သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD (LA) အနာဂတ် နိုင်ငံရေး


ဦးမြင့်သိန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ
ဦးမြင့်သိန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မြန်မာပြည်ကို ခေတ္တသွားရောက်လေ့လာ၊ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့တဲ့ ပြည်ပအခြေစိုက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ အထွေထွေအတွင်းရေးမှူး ဦးမြင့်သိန်း ကို ဗွီအိုအေဝိုင်းတော်သူ ဒေါ်ခင်စိုးဝင်း က ရန်ကုန်မြို့မှာ တွေ့ဆုံမေးမြန်းပြီး NLD လွတ်မြောက်နယ်မြေအဖွဲ့ရဲ့ အနာဂတ် နိုင်ငံရေး ရပ်တည်လှုပ်ရှားမှုကို ဆွေးနွေးတင်ပြထားပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ ပြည်တော်ပြန်အဖွဲ့အစည်းတွေ အများကြီးတွေထဲမှာ NLD-LA လည်း ပါလာပြီပေါ့။ NLD-LA အဖွဲ့ ကိုယ်စားလှယ်အဖွဲ့ ဒီကိုလာခဲ့ရတာက မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်အရ လာခဲ့တာပါလားရှင့်။
ဦးမြင့်သိန်း ။ ။ ပထမဦးဆုံးအချက်အနေနဲ့ ပြောရရင်တော့ ကျနော်တို့က ပြည်တော်ပြန်မဟုတ်ပါဘူး။ ကျနော်တို့ ခဏလာပြီးတော့ လေ့လာဖို့။ သူတို့ ဖိတ်ကြားချက်လို့ ပြောရင်လည်း မှန်တယ်လို့တော့ ပြောလို့မရသေးဘူး။ ကျနော်တို့ ကိုယ်တိုင်က ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ နှစ်ကြိမ်တွေ့ပြီးတဲ့အခါမှာ ကျနော်တို့ပါတီရဲ့ ရပ်တည်ချက်သဘောထားကို ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ကျနော်တို့ ၂၀၁၅ အထိ ဆက်ပြီးတော့ နေအုံးမယ်။ ထင်သာမြင်သာရှိတဲ့ အခြေအနေတွေ မဖြစ်မချင်း ကျနော်တို့ အဲဒီအချိန်အထိ ဆက်ရှိမယ်။ ကျနော်တို့က အနှစ် (၂၂) နှစ်တာကာလ အမျိုးသားဒီမိုကရေစီအဖွ့ဲ (လွတ်မြောက်နယ်မြေ) ကို ဖွဲ့စည်းပြီးတော့ ကျနော်တို့က တိုင်းရင်းသားတွေနဲ့ လက်တွဲလုပ်ကိုင်လာတဲ့အတွက် တိုင်းရင်းသားတွေနဲ့ ဒီနေ့ ငြိမ်းချမ်းရေးုလုပ်ငန်းစဉ်အပေါ်မှာ ငြိမ်းချမ်းရေးခရီးစဉ်မှာ သူတို့ဖြတ်သန်းနေတဲ့ အနေအထားတွေဟာ ကျနော်တို့ သိရတဲ့အခြေအနေအရဆိုလို့ရှိရင် အောင်မြင်မှုအဆင့်အထိကို ရောက်နိုင်တဲ့ အခြေအနေမျိုးတွေက တော်တော်လေး ကွာလှမ်းနေသေးတာကို တွေ့ရတဲ့အတွက် တိုင်းရင်းသားတွေနဲ့အတူ အားလုံးစစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိဖို့၊ ခိုင်မာတဲ့ ဖယ်ဒရယ်ပြည်ထောင်စုရအောင် အမျိုးသားရင်ကြားစေ့ရေး အခြေခံကနေ ကျနော်တို့ဟာ တိုင်းရင်းသားတွေနဲ့အတူ လက်တွဲလုပ်ဆောင်သွားဖို့ဆိုတဲ့ အခြေခံတွေကိုချပြီးတော့ အဲဒီလုပ်ငန်းစဉ်၊ အဲဒီသဘောထားအောက်ကနေပြီးတော့ ဒီနေ့ဖြစ်ပေါ်တိုးတက်နေတဲ့ နိုင်ငံရေးဖြစ်ထွန်းမှုတွေကို ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ကလည်း ပြောတယ်။ ဗမာပြည်မှာ လာကြည့်ပါ။ ခင်များကိုယ်တိုင်လည်း လာလေ့လာပါ။ ဆိုတော့ ကျနော်တို့က အဲဒီအပေါ်မှာ လေ့လာချင်တယ်၊ လာကြည့်ချင်တယ်ဆိုတဲ့ ဒီသဘောထားကို ကျနော်တို့ တင်ပြတာပါ။

ဒေါ်ခင်စိုးဝင်း။ ။ အခု တိုက်တိုက်ဆိုင်ဆိုင် ဒီခရီးစဉ်နဲ့ တိုက်ဆိုင်ပြီးတော့ မိခင်ဌာနဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း တခါမှ မကျင်းပါဘူးတဲ့ ပြည်လုံးကျွတ်ညီလာခံကြီးကို ကျင်းပနေပါတယ်။ အဲဒီ ညီလာခံကြီးမှာ အကဲခတ်အဖွဲ့အနေနဲ့ တက်ရောက်ဖို့ ဖိတ်ကြားထားတယ်လို့ သိရပါတယ်။ အဲဒီတော့ အကဲခတ်အဖွဲ့အနေနဲ့ ဒီညီလာခံနဲ့ ပတ်သက်ပြီး ကြားနေရတဲ့ သတင်းတွေ၊ သဘောထား ကွဲလွဲတာတွေ၊ ပါတီထဲမှာ အဆင်မပြေတာတွေ - အဲဒီအခြေအနေတွေအပေါ် ဘယ်လို သုံးသပ်ပါသလဲရှင့်။

ဦးမြင့်သိန်း ။ ။ ပထမအချက်အနေနဲ့ ကျနော်တို့ ဒီရောက်ပြီးတဲ့အခါမှာ ကျနော်တို့ EC အမှုဆောင်အဖွဲ့နဲ့ တွေ့ပါတယ်။ အဲဒီမှာ ကျနော်တို့ တင်ပြတယ်။ အခုလို အနှစ် (၂၀) ကျော်မှာ ထူးခြားတဲ့ ပထမဦးဆုံးအကြိမ် ပြည်လုံးကျွတ်ညီလာခံကြီး ကျင်းပတဲ့အခါမှာ ကျနော်တို့လည်း NLD အဖွဲ့ဝင်တွေ ဖြစ်တဲ့အတွက် တက်ရောက်ပြီးတော့ ညီလာခံကိုယ်စားလှယ်အဖြစ်နဲ့ မဟုတ်ဘဲ လေ့လာသူ observer အဖြစ် တက်ချင်ပါတယ်လို့ပြောတော့ အဲဒါကို အမှုဆောင်အဖွဲ့ရဲ့ အစီအစဉ်အရ နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်တို့ ဥက္ကဋ္ဌနဲ့ တွေ့တဲ့အခါမှာ ထပ်ဆင့်တင်ပြမှုအပေါ်မှာ သူက ခွင့်ပြုပြီးတော့ တက်ခွင့်ရတာပါ။ ဆိုတော့ ဒီရောက်ပြီးတော့ တက်ခွင့်ရတဲ့အချိန်မှာနဲ့ တက်ခွင့်မရသေးတဲ့အချိန်မှာ တချို့ ပြဿနာလေးတွေ ရှိတယ်ဆိုတာကတော့ ကျနော်တို့ ကြားပါတယ်။ ဒါတွေက ကျနော်တို့ အနှစ် (၂၀) ကျော် ဖြတ်သန်းမှု နိုင်ငံရေးအတွေ့အကြုံအပေါ်မှာ အခြေခံပြီးတော့ အမျိုးသားဒီမိုကရေစီ လွတ်မြောက်နယ်မြေဆိုလို့ရှိရင် (၆) ကြိမ်တိတိ ညီလာခံတွေ ဖြတ်ကျော်ခဲ့ပြီးပါပြီ။ အဲဒီအတွေ့အကြုံတွေ အခြေခံတွေအရ တော်လှန်ရေးနယ်မြေအတွင်းမှာရှိတဲ့ အဖွဲ့အစည်းအသီးသီးနဲ့ အတူလက်တွဲပြီး လုပ်ကိုင်လာရတဲ့ အတွေ့အကြုံ အခြေခံတွေအရကြည့်မယ်ဆိုရင် ဒီနေ့ ဒီမှာဖြစ်တဲ့ အတွေ့အကြုံတွေဟာ အင်မတန်နည်းသေးတယ်လို့ ကျနော်တို့အနေနဲ့ မြင်ပါတယ်။ အဲဒီအတိုင်း သုံးသပ်ပါတယ်။
ဒေါ်ခင်စိုးဝင်း။ ။ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ တွေ့ပြီးပြီလို့ သိရပါတယ်။ တခြား အစိုးရပိုင်းက တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ တွေ့ဖြစ်ပါသလားရှင့်။

ဦးမြင့်သိန်း ။ ။ ကျနော်တို့ ဒီကိုရောက်ပြီးတော့ ၂၈ ရက်နေ့မှာပဲ ဒီ Peace Center မှာ မြန်မာငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ ဦးလှမောင်ရွှေ ဦးဆောင်တဲ့အဖွဲ့နဲ့ ပမာဏအဆင့် တွေ့ဖြစ်ပါတယ်။ ကျနော်တို့ ဒီရောက်ရှိပြီးတော့ ကောင်းကောင်းမွန်မွန် သူတို့ရဲ့ ကူညီစောင့်ရှောက်မှုတွေနဲ့ အဆင်ပြေတယ်ဆိုတဲ့ကိစ္စကို သူတို့နဲ့ ဆွေးနွေးပြီးတော့။ ဒီရက်ပိုင်းအတွင်း မြန်မာပြည်ထဲကို ရောက်လာတဲ့အခါမှာ ကျနော်တို့ ဘယ်လိုမြင်သလဲဆိုတဲ့အချက်လေးတွေလည်း ဆွေးနွေးဖြစ်ပါတယ်။ အဲဒါ ပထမအကြိမ်ပါ။ ဒုတိယအကြိမ်အဖြစ်နဲ့ ကျနော်တို့ မတ်လ (၂) ရက်နေ့မှာ ဝန်ကြီးဦးအောင်မင်းက နေပြည်တော်က ပြန်လာပြီး ကျနော်တို့ကို ဖိတ်ကြားပါတယ်။ ကျနော်တို့ တွေ့ဆုံဖို့။ မနက် (၁၁) နာရီလောက်မှာ တွေ့ဖြစ်ပါတယ်။ အဲဒီလို တွေ့တဲ့အခါမှာတော့ ဝန်ကြီး ဦးအောင်မင်း ဒု-ဥက္ကဋ္ဌ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့၊ အဖွဲ့ဝင် ဝန်ကြီးဦးအုန်းမြင့်အပါအဝင် ကျနော်တို့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ ကိုယ်စားလှယ်တွေ တော်တော်များများ အားလုံးပေါင်း (၁၀) ဦးလောက် ရှိပါတယ်။ အဲဒီက ပညာရှင်တွေနဲ့ တွေ့ပြီးတော့ တစ်နာရီကြာလောက် ဆွေးနွေးဖြစ်ပါတယ်။ အဲဒီလို ဆွေးနွေးတဲ့အခါမှာတော့ အဓိကအားဖြင့် ကျနော်တို့ ဒီကိုရောက်လာတဲ့အခါမှာ ကျနော်တို့အမြင်သဘောထားတွေ၊ အစီအစဉ်တွေ။ သူတို့ကတော့ ပြောပါတယ် ဒီမှာ ပြန်လာပြီးတော့ ကြိုဆိုတဲ့သဘောပေါ့။ ကျနော်တို့ ဒီမှာနေချင်ရင် ဒါမှမဟုတ် ပြန်မလာသေးချင်ဘူးအပြီးဆိုရင်လည်း ဒီမှာ PR အမြဲတမ်းနေထိုင်ခွင့်ကို သူတို့ စီစဉ်ဆောင်ရွက်နေတယ့်အကြောင်း အဲဒါလည်း မကြာခင် မတ်လကုန်လောက်မှာ အဆုံးသတ်နိုင်မယ်။ ဒါကြောင့်မို့ ဒီမှာဆက်ပြီးတော့ လုပ်ဖို့ဆိုတဲ့သဘောထားပေါ့။ ကျနော်တို့ကိုလည်း အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့လည်း မေးပါတယ်။ ကျနော်တို့က တချို့တစိတ်တဒေသ - အနှစ် (၂၀) ကျော် ရန်ကုန်မြို့ကနေ ကင်းကွာသွားတဲ့အခါကြတော့ ပြန်တွေ့တော့ တချို့လည်း ပုံစံတွေမပြောင်းလဲတာတွေ ရှိသေးတယ်။ တချို့လည်းပဲ ထူးခြားတဲ့ ပြောင်းလဲတိုးတက်မှုတွေ ရှိနေတယ်။ နောက်တခုက အဓိကအားဖြင့်တော့ လူတွေရဲ့ စိတ်သဘောထားတွေနဲ့ ပတ်သက်လို့ရှိရင်တော့ တချို့အပိုင်းတွေက လုံလောက်တဲ့အဆင့်အထိ စိတ်ကျေနပ်မှုတွေတော့ ရှိသေးတာတော့ မတွေ့ရသေးဘူး။ ဒါပေမဲ့ မျှော်လင့်ချက်တွေကတော့ ကောင်းလာတယ်ဆိုတဲ့ အမြင်သဘောရှိတယ်ဆိုတာတော့ ကျနော်တို့လည်း အတွေ့အကြုံအရ။ ဒါကတော့ သူတို့နဲ့ တွေ့ပြီးတော့မှ ဆွေးနွေးဖြစ်တဲ့ကိစ္စတွေပါ။

ဒေါ်ခင်စိုးဝင်း။ ။ တခြား တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ နောက် ၈၈ မျိုးဆက်ကျောင်းသားလိုမျိုး အထင်ကရ အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဖြစ်ပါသလား။

ဦးမြင့်သိန်း ။ ။ ကျနော်တို့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို တို့ ဦးဆောင်တဲ့ ရှစ်လေးလုံး မျိုးဆက်အဖွဲ့နဲ့ ကျနော်တို့ မတ်လ (၃) ရက်နေ့မှာ တွေ့ပါတယ်။ သူတို့နဲ့ တွေ့တော့လည်း တစ်နာရီခွဲလောက်ကြာအောင် ဆွေးနွေးဖြစ်ပါတယ်။ အခြေအနေတွေကို ပြန်သုံးသပ်ကြတယ်။ ပြီးရင် ဒီနေ့အနေအထားတွေ၊ ဒီနေ့ ဖြစ်ပေါ်လာတဲ့ တိုးတက်ပြောင်းလဲလာမှုအောက်မှာ အကောင်းဆုံးလက်တွဲပြီးတော့ ရှေ့ဆက်လုပ်နိုင်ကြမလဲဆိုတဲ့ အချက်တွေကိုလည်း ဆွေးနွေးဖြစ်ခဲ့ပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ တွေ့ဖြစ်ပါသလား။

ဦးမြင့်သိန်း ။ ။ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့တော့ မတ်လ (၆) ရက်နေ့မှာ တွေ့ဖြစ်ပါတယ်။ အဓိကတော့ SNLD ဦးခွန်ထွန်းဦးတို့ ဌာနချုပ်ရုံးမှာ သွားတွေ့ဆုံတယ်။ အဲဒီလို တွေ့ဆုံတဲ့အခါမှာလည်း ကောင်းပါတယ်။ တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့အပိုင်းတွေကို သေသေချာချာ ဆွေးနွေးဖြစ်တယ်။ ရှေ့ဆက်ပြီးသွားမယ့် ရှေ့လုပ်ငန်းစဉ်အပိုင်းတွေအပေါ်မှာလည်း ဘယ်လိုအကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်ကြမလဲဆိုတဲ့အချက်တွေ ဆွေးနွေးဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ အခုလောလောဆယ် မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ ပြောရမယ့် အစိုးရအုပ်ချုပ်နေတဲ့ကာလမှာ ပြုပြင်ပြောင်းလဲရေးကို နိုင်ငံတကာကလည်း ဝိုင်းပြီးတော့ တွန်းအားပေးနေပါတယ်။ ဖိအားပေးနေပါတယ်။ အဲဒီလို ရှေ့ဆက်ပြီးတော့ မသွားဘဲနဲ့ နောက်ကြောင်းပြန်လှည့်သွားမယ့် အခြေအနေ မဖြစ်အောင်လို့ ဘယ်လိုများ ကာကွယ်မှုတွေ လုပ်ရင်ကောင်းမလဲဆိုတာကို ဘယ်လို အကြံပေးချင်ပါသလဲ။

ဦးမြင့်သိန်း ။ ။ ပထမအချက်ကတော့ ဒီနေ့အနေအထားမှာ နောက်ကြောင်းပြန်လှည့်နိုင်ဖို့ အခြေအနေဟာ ရာခိုင်နှုန်း အင်မတန် နည်းသွားတယ်၊ နည်းနေပြီလို့ သုံးသပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာကလည်း အဲဒီအပေါ်မှာ စိုးရိမ်တကြီးနဲ့ ဒီနေ့ သွားနေတဲ့ဖြစ်စဉ်ကို အကောင်ဆုံးဖြစ်အောင် ဝန်းရံပံ့ပိုးမှုတွေရှိတယ်။ ကျနော်တို့ဆီမှာရှိတဲ့ နိုင်ငံသားတွေ၊ အဖွဲ့အစည်းအသီးသီးကလည်း ဒီနေ့ဖြစ်နေတဲ့ နိုင်ငံရေးဖြစ်ထွန်းမှုတွေကို နောက်ကြောင်းပြန်လှည့်ခြင်း၊ မလှည့်ခြင်းဆိုတာထက် ဒီထက်ပိုပြီးတော့ ရုတ်လျော့မသွားဘဲနဲ့ ဒီထက်ပိုပြီး ကောင်းမွန်တိုးတက်မှုတွေ ရှိလာအောင် ကြိုးပမ်းဆောင်ရွက်နေတာကို ကျနော်တို့မြင်တယ်။ အဲဒါကြောင့်မို့ ဒီလိုမျိုး ကျနော်တို့ အားလုံးက ဝိုင်းဝန်ပြီးတော့ ဒီအခြေအနေတွေပေါ်မှာ ဒီကနေ့ ရှိနေတဲ့ ပကတိအနေအထားပေါ်မှာ ဒီထက်ဆုတ်ယုတ်မှုတွေ ဖြစ်မသွားဘဲနဲ့ ဒီထက်အဆင့်လိုက် တိုးတက်မှုတွေဖြစ်အောင် လုပ်သွားဖို့က အင်မတန်အရေးကြီးတဲ့ကိစ္စဖြစ်တယ်လို့ ယုံကြည်တယ်။ ဒီနေ့ အရပ်သားအစိုးရ၊ ဦးဆောင်နေတဲ့ အစိုးရက နိုင်ငံတကာမှာ ရှိနေတဲ့ ပါလီမန်တွေအပေါ်ကြည့်ကြည့်၊ လွှတ်တော်ရဲ့ အတွေ့အကြုံပိုင်းကိုကြည့်ကြည့်။ ဒါတွေက နိုင်ငံတကာ စံချိန်စံနှုန်းတွေနဲ့ တထပ်တည်းကျတဲ့ အခြေအနေမျိုးတွေ ရှိနေတယ်လို့ ကျနော်တို့ကိုယ်တိုင် လက်ခံထားသေးတာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း တချိန်တည်းမှာ ဒီနေ့ ပါလီမန်၊ အစိုးရရဲ့ ဒီနေ့ လှုပ်ရှားနေတဲ့ အပိုင်းတွေကို ကြည့်မယ်ဆိုရင် အကောင်းဖက်ကိုတော့ တော်တော်များများ ဦးတည်နေတဲ့ အနေအထားကို ကျနော်တို့ တွေ့ရတယ်လို့ သုံးသပ်နိုင်တယ်။ ဒါကြောင့်မို့ အဲဒီသုံးသပ်ချက်တွေအပေါ် အခြေခံပြီး ကျနော်တို့အားလုံးဟာ ဒီအနေအထားကို မထိခိုက် မယိုးယွင်းရဘဲနဲ့ ဒီထက် တိုးတက်လာအောင် အားလုံးဝိုင်းပြီးတော့ လုပ်နိုင်မယ့်၊ လုပ်ကြဖို့ အခြေအနေမျိုးကိုတော့ ဒီကနေ အနေအထားတွေက တောင်းဆိုနေတာ ဖြစ်တယ်လို့ ကျနော်တို့ ဒီလို ယုံကြည်တယ်။ ဒါကြောင့် အားလုံး ပူးပေါင်းပါဝင်ပြီးတော့ အကောင်းဆုံးဖြစ်အောင် လုပ်သွားဖို့။

ကျနော်တို့ဆိုရင် ဒေါ်အောင်ဆန်းစုကြည်က ခေါင်းဆောင်ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို ယုံကြည်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်းဆောင်ရွက်မှုနဲ့ သမ္မတကြီးနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အခြေအနေတွေပေါ်မှာလည်း ကျနော်တို့ အလေးထားပြီးတော့၊ အထူးဂရုစိုက်ပြီးတော့ ကြည့်ပါတယ်။ ဒီအခြေအနေတွေက ဘယ်လိုဖြစ်စဉ်တွေမှာမဆို အဆိုးအကောင်းဆိုတာ ရှိတတ်ပေမယ့် ဒီနေ့လို နိုင်ငံရေးအရ ဒီမှာတော့ ပြောကြတာပေါ့ … Transition အသွင်ကူးပြောင်းတဲ့ကာလတခုကို ဖြတ်သန်းနေရတဲ့နေရာမှာ သဘောမတူနိုင်တာတွေ ရှိနိုင်တယ်။ သဘောမတွေ့နိုင်တာတွေ ရှိနိုင်တယ်။ သဘောကျနိုင်တာတွေ ရှိနိုင်တယ်။ ကျေနပ်နှစ်သက်မှု မရှိသေးတာတွေ ရှိနိုင်တယ်။ လက်ခံနိုင်မယ့်အပိုင်းတွေ ရှိနိုင်တယ်။ အဲဒီအခြေအနေတွေကို ဘာလိုပဲဖြစ်ဖြစ် ကျနော်တို့က ကောင်းတာတွေကို ကောင်းသထက် ကောင်းအောင်၊ မကောင်းဘူးလို့မြင်တဲ့ အချက်တွေကိုလည်း ကောင်းလာအောင် လုပ်ဖို့တာဝန်ဟာ ကျနော်တို့ နိုင်ငံရေးအဖွဲ့အစည်းအားလုံးအသီးသီးအပါအဝင်၊ နိုင်ငံမှာရှိတဲ့ နိုင်ငံသူနိုင်ငံသားအားလုံးရဲ့ တာဝန်ဖြစ်တယ်။ အားလုံးကို ပူးပေါင်းဆောင်ရွက်ပြီး ရေရှည်အကောင်ဆုံးဖြစ်အောင် လုပ်သွားစေချင်တယ်ဆိုတာမျိုးတော့ ကျနော်တို့ဆီမှာ ဒီသဘောထားရှိတယ်လို့ ပြောလို့ရပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ NLD လွတ်မြောက်နယ်မြေဆိုတာက ပြည်တွင်းမှာ လှုပ်ရှားလို့မရတဲ့ အခြေအနေမှာ ပြည်ပမှာ လွတ်မြောက်တဲ့နယ်မြေမှာ သွားပြီးတော့ လှုပ်ရှားကြတယ်။ အခု ပြည်တွင်းမှာ လှုပ်ရှားလို့ရပြီဆိုတော့ NLD လွတ်မြောက်နယ်မြေဆိုတာကို ဆက်ပြီးရပ်တည်ဖို့ ကောင်းပါသေးလား။ ရပ်တည်သင့်ပါသလား။
ဦးမြင့်သိန်း ။ ။ ကျနော်တို့ ခေါင်းဆောင်နဲ့ တွေ့တဲ့အချိန်မှာလည်း ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က LA ဆိုတဲ့ wording ကို ဆက်သုံးမယ်ဆိုရင်၊ အခုနလိုမျိုး နားလည်းမှုအရ တစုံတရာ ရှုပ်ထွေးနိုင်တဲ့အနေအထား ရှိတဲ့အတွက်၊ အဲဒီကိစ္စကိုတော့ ပြည်ပြီးသုံးသပ်ပြီးတော့ လိုအပ်သလို ပြင်ဆင်ပြောင်းလဲသွားနိုင်မယ်ဆိုရင် ကောင်းမယ်ဆိုတဲ့ အကြံပြုချက်၊ လမ်းညွှန်းချက်ကိုတော့ ကျနော်တို့ကို ပေးပါတယ်။ အဲဒီအခါမှာ ကျနော်တို့ကလည်း အဲဒီ LA ကြီးကို ပြောင်းဖြစ်ဖို့ လိုတယ်ဆိုတဲ့ လမ်းညွှန်းချက်ကို အစောတလင်မလုပ်ဖို့ တင်ပြပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုနလိုမျိုး အခြေအနေနဲ့ ကိုက်ညီအောင် ပြောင်းလဲတဲ့အခါမှာ အားလုံးကလည်း တဖတ်က နားလည်းမှု မလွဲဘဲနဲ့ လက်ခံနိုင်တဲ့ အခြေအနေဖြစ်အောင် အခုန သမိုင်းပေးတာဝန်တွေကို ထမ်းဆောင်ရင်နဲ့ … ဒီအခြေအနေတွေကို တင်ပြတဲ့အခါမှာ ကျနော်တို့ ခေါင်းဆောင်ကလည်း ဒါကို လက်ခံပါတယ်။ အဲဒါကိုက NLD-LA ရဲ့ သဘောပါ။ NLD-LA ကို ဘာလုပ်သင့်သလဲဆိုတဲ့ အမြင်ကို သူအကြံပြုတာဖြစ်တယ်။ ဒါကတော့ NLD-LA အနေနဲ့ လိုအပ်သလို ဆုံးဖြတ်သွားပါလို့ သူက အဲဒီလို ရှင်းရှင်းလင်းလင်းပဲ သူ့သဘောထားကို ပေးပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ အခု (၂၂) နှစ်ကြာ ပြည်ပမှာ ရပ်တည်လာကြတဲ့ NLD-LA လွတ်မြောက်နယ်မြေအနေနဲ့ ကိုယ်လှုပ်ရှားခဲ့တဲ့ ရှိသမျှ movement တွေ အကုန်လုံး၊ အဲဒါတွေက အတိုင်းအတာတခုအထိ အောင်မြင်မှု ရတယ်လို့ ယူဆပါသလား။

ဦးမြင့်သိန်း ။ ။ ကျနော်ကတော့ အခိုင်အမာ ယုံကြည်တယ်လို့ ပြောချင်ပါတယ်။ ကျနော်တို့မှာ အခက်အခဲတွေ အများကြီး ရင်ဆိုင်ရတယ်။ ကျနော်တို့ ရောက်ပြီးလို့ လေးနှစ်ငါးနှစ် အတွင်းမှာ မယ်လ်နပလော ကျသွားတယ်။ အဲဒီနောက်မှာ နောက်ထပ် (၂) နှစ် ၉၇ အထိ ထိခတ်ဖလယ် ဆိုတဲ့ ဒုတိယဌာနချုပ် ကျခဲ့တယ်။ အဲဒီနောက်မှာ ထိုင်း-မြန်မာ နယ်စပ်ကို ရောက်ခဲ့တယ်။ အဖွဲ့ဝင်တွေက ထိုင်းဘက်အခြမ်းကို ရောက်ပြီးတော့ အဖွဲ့ဝင်တော်တော်များများဟာ လုံခြုံရေးဆိုင်ရာ ပြဿနာတွေ ရင်ဆိုင်ရတယ်။ ပါတီဗဟိုအနေနဲ့လည်း သူတို့ကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် ကျနော်တို့မှာ အင်အားတွေ အလုံအလောက် မရှိခဲ့ဘူး။ အဲဒီ အခက်အခဲတွေ များနေပေမယ့် ကျနော်တို့ သွားနေတဲ့ အမျိုးသားရင်ကြားစေ့ရေးဆိုင်ရာကိစ္စ။ ဒါက ကျနော်တို့ ပါတီရဲ့ အဓိက တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ အခြေခံအချက်ပါ။ ဒီအချက်ကို တိုင်းရင်းသားတွေနဲ့ ဆက်စပ်ပြီးတော့ စုစုစည်းစည်း ခိုင်ခိုင်မာမာနဲ့ ဒီနေအထိ ရပ်တည်ဖြတ်သန်းနိုင်ခဲ့တယ်။
ကျနော်တို့ဆီမှာရှိတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ တပ်ပေါင်းစုကြီးမှာ အဓိကကျတဲ့ ဒေါက်တိုင်တခုအဖြစ်နဲ့ တိုင်းရင်းသားတွေရဲ့ အလေးအနက်ထားပြီးတော့ လက်ခံယုံကြည်မှုရအောင်။ ဒီထဲမှာ ကြုံလို့ပြောရလို့ရှိရင် အရင်တုန်းကဆိုရင် ဗမာဆိုရင် မဟာဗမာလို့ မြင်ခဲ့ကြတဲ့ တိုင်းရင်းသားအများအပြားစု။ ဒီ တိုင်းရင်းသားတွေ၊ လက်နက်ကိုင်အင်အားစုတွေအသီးသီး။ နောက်တခုက သူတို့ရဲ့ ဒီနေ့ တန်တူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခံခွင်ဆိုင်ရာ တောင်းဆိုတိုက်ပွဲဝင်မှုတွေနဲ့ ပတ်သက်လို့လည်း ကျနော်တို့က သူတို့ကို နားလည်းလက်ခံနိုင်ခဲ့တယ်။ ဆိုတော့ အပြန်အလှန် ယုံကြည်မှုကို တည်ဆောက်လာခဲ့တဲ့ အနှစ်သာရက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးသမိုင်းနဲ့ နိုင်ငံရေးဖြစ်စဉ်အတွင်းမှာ အဓိကအကျဆုံး လိုအပ်ချက်တခုဖြစ်တယ်လို့ ကျနော်တို့က အခိုင်အမာ ကိုင်စွဲပါတယ်။ အဲဒီအချက်တွေကိုလည်း ကျနော်တို့က အောင်မြင်အောင် စနစ်တကျ လုပ်နိုင်ခဲ့ပြီးတော့ ဒီနေ့ဒီအချိန်အထိ (၂၂) နှစ်ကျော် ကျနော်တို့ပါတီကို မယုတ်ယွင်းမပျက်စီးအောင် ထိန်းသိမ်းနိုင်ခဲ့တယ်။ ပြီးတော့ ဒီကနေ့ဆိုရင်တော့ ကျနော်တို့ ခေါင်းဆောင်တွေ လက်ထဲကို ကျနော်တို့ (၂၂) နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့ အချက်တွေကို ပြန်တင်ပြ အစီရင်ခံပြီးတော့ ခေါင်းဆောင်တွေရဲ့ လမ်းညွှန်းမှုကို ကျနော်တို့ ခံယူနိုင်တဲ့အဆင့်အထိ ရောက်လာတယ်ဆိုတော့ ကျနော်တို့ကတော့ လုံးဝရာနှုန်းပြည့် ကျနော်တို့ အဖွဲ့အစည်းရဲ့ လုပ်ဆောင်မှုအပေါ်မှာ အောင်မြင်မှုတွေ ရှိတယ်လို့ အလေးအနက် ခံယူပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ ကျေးဇူးအများကြီး တင်ပါတယ်ရှင်။
XS
SM
MD
LG