သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝန်ကြီးဦးဝဏ္ဏမောင်လွင်ရဲ့ မြန်မာ့အရေး ဖြေရှင်းချက်များ


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကုလသမဂ္ဂရုံးချုပ်ကို ရောက်ချိန်မှာ ကိုကျော်ကျော်သိန်းက တွေ့ဆုံမေးမြန်းထားပါတယ်။

ကိုကျော်ကျော်သိန်း ။ ။ ကျနော်တို့ ဗွီအိုအေကို တွေ့ဆုံမေးမြန်းခွင့်ပြုတာ ဗွီအိုအေကိုယ်စား အထူးကျေးဇူးတင်ပါတယ်။ ပထမဦးဆုံး (၆၉) ကြိမ်မြောက် ကုလသမဂ္ဂညီလာခံမှာ ဝန်ကြီးပြောတဲ့ မိန့်ခွန်းထဲက အဓိက မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ပေးချင်တဲ့ သတင်းစကား အဲဒါက ဘာဆိုတာကို ရှင်းပြပေးပါ။

ဦးဝဏ္ဏမောင်လွင် ။ ။ ကောင်းပါပြီ။ ဒီနေ့ (၆၉) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မနိုင်ငံနဲ့ မူဝါဒရေးရာမိန့်ခွန်း ခေါ်တာပေါ့။ General Policy Debate လို့ ခေါ်ပါတယ်။ ကျနော့်အနေနဲ့ နိုင်ငံကိုယ်စားပြု မိန့်ခွန်းတရပ် ပြောကြားခဲ့ပါတယ်။ ဒီလို ပြောကြားတဲ့အခါမှာ ကမ္ဘာ့နိုင်ငံအသီးသီးကို ပေးချင်တဲ့ message တွေ။ ကျနော်တို့ နိုင်ငံအနေနဲ့ တာဝန်သိတဲ့၊ တာဝန်ရှိတဲ့ နိုင်ငံတနိုင်ငံအနေနဲ့ ကမ္ဘာ့တဝှမ်းမှာ ဖြစ်ပေါ်နေတဲ့ လက်ရှိအခြေအနေမှာ ကျနော်တို့ ဘယ်လို သဘောထားသလဲ။ ဘယ်လို မူဝါဒ ရှိသလဲ။ နောက်တခုက ကျနော်တို့ နိုင်ငံတော်ထဲမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်နေတဲ့ တိုးတက်မှုတွေ၊ ရှေ့ဆက်လက်ပြီးတော့ လျှောက်သွားမယ့်အချိန်မှာ နိုင်ငံတကာအသိုင်းအဝိုင်းတွေနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့ သတင်းစကားတွေပြောတဲ့ မိန့်ခွန်းတရပ်ဖြစ်ပါတယ်။

ကိုကျော်ကျော်သိန်း ။ ။ နောက်တခုက လူ့အခွင့်အရေးကိစ္စပေါ့။ လူ့အခွင့်အရေးကိစ္စနဲ့ ပတ်သက်လို့ ဝန်ကြီး ကျယ်ကျယ်ပြန့်ပြန့်ပြောသွားတာကို မှတ်သားရပါတယ်။ လူ့အခွင့်အရေးအခြေအနေ၊ လူ့အခွင့်အရေး ကြေညာစာတမ်းနဲ့ ပတ်သက်ပြီး လွှတ်တော်က လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းတဲ့ကိစ္စတွေကို ဝန်ကြီး သေချာပြောသွားပါတယ်။ တဖက်မှာလဲ ကုလသမဂ္ဂက မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကော်မရှင်နာ မင်းကြီးရုံး၊ လုပ်ပိုင်ခွင့်အပြည့်အဝရှိတဲ့ လူ့အခွင့်အရေးကော်မရှင်နာ မင်းကြီးရုံး ဖွင့်ဖို့ဆိုပြီး အတွင်းရေးမှူးချုပ်ကိုယ်တိုင် ပြောထားတာကို ကျနော် မှတ်သားရပါတယ်။ အဲဒီအပေါ်မှာ မြန်မာနိုင်ငံရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ။

ဦးဝဏ္ဏမောင်လွင် ။ ။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့ အနှစ် (၂၀) ကျော်လောက်ကစပြီးတော့ လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို တစိုက်မတ်မတ်ချခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ကတော့ Country Specific Resolution လို့ခေါ်တဲ့ နိုင်ငံတနိုင်ငံကို သီးသန့်ကွက်ပြီးတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ အဆိုပြုချက်တွေ တင်တဲ့ဟာကို တစဉ်တစိုက် ဆန့်ကျင်ခဲ့ပါတယ်။ သို့သော်လဲ အခု ကျနော်တို့ အစိုးရသစ် တာဝန်ယူပြီးတဲ့နောက်ပိုင်းမှာ လူ့အခွင့်အရေး၊ ကာကွယ်ရေး နဲ့ တိုးမြှင့်ရေးဆိုင်ရာမှာ ကျနော်တို့ကလည်း အရှိန်အဟုန်နဲ့ ဆောင်ရွက်လာတယ်။ ဆောင်ရွက်လာတဲ့အခါမှာ ဒီ Country Specific Resolution ဆိုတဲ့ ဆုံးဖြတ်ချက်တွေ ဆက်လက်ပြီးတော့ မရှိသင့်တော့ဘူး။ ဒါက လူ့အခွင့်အရေးကောင်စီကို ပြန်လည်ဖွဲ့စည်းခဲ့တဲ့ ၂၀၀၅ ခုနှစ် လူ့အခွင့်အရေးကော်မရှင် ဖြတ်သိမ်းပြီးတော့ Council ကို စလုပ်တဲ့အခါမှာ UN Resolution 66251 ဆိုတာ ရှိပါတယ်။ ဒီအရ ကျနော်တို့က လူ့အခွင့်အရေးကောင်စီကို ပြန်လည် ဖွဲ့စည်းတဲ့အခါမှာ နိုင်ငံအနေနဲ့ Universal Periodic Review ဆိုတာ ရှိပါတယ်။ လေးနှစ်တကြိမ် နိုင်ငံတိုင်းက လူ့အခွင့်အရေးကောင်စီမှာ မိမိတို့ လူ့အခွင့်အရေးအခြေအနေတွေကို Report လုပ်ရတယ်။ ဒီအပေါ်မှာ ကျနော်တို့က ထောက်ခံတယ်။ ထောက်ခံတဲ့အတွက် Universal Periodic Review ရှိနေတဲ့အတွက် Country Specific Resolution တွေ မရှိစေသင့်ဘူးဆိုတာကို ကျနော်တို့ တစိုက်မတ်မတ် ရပ်တည်နေပါတယ်။ ဒီ message ကို မြန်မာနိုင်ငံရဲ့ National Human Rights Commission နဲ့ ကျနော်တို့က ဥပဒေနဲ့အညီ ဖွဲ့စည်းပြီးပြီ။ ပြီးတဲ့အခါမှာ တက်တက်ကြွကြွနဲ့ လူ့အခွင့်အရေးဆိုင်ရာတွေမှာလည်း ကာကွယ်မယ်။ တိုးတက်အောင် ကျနော်တို့ လုပ်နေပြီ။ လုပ်နေတဲ့အတွက် ဒါကို Resolution တွေ အဆုံးသတ်သင့်ပြီဆိုတာကို ပြောခဲ့ပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး ဖွင့်လှစ်ရေးနဲ့ ပတ်သက်လို့ ဒီကိစ္စကိုတော့ ဆက်လက်ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်။ လူ့အခွင့်အရေး တိုးမြှင့်မှုနဲ့ ပတ်သက်လို့ တချို့ Core Convention လက်မှတ်ထိုးစရာတွေ ပါဝင်စရာတွေရှိတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့လည်း ပြည်တွင်းထဲမှာ ပြင်ဆင်ရမယ့် ဥပဒေပိုင်ဆိုင်ရာမှာ ပြုပြင်ရမယ်၊ ပြောင်းလဲရမယ်၊ ပြင်ဆင်ရမယ်ကိစ္စရပ်တွေ ရှိပါတယ်။ ဒီလို ပြုပြင်ပြောင်းလဲရမယ့်ကိစ္စတွေမှာ ကျနော်တို့အနေနဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးကနေ technical cooperation တွေ လိုအပ်ပါတယ်။ ဒါတွေကို ကျနော်တို့ ပူးပေါင်းပြီးတော့ ဆောင်ရွက်သွားပါမယ်။ ရုံးဖွဲ့ရေးနဲ့ ပတ်သက်လို့ကတော့ နဂိုမူလစတင်ပြီးတော့ ပြောကြာစဉ်ကတည်းက တဆင့်ပြီးတဆင့် ဒါကို ဆောင်ရွက်သွားမယ့်အနေအထား ဖြစ်ပါတယ်။ ဒါကြောင့် သူတို့နဲ့ ကျနော်တို့ကြားထဲမှာ ဆွေးနွေးစရာရှိတာတွေကို ဆက်လက်ပြီးတော့ တဆင့်ပြီးတဆင့် ဆွေးနွေးသွားမယ့် အခြေအနေရှိပါတယ်။

ကိုကျော်ကျော်သိန်း ။ ။ ကုလသမဂ္ဂဘက်က ပြောတာရော၊ နိုင်ငံတကာအသိုင်းအဝိုင်းဘက်က ပြောတာရော၊ ဝန်ကြီးပြောတဲ့ မိန့်ခွန်းထဲမှာလည်း ပါပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေအရပ်ရပ်။ အဲဒီအထဲမှာ အများစုပြောကြဆိုကြတာဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိစ္စရှိမယ်။ နောက် တဖက်နဲ့တဖက် ရုန်းရင်ဆန်ခတ် အခြေအနေတွေ၊ မကျေမလည်ကိစ္စတွေ၊ တဖက်နဲ့တဖက် အမုန်းပွားစေမယ့်ကိစ္စတွေကို စိုးရိမ်ကြပါတယ်။ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စရှိတယ်။ ရွေးကောက်ပွဲကိစ္စတွေ ရှိတယ်။ ဆိုတော့ ဝန်ကြီးကိုယ်တိုင်လည်း ပြောခဲ့ပါတယ် နိုင်ငံက အဆင့်တဆင့်တော့ ရောက်နေပြီ။ အခုဆိုရင် တတိယလှိုင်း ပြုပြင်ပြောင်းလဲမှုကို အကောင်အထည်ဖော်နေပြီ။ ရှေ့မှာ စိန်ခေါ်မှုတွေ အများကြီးရှိနေတယ်ဆိုတော့ ဒီနေရာမှာ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ မျက်နှာစာမှာ သံတမန်ရေး မျက်နှာစာမှာ အဓိက ရှိနေတဲ့ စိန်ခေါ်မှုတွေဆိုရင် ဘာတွေများ ပြောလို့ရပါသလဲ။

ဦးဝဏ္ဏမောင်လွင် ။ ။ သံတမန်ရေးရာ မျက်နာစာမှာတော့ ကျနော်တို့က နိုင်ငံအားလုံးနဲ့ မိတ်ဆွေမပျက် ချစ်ကြည်ရင်းနှီးရေးကို ထူထောင်နေတာ ဖြစ်ပါတယ်။ နဂိုကလဲ နိုင်ငံခြားရေးမူဝါဒမှာ ရှိပြီးသာဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ချက်အပေါ်မှာ အခြေခံပြီးတော့ နိုင်ငံအားလုံးနဲ့ ခင်မင်ရင်းနှီးဆက်ဆံရေးကို တည်ဆောက်နေတာ ဖြစ်ပါတယ်။ ဖြစ်နေတဲ့အတွက်ကြောင့်လဲ အခု ကျနော်တို့ တာဝန်ယူတဲ့အချိန်ကစပြီး နိုင်ငံအများစုနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ထူထောင်လာပြီ ဖြစ်ပါတယ်။ ဖြစ်တဲ့အတွက်ကြောင့်မို့ စောစောက ကျနော်ပြောခဲ့သလို လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ Country Specific Resolution တွေ ဒါမျိုးတွေက မရှိသင့်တော့ဘူး။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ။ ဒါတွေကို ကျနော်တို့ အပြုသဘောနဲ့ ဝိုင်းဝန်းကူညီဆောင်ရွက်ကြမယ်။ ကျနော်တို့အနေနဲ့ ပူးပေါင်းဆောင်ရွက်မှု အဆင်သင့် ရှိပါတယ်။ ဒီ message တွေ ကျနော်တို့ ပေးပါတယ်။ တကယ်လဲပဲ ကျနော်တို့ နိုင်ငံရဲ့ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ထူထောင်ရေးမှာဆိုရင် နိုင်ငံတကာရဲ့ အားပေးမှုနဲ့ ကူညီထောက်ပံ့မှုတွေ အများကြီးလိုအပ်ပါတယ်။ အလားတူပဲ ဒီနေရာမှာ ကျနော်တို့က Economic Development မှာဆိုရင်လည်း နည်းပညာ၊ အတတ်ပညာ ဖလှယ်မှုတွေ၊ ရင်းနှီးမြှုပ်နံှမှုတွေ၊ လူ့စွမ်းအားအရင်းအမြစ် တိုးတက်မှုမှာဆိုရင်လဲ Capacity Building နဲ့ ပတ်သက်ရင် နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို လက်ကမ်းကြိုဆိုနေပါတယ်။ ဒီအတွက်လဲ နိုင်ငံအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်မှု အဆင်သင့်ရှိပါတယ် ဆိုတာလည်း ဒီ message တွေလည်း ပေးထားတာ ဖြစ်ပါတယ်။

ကိုကျော်ကျော်သိန်း ။ ။ မြန်မာနိုင်ငံက လွန်ခဲ့တဲ့ (၂) နှစ် (၃) နှစ်တုန်းကဆိုရင် နိုင်ငံတကာ မျက်နှာစာမှာ ဝေဖန်မှုတွေ အပြင်းအထန် ခံခဲ့ရတယ်။ နိုင်ငံတကာ မျက်နှာစာမှာ မြန်မာနိုင်ငံကို အပြင်းအထန် ဝေဖန်တဲ့ နိုင်ငံတွေရှိတယ်။ ဒီနေ့ဆိုရင် နိုင်ငံတကာ မျက်နှာစာမှာ မြန်မာနိုင်ငံရဲ့ ရုပ်ပုံဟာ ပြောင်းနေပါပြီ။ လက်ရှိမှာ မြန်မာနိုင်ငံအနေနဲ့ အမေရိကန်အပါအဝင် အဓိကအားဖြင့် မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ မျက်နှာစာမှာ သံတမန်ရေးအရ၊ နိုင်ငံခြားဆက်ဆံရေးအရ ဝန်ကြီး စပြီးတော့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူချိန်ကနေ ဒီနေ့ဒီအချိန်အထိ အဓိက သိသာထင်ရှားတဲ့ အောင်မြင်မှုတွေ၊ သိသာထင်ရှားတဲ့ ပေါက်မြောက်မှုတွေ၊ ထွန်းမြောက်မှုတွေက ဘာတွေလဲလို့ ပြောနိုင်မလဲ။

ဦးဝဏ္ဏမောင်လွင် ။ ။ အထူးသဖြင့်တော့ ခင်များ ပြောခဲ့သလိုပါပဲ မြန်မာနိုင်ငံကို နိုင်ငံရေးအရ ဖိအားပေးမှုတွေ အများအပြား ရှိခဲ့ပြီးတဲ့အခါမှာ ဆက်ဆံရေး အေးခဲနေခဲ့တဲ့ နိုင်ငံတွေနဲ့ ဆက်ဆံရေးကို နွေးထွေးလာအောင် စတင်တည်ဆောက် ယူလာနိုင်ခဲ့ပါတယ်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုနဲ့ဆိုရင် ကျနော်တို့ တာဝန်ယူတာ ၂၀၁၁ ခုနှစ် မတ်လကုန်မှာ။ သူတို့နဲ့ ကျနော်တို့နဲ့ ပထမဦးဆုံး စတင်ထိတွေ့မှုတွေက ဧပြီလကုန်၊ မေလဆန်းလောက်ကစပြီးတော့ ပွင့်ပွင့်လင်းလင်းနဲ့ ထိတွေ့ဆက်ဆံခဲ့ပြီး အနာဂတ်မှာ ကျနော်တို့ရဲ့ ဆက်ဆံရေးကို နွေးထွေးအောင် ဆောင်ရွက်သွားကြမလဲ။ ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲ။ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီးတော့ ဒါကို ပြန်တည်ဆောက်နိုင်တယ်။ ဒီနေ့ဒီအချိန် ရရှိလာခဲ့တဲ့ ဆက်ဆံရေး အခြေအနေက ပြီးခဲ့တဲ့ (၃) (၄) နှစ်အလွန်ကာလတွေနဲ့ ကြည့်လိုက်မယ်ဆိုရင် အများကြီး တိုးတက်လာတာကို တွေ့ရပါတယ်။

ကိုကျော်ကျော်သိန်း ။ ။ ဒီနေရာမှာ အမေရိကန်ပြည်ထောင်စု ဆက်ဆံရေးကို အဓိကဖြစ်တဲ့ မေးခွန်းတခုကို မေးချင်ပါတယ်။ အမေရိကန်နဲ့ မြန်မာဆက်ဆံရေး လွန်ခဲ့တဲ့ နှစ် (၃) (၄) နှစ်နဲ့ လုံးဝမတူလောက်အောင် ပြောင်းလဲတိုးတက်လာတာ အသေအချာပါပဲ။ နိုင်ငံတကာကလည်း မျက်မြင်ပါပဲ။ ဒီနေရာမှာ နှစ်နိုင်ငံကြား ဆက်ဆံရေး။ ဒီထက်ပိုပြီးတော့ တိုးတက်နိုင်တဲ့၊ ပိုပြီးတော့ ကောင်းနိုင်တဲ့ နယ်ပယ်တွေ ရှိတယ်ဆိုရင် အဲဒီနယ်ပယ်တွေက ဘယ်နေရာတွေမှာ ပိုပြီးတော့ တိုးတက်အောင် လုပ်နိုင်သေးတယ်လို့များ ယူဆပါလဲ။

ဦးဝဏ္ဏမောင်လွင် ။ ။ ကျနော်တို့အနေနဲ့ အမြဲတမ်း အမေရိကန်နဲ့ ဆက်ဆံရေးကို တိုးတက်ကောင်းမွန်စေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံ သံတမန် ဆက်ဆံရေးက လွတ်လပ်ရေးမရမီ (၁) နှစ်၊ ၁၉၄၇ ခုနှစ်ကတည်းက စခဲ့တာ။ သူတို့က ပထမဦးဆုံး သံတမန်ထူထောင်တဲ့ နိုင်ငံတွေထဲမှာ ပါပါတယ်။ ပါတဲ့အတွက်ကြောင့်မို့ အခုအချိန်မှာလည်း ကမ္ဘာပေါ်မှာ ဖွံ့ဖြိုးမှု၊ တိုးတက်မှု အရှိဆုံး နိုင်ငံတနိုင်ငံ ဖြစ်နေတဲ့အတွက် အမေရိကန်နိုင်ငံရဲ့ ဆက်ဆံရေးက မြန်မာနိုင်ငံအတွက် အရေးကြီးပါတယ်။ အဲဒီအချိန်မှာ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်လို့ရှိရင်လဲ အမေရိကန်နိုင်ငံအနေနဲ့ များစွာအထောက်အကူ ပြုပေးနိုင်တဲ့ ဧရီယာတွေ ရှိပါတယ်။ ဥပမာ လူ့စွမ်းအားမြင့် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စမှာ Human Resources Development နဲ့ ပတ်သက်ပြီးတော့ ပညာရေးပိုင်းဆိုင်ရာမှာ အများကြီး ကူညီနိုင်သလို၊ နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးမှာလည်း လုပ်နိုင်ပါတယ်။ အခုကတော့ ရင်းနှီးမြှုပ်နံှမှု။ အဲဒါနဲ့ ပတ်သက်ပြီးတော့လဲ မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နံှမှု ဥပဒေအသစ်ကို ပြဌာန်းပြီးတဲ့အခါမှာ နိုင်ငံတကာ ရင်းနှီးမြှုပ်နံှမှုတွေကို ဖိတ်ခေါ်နေပါတယ်။ သို့သော်လဲ အမေရိကန်အနေနဲ့ တခုကျန်နေတဲ့ အခက်အခဲလေးကတော့ လွှတ်တော်ပိုင်းကနေ ချမှတ်ခံရခဲ့ရတဲ့ ဥပဒေတွေ ပြန်လည်ရုတ်သိမ်းပေးဖို့၊ ပယ်ဖျက်ပေးဖို့ ဒါတွေ ကျန်ပါတယ်။ ဒါတွေကိုသာ ဒီဖက် အစိုးရပိုင်းကပေါ့။ အုပ်ချုပ်ရေးပိုင်းကတော့ တတ်နိုင်သမျှ ဖြေလျှော့မှုတွေ လုပ်ပေးတဲ့အခါမှာလည်း ထိတွေ့မှုတွေက စီးပွားရေးပိုင်းဆိုင်ရာ ထိတွေ့မှုတွေ၊ ရင်းနှီးမြှုပ်နံှမှုဆိုင်ရာ ထိတွေ့မှုတွေကို တိုးတက်ပြီး ပေါ်နေပါတယ်။ သို့သော်လဲ တချို့အကန့်အသတ် ဖြစ်နေတာတွေကတော့ ဥပဒေတွေ ပြဌာန်းထားတဲ့ အချက်အလက်တွေက အကန့်အသတ်အဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။ ဒါတွေသာ ကျနော်တို့က ဖယ်ရှားနိုင်မယ်ဆိုရင် မြန်မာ နဲ့ အမေရိကန် ဆက်ဆံရေးက ဒီထက်မက အများကြီး အရှိန်အဟုန် တိုးတက်လာမယ်လို့ မျှော်လင့်ရပါတယ်။

ကိုကျော်ကျော်သိန်း ။ ။ အခုန ဝန်ကြီးပြောသလို အမေရိကန်ပြည်ထောင်စုမှာ အစိုးရပိုင်းနဲ့ လွှတ်တော်ပိုင်းတချို့ပေါ့။ လွှတ်တော်ပိုင်းမှာ ဟိုတလောကပဲ လွှတ်တော်အမတ်တွေက ဥပဒေသစ်တခု ထပ်တင်တာမျိုးတွေ ကျနော်တို့ကိုယ်တိုင်လည်း သိထားပါတယ်။ ဆိုတော့ စစ်ဖက်ဆက်ဆံရေး၊ လုံခြုံရေးပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု။ စစ်ဖက်အချင်းချင်း ဆက်ဆံရေးနဲ့ ပတ်သက်ပြီးတော့ လက်ရှိ ဘယ်အဆင့်အထိ ရောက်နေပါသလဲ။ တဖက်မှာရော ဘယ်လောက်အထိ အတားအဆီးတွေ တွေ့ကြုံနေရပါသလဲ။

ဦးဝဏ္ဏမောင်လွင် ။ ။ စစ်ဖက်ဆက်ဆံရေးအပိုင်းလို့ ပြောမယ့်အစား ကာကွယ်ရေးဝန်ကြီးဌာန နှစ်ခုကြားရဲ့ ထိတွေ့မှု ပြောရင် ပိုပြီးတော့ သင့်တော်ပါလိမ့်မယ်။ ကျနော်တို့ အနေနဲ့ကတော့ ဟိုအရင်တုန်းက ပြီးခဲ့တဲ့ ၁၉၈၀ ပြည့်လွန်နှစ်တွေအထိ အမေရိကန်နဲ့ တပ်ပိုင်းဆိုင်ရာတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိပါတယ်။ အထူးသဖြင့်ကတော့ သင်တန်းတွေ။ ကျနော်တို့ တပ်မတော်က အရာရှိတွေ အမေရိကန်မှာ အရာရှိငယ် သင်တန်းတွေ။ အရာရှိကြီး သင်တန်းတွေ စသဖြင့် သင်တန်းတွေ ုလုပ်ပေးတဲ့အခါမှာ တက်ရောက်ခဲ့တာတွေ ရှိပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ မရှိသလောက် ဖြစ်ခဲ့တယ်။ ဖြစ်ခဲ့တဲ့အပေါ် မူတည်ပြီးတော့ ကျနော်တို့ တပ်မတော်အနေနဲ့လည်း ခေတ်မှီတပ်မတော် တရပ်ကို တည်ဆောက်နေတဲ့အခါမှာ ဒီလို ကမ္ဘာ့ခေတ်အမှီဆုံး နိုင်ငံတနိုင်ငံရဲ့ တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိစေချင်၊ ရှိဖို့ လိုလားပါတယ်။ အဲဒီအတွက်လဲ တပ်ပိုင်းဆိုင်ရာအပိုင်းကလည်း ထိတွေ့ဆက်ဆံမှုတွေ ပိုမိုတိုးတက်ဆောင်ရွက်လာတယ်တဲ့ အနေအထားရှိပါတယ်။

ကိုကျော်ကျော်သိန်း ။ ။ အခုကတော့ ဆက်ဆံမှုတွေကတော့ ရှိနေပြီ။ ရှေ့တိုးဖို့ လိုနေတာပေါ့။

ဦးဝဏ္ဏမောင်လွင် ။ ။ ရှေ့တိုးဖို့ လိုနေတယ်ဆိုတာ ဘယ်အတိုင်းအတာအထိ ဘယ်လို သွားကြမလဲဆိုတာပေါ့။ အဓိကတော့ ကျနော်တို့ ရှိလာပြီဆိုရင် ကျနော်တို့ အရာရှိတွေကို သင်တန်းလေးတွေ စေလွှတ်ချင်တယ်။ အခုအချိန်အထိတော့ မပေါ်လာသေးဘူး။ ဒီလိုဟာမျိုးလေးတွေ အဲဒီကနေ ပြန်စရမယ်။

ကိုကျော်ကျော်သိန်း ။ ။ ကျနော် နည်းနည်းလေး ဝန်ကြီးရဲ့ Personal ဆန်တဲ့ မေးခွန်းလေး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အခုက ၂၀၁၅ ရွေးကောက်ပွဲက နီးလာပါပြီ။ သိပ်တော့ မလိုတော့ဘူး တနှစ်လောက်ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပသွားမယ်။ ဝန်ကြီးက တကယ်ဆိုရင် ဝါရင့်သံတမန်တဦး ဖြစ်ပါတယ်။ အစိုးရ အပြောင်းအလဲဖြစ်ပြီးချိန်ကတည်းက နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့တာဆိုတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ ဝန်ကြီးအနေနဲ့ ဝင်ရောက်ဆက်ပြီး ယှဉ်ပြိုင်ဖို့ အစီအစဉ် ရှိပါသလား။ နောက်ထပ် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဆက်ပြီး တာဝန်ထမ်းဆောင်ဖို့ အစီအစဉ် ရှိပါသလား။

ဦးဝဏ္ဏမောင်လွင် ။ ။ ဒါကတော့ နည်းနည်းလေးတော့ ကျနော့်အနေနဲ့ Personal လည်း ဖြစ်နေတဲ့အတွက်ကြောင့်မို့ အခုအချိန်မှာတော့ ထုတ်ဖော်ပြောကြားဖို့ မရည်ရွယ်သေးပါဘူး။ သို့သော်လဲပဲ နိုင်ငံရေးဆိုတာလဲ ကျယ်ပြန့်ပါတယ်။ ကျယ်ပြန့်တဲ့အတွက်ကြောင့်မို့ ဒါကို ဆက်လက်ပြီးတော့ နိုင်ငံရေးအရ involved ဖြစ်မလား။ ဒီနိုင်ငံရေး ရေစီးကြောင်းထဲမှာ ဆက်ပြီးပါမလား။ ကျနော်တို့ အဖက်ဖက်ကို ချင့်ချိန်ပြီးတော့ ဆုံးဖြတ်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ဆက်လုပ်အုံးမလား ဆိုတာကလဲ ဒါကလဲ တာဝန်ပေးအပ်မှုနဲ့ နိုင်ငံရဲ့ ပြောင်းလဲနေတဲ့ နိုင်ငံရေးအခြေအနေကို။ ဆိုလိုတာက ကျနော်တို့က ပြည်သူကိုယ်စားလှယ်တွေ ရွေးကောက်တယ်။ ရွေးကောက်ပွဲက တင်မြှောက်လာပြီး ပြည်သူ့ကိုယ်စားလှယ်တွေထဲကနေ တာဝန်တွေ ပေးကြတယ်။ သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေ အရဆိုရင် အစိုးရအဖွဲ့ Cabinet ကို ဖွဲ့စည်းတာကတော့ နိုင်ငံတော်သမ္မတကြီးကနေ ဖွဲ့စည်းပြီးတော့ လွှတ်တော်က အတည်ပြုတာ ဖြစ်တဲ့အတွက် တချို့ကလည်း ပြည်သူ့ကိုယ်စားလှယ် မဟုတ်ဘဲနဲ့ ခန့်အပ်ထားတဲ့ ဝန်ကြီးတွေ ရှိပါတယ်။ တချို့ကလည်း ပြည်သူ့ကိုယ်စားလှယ်ထဲက တက်လာတာ ရှိပါတယ်။ ဒါကိုတော့ ပြောဖို့တော့ နည်းနည်းစောပါသေးတယ်။

ကိုကျော်ကျော်သိန်း ။ ။ ဝန်ကြီး အချိန်ပေးပြီးတော့ ဖြေကြားပေးတာ ကျေးဇူးအများကြီး တင်ပါတယ်။

ဦးဝဏ္ဏမောင်လွင် ။ ။ ကျနော်ကလည်း ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG