွက်ဆို သာမန်လူထုရဲ့ အခန်းကဏ္ဍဟာ ဘာလဲဆိုတာတောင်မှ ကွဲကွဲပြားပြား မသိရသေးဘူး။ အဲဒီအတွက်လည်း channel တွေ လမ်းကြောင်းတွေ ရှိမနေဘူး။ လူထုဖက်က သူ့ဘာသာသူပဲ self empowerment လုပ်ရသလိုမျိုး ဖြစ်နေတယ်။ အစိုးရအနေနဲ့ အဲဒီလောက် သူကိုယ်တိုင်မှာလည်း လုပ်စရာ issue တွေ အများကြီး။ ကျမ စိုးရိမ်တာက ကိုယ့်ပြည်တွင်းမှာလည်း ပြဿနာမျိုးစုံနဲ့ ဖြေရှင်းရမှာတွေ။ ဆိုလိုတာက အရင်လို အာဏာရှင်ပုံစံမျိုး သွားမယ်ဆိုရင်တော့ သိပ်လွယ်ကူတယ်။ ဒီမိုကရေစီက စိန်ခေါ်မှုများတယ်။ အဲဒီ စိန်ခေါ်မှုတွေကို ရှိနေတဲ့ ပြဿနာတွေကို address လုပ်ဖို့လို့ ဘယ်ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ။ ဘယ်ပြဿနာကတော့ ပထမတန်းစား အဲဒီလိုမျိုး သေသေချာချာ addresss လုပ်ဖို့လို့တော့ လိုမယ်ထင်တယ်။

မစုမြတ်မွန် ။ ။ ကျေးဇူးအများကြီးတင်ပါတယ်။ အခုလို လာပြီးတော့ အမေရိကန်ပြည်ထောင်စုကို ရောက်တုန်းမှာ အချိန်မအားတဲ့ကြားက လာဖြေပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။

မဇင်မာအောင် ။ ။ ကျမလည်း ကျေးဇူးတင်ပါတယ်။ ကျမ အမြင်တွေကို share လုပ်ခွင့်ရတဲ့အတွက်။
XS
SM
MD
LG