သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမျိုးရေး ပဋိပက္ခများ တားမြစ်နိုင်ဖို့


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်မှာ မကြာသေးခင်က ဖြစ်ပွားသွားခဲ့တဲ့ မိထ္ထီလာမြို့ အကြမ်းဖက်ပဋိပက္ခနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေ နဲ့ ဗွီအိုအေမြန်မာသတင်း ဌာနမှူး ဦးသန်းလွင်ထွန်း တို့ ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ မိတ္ထီလာမြို့မှာ သာမန်ဈေးရောင်းဈေးဝယ် အရပ်သားချင်းဖြစ်ခဲ့တဲ့ ကိစ္စတရပ်ကနေ လူမျိုးရေးအသွင်ဆောင်တဲ့ ပဋိပက္ခကို ကူးပြောင်းသွားခဲ့ရာမှာ လူအသေအပျောက် အတော်များများရှိခဲ့ပြီး အိမ်ခြေရာနဲ့ချီ လောင်ကျွမ်းခဲ့ရပါတယ်။ နိုင်ငံတော်သမ္မတအမိန့်နဲ့ ဒေသအတွင်း အရေးပေါ်အခြေအနေ ကြေညာပြီး စစ်တပ်က ဝင်ရောက်ထိန်းသိမ်းနေရပြီ ဖြစ်ပါတယ်။ ဒီလို လူမျိုးရေးပဋိပက္ခဆောင်တဲ့အထိ ဖြစ်သွားခဲ့ရခြင်းဟာ ဒေသအတွင်း သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းတွေရဲ့ အရေးယူဆောင်ရွက်မှုမှာ နှောင့်နှေးဆောင်ရွက်ခဲ့မှုတွေကြောင့်လည်း အဓိက အကြောင်းရင်းတရပ်ဖြစ်တယ်လို့ NDF ခေါ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ က ကြေညာချက်ထုတ်ပြန်ပါတယ်။ NDF ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေ ကို ဗွီအိုအေ က ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးခင်မောင်ဆွေ ။ ။ ပဋိပက္ခဖြစ်လာတဲ့အခါတိုင်းမှာ ပဋိပက္ခဖြစ်တဲ့ဒေသ တိုင်းဒေသကြီးဆိုရင်လည်း တိုင်းဒေသ၊ ပြည်နယ်ဆိုရင်လည်း ပြည်နယ် - အဲဒီမှာ ပဋိပက္ခဖြစ်လာတဲ့အခါမှာ တာဝန်ယူပြီးတော့ ဖြေရှင်းရမယ့် အဓိကပုဂ္ဂိုလ်တွေက တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့ဝင်တွေပေါ့။ တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့တွေမှာ ရဲတပ်ဖွဲ့ရဲ့အင်အား၊ ကိုင်တွယ်နိုင်တဲ့စွမ်းရည်၊ လက်နက်ကရိယာ - ဒါတွေက ပြည့်ပြည့်စုံစုံ ရှိဖို့လည်းလိုတယ်။ ဘာဖြစ်လို့လဲဆိုရင် ဖြစ်လာနိုင်ချေအခြေအနေကို ကြိုတင်ပြီးတော့ သိပြီဆိုတာနဲ့ တပြိုင်နက်တည်း ရှိတဲ့အရင်းအမြစ်လေးကိုပဲ ကွက်ပြီးမကြည့်ဘဲနဲ့ ကျယ်ပြန့်နိုင်တဲ့ အလားအလာကိုကြည့်ပြီးတော့ ဘက်ပေါင်းစုံက တားဆီးနိုင်တဲ့ ပြင်ဆင်မှုတွေ လိုအပ်တယ်ဆိုတာကိုလည်း စစ်ထုတ်ဖို့လိုတယ်ဆိုတာကိုလည်း ထောက်ပြချင်တာပါ။ နှောင့်နှေးကြန့်ကြာတယ်ဆိုတာ ဒါကိုတိုက်ရိုက်ပြောတာပါ။

ဦးသန်းလွင်ထွန်း ။ ။ ဘာကြောင့် နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်နေရခဲ့ရတယ်ဆိုတဲ့ အမြင်ကို နည်းနည်းလေး ရှင်းပြပါလား။

ဦးခင်မောင်ဆွေ ။ ။ ကျနော်တို့ တိုင်းပြည်မှာက ဗဟိုချုပ်ကိုင်ပြီး အုပ်ချုပ်တဲ့စနစ်ကနေ နှစ်ပေါင်းများစွာ ဆင်းသက်လာ၊ အခြေတည်ခဲ့တာကို။ တိုင်းနဲ့ပြည်နယ်တွေမှာ ဘယ်လိုပဲ အစိုးရအဖွဲ့တွေဖွဲ့သည်ဖြစ်စေ ကိုယ့်လုပ်ပိုင်ခွင့်ထဲမှာ ဗဟိုကိုလှမ်းပြီးကြည့်ပြီး မလုပ်ဘဲနဲ့ ကိုယ့်လုပ်ပိုင်ခွင့်ထဲမှာ အပြည့်အဝတာဝန်ယူပြီးတော့ ဖြစ်နိုင်ထိန်းနိုင်တဲ့ဟာမျိုးတွေကို ကိုင်တွယ်နိုင်မယ်ဆိုရင် အမှိုက်ကစ ပြဿဒ်မီးမလောင်ဘူးပေါ့။ သဘောက ဈေးထဲမှာဖြစ်တဲ့ကိစ္စတခုကို ဈေးထဲမှာဖြစ်တဲ့ကိစ္စတခုပဲဆိုပြီး ဖမ်းထားရုံလောက်နဲ့ မပြီးဘူး။ သူ့ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ လူထုလှုပ်ရှားမှု၊ စိတ်နေသဘောထား၊ ဖြစ်နိုင်ချေရှိတဲ့ အလားအလာတွေကိုပါ ထည့်တွက်ပြီးတော့ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ အရပ်ဝတ်နဲ့ဖြစ်စေ၊ လက်နက်ကိုင်ပြီးဖြစ်စေ စောင့်ကြပ်ပြီးတော့ လူထုအုံကြွမှု ဖြစ်မလာနိုင်အောင် ကြိုတင်ပြီးတော့ ကာကွယ်နိုင်မယ်ဆိုရင် အခုလို အသက်အိုးအိမ်ဆုံးရှုံးမှုတွေ မဖြစ်ဘူးလို့ ပြောချင်တာပါ။ ပြည်နယ်မှာ၊ တိုင်းမှာသော်လည်းကောင်း မိမိတို့ရဲ့ လုပ်ပိုင်ခွင့်တွေကို အပြည့်အဝယူပြီးတော့ ထမ်းဆောင်သင့်တယ်။ တပ်ဖွဲ့တွေက အင်အားနည်းရင်လည်း ထပ်ဖြည့်တယ်။ လိုအပ်တဲ့ လက်နက်ပစ္စည်းတွေလည်း တောင်းခံပြီးတော့ ဖြည့်ထားသင့်တယ်။ ဒါတွေကို ကျနော်တို့ ဆိုလိုတာပါ။

ဦးသန်းလွင်ထွန်း ။ ။ မကြာသေးခင်က ဖြစ်ခဲ့တဲ့ လက်ပံတောင်းတောင်ကိစ္စ နှိမ်းနှင်းမှုမျိုးလို ဒါကို အင်အားသုံးဖြေရှင်းမှုတွေ ရှိခဲ့တယ်ဆိုပြီးတော့ ဝေဖန်ခံရမှာတွေ စိုးရိမ်တဲ့အတွက်ကြောင့် ဒီလို နှောင့်နှေးမှုတွေ ရှိနေတယ်လို့ မယူဆဘူးလား။

ဦးခင်မောင်ဆွေ ။ ။ စစ်အစိုးရလက်အောက်မှာလိုတော့ ဖိနှိပ်မှုယန္တရားကို အကြီးအကျယ်သုံးလို့တော့ မရဘူးပေါ့။ ဒီမိုကရေစီအစိုးရ ဖြစ်လာတဲ့အခါမှာ၊ ဆန္ဒပြခွင့်တွေလည်း ရလာတဲ့အခါမှာ၊ လူတွေရဲ့ စဉ်းစားပုံစဉ်းစာနည်း ကြည့်ပြီးတော့ အပြတ်အသတ် နှိမ်းနှင်းမယ်ဆိုရင်လည်း မဖြစ်သင့်ဘူး။ အပြတ်အသတ် နှိမ်းနှင်းတာမျိုး မရောက်အောင် ကြိုတင်ကာကွယ်တဲ့ ယန္တရားမျိုး လိုတယ်လို့ ကျနော် ဆိုလိုတာပါ။ လက်ပံတောင်းတောင်ကိစ္စမျိုးမှာလည်း ရှင်းရလင်းရတဲ့အခါမှာ ရခိုင် ဥပမာပဲကြည့်ပေါ့ ရှင်းရလင်းရတဲ့အခါမှာ ပြည်ပကနေ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေ တော်တော်ကျယ်ကျယ်လောင်လောင် အော်ကြတဲ့အခါမှာ ဒီမှာလည်း ကိုင်တွယ်တဲ့အခါမှာ လူ့အခွင့်အရေးနဲ့ပဲ တိုင်းပြည်မျက်နှာပြန်ပျက်မလား။ နိုင်ငံတကာက ယူဆနေမလားဆိုတဲ့ ကြောင့်ကြမှုတွေက ရှိကောင်းရှိနိုင်တာပေါ့။ တဖတ်မှာလည်း - အောက်ခြေအဖွဲ့တွေမှာ ဖြစ်တဲ့ဟာတွေက ဘယ်လိုကြောင့် ဖြစ်ရတယ်ဆိုတာမျိုးလေးတွေလည်း ရှင်းဖို့လင်းဖို့တွေ ပါလာတဲ့အခါကြတော့ ကိုင်တွယ်ရတာ ခက်ခဲတာမျိုး ရှိကောင်းရှိနိုင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခုဆိုရင် နိုင်ငံတော်သမ္မတရဲ့အမိန့်နဲ့ ဒီဒေသကို အရေးပေါ်အခြေအနေ ကြေညာပြီးတော့ စစ်တပ်က ဝင်ရောက်စွက်ဖက်ပိုင်ခွင့် ပေးလိုက်ပြီ။ အဲဒီတော့ စစ်တပ် တပ်မတော်အနေနဲ့ ဝင်ရောက်ထိန်းသိမ်းမှုတွေ လုပ်နေပြီ။ ဒီအချက်ပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

ဦးခင်မောင်ဆွေ ။ ။ ပြည်နယ်အစိုးရတွေ၊ တိုင်းအစိုးရတွေ တာဝန်မလုံလောက်တဲ့အခါမှာ လိုအပ်ရင်လိုအပ်သလို အခြေအနေကိုကြည့်ပြီးတော့ aid to civil power ကိုတော့ လျှင်လျှင်မြန်မြန် ပေးသင့်ပြီ။ တပ်ဖက်ကလည်း လိုအပ်ရင်ဝင်ရောက်ပြီးတော့ ထိန်းသိမ်းပြီလို ဆိုလိုတာပါ။ ဒါပေမဲ့ တပ်က ဝင်ရောက်ထိန်းသိမ်းတာနဲ့ပဲ စစ်အုပ်ချုပ်ရေးအောက်ကို ပြန်ရောက်ရမယ်ဆိုတဲ့ အတွေးအခေါ်မျိုးလည်း မတွေးခေါ်စေချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ကိုလိုနီခေတ်ကစပြီးတော့ aid to civil power ဆိုတာ တပ်ဖက်ကနေ အရပ်ဖက်ကို ဝင်ပြီးကူညီတာမျိုး ရှိပြီးတော့ အမေရိကန်နိုင်ငံမှာလည်း လိုအပ်လို့ရှိရင် state တပ်က မနိုင်လို့ရှိရင် ပြည်ထောင်စုတပ်ကနေ ထိန်းရသိမ်းရတာတွေ ဖြစ်ခဲ့တာတွေ ခင်များတို့လည်း မှတ်မိမှာပါ။ အဲဒီတော့ ဒီလိုကိစ္စကို ကြောင့်ကြမှုမရှိဘဲနဲ့ နိုင်နှင်းစွာ ထိန်းသိမ်းမှ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးအလားအလာတွေ၊ စီးပွားရေးအလားအလာတွေကို ဆက်ထိန်းနိုင်မယ်လို့ ကျနော်တို့ ယူဆလို့ ကြေညာချက်မှာ အဲဒီအတိုင်း ပြောထားတာ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အစောက ဦးခင်မောင်ဆွေ ပြောတဲ့အထဲမှာ အမေရိကန်နိုင်ငံမှာ လိုအပ်လို့ရှိရင် state တပ်တွေ မနိုင်လို့ရှိရင် ပြည်ထောင်စု အမေရိကန်တပ်မတော်က ဝင်ထိန်းတယ်ဆိုတဲ့ အချက်မျိုးနဲ့ ပတ်သက်ပြီး ကျနော်ပြောချင်ပါတယ်။ အထူးသဖြင့် ဒီလို အခြေအနေမျိုးတွေဟာ အခုလို လူထုအတွင်း ပဋိပက္ခတွေကို ဖြေရှင်းတဲ့ အခြေအနေမျိုး မဟုတ်ဘဲနဲ့ များသောအားဖြင့် ကျနော် လေ့လာသလောက်တော့ စစ်တပ်ရဲ့ ဒါမှမဟုတ် အရံတပ်ဖွဲ့တွေရဲ့ ဝင်ရောက်ပါဝင်မှုဟာ အရေးပေါ် အထူးသဖြင့် သဘာဝဘေးဒဏ်တွေ ကာကွယ်တဲ့ကိစ္စ၊ ငလျှင်၊ မုန်းတိုင်းဒဏ် ကာကွယ်တဲ့ကိစ္စတွေ၊ ကယ်ဆယ်ရေးကိစ္စတွေမှာ ဝင်လုပ်ပေးတာပဲ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အများသိကြတဲ့အတိုင်းပဲ စစ်တပ်ဆိုတာက စည်းနဲ့ကမ်းနဲ့ ဝိုင်းဝန်ပြီးတော့ လုပ်ဆောင်နိုင်အောင် စနစ်တကျ လေ့ကျင့်ထားတဲ့ အဖွဲ့အစည်းဆိုတော့ သူတို့ရဲ့ ကူညီမှုတွေက လူထုအတွက် ပိုပြီးတော့ ထိရောက်မှုရှိတဲ့အတွက်ကြောင့် စစ်တပ်အနေနဲ့ ဝင်ရောက်ဝင်ပါကြတဲ့ သဘောပါ။ တရုတ်နိုင်ငံမှာလည်း ငလျှင်ဖြစ်တော့ ဒီလိုပဲပါဝင်ကြပါတယ်။ ဒါပေမဲ့ ဒီလို လူထုအတွင်း ပြဿနာ၊ လူထုအဓိကရုဏ်းတွေကို နှိမ်းနှင်းဖို့ရာ စစ်တပ်တဲ့ပါဝင်တယ်ဆိုတဲ့ အစဉ်အလာကိုတော့ တော်တော်များများက ဆန့်ကျင်ကြတယ်ဆိုတဲ့ သဘောကိုတော့ ကျနော် တွေ့ရပါတယ်။ အဲဒီတော့ ဒီကိစ္စဟာ ဗမာပြည်မှာ အစဉ်အလာသဘောမျိုး ဖြစ်သွားမှာကိုရော မစိုးရိမ်သင့်ဘူးလား။

ဦးခင်မောင်ဆွေ ။ ။ ကျနော်တို့ နိုင်ငံမှာ အစဉ်အလာသဘောမျိုး ဖြစ်လာတာ ကြာပါပြီ။ အခုမှ ကြောင့်ကြပြီးတော့ စစ်တပ်လည်း လာမထိန်းနဲ့၊ ရဲနဲ့ပဲ ထိန်းမယ်ဆိုလို့ရှိရင် ရှိနေတဲ့ ပဋိပက္ခက ကြာရှည်သွားမှာ။ ကျနော်တို့နိုင်ငံက အမေရိကန်နိုင်ငံလို၊ ဗြိတိန်နိုင်ငံလို၊ ဥရောပနိုင်ငံတွေလည်း ဖွံ့ဖြိုးပြီးနိုင်ငံလည်း မဟုတ်သေးဘူး။ ဒီမိုကရေစီ အသားကျနေတဲ့နိုင်ငံလည်း မဟုတ်သေးဘူး။ အဲဒီတော့ တပ်ရဲ့ ပါဝင်မှုကတော့ အတိုင်းအတာတော့ ရှိနေကောင်း ရှိနေမှာပါ။ မနိုင်ဘဲနဲ့ တပ်မပါနဲ့ဆိုပြီး တသမတ်တည်း ဖြစ်နေရင်လည်း အမျိုးသားအကျိုးစီးပွားနဲ့ အမျိုးသားလုံခြုံရေး။ လုံခြုံရေးဆိုတာ ကာကွယ်ရေးတင်မကပါဘူး စီးပွားရေး၊ ယဉ်ကျေးမှု၊ သဘာဝဘေးဒဏ်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဆူနာမီ အစရှိတဲ့ ဒါမျိုးတွေကိုပါ ဝင်ရောက်ကိုင်တွယ်ဖို့ တပ်လိုရှိနေတဲ့ အဖွဲ့ကသာလျှင် ကိုင်တွယ်ဖို့ ပိုပြီးမြန်ဆန်ထိရောက်မယ်လို့ ယူဆလို့ ကိုလိုနီခေတ်ကလည်း aid to civil ဆိုပြီး ဝင်ကြတဲ့အပိုင်းတွေ ရှိပါတယ်။ ဒါကိုထောက်ပြီး ပြောတာပါ။ ခွဲခြားပြီးတော့ ဝင်သင့်တယ်၊ မဝင်သင့်ဘူးလို့ ပြောနေတာ မဟုတ်ဘူး။ မြန်မြန်ဆန်ဆန်ပြီးဖို့အတွက် လိုအပ်တာကိုပဲ ကျနော် ထောက်ပြနေတာပါ။ သဘောကတော့ တိုင်းပြည်မှာ ကြာကြာကြီး အသက်အိုးအိမ်စည်စိမ်တွေ ပျက်စီးနေတာကို ကျနော်တို့ မကြည့်ချင်ပါဘူး။ နောက် အခုလို အခြေအနေအခါကြီးမှာ တိုင်းပြည်အတွက် အမျိုးသားအကျိုးစီးပွားကို ပျက်စီးမယ့်ဟာမျိုး၊ အမျိုးသားလုံခြုံရေးကို ထိပါးမယ့်ဟာမျိုးကိုတော့ လက်ပိုက်ကြည့်နေမယ့်အစား တပ်ကပဲ ဝင်လို့ရမယ်ဆိုရင်လည်း ဝင်ပါစေ။ ဒါပေမဲ့ တပ်က အုပ်ချုပ်မယ့်ဟာမျိုးကိုတော့ ကျနော်တို့ ဆန့်ကျင်မှာပါ။

ဦးသန်းလွင်ထွန်း ။ ။ အဲဒါက အာဏာပိုင်တွေအပိုင်း။ လက်တွေ့အားဖြင့် လူထုထဲမှာကော - အခုကိစ္စက သာမန်အရပ်သူအရပ်သားအချင်းချင်း ဖြစ်ခဲ့တဲ့ကိစ္စ။ ဥပဒေအကြောင်းအရ ကိုင်တွယ်ဖြေရှင်းလိုက်လို့ရှိရင် ဖြစ်မယ်ကိစ္စကို ဥပဒေကို ကိုယ်လက်ထဲကိုယ်ဆွဲယူပြီးတော့ အလွန်အကျူးတုန့်ပြန်ကြတဲ့၊ လှုံဆော်ကြတဲ့ လူမျိုးရေးပဋိပက္ခဆောင်သွားအောင် လုပ်ကြတဲ့ အနေအထားဆိုတော့ လူထုရဲ့ သဘောထားတွေ ပြောင်းလဲလာအောင် ဦးခင်မောင်ဆွေတို့ရဲ့ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ ဘာတွေများ လုပ်ပေးဖို့ဆန္ဒရှိသလဲ။

ဦးခင်မောင်ဆွေ ။ ။ လူထုရဲ့ mindset တွေ ပြောင်းဖို့ကိုတော့ ပကတိအခြေအနေကတော့ အတော်လေးခက်တယ်။ ဒီနိုင်ငံမှာဖြစ်ခဲ့တဲ့ နှစ်ပေါင်း (၆၀) ကျော်လောက် ဖြစ်လာခဲ့တဲ့အပိုင်းမှာ ကျနော်တို့ အခုထက်ထိ ဒါကိုပြတ်ပြတ်သားသားနဲ့ အဆင်ပြေအောင် ကိုင်တွယ်နိုင်ခြေမရှိသေးပါဘူး။ နိုင်ငံတကာကလည်း လူ့အခွင့်အရေးကို ကြည့်ရမယ်။ နိုင်ငံသားအခွင့်အရေးတွေ ပေးရမယ်ဆိုတဲ့ ဒီလို ဝင်ရောက်ပြောဆိုမှုတွေ ရှိနေတဲ့အပိုင်းမှာ နိုင်ငံတော်အစိုးရကဖြစ်ဖြစ်၊ နိုင်ငံရေးပါတီတွေကဖြစ်ဖြစ် ဒါတွေကို ကိုင်တွယ်ပြောဆိုတဲ့အခါမှာ အများကြီးသတိထားရတဲ့အပိုင်းတွေ ရှိပါတယ်။ အဲဒီတော့ သာမန်ပြည်သူတွေထဲမှာတော့ ဒီလို နိုင်ငံရေးနဲ့ ထိဆက်တဲ့အပိုင်းက နည်းတဲ့အခါကြတော့ လူမျိုးရေးမုန်းတီးမှုတို့၊ ဘာသာရေးရှုထောင့်က ကြည့်တာမျိုးတွေကနေ ဒါတွေကတော့ မသင့်တော်ဘူး။ ငါတို့ကိုချပြီ။ ထိရင်တော့ ချမှာပဲဆိုတဲ့ အမြင်မျိုးတွေ စိမ့်ဝင်နေတဲ့ဟာကို လွယ်လွယ်ကူကူ ဖြေရှင်းဖို့တော့ မလွယ်ဘူး။ အချိန်ယူပြီးတော့ ဒါကို ပညာပေးရမယ်။ သတင်းမီဒီယာတွေရဲ့ တာဝန်တွေလည်း အများကြီးရှိပါတယ်။ နောက်တခါ ကျနော်တို့ မသိနိုင်တဲ့ instigation ဘယ်သူတွေ instigate လုပ်တယ်လို့တော့ မပြောချင်ပါဘူး။ သေချာတဲ့အခန်းကဏ္ဍကလည်း မသိပါဘူး။ အဲဒီတော့ တခုခုဖြစ်ရင် ပွဲဆူအောင် ဝင်ပြီးတော့ လုပ်ချင်တဲ့ဟာမျိုးတွေလည်း ရှိကောင်းရှိနိုင်တယ်။ ဒါတွေကို ရှင်းလင်းဖို့ကိုတော့ ကျနော်တို့လည်း မတတ်နိုင်ဘူး။ အာဏာပိုင်အဖွဲ့အစည်းက အခုနပြောသလို pre-caution ယူပြီး ကြိုတင်တားဆီးမယ်ဆိုရင်တော့ ဘယ်လောက်ပဲ instigate လုပ်ချင်တယ်၊ ဘယ်လောက်ပဲ ပွဲဆူအောင်လုပ်ချင်တဲ့ လူတွေရှိနေပေမယ့် ဒါကိုတော့ အချိန်မီ တားဆီးကာကွယ်နိုင်လိမ့်မယ်လို့ ယူဆလို့ နှောင့်နှေးကြောင့်ကြာမှုတခုကလျှင် အရင်းအမြစ်တခုဖြစ်တယ်လို့ ထိန်းထိန်းသိမ်းသိမ်း ဝေဖန်ထားတာဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ လူထုရဲ့ စည်းကမ်းနဲ့ ဥပဒေအပိုင်းကို လေးစားမှုအပိုင်းမှာ ကျနော်တို့အမြင် လေ့လာရသလောက်တော့ ဟိုတချိန်တုန်းကဆိုရင် ကျနော်တို့ကျောင်းတွေမှာ ကျောင်းမှာ အင်မတန် စည်းကမ်းကြီးတဲ့ ကျောင်းအုပ်ကြီးတယောက်နဲ့ နေခဲ့ရဘူးပါတယ်။ ကျောင်းအုပ်ကြီးက စည်းကမ်းကြီးတဲ့အပြင် ကြိမ်လုံးနဲ့လည်း ရိုက်တတ်တယ်။ အဲဒီအခါကြတော့ တော်ရုံတန်ရုံ စည်းကမ်းကိုတော့ စည်းကမ်းအနေနဲ့ လိုက်နာတာ မဟုတ်ဘဲနဲ့ ကြိမ်လုံးကို ကြောက်နေတဲ့သဘောမျိုး ဖြစ်နေတယ်။ အဲဒီတော့ ဗမာပြည်မှာဆိုရင်လည်း လူထုအနေနဲ့ ဥပဒေစိုးမိုးရေးနဲ့ ဥပဒေကို လေးစားရေးဆိုတာထက် စစ်တပ်ရဲ့ ကိုင်တွယ်မှုကို ကြောက်လို့ ငြိမ်နေကြမယ်ဆိုတဲ့ သဘောမျိုး ဖြစ်မသွားနိုင်ဘူးလား။

ဦးခင်မောင်ဆွေ ။ ။ တရားဥပဒေ စိုးမိုးရေးဆိုတာက တကယ်တော့ တရားစီရင်ရေးအပိုင်းက ကိုင်တွယ်တဲ့ကိစ္စ ဖြစ်ပါတယ်။ ငြိမ်ဝပ်ပိပြားရေးကတော့ အုပ်ချုပ်ရေးအပိုင်းက ကိုင်တွယ်တာဖြစ်ပါတယ်။ အဲဒီတော့ တရားစီရင်ရေးပိုင်က ကိုင်တွယ်တဲ့ တရားဥပဒေ စိုးမိုးရေးကတော့ တရားရုံးအဆင့်ဆင့်ကနေ မှန်မှန်ကန်ကန် ကိုင်တွယ်ဖြေရှင်းတဲ့အပိုင်းကို ဆိုလိုတာဖြစ်ပါတယ်။ ဒီနိုင်ငံမှာကတော့ နှစ်ပေါင်းများစွာ ဖိနှိပ်ခံနေရတဲ့အခါကြတော့ လူထုတွေက မတရားတာမြင်တဲ့အခါမှာ ထပြီးပြောချင်တာတွေက ရင်ထဲမှာ အပြည့်အသိပ်ရှိနေပါတယ်။ အခုနကိစ္စလို ဖြစ်လာတဲ့ဟာကို နိုင်ငံတော်အစိုးရသော်လည်းကောင်း၊ လူမှုအဖွဲ့အစည်းတွေကသော်လည်းကောင်း၊ နိုင်ငံရေးပါတီတွေကသော်လည်းကောင်း ထိထိရောက်ရောက် မကိုင်တွယ်နိုင်ခဲ့တဲ့အခါမှာ သူတို့ရင်ထဲမှာ မကျေနပ်ချက်တွေက ရှိခဲ့ကြတယ်။ ရှိတာတွေက အခုအခါမှာ ပွင့်အန်ပြီးတော့ ထကြွလာနိုင်တဲ့ အနေအထားတခု ပေါ်လာတဲ့အခါမှာ ဒီလိုအခြေအနေမျိုးကို ရောက်လာတာပါ။ အဲဒါကိုတော့ တရားဥပဒေစိုးမိုးရေးဆိုပြီး တရားရုံးတွေက ကိုင်တွယ်လို့ မရပါဘူး။ ငြိမ်ဝပ်ပိပြားအောင် အုပ်ချုပ်ရေးအာဏာကသာ တရားစက်နဲ့သော်လည်းကောင်း၊ ဓမ္မစက်နဲ့သော်လည်းကောင်း ကိုင်တွယ်ပြီး ငြိမ်ဝပ်သွားအောင် လုပ်နိုင်မှ ပထမအဆင့်ကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ ဒုတိယအဆင့်ကတော့ အခုနပြောခဲ့တဲ့ instigate လုပ်တဲ့။ ဆူပူလှုံဆော်အောင် လုပ်ချင်တဲ့ အပိုင်းအစတွေရှိရင်လည်း တရားစီရင်ရေးအာဏာနဲ့ တရားဥပဒေစိုးမိုးအောင် မှန်မှန်ကန်ကန် တရားရုံးတွေက ကိုင်တွယ်ရမယ်။ မှန်မှန်ကန်ကန် ဖမ်းဆီးချုပ်နှောင်းမှုတွေကလည်း မှန်မှန်ကန်ကန် လူကိုရှာပြီးတော့ အမှုရပြီးရောဆိုပြီးတော့ မဟုတ်ဘဲနဲ့ တကယ် တရားခံတွေကို ရှာပြီးတော့ ရုံတင်နိုင်အောင်လုပ်ပြီး တရားဥပဒေစိုးမိုးရေးအောက်ကို ရောက်ရမှာပါ။ တတိယအချက်ကတော့ တရားဥပဒေ စိုးမိုးရေးကို ပြည်သူတွေ လိုက်နာဖို့ဆိုတာကတော့ ကျနော်တို့ တိုင်းပြည်မှာ တော်တော်ကိုခက်နေတဲ့ အဆင့်ဆင့်က တရားဥပဒေစိုးမိုးရေး ဘောင်အပြင်ကို ရောက်နေတဲ့အခါကြတော့ ဒါတွေကို ကျနော်တို့ ပြန်လည်ပြင်ဆင်နိုင်ဖို့ဆိုတာက ဆယ်စုနှစ်လောက် သွားရအုံးမယ်လို့တော့ ကျနော်ယူဆပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခုလက်ရှိ ဖြစ်သွားခဲ့တဲ့ ဖြစ်နေခဲ့တဲ့ အခြေအနေတွေကို ကြည့်ရမယ်ဆိုရင် နိုင်ငံတကာအလယ်မှာ မြန်မာပြည်မှာ ဖြစ်နေတဲ့ကိစ္စက ပြောရမယ်ဆိုရင်တော့ တော်တော်လေး ရှက်စရာကောင်းတဲ့ အနေအထား။ လူမျိုးရေးမုန်းတီးမှု အခြေခံနဲ့ တယောက်နဲ့တယောက် သတ်ဖြတ်တဲ့အဆင့်၊ အိမ်တွေမီးရှို့တဲ့အဆင့်တွေကို ရောက်နေကြတယ်ဆိုတာ ဗုဒ္ဓဘာသာအများစုနေတဲ့ နိုင်ငံတခုအနေနဲ့ ဒီလိုလာဆိုတဲ့ လက်ညိုးထိုးပြီးတော့ မေးစရာ၊ ပြောစရာ အနေအထားမျိုး ရောက်နေပါတယ်။ လူမျိုးရေးမုန်းတီးမှုတွေဆိုတာ လူထုကြားထဲမှာ ရှိနေတယ်ဆိုတာ ငြင်းလို့မရတဲ့အချက်ပါ။ အဲဒီတော့ ဒီကိစ္စတွေကို ပပျောက်သွားအောင် အဓိက လုပ်ဆောင်ရမယ့်အချက်ကလေးကိုပဲ အတိုချုံးပြီးတော့ တချက်လောက်ပြောပြပေးပါ။

ဦးခင်မောင်ဆွေ ။ ။ လူမျိုးရေးမုန်းတီးမှုဆိုတာက ကျနော်က လူမျိုးတမျိုးကို မုန်းရမယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ သွားနေတာကို ဆိုလိုတာမဟုတ်ပါဘူး။ ဖြစ်ခဲ့တဲ့ ကြုံတွေ့ခဲ့ရတဲ့ လူတွေရဲ့ လက်ရှိ incident တွေ။ ဖြစ်ခဲ့တဲ့ ကာယကံရှင်တွေ၊ နှစ်ဖက်ကာယကံရှင်တွေ သူတို့နှစ်အုပ်စုက ဖြစ်လာတဲ့ကိစ္စတွေကနေ ထွက်လာတဲ့ စိတ်ခံစားမှုတွေဟာ ပြည်သူလူထုကြားထဲမှာ ပြန့်နံှနေတယ်။ ပြန့်နှံနေတဲ့ စိတ်ထဲမှာရှိတဲ့ ခံပြင်းမှုတွေကို ကျနော်က လူမျိုးရေး မုန်းတီးမှုလို့ ကျနော်က သုံးနှုန်းသွားတာပါ။ အမှန်မှာတော့ ဖြစ်ခဲ့တဲ့ မြန်မာပြည်တဝှမ်းမှာ ရန်ကုန်၊ ရခိုင်မှာ ဖြစ်ခဲ့တဲ့ ဒီလို စိတ်ထဲမှာရှိတဲ့ ခံပြင်းမှုတွေက ဖြေသိမ့်နိုင်လောက်အောင် အာဏာပိုင်တွေ၊ နိုင်ငံရေးပါတီတွေ၊ တခြားအဖွဲ့အစည်းတွေ၊ လူမှုရေးအဖွဲ့အစည်းတွေက ပြီးပျောက်အောင် မလုပ်နိုင်ဆောင်သေးပါဘူး။ အချိန်ယူရအုံးမှာပါ။ ဒါတင်မက ပြည်ပကနေ၊ နိုင်ငံတကာကနေ ဒီကိစ္စတွေကို အပြင်ကလာပြီးတော့ ဟိုဟာလုပ်ပေးပါ၊ ဒီဟာလုပ်ပေးပါ၊ ဥပဒေတွေ ပြင်ပေးပါ။ ဒါမျိုးတွေ ပြောနေတဲ့ကိစ္စတွေကလည်း တိုင်းရင်းသားအမြင်ကကြည့်ကြည့်၊ နိုင်ငံသားအမြင်ကပဲကြည့်ကြည့်၊ အချုပ်အခြာအာဏာဘောင်ထဲကကြည့်ကြည့် ဒါတွေက ခံစားနေကြရတဲ့ စိတ်ခံစားချက်တွေကို ပိုပြီးပြင်းထန်အောင် ဆွပေးသလို ဖြစ်စေတဲ့အခါ ထွက်ပေါက်ရှိတဲ့အခါမှာ ပေါ်လာတဲ့အတွက်ကြောင့်မို့ ဒါကိုလူမျိုးရေး မုန်းတီးမှုလို့ လွယ်လွယ်ပဲပြောလိုက်တာပါ။ တကယ်တော့ စိတ်ပြင်းခံစားမှုတွေ ဖြစ်နေပါတယ်။ စိတ်ခံစားမှုတွေကို ဖြေသိမ့်နိုင်အောင် နှစ်ဖက်သောဖြစ်နေတဲ့ လူတွေရဲ့ behavior ကောင်းမွန်စွာ ကျင့်ကြံအားထုတ်ပြီးတော့ ပြည်တွင်းကိစ္စကို ပြည်တွင်းမှာပဲ ချွေးသိပ်ဖြေရှင်းသွားနိုင်မယ်ဆိုရင်တော့ နောက်ဆုံးတရက်မှာတော့ အဆင်ပြေသွားလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ ထာဝရအဆင်ပြေဖို့တော့ ဆယ်စုနှစ်တစုမက ကြာဖို့အကြောင်းရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ NDF ခေါ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေ ကို ဆက်သွယ်မေးမြန်းခဲ့တာပါ။
XS
SM
MD
LG