သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီး ရဲစွမ်းသတ္တိဆုရှင်တဦးရဲ့ မြန်မာ့အရေး အတွေးအမြင်


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ၂၀၁၂ ခုနှစ် အမျိုးသမီးရဲစွမ်းသတ္တိဆုရှင် မဇင်မာအောင် က မြန်မာနိုင်ငံက အမျိုးသမီး (၄) ဦးပါ ကိုယ်စားလှယ်အဖွဲ့တဖွဲ့ကို ဦးဆောင်ပြီးတော့ အမေရိကန်ပြည်ထောင်စုကို ပြီးခဲ့တဲ့ သတင်းပတ်များအတွင်း ရောက်ရှိလာခဲ့ပါတယ်။ လက်ရှိ မြန်မာနိုင်ငံအပြောင်းအလဲအပေါ် အမေရိကန်တာဝန်ရှိသူတွေအမြင်နဲ့ သူကိုယ်တိုင်အမြင်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ ပါဝင်နေတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအသီးသီးရဲ့ စွမ်းဆောင်ရေး စတာတွေနဲ့ ပတ်သက်ပြီး မဇင်မာအောင် ကို ကိုကျော်ကျော်သိန်း က တွေ့ဆုံမေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ကိုကျော်ကျော်သိန်း ။ ။ မဇင်မာအောင် ကျနော်တို့ကို အခုလို အချိန်မအားတဲ့ကြားထဲက တွေ့ဆုံမေးမြန်းခွင့်ပေးတာကို ကျေးဇူးတင်ပါတယ်။ ဗွီအိုအေ က ကြိုဆိုပါတယ်။ ပထမဦးဆုံး မဇင်မာအောင်တို့ လာတဲ့ခရီးစဉ်ကို ဘယ်သူက စီစဉ်လဲ။ နောက် အကြောင်းအရာက ဘာ။ ဘယ်သူတွေပါသလဲဆိုတာကို အရင်ဆုံးအကျဉ်းချုပ် ပြောပြပေးပါ။

မဇင်မာအောင် ။ ။ ကျမတို့ ခရီးစဉ်ကို Goldman Sachs 10,000 Women Program နဲ့ McCain Institute တို့က စီစဉ်တာပါ။ ကျမနဲ့အတူ တခြားအမျိုးသမီး (၃) ယောက်လည်းပါတယ်။ မခင်လေး၊ မရွှန်လဲ့၊ မနီလာဦး နဲ့ ကျမ။ ဒီအဖွဲ့ကို ကျမက ဦးဆောင်ပြီးတော့ လာခဲ့တာပါ။

ကိုကျော်ကျော်သိန်း ။ ။ အဓိက ခရီးစဉ် ရည်ရွှယ်ချက်က ဘာပါလဲ။

မဇင်မာအောင် ။ ။ ခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကတော့ အမျိုးသမီးတွေ ခေါင်းဆောင်မှု မြှင့်တင်နိုင်ဖို့၊ အမေရိကမှာရှိတဲ့ အဖွဲ့အစည်းတွေ၊ Institution တွေကို ကျမတို့ လေ့လာမယ်။ ပြီးတော့ short term .. very intensive training.. ဥပမာ ကျမဆိုရင် နိုင်ငံရေး background က လာတယ်။ တခြားလူတွေဆိုရင် civil society က ရှိမယ်။ အမျိုးသမီးနဲ့ economics က ဘယ်လိုရှိမလဲ။ အဲဒီလိုမျိုးဆိုတော့ background မျိုးစုံက လာတဲ့အခါကြတော့ ကျမတို့လည်း institution မျိုးစုံ၊ အမျိုးသမီးရေးရာ entrepreneurship ပုံစံက ဘယ်လိုရှိမလဲ။ စီးပွားရေးနဲ့ အမျိုးသမီးတွေ ဖွံ့ဖြိုးတိုးတက်ဖို့က ဘယ်လိုအရေးကြီးသလဲ။ ထိုနည်းတူစွာပဲ နိုင်ငံရေးပါတီတွေ ဖွဲ့စည်းပုံတွေကို ကျမတို့ လေ့လာတယ်။ ပြီးလို့ရှိရင် campaign တွေ ဘယ်လိုလုပ်မလဲ။ မီဒီယာနဲ့ တွေ့တဲ့အခါမှာ message ဘယ်လိုပေးမလဲ။ ကိုယ်ပေးချင်တဲ့ message ကို ထိထိရောက်ရောက်နဲ့ ဘယ်လိုပေးနိုင်မလဲဆိုတဲ့ messaging ဆိုတဲ့ training တွေလည်း တက်ရောက်တယ်။ နောက်ပြီးတော့ ကျမတို့က ကျောင်းသားဖြစ်တဲ့အတွက်ကြောင့်မို့ ဒီက ပညာရေးစနစ် တက္ကသိုလ်တွေရဲ့ အနေအထားတွေကိုလည်း လေ့လာချင်တယ်လို့ ပြောတဲ့အခါကြတော့ တက္ကသိုလ်တွေကိုလည်း သွားပြီးတော့ လေ့လာခွင့်ရတယ်။ ထိုနည်းတူစွာ State Department ပိုင်းက အရာရှိတွေ၊ လွှတ်တော်အမတ်တွေ၊ နိုင်ငံခြားရေးဝန်ကြီးအသစ်နဲ့လည်း တွေ့ခွင့်ရတယ်။ နောက်ပြီးတော့ Bush Institute ကိုလည်း သွားခဲ့တဲ့အခါမှာ သမ္မတဘုရှ် နဲ့ သမ္မတကတော် လောရာဘုရှ်တို့နဲ့လည်း တွေ့ခွင့်ရတယ်။

ကိုကျော်ကျော်သိန်း ။ ။ အမေရိကန်ရဲ့ တာဝန်ရှိသူတွေရဲ့ မြန်မာနိုင်ငံ လက်ရှိအပြောင်းအလဲ၊ လက်ရှိ ရှိနေတဲ့ အခြေအနေ အပြောင်းအလဲ၊ ပြုပြင်ပြောင်းလဲမှု ဖော်ဆောင်နေတဲ့ အခြေအနေ။ အဲဒီအပေါ်မှာ အမေရိကန်တာဝန်ရှိသူတွေရဲ့ နားလည်းမှု၊ သူတို့ လက်ခံမှု သဘောထားက ဘယ်လိုရှိသလဲ။

မဇင်မာအောင် ။ ။ တချို့ကျတော့လည်း… အဲဒါတော့ တယောက်နဲ့တယောက်ကျတော့ မတူဘူး။ ဆိုလိုတာက တချို့ကျတော့ တကယ့်အခြေအနေမှာ ဘယ်လိုဖြစ်နေသလဲ။ အပြောင်းအလဲတွေရဲ့ အနေအထားဟာ တကယ့်အပြောင်းအလဲလို့ ထင်သလား။ မထင်ဘူးလားဆိုတဲ့ ကျမတို့ရဲ့ အမြင်တွေကိုမေးတယ်။ တခြားတဖက်မှာလည်း ဘယ်လိုရှိလဲဆိုတော့ ဟုတ်ပြီ… ဒါဆိုလို့ရှိရင် ဒီအပြောင်းအလဲကို ကျမတို့ ဘယ်လိုတွန်းကြမလဲ။ အပြောင်းအလဲကို သူတို့ ဘယ်လိုကူညီနိုင်မလဲ။ ယေဘုယျ တူညီတဲ့အချက်ကတော့ မြန်မာပြည်ကို သူတို့ အရမ်းကူညီချင်တဲ့စိတ် အရမ်းပြင်းပြကြတယ်။ ဆိုတော့ အပြောင်းအလဲပေါ်မှာ အပြောင်းအလဲရဲ့ ရေချိန်ပေါ် မြင်ပုံခြင်းတော့ မတူကြဘူး။ ဒါပေမဲ့ အားလုံးတူညီတဲ့အချက်ကတော့ ဗမာပြည်ကို အရမ်းကူညီချင်နေကြတယ်။ ဒါတော့ တူညီတဲ့အချက် သွားတွေ့ရတယ်။

ကိုကျော်ကျော်သိန်း ။ ။ ဆိုတော့ သမ္မတဦးသိန်းစိန် ဦးဆောင်ပြီးတော့ လုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေး အပြောင်းအလဲ။ အဲဒီအပေါ်မှာရော သူတို့ ယုံကြည်စိတ်ချမှု ရှိသလား။ ဒီ အပြောင်းအလဲဟာ ဆက်ပြီးတော့ ဖြစ်သွားမယ်။ ဒါမှမဟုတ် သံသယရှိနေသလား။

မဇင်မာအောင် ။ ။ ဆိုလိုတာက သံသယထက် စိမ်ခေါ်မှုတွေ ရှိနေတယ်ဆိုတာကိုတော့ သူတို့လည်း လက်ခံထားတယ်။ ကျမတို့ကလည်း input လုပ်တယ်။ သိပ်ပြီးတော့ အလွန်အမင်း အကောင်းမမြင်ဖို့။ Emotion နဲ့ ကူညီချင်ကြတဲ့ ဟိုဟာမျိုးတွေလည်း တချို့မှာ သွားတွေ့ရတယ်။ တွေ့ရတဲ့အခါကြတော့ ကျမတို့ အဲဒါကို နည်းနည်းတော့ သတိပေးတယ်။ ကောင်းပါတယ် .. အကောင်းမြင်တာဟာ ကောင်းတယ်။ ဒါပေမဲ့ အလွန်အမင်း အကောင်းမြင်တဲ့အခါမှာ လက်ရှိ တကယ့် ဖြစ်ပျက်နေတဲ့ အရှိတရားနဲ့ ကင်းကွာသွားမှာကိုလည်း ကျမတို့က စိုးရိမ်တယ်ဆိုတဲ့ အကြောင်းကိုလည်း ကျမတို့ ပြောခွင့်ရခဲ့တယ်။

ကိုကျော်ကျော်သိန်း ။ ။ အခုန မဇင်မာအောင် ပြောသွားတဲ့အထဲမှာ ပြည်တွင်းမှာ အဖွဲ့အစည်းတွေမှာ တာဝန်ရှိသူတွေနဲ့ လုပ်နေတဲ့ အမျိုးသမီးတွေ။ မဇင်မာအောင် က အခု အဖွဲ့အစည်း နှစ်ခု။ တစ်ခုက Rainfall Study Group နဲ့ နောက်တစ်ခုက YSPS – Yangon School of Political Science - ဒီနှစ်ခုမှာ အဓိက တာဝန်ယူပြီး လုပ်နေတယ်။ အဲဒီ အဖွဲ့နှစ်ဖွဲ့အကြောင်း အကျဉ်းလေး ရှင်းပြပါလား။

မဇင်မာအောင် ။ ။ တကယ်တော့ ကျမတို့ YSPS ကို လွန်ခဲ့တဲ့ တစ်နှစ်ခွဲကျော်ကျော်လောက်ကနေ ကျမတို့ ခေတ်ရဲ့ လိုအပ်ချက်အပေါ်မှာ အမြင်သွားတူညီကြတယ်။ တူညီကြတော့ သူငယ်ချင်းတချို့။ ကျမတို့က အမေရိကန်စင်တာ (American Center) ထဲမှာ စုံဖြစ်ကြတယ်။ ထိုနည်းတူစွာ အမေရိကန်စင်တာပြင်ပကလည်း သူငယ်ချင်းတချို့မှာ informal စကားဝိုင်းတွေကနေ စုံမိကြရကနေ သူငယ်ချင်းတွေ စုမိကြတော့ … ငါတို့တော့ ဒီလိုစိတ်ကူးရှိကြတယ်။ သူတို့လည်း ရှိကြတယ်ဆိုတော့ … အားလုံးက ကျောင်းတခုဖွင့်ဖို့ လိုအပ်နေပြီဆိုတဲ့ဟာကို သဘောတူညီသွားတဲ့ သူငယ်ချင်းတွေ ၁၃-၁၄ ယောက်လောက် စုပြီးတော့ ပထမတော့ အမေရိကန်စင်တာထဲမှာပဲ base လုပ်ကြတယ်။ ကျမတို့က cultural impact study club ဆိုတဲ့တစ်ဖွဲ့။ နောက်တခြား သူငယ်ချင်းတချို့ကြတော့ book club တစ်ခုရှိတယ်။ နောက်ပြီးတော့ အပြင်မှာလည်း အန်ဂျီအို လုပ်နေတဲ့ သူငယ်ချင်းတွေလည်း စုံမိကြတော့။ အဲဒါလေးကို အပြင်မှာတော့ လုပ်ဖို့သင့်ပြီ။ နိုင်ငံရေးအခြေအနေအရလည်း ၂၀၁၀ နောက်ပိုင်းလေးမှာ ဒါကို ကျမတို့ စမ်းသပ်ဖို့ အချိန်ကောင်းတစ်ခုပဲဆိုပြီး အပြင်မှာ စုပေါင်းပြီး အခန်းလေးငှားတော့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ တက္ကသိုလ်ကျောင်းသားတွေကို နိုင်ငံရေးအခြေခံ ပညာပေးသင်တန်းလေး လုပ်ဖို့ကောင်းတယ်ဆိုပြီး အဲဒီက စပြီးလုပ်ခဲ့တယ်။ ဆိုတော့ လတ်တလောမှာလည်း ကျမတို့ နိုင်ငံရေးသိပ္ပံမိတ်ဆက်ဆိုပြီးတော့ သင်တန်းအပတ်စဉ် နှစ်ခုပြီးသွားပြီ။

နောက်တခုက ကျမတို့လူငယ်တွေ နိုင်ငံတကာဆက်ဆံရေးအကြောင်းကိုလည်း သိဖို့လိုတယ်။ ဘယ်လိုဆက်ဆံကြသလဲဆိုတော့။ အဲဒီတော့ IR - ကျမတို့မှာ ကိုစိုးမြင့်အောင် က IR နဲ့ ကျောင်းပြီးထားတယ်။ နိုင်ငံခြားကလည်း ဘွဲ့ရထားတယ်ဆိုတော့ သူကိုယ်တိုင် တာဝန်ယူပြီးတော့ international relations ကို သင်တယ်။ ကျမတို့ အပတ်စဉ် (၃) ခု ပြီးသွားပြီ။ နောက်ပြီးတော့ ကျမတို့ Standford ကနေ Professor Larry Diamond တို့ကို သံရုံးကနေ စီစဉ်ပေးတဲ့အခါမှာ ကျမတို့ training တွေလုပ်တယ်။ Intensive training တွေလုပ်တယ်။ အထူးသဖြင့် transition အသွင်ကူးပြောင်းရေးကာလကို ဘယ်လိုချဉ်းကပ်ကြမလဲ။ ဘယ်လိုလေ့လာကြမလဲ။ တခြားနိုင်ငံတွေမှာ ဘယ်လိုဖြစ်သွားသလဲ။ အဲဒီကနေ ဘယ်လိုသင်ခန်းစာတွေ ရမလဲဆိုတာကို ကျမတို့ လူငယ်တွေကို message ပေးချင်တဲ့အတွက် အဲဒီသင်တန်းတွေကို လုပ်တယ်။ ထိုနည်းတူစွာ ရန်ကုန်မှာတင် base မလုပ်ဘဲနဲ့ ရန်ကုန်ပြင်ပ တောင်တွင်းကြီး၊ မော်လမြိုင်၊ တောင်ကြီး၊ စစ်ကိုင်း အဲဒီလိုမျိုးတွေ team နဲ့ထွက်ပြီးတော့ mobile training မျိုးတွေလည်း လုပ်ခဲ့တယ်။ နေရာ (၁၀) ခု ရှိပါတယ်။

ကိုကျော်ကျော်သိန်း ။ ။ မဇင်မာအောင် က ကိုယ်တိုင်လည်း အကျဉ်းကျခဲ့တယ်လူတစ်ယောက်။ နိုင်ငံရေးဖြတ်သန်းမှုလည်း တော်တော်များများ ရှိထားတဲ့လူတစ်ယောက်။ အခုအချိန်မှာတော့ အဖွဲ့အစည်းတွေနဲ့ civil society ပုံစံ လုပ်နေတယ်။ ဆိုတော့ ကိုယ်ကိုယ်တိုင်က နိုင်ငံရေးထဲမှာ ထဲထဲဝင်ဝင် ဖြတ်သန်းခဲ့တဲ့လူတစ်ယောက်အနေနဲ့ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အပြောင်းအလဲ အခြေအနေအပေါ် မဇင်မာအောင် မျှော်မှန်းထားသလောက် အားရပြီလား။ ဒါမှမဟုတ် မဇင်မာအောင်အနေနဲ့ လက်ရှိအပြောင်းအလဲကို အမြင် ဘယ်လိုရှိသလဲ။

မဇင်မာအောင် ။ ။ တကယ်တော့ ဒီအပြောင်းအလဲက ကျမတို့ မြန်လွန်တယ်လို့ ပြောလို့ရတယ်။ မျက်စိလည်စရာကောင်းလောက်အောင် ဖြစ်သွားတယ်။ ဒါပေမဲ့ အဲဒီအခါကြတော့ ဘယ်လိုဖြစ်လာသလဲဆိုတော့ ကျမတို့အတွက် စိန်ခေါ်မှု ပိုများလာတယ်။ ဆိုလိုတာက ကျမတို့ နိုင်ငံရေးကို ဖြတ်သန်းတဲ့သူ တော်တော်များများက ထောင်ထဲ ဝင်လိုက်ထွက်လိုက်နဲ့ ပြီးနေကြတယ်။ ကျမတို့ နိုင်ငံရေးကို ထဲထဲဝင်ဝင် သေသေချာချာ လေ့လာပြီးမှ ရောက်ခဲ့ကြတာတွေက နည်းတယ်။ Emotion နဲ့ နိုင်ငံရေးကို လုပ်ခဲ့ကြတယ်။ ဆိုလိုတာက ကျမတို့ မတရားတာကို မကြိုက်ဘူး။ ကျမတို့ မတရားအုပ်ချုပ်နေတာကို မကြိုက်ဘူး။ ဒါကြောင့်မို့ နိုင်ငံရေးလုပ်ခဲ့ကြတယ်။ နိုင်ငံရေးထဲကို ဝင်ခဲ့ကြတယ်။ တကယ့်တကယ် နိုင်ငံရေးက ဒီထက်ပိုတယ်။ လုပ်ရတဲ့အခါမျိုးမှာ စိန်ခေါ်မှုတွေက ပိုများတယ်။ အပြောင်းအလဲကာလမှာ ပြဿနာပေါင်းစုံ issue ပေါင်းစုံက ထွက်လာတာ သဘာဝပဲ။ အရင်တုန်းက ဖိနှိပ်ထားတဲ့အချိန်မှာ ပြောခွင့်ဆိုခွင့် မရတဲ့ဟာတွေ၊ ကွယ်ဝှက်ထားတဲ့ ပြဿနာတွေက အခုမှ ပေါ်လာကြတဲ့ သဘောမျိုးရှိတယ်။ နောက်တခုကတော့ ကျမတို့ အရင်တုန်းကရှင်းတယ် … စစ်အာဏာရှင် ချုပ်ငြိမ်းရေးဆိုတဲ့ target က တစ်ခုတည်းပဲ။ အားလုံး ဘယ်နေရာမှာ ကွဲလွဲကွဲလွဲ အဲဒီအချက်မှာ သွားစုံကြတယ်။ အခုအချိန်မှာကြတော့ issue က ပေါင်းစုံ၊ ပြဿနာကပေါင်းစုံဆိုတော့ နိုင်ငံရေးသမားဆိုတာကလည်း နိုင်ငံရေးဆိုတာဘာတုန်း။ အခုဆိုရင် လွှတ်တော်ပေါ်လာပြီ။ လွှတ်တော်နိုင်ငံရေးနဲ့ လွှတ်တော်ပြင်ပင နိုင်ငံရေးကို ကျမတို့ ဘယ်လိုဟန်ချက်ညီညီ သွားကြမလဲ။ ဘယ်လို issue မျိုးကို ကိုင်မလဲဆိုတာမျိုးတွေက ကျမတို့အတွက် တကယ့်ကို စိန်ခေါ်မှုတွေပဲ။ တကယ်လို့ ကျမတို့က ကျမတို့ရဲ့ trend ကို မရွေးနိုင်ရင် ကျမတို့ကို ခေတ်က ပြန်ပြီးပုံဖော်သွားလိမ့်မယ်။

ကိုကျော်ကျော်သိန်း ။ ။ အဲဒီလိုမျိုး ကိုယ့်ရဲ့ trend ကို ကိုယ်ဘာသာ ရွေးနိုင်အောင်။ သဘောက တိုင်းပြည်သွားမယ့် လမ်းကြောင်းကို ကိုယ်က ပုံဖော်နိုင်အောင်လို့ ဆိုတဲ့နေရာမှာ လက်ရှိ အတိုက်အခံဆိုတာထက် ဒီမိုကရေစီလှုပ်ရှားမှုကို တောက်လျှောက်လုပ်လာခဲ့ကြတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ။ တနည်းအားဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင်၊ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့တွေပါမယ်။ နောက်တစ်ခုက မဇင်မာအောင်တို့လို အဖွဲ့အစည်းတွေရှိမယ်။ အဖွဲ့အစည်းမျိုးစုံ။ ဒီ အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေရဲ့ လက်ရှိမှာ စွမ်းဆောင်နိုင်တဲ့ ပမာဏ။ နောက် အနာဂတ်မှာ ဒီ အဖွဲ့အစည်းတွေရဲ့ ဦးဆောင်နိုင်မှု အခန်းကဏ္ဍ။ အဲဒီအပေါ်မှာ လက်ရှိ အခြေအနေပေါ်မှာ အားရကျေနပ်ပါသလား။ အနာဂတ်မှာ ဒီအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ ဘယ်လောက်အထိ အကောင်းမြင်ထားပါသလဲ။

မဇင်မာအောင် ။ ။ ကျမကတော့ ရုန်းနေကန်နေရတုန်းပဲလို့ နားလည်းတယ်။ ကျမတို့မှာ အားကောင်းမောင်းသန် နိုင်ငံရေးပါတီတစ်ခုဖြစ်ဖို့ကလည်း ကြိုးစားပြီးတော့ တည်ဆောက်နေရတုန်းပဲ။ ထိုနည်းတူစွာ အရပ်ဖက် လူအဖွဲ့အစည်းတွေရဲ့ capacity ပြောရလို့ရှိရင် အခု နိုင်ငံတကာက အရမ်းကို ကူညီချင်တယ်ဆိုတာတောင် ကျမတို့မှာက အဲဒီ အကူအညီကို ဘယ်လို အသုံးချနိုင်တဲ့ ထိထိရောက်ရောက် အသုံးချနိုင်တဲ့ ခိုင်မာတဲ့ institution ရယ်လို့ ပွင့်ပွင့်လင်းလင်း ပြောရရင် မရှိသေးဘူး။ ကျမတို့ကိုယ်တိုင် ရုန်းနေကန်နေရတုန်း။ လုပ်ရင်ကိုင်ရင်နဲ့ သင်ယူနေရတဲ့ သဘောတွေရှိတယ်။ ဆိုတော့ စိန်ခေါ်မှုတွေက ရှိတယ်။ တကယ်လို့ အဲဒါတွေကို အောင်အောင်မြင်မြင် ကိုင်တွယ်သွားနိုင်မယ် ဆိုလို့ရှိရင်တော့ အနာဂတ်က အင်မတန် တောက်ပနေမှာပဲ။ ကျမ အဲဒီလို မျှော်လင့်တယ်။ အစွန်းတော့ မရောက်ဘူး။ ဒါပေမဲ့ အကောင်းမြင်ပါတယ်။

ကိုကျော်ကျော်သိန်း ။ ။ ပိုပြီးတော့ အကောင်းမြင်တဲ့ဘက်မှာရှိတယ်။ အခုအချိန်အထိ အားအပြည့် ရှိသေးတယ်ပေါ့။ ၂၀၁၀ အပြောင်းအလဲတွေ စပြီးတာ့ သန္ဓေတည်ခဲ့တဲ့အချိန်ကနေ ဒီနေဒီအချိန်အထိ (၃) နှစ်နီးပါးကာလရှိပြီ။ နောက်ဆိုရင် မကြာခင်မှာပဲ ၂၀၁၅ ဆိုတာ လာတော့မယ်။ ဒီ (၃) နှစ်နီးပါးကာလ အပြောင်းအလဲတွေ ဖြစ်လာပြီးနောက်ပိုင်းမှာ ၂၀၁၅ ကို လှမ်းမျှော်ကြည့်လိုက်မယ်ဆိုရင် ၂၀၁၅ မှာ တိုင်းပြည်ရဲ့ အခြေအနေဟာ ဘယ်လောက်အထိ။ ဒီနေ့ ကျနော်တို့ စကားပြောနေတဲ့အချိန်ကနေ ဘယ်လောက်အထိ ပိုပြီးတော့ အကောင်းဖက်ကို ဒီထက်ပိုပြီးတော့ မျှော်လင့်ချက်တွေ၊ ရောင်ခြည်တွေ ပိုပြီးတော့ မြင်လာနိုင်တဲ့ဖက်ကို ဦးတည်မယ်လို့ မြင်သလဲ။

မဇင်မာအောင် ။ ။ ကျမတို့အတွက် အဲဒါက ပုဒ်စာတစ်ခု။ အခု အပြောင်းအလဲဟာ အစစ်လား၊ မစစ်ဘူးလား မေးကြတဲ့အခါမျိုးမှာ ကျမတို့က ပြောဖို့စောသေးတယ်လို့ ပြန်ဖြေလေ့ရှိတယ်။ ဒါကလည်း သဘာဝကျတယ်။ ဒါဆိုရင် ၂၀၁၅ ကျမှပဲ ကျမတို့က တကယ့် critical point ကို ရောက်မယ်လို့ ကျမတို့ ဒီလိုပဲ နားလည်းတယ်။ ဒီကြားထဲမှာ ကျမတို့ အရပ်ဖက် လူ့အဖွဲ့အစည်းတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ။ နောက်တစ်ခု နိုင်ငံရေးပါတီတွေ။ အထူးသဖြင့် အခုလက်ရှိတည်ဆဲ အစိုးရနဲ့ တပ်မတော်ရဲ့ သဘောထားတွေအပေါ်မှာ ကျမတို့ ဘယ်လောက် harmony ရှိရှိနဲ့ အပြောင်းအလဲကို စိတ်ရောကိုယ်ပါ တိုင်ပင်ပြီး ကောင်းကောင်းနဲ့ လုပ်နိုင်မလဲ။ အဲဒါက ၂၀၁၅ အတွက် အဖြေဖြစ်လိမ့်မယ်။

ကိုကျော်ကျော်သိန်း ။ ။ အခုန မဇင်မာအောင်ပြောတဲ့အထဲမှာပါတဲ့ တနည်းအားဖြင့် လူတိုင်း မေးနေကြတဲ့၊ သိချင်ကြတဲ့ မေးခွန်း။ အပြောင်းအလဲတွေက နောက်ပြန်လှည့်နိုင်သလားဆိုတဲ့ မေးခွန်း။ ဆိုတော့ အပြောင်းအလဲတွေ နောက်ပြန်လှည့်မလား၊ မလှည့်ဘူးလားဆိုတာကို ပြောဖို့ စောသေးတယ်ဆိုရင် ကျနော်တို့ အခုစကားပြောနေတဲ့အချိန်မှာ ဒီအပြောင်းအလဲတွေ နောက်ပြန်လှည့်ခြင်း မလှည့်ခြင်းထက် အဓိကအကျဆုံး။ ဒါမှမဟုတ် မဇင်မာအောင် စိတ်ထဲမှာ အစိုးရိမ်ဆုံးရှိတယ်ဆိုရင် အဲဒါက ဘာလို့ ပြောလို့ရမလဲ။

မဇင်မာအောင် ။ ။ အစိုးရိမ်ဆုံးကိစ္စကတော့ ကျမထင်တယ် ဆိုလို့တာက တပ်မတော်ရဲ့ ပြောင်းလဲချင်စိတ် ရှိမရှိ။ နောက်တစ်ခုက ကျမတို့ လက်ရှိ ထွက်ပေါ်လာနေတဲ့ ပြဿနာပေါင်းစုံ ရှိတယ်။ ဥပမာ ကချင်ကိစ္စ ပြီးမယ်ကြံခါရှိသေးတယ်။ ဘာသာရေးကိစ္စမျိုးတွေ ပေါ်လာတယ်။ ဒါတွေကို မီးထိုးနေတဲ့။ ဆိုလိုတာက အသိတရားရှိရှိနဲ့ပဲဖြစ်ဖြစ်၊ ရည်ရွယ်ချက်ရှိရှိနဲ့ပဲဖြစ်ဖြစ်၊ ရည်ရွယ်ချက်မရှိလို့ပဲဖြစ်ဖြစ်။ ဒါကို သူ့နည်းသူ့ဟန်နဲ့ လုပ်နေကြတယ်လူတွေရှိတယ်။ ဆိုတော့ ဒါတွေဟာ ပြဿနာကြီးကြီးမားမား ဖြစ်လာနိုင်တယ်။ တကယ်လိုများ ကျမတို့ဟာ ဘာသာရေးနဲ့ နိုင်ငံရေးတို့ကို မကွဲပြားရင် နောက်တစ်ခုက အမျိုးသားရေးနဲ့ အခု ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ကို ကျမတို့ ကွဲကွဲပြားပြား၊ ရှင်းရှင်းလင်းလင်း လိုင်းမပျက်နိုင်လို့ရှိရင်၊ သေသေချာချာ နားမလည်းဘူးဆိုရင် ဒါတွေကပဲ သတိမရှိလို့ရှိရင် ဒါတွေက အကြီးမားဆုံး စိန်ခေါ်မှုလို့ ကျမထင်တယ်။

ကိုကျော်ကျော်သိန်း ။ ။ ဘာသာရေးနဲ့ နိုင်ငံရေး ရောထွေး။ အမျိုးသားရေးနဲ့ ဒီမိုကရေစီရေး ကွဲဖို့။ ၂၀၁၅ ရွေးကောက်ပွဲ မကြာခင် လာတော့မှာပါ။ ၂၀၁၅ ရွေးကောက်ပွဲမှာ ဒီမိုကရေစီရေး အဖွဲ့အစည်းတွေ၊ ပါတီတွေ ဘယ်လောက်အထိ အားကောင်းကောင်းနဲ့ နိုင်ရမယ်လို့ မျှော်လင့်ထားသလဲ။

မဇင်မာအောင် ။ ။ အားကောင်းနိုင်ပါတယ်။ အခုအချိန်အထိ ပွင့်ပွင့်လင်းလင်း ပြောရရင် NLD ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှု နောက်မှာ၊ ပြည်သူလူထုရဲ့ နှစ်သက်မှုက အားကောင်းနေတုန်းပါ။ ဒါပေမဲ့ စိန်ခေါ်မှုတွေတော့ ရှိတယ်။ တဖက်က ပါတီကလည်း ကြားဖြတ်ရွေးကောက်ပွဲမှာ USDP က ကောင်းကောင်း သူတို့ သတိထားမိသွားတယ်။ ဆိုတော့ သူတို့ကိုယ်တိုင်လည်း ပြင်ဆင်မှု ကြိုးစားနေကြတာတွေကို ကျမတို့ တွေ့နေရတယ်။ ထိုနည်းတူစွာ အန်အယ်လ်ဒီ ဖက်ကလည်း reform ပြန်ပြီးတော့ ပါတီတွင်း ရွေးကောက်ပွဲတွေ၊ ညီလာခံတွေ ခေါ်ပြီးတော့ ပြန်ပြင်ဆင်နေတာတွေ တွေ့ရတယ်။ ပွဲကတော့ ကောင်းမှာပါ။ ဒါပေမဲ့ ကျမထင်တယ် ဒီမိုကရက်အင်အားစုတွေပဲ နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ကိုကျော်ကျော်သိန်း ။ ။ မဇင်မာအောင်ကိုယ်တိုင်က အခုနပြောသလို နိုင်ငံရေးဖြတ်သန်းမှုတွေ အတော်လေး များထားတဲ့လူတယောက်ပါ။ မဇင်မာအောင်ကိုယ်တိုင် ၂၀၁၅ သို့မဟုတ် တချိန်ချိန်မှာ ရွေးကောက်ပွဲဝင်ပြီးတော့ လွှတ်တော်နိုင်ငံရေးထဲ ဝင်မယ့်ရည်ရွယ်ချက် ရှိပါသလား။

မဇင်မာအောင် ။ ။ အဲဒါကတော့ ပြောဖို့စောသေးတယ်။ ဒါပေမဲ့ ပါတီဝင်တစ်ယောက်တော့ ကျမ ဖြစ်နေပြီ။ ပါတီဝင်ထားခဲ့ပြီးပြီ။ အခု အန်အယ်လ်ဒီရဲ့ ပါတီတွင်း ညီလာခံတွေမှာ မြောက်ဥက္ကလာပမြို့နယ် ရပ်ကွက်တွေရဲ့ ညီလာခံဖြစ်မြောက်ရေး ကော်မတီမှာ ကျမလုပ်နေတယ်။

ကိုကျော်ကျော်သိန်း ။ ။ အချိန်ပေးပြီးတော့ တွေ့ဆုံမေးမြန်းခွင့်ပြုတာကို ကျေးဇူးအများကြီးတင်ပါတယ်။ နောက်လည်း ပြန်ဆုံခွင့်ရအုန်းမယ်လို့ မျှော်လင့်ပါတယ်။
မဇင်မာအောင် ။ ။ ကျမလည်း ဝမ်းသာပါတယ်။ ဒီလောက် ပြေးပြေးလွှာလွှာကြားထဲကနေ ဒီလို အချိန်ပေးခွင့်ရတယ်။ ကိုယ့်မြန်မာ ကွန်မြူနီတီနဲ့ ပြန်တွေ့ရတယ်။ ဒီလို ဗွီအိုအေလို နေရာမျိုးမှာ။ အရမ်းဝမ်းသာပါတယ်။
XS
SM
MD
LG