သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မတည်ငြိမ်၊ မငြိမ်းချမ်းသေးတဲ့ ပြည်မြန်မာအရေး


Sa'adatu Muhammaed Fawu
Sa'adatu Muhammaed Fawu
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ ကချင်ပြည်နယ်မှာ မငြိမ်နိုင်သေးတဲ့ ပြည်တွင်းစစ်ကြောင့် တိုင်းရင်းသားပြည်သူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်နေကြရပြီးတော့ ဒုက္ခသည်စခန်းတွေမှာ အခုအချိန်အထိ ခိုလှုံနေရဆဲဖြစ်တယ်လို့ ထိုင်းအခြေစိုက် ကချင်အမျိုးသမီးအဖွဲ့ KWAT ရဲ့ အတွင်းရေးမှုး က ပြောပါတယ်။ ဒါ့အပြင် အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီးလို့ ကေအိုင်အို - ကချင်လွတ်မြောက်ရေးအဖွဲ့ရဲ့ သဘောထားဟာ ကချင်ပြည်သူတွေကို ကိုယ်စားပြုတယ်လို့ က ဆိုပါတယ်။ နယူးရော့ခ်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ ကုလသမဂ္ဂ သံတမန်အရာရှိတွေနဲ့ တွေ့ဆုံတင်ပြခဲ့တဲ့ ကို မအင်ကြင်းနိုင် က တွေ့ဆုံမေးမြန်းပြီး တင်ပြထားပါတယ်။

မအင်ကြင်းနိုင် ။ ။ ကချင်အမျိုးသမီးအဖွဲ့အစည်းအနေနဲ့ အမေရိကန်ပြည်ထောင်စုက နယူးရော့ခ်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကို လာပြီးတော့ နိုင်ငံတကာ သံတမန်တွေနဲ့ တွေ့ပြီးတော့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေ။ အထူးသဖြင့် လူ့အခွင့်အရေးအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ သံတမန်တွေနဲ့ တွေ့ဆုံတင်ပြခဲ့တဲ့အကြောင်း အဲဒါကို အဓိက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဘာတွေတင်ပြကြပါသလဲရှင့်။

Seng Shadan ။ ။ အဓိကတော့ ကျမတို့ နိုင်ငံတကာအသိုင်းအဝိုင်းကို ကျမတို့ တင်ပြချင်တာကတော့ ကျမတို့နိုင်ငံဟာ တကယ်ပဲ အဆင်မပြေနေသေးဘူးဆိုတဲ့အကြောင်း။ နိုင်ငံတကာအသိုင်းအဝိုင်းက မျှော်လင့်ထားသလို အားလုံးက ကောင်းနေသေးတဲ့ မဟုတ်ဘူးဆိုတဲ့အကြောင်းကို အဓိက တင်ပြတယ်။ အထူးသဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှု။ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ စစ်ပွဲ။ စစ်ပွဲတွေကလည်း မရပ်နေသေးဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း များနေသေးတယ်။ နောက်ပြီးတော့ နယ်မြေ၊ လယ်ယာမြေသိမ်းတဲ့ကိစ္စတွေလည်း ကြီးထွားနေဆဲဖြစ်တယ်ဆိုတဲ့အကြောင်းကို အဓိက ထောက်ပြခဲ့ပါတယ်။

မအင်ကြင်းနိုင် ။ ။ အဲဒီတော့ တဖတ်မှာလည်း အခုအချိန်မှာ မြန်မာအစိုးရ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ မြန်မာအစိုးရက နိုင်ငံအတွင်း ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတာကို နိုင်ငံတကာအသိုင်းအဝိုင်းကလည်း အသိအမှတ်ပြု ထုတ်ဖော်ပြောဆိုတာတွေ ရှိတယ်။ ရှိတော့ ဒီလို အခြေအနေတွေကို တင်ပြတဲ့အခါမှာ သူတို့ရဲ့ နိုင်ငံတကာသံတမန်တွေရဲ့ တုံ့ပြန်ချက်တွေကို ဘယ်လိုတွေ့ရပါသလဲ။

Seng Shadan ။ ။ နိုင်ငံတကာသံတမန်တွေကတော့ ဖြစ်နိုင်ရင် ပြဿနာကို မကြားချင်တော့ဘူးပေါ့။ သူတို့က ဘယ်လိုပဲဖြစ်ဖြစ် တချို့ကိစ္စတွေ ပြင်ဖို့ဆိုတာကို သိနေရင်တောင် အကောင်းဖက်ကိုပဲ သွားချင်တယ်။ ကချင်ကိစ္စကို ကျမတို့ တင်ပြတဲ့အခါမှာ သူတို့ရဲ့ စိတ်ဝင်စားမှုတွေ အရမ်းလျော့ကျသွားတာကိုတော့ ကျမတို့ တွေ့ရတယ်။ ဒါပေမဲ့ ကြိုးစားပြီးတော့ ကျမတို့ တင်ပြတာက ကျမတို့ မကောင်းတာပြောတာ မဟုတ်ဘူး။ တကယ့် လက်တွေ့အခြေအနေမှာ ဒီကိစ္စတွေက ဖြစ်နေသေးတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ သတ်ဖြတ်မှုတွေ၊ မုဒိန်းကိစ္စတွေလည်း ကြီးထွားနေဆဲ နောက်ပြီးတော့ စစ်ပွဲတွေကလည်း မကြာခဏ ဖြစ်နေတဲ့အပေါ်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး တခုတခု စဉ်းစားမယ်ဆိုလို့ရှိရင်။ ရင်းနှီးမြှုပ်နံှမှုပဲဖြစ်ဖြစ်၊ အစိုးရအချင်းချင်းကြားက ဆက်ဆံဆက်သွယ်ရေးကိစ္စပဲ စဉ်းစားတဲ့အချိန်မှာ ဒီအချက်အလက်တွေကို ထည့်သွင်းစဉ်းစားပေးဖို့ ဒီဟာကို အဓိက ထောက်ပြပါတယ်။

မအင်ကြင်းနိုင် ။ ။ စောစောက ပြောသွားတဲ့ နိုင်ငံတကာသံတမန်တွေနဲ့ တွေ့တဲ့အခါမှာ လူ့အခွင့်အရေး လှုပ်ရှားသူတွေအနေနဲ့ တင်ပြတယ်။ အဲဒီမှာ သူတို့ စိတ်ဝင်စားမှု နည်းနည်းလျော့သွားတယ်ဆိုတဲ့အပိုင်း။ အဲဒီအခါကြတော့ ဘယ်လိုမြင်သလဲ။ ကျမ မေးချင်တာက မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အခြေအနေမှန်တွေအပေါ်မှာ နိုင်ငံတကာသံတမန်တွေရဲ့ စိတ်ဝင်စားမှုက တကယ်ပဲ မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေက ထိရောက်နေပြီလို့ ထင်သလား။ လူ့အခွင့်အရေး လှုပ်ရှားသူတွေဖက်က ဘယ်လိုမြင်သလဲရှင့်။

Seng Shadan ။ ။ လူ့အခွင့်အရေး လှုပ်ရှားသူတွေဖက်ကတော့ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲက တကယ်ပဲ ထိရောက်တဲ့ ပြောင်းလဲမှုတော့ မဖြစ်နေသေးဘူးလို့ ကျမတို့က အဲဒီလိုမျိုး မြင်တဲ့အတွက် ဒီကိစ္စကို ပြောပြရတာဖြစ်တယ်။ တချို့ အထူးသဖြင့်တော့ အလယ်ပိုင်းဒေသ ရန်ကုန်လိုမျိုး မြို့ကြီးမှာတော့ မြင်နိုင်ပါတယ်။ လူတွေ ဆန္ဒပြမှု၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုတာတို့၊ ဆန္ဒပြတာတို့ကို တွေ့ရပါတယ်။ တပြိုင်နက်ထဲမှာ အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ပေးတာကို တွေ့ရပါတယ်။ ဒါပေမဲ့ နယ်တွေဖက်မှာ အထူးသဖြင့် ethnic area နယ်နိမိတ်တွေမှာ ဘာမှပြုပြင်ပြောင်းလဲမှုတွေ မရှိသေးဘူးပေါ့။ ပိုတောင်မှ ဆိုးဝါးလာတာတွေရှိတယ်။ အလုပ်လက်မဲ့ ပြဿနာတွေ၊ မူးယစ်ဆေးဝါးပြဿနာတွေ၊ မကြာခဏ တိုက်ပွဲဖြစ်တဲ့အတွက်ကြောင့်မို့ လူတွေစွန့်ခွါထွက်ပြေးကြပြီး ပိုပြီးတော့ camp တွေမှာ နေထိုင်နဲ့ လူဦးရေ အရေအတွက်တွေ များလာတယ်။ အဲဒီကိစ္စတွေကတော့ မပြောင်းလဲတဲ့အရာ၊ ဆိုးဝါးနေတဲ့အခြေအနေလို့ပဲ ပြောရမှာပါ။

မအင်ကြင်းနိုင် ။ ။ ကုလသမဂ္ဂမှာ ဘယ်နိုင်ငံတွေနဲ့ အဓိက တွေ့ဆုံခဲ့သလဲရှင့်။

Seng Shadan ။ ။ ဥရောပနိုင်ငံကြီးတွေနဲ့ တွေ့ဆုံတယ်။ ပြီးတော့ US သံတမန်၊ အစိုးရတွေနဲ့ တွေ့ဆုံတယ်။ နောက် ဂျပန်၊ ထိုင်းနိုင်ငံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

မအင်ကြင်းနိုင် ။ ။ အဲဒီတော့ စောစောကပြောတဲ့ ဂျပန် နဲ့ ထိုင်း။ အာရှနိုင်ငံက သံတမန်တွေနဲ့ တွေ့တဲ့အခါမှာ သူတို့ရဲ့ စိတ်ဝင်စားမှု မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဘာတွေ တွေ့ရပါသလဲရှင့်။

Seng Shadan ။ ။ ဂျပန်နိုင်ငံကတော့ အများကြီး စိတ်ဝင်စားပြီး နားလည်းနေတာကို တွေ့ရတယ်။ တွေ့ရပြီးတော့ သူတို့လည်း သူတို့စိတ်ထဲမှာ သူတို့အစိုးရကို စိတ်ပျက်မိတဲ့ကိစ္စတွေ ရှိသလို၊ ကျမတို့နိုင်ငံရဲ့ အစိုးရအပေါ်လည်း စိတ်ပျက်မိတဲ့အပိုင်းတော့ ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြုပြင်ပြောင်းလဲမယ်လည်း ပြောတယ်။ ရင်းနှီးမြှုပ်နံှမှုတွေလည်း အများကြီး ဝင်လာတဲ့ တပြိုင်နက်ထဲမှာ ဒီလိုမျီုး လူမျိုးစုနွှယ်တွေရဲ့ ကြားထဲမှာ ကြီးမားနေတဲ့ ပြဿနာအရင်းအမြစ်၊ နိုင်ငံရေးပြဿနာအရင်းအမြစ်၊ တိုက်ပွဲတွေရဲ့ အခြေအနေက မရပ်ဘဲနဲ့ ပိုမိုပြီး ဖြစ်နေတဲ့အပေါ်မှာ ပြောတဲ့လက်တွေ့နဲ့ တကယ်လုပ်ဆောင်နေတဲ့အရာက နည်းနည်းမဟုတ်ဘူး။ အများကြီး လွှဲချော်နေတဲ့ကိစ္စ။ ဆန့်ကျင်ဖက်ဖြစ်နေတဲ့ ကိစ္စအပေါ်မှာ စိတ်ပျက်မှုတွေ အများကြီးရှိတယ်။ ထိုင်းနိုင်ငံကတော့ သူက အများကြီး စိတ်ဝင်စားတာကတော့ ရိုဟင်ဂျာကိစ္စ။ အဲဒါကို အများကြီး စိတ်ဝင်စားပြီး မေးမြန်းသလိုရှိသလို။ အဓိက humanitarian aid ကိစ္စကို မေးတယ်။ တပြိုင်နက်ထဲမှာ သူက ပြန်ပြောတာက သူတို့ ထိုင်းနိုင်ငံအနေနဲ့ သူတို့နိုင်ငံမှာလည်း ရိုဟင်ဂျာ ဒုက္ခသည်တွေရှိပါတယ်။ ဒီဒုက္ခသည်တွေအပေါ်မှာ သူတို့အများကြီး အကောင်းဆုံဖြစ်အောင် ကူညီပံ့ပိုးနေတယ်ဆိုတဲ့အပိုင်းနဲ့ သူတို့ အစိုးရက ပိုစိတ်ဝင်စားတာကတော့ စီးပွားရေးရင်းနှီးမြှုပ်နံှမှုကို ပိုစိတ်ဝင်စားတဲ့အကြောင်းကို ထည့်သွင်းပြောသွားတယ်။

မအင်ကြင်းနိုင် ။ ။ အဲဒီတော့ ကုလသမဂ္ဂကို ကိုယ်တိုင်ရောက်လာပြီးတော့ သံတမန်တွေနဲ့ တွေ့ဆုံဆွေးနွေးချက်အရ ဒီနှစ် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို အဲဒီမှာပါတဲ့ အချက်တွေအပေါ်မှာ ဘာတွေမျှော်လင့်ထားသလဲရှင့်။ အပြောင်းအလဲတွေများ ဖြစ်နိုင်သလား။ အရင်အတိုင်းပဲ ရှိနိုင်မလား။

Seng Shadan ။ ။ တကယ်တမ်းကတော့ မနှစ်တုန်းက ဆုံးဖြတ်ချက်က နောက်ဆုံး ဆုံးဖြတ်ချက်လို့ သိရတယ်။ ဗမာပြည်နဲ့ ပတ်သက်လို့ ဒီနှစ်က နောက်ဆုံးထားတဲ့ သဘောထားဖြစ်မယ်။ ဒီနှစ်ထဲမှာကျတော့ သူတို့က ခက်မယ်လို့ ပြောပါတယ်။ သူတို့အတွက် အရမ်းအခက်အခဲ ရှိပါတယ်။ ဗမာပြည်ပေါ်မှာ ဆက်လက်ပြီး ကန့်သတ်ထားဖို့နဲ့ ဒီကိစ္စကို ဆက်ထားဖို့ resolution ကိစ္စမှာ ဆက်ထည့်ဖို့ကိစ္စက အခက်အခဲရှိတယ်လို့ ပြောတယ်။ အများကြီးလည်း ဆွေးနွေးရမယ်။ နောက်ပြီးတော့ နိုင်ငံတော်တော်များများက ဒီကိစ္စကို မလုပ်ချင်တော့ဘူးဆိုတဲ့ကိစ္စကို ပြောကြတယ်။ ဒါပေမဲ့ သေချာနေတာတခုကတော့ ရိုဟင်ဂျာကိစ္စကတော့ ပါမယ်။ တခြားကိစ္စကတော့ အများကြီး ပျော့ပျောင်းညင်းသာတဲ့ စကားအသုံးအနှုန်းပဲ ဖြစ်သွားနိုင်တယ်ဆိုတဲ့အကြောင်းကို ကျမတို့ကို ပြောပြတယ်။

မအင်ကြင်းနိုင် ။ ။ အဲဒီတော့ မြန်မာနိုင်ငံမှာ အခုပြောင်းလဲလာတဲ့ အခြေအနေအရ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက်လည်း ကချင်အမျိုးသမီးအဖွဲ့ကလည်း ပြင်ဆင်နေတယ်။ စိတ်ဝင်စားတယ်။ ဒီအတွက်လည်း ပြင်ဆင်မှုတွေ လုပ်နေတယ်ဆိုတော့ အခု ပြောင်းလဲလာတဲ့အနေအထားမှာ အမျိုးသမီးတွေရဲ့ နိုင်ငံရေးမှာပါဝင်တဲ့ အခန်းကဏ္ဍ။ အဲဒါကို တိုင်းရင်းသူအဖွဲ့အစည်းတွေဖက်က ဘယ်လိုမြင်သလဲ။ မြန်မာ့နိုင်ငံရေးမှာ အမျိုးသမီးတွေ ပါဝင်လာတဲ့အနေအထား။ တိုင်းရင်းသူအမျိုးသမီးတွေ။ အဲဒါတွေရဲ့ အခြေအနေကို ဘယ်လို သုံးသပ်ပါသလဲ။

Seng Shadan ။ ။ ဒါကတော့ သိပ်ကောင်းတဲ့ အလားအလာတခုပဲလို့ ကျမတို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလို အမျိုးသမီးတွေ မတူညီတဲ့ နောက်ခံသမိုင်းကြောင်း အခြေအနေက အမျိုးသမီးခေါင်းဆောင်တွေက ဒီခေါင်းဆောင်မှုအပိုင်း၊ နိုင်ငံတခုရဲ့ ခေါင်းဆောင်မှုအပိုင်းမှာ ဝင်ရောက်လာခြင်းအားဖြင့် တရားမျှတတဲ့ စနစ်တခုကို တည်ထောင်နိုင်မယ်လို့ ကျမတို့ မျှော်လင့်တယ်။ တပြိုင်နက်ထဲမှာ အမျိုးသမီးတွေရဲ့ အသံကို ပိုမိုထည့်သွင်းလာခြင်းဖြင့် အမျိုးသမီးတွေအတွက် နေလို့ပျော်တဲ့ နိုင်ငံတခု။ တရားမျှတတဲ့ တရားဥပဒေစနစ်တခု ပေါ်လာနိုင်မယ်လို့ ကျမ မျှော်လင့်တယ်။

မအင်ကြင်းနိုင် ။ ။ အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍ။ အခု မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးမှာ သူကိုယ်တိုင် လွှတ်တော်ထဲ ဝင်ပြီးတော့ လွှတ်တော်ကိုယ်စားပြု၊ လွှတ်တော်ကိုယ်စားလှယ်တဦးအနေနဲ့ မြန်မာ့နိုင်ငံရေးထဲမှာ ထဲထဲဝင်ဝင်နဲ့ ဆောင်ရွက်လှုပ်ရှားလာတဲ့အပိုင်းကို ကချင်အမျိုးသမီးတဦးအနေနဲ့ ဘယ်လို မြင်ပါသလဲရှင့်။

Seng Shadan ။ ။ နည်းနည်းတော့ ဖြေရခက်တယ်။ သူလည်း အတတ်နိုင်ဆုံး သူ့ဖက်က သူနိုင်တဲ့ နေရာကနေ ကြိုးစားနေတယ်လို့ ကျမ မြင်တယ်။ တပြိုင်နက်ထဲမှာ သူမှာလည်း အခက်အခဲ အများကြီး ရှိနေနိုင်မယ်လို့လည်း နားလည်းပေးတယ်။ အဲဒီအပေါ်မှာ ကျမတို့ ကချင်ကိစ္စကိုပဲ ဇောင်းပေးမယ်ဆိုရင်တော့ အားလျော့မိတယ့်အပိုင်းတွေတော့ ရှိတယ်။ ဒါပေမဲ့ နားလည်းပေးနိုင်ဖို့ ကြိုးစားရင်းနဲ့ အမျိုးသမီးခေါင်းဆောင်တယောက် ဘယ်လိုပဲဖြစ်ဖြစ်၊ ဘယ်လိုအနေအထားမှာဖြစ်ဖြစ် အကောင်းဆုံး တည်ဆောက်နိုင်ဖို့ အားသွန်ခွန်စိုက် ကြိုးစားနေပါတယ်လို့ ကျမ အဲဒီလိုပဲ မြင်မိတယ်။

မအင်ကြင်းနိုင် ။ ။ ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။ အခုလို VOA ကိုလာပြီး တွေ့ဆုံမေးမြန်းခွင့် ရတဲ့အတွက်။

Seng Shadan ။ ။ ကျေးဇူအများကြီး တင်ပါတယ်။
XS
SM
MD
LG