သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

US-ASEAN လုံခြုံရေးဆိုင်ရာ အစည်းအဝေးရောက် မြန်မာကာကွယ်ရေးဝန်ကြီး


အမေရိကန်ကာကွယ်ရေးဝန်ကြီးနှင့် အာဆီယံကာကွယ်ရေးဝန်ကြီးများ (ဧပြီ ၃၊ ၂၀၁၄၊ ဟာဝိုင်အီ) သတင်းဓာတ်ပုံ- ဦးရော်နီငြိမ်း
အမေရိကန်ကာကွယ်ရေးဝန်ကြီးနှင့် အာဆီယံကာကွယ်ရေးဝန်ကြီးများ (ဧပြီ ၃၊ ၂၀၁၄၊ ဟာဝိုင်အီ) သတင်းဓာတ်ပုံ- ဦးရော်နီငြိမ်း
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ နှစ်ပေါင်း (၄၈) အကြာမှာ မြန်မာကာကွယ်ရေးဝန်ကြီးတယောက်အနေနဲ့ အမေရိကန်ပြည်ထောင်စုကို တရားဝင်ဖိတ်ကြားခံခဲ့ရတဲ့ ဒုတိယဗိုလ်ချုပ်ကြီးဝေလွင် ဟာ ပထမဦးဆုံးခရီးစဉ်အဖြစ်နဲ့ ဟာဝိုင်ရီပြည်နယ်ရောက်ရှိခဲ့ပါတယ်။ ဧပြီလ (၂-၃) ရက်အတွင်း ကျင်းပခဲ့တဲ့ ဟာဝိုင်ရီပြည်နယ် မှာ ကျင်းပခဲ့တဲ့ အမေရိကန်-အာဆီယံ ကာကွယ်ရေးဝန်ကြီးများ လုံခြုံရေးရာ နှီးနှောဖလှယ်ပွဲကို မြန်မာနိုင်ငံကိုယ်စား ဦးဆောင်တက်ရောက်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးဝေလွင် ကို ဗွီအိုအေဝိုင်းတော်သား ကိုရော်နီညိမ်း က သီးသန့်တွေ့ဆုံမေးမြန်း တင်ပြထားပါတယ်။

ဒု-ဗိုလ်ချုပ်ကြီးဝေလွင် ။ ။ နှစ်ပေါင်းများစွာကြာပြီးမှ ကျနော်တို့ ရောက်ရှိလာတဲ့အတွက် လှိုက်လှိုက်လှဲလှဲနဲ့ ကြိုဆိုတာလည်း တွေ့ပါတယ်။ တဖတ်ကလည်း ကျနော်တို့ မြန်မာနိုင်ငံက အာဆီယံအိမ်ရှင်နိုင်ငံဖြစ်တဲ့အတွက် နေရာပေးတဲ့နေရာမှာလည်း မြန်မာနိုင်ငံကို အာဆီယံအိမ်ရှင်နိုင်ငံအနေနဲ့ favor ပေးတာလည်း တွေ့ပါတယ်။ နေရာချတာ၊ နေရာပေးတာလေးတွေက မြန်မာကို ဦးစားပေးပြီးတော့ သူတို့ဆောင်ရွက်တာ ဘာပဲပြောပြော ကျနော်တို့ကို နွေးထွေးစွာ ကြိုဆိုတယ်ဆိုတဲ့ဟာ ပေါ်လွှင်ထင်ရှားတယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်။ ံ

ဦးရော်နီညိမ်း ။ ။ ဒီနှစ်ရက်မှာ ဝန်ကြီးတွေထဲက လုံခြုံရေးဆိုတဲ့ကိစ္စမှာ အဓိက လူသားချင်းစာနာတဲ့ အထောက်အပံ့တွေပေးဖို့၊ သဘာဝဘေးအန္တရာယ်တွေ ကျရောက်တဲ့အချိန်မှာ ကယ်ဆယ်ပေးနိုင်ဖို့ အမေရိကန်စစ်တပ်ရဲ့ စွမ်းပကားနဲ့ အရှေ့တောင်အာရှဒေသအတွင်းမှာ တတ်နိုင်သလောက် သူတို့လုပ်ပေးချင်တယ်။ သူတို့ လုပ်နိုင်တယ်ဆိုတဲ့အနေအထားကို ပြသချင်လို့ ဟာဝိုင်ရီကို ဖိတ်ခေါ်တယ်ဆိုတဲ့ သဘောထားမျိုး ကျနော်တို့ တွေ့ရပါတယ်။ အဲဒီတော့ ဗိုလ်ချုပ်ကြီးရဲ့ ပါဝင်ဆွေးနွေးမှု (သို့မဟုတ်) သူတို့မေးမြန်းမှုစသဖြင့် ဒီအတွေ့အကြုံတွေကို အကျဉ်းချုပ်ပြီး ပြောပြပေးပါ။ ဒီနှစ်ရက် အစည်းအဝေး အတွေ့အကြုံပါ။

ဒု-ဗိုလ်ချုပ်ကြီးဝေလွင် ။ ။ ဧပြီလ (၂) ရက်နေ့ကတော့ အခုန ကိုရော်နီ ပြောတဲ့အတိုင်းပါပဲ humanitarian assistance and disaster relief ဒီဟာကို ကျနော်တို့ roundtable အနေနဲ့ ဆွေးနွေးပါတယ်။ အဲဒီဟာ အဓိက ဆွေးနွေးတာတော့ သူတို့ဆီက USAID – US Agency for International Development က ကြီးမှုးပြီးတော့ ခေါင်းစဉ် (၃) ခုကို အခြေတည်ပါတယ်။ ပထမခေါင်းစဉ်တခုကတော့ whole of government approach during disaster response - သဘာဝဘေးအန္တရာယ်တွေ ကျနော်တို့ ကြုံတွေ့လာတဲ့အချိန်မှာ သက်ဆိုင်ရာနိုင်ငံအသီးသီးရဲ့ အစိုးရတွေရဲ့ response တွေ ဘယ်လိုဖြစ်သလဲဆိုတဲ့ အချက်တွေပေါ်မှာ သူတို့ မူတည်ပြီး ဆွေးနွေးပါတယ်။ ဒုတိယတချက်ကတော့ role of non-military actor during disaster response မှာ ဒီကာလအတောအတွင်းမှာပဲ ကျနော်တို့ non-military actor တွေအနေနဲ့ ပါဝင်ဆောင်ရွက်နိုင်မှု။ ဒီဟာကို ကျနော်တို့ ဦးတည်ပါတယ်။ နောက် နံပတ် (၃) ဆွေးနွေးချက်ကတော့ regional opportunities and challenges - ဒီခေါင်းစဉ် (၃) ခု သတ်မှတ်ပြီးတော့ သူတို့ဆီက ပညာရှင်တွေ။ နောက် UN က အဖွဲ့အစည်းက တာဝန်ရှိတဲ့လူတွေ တော်တော်များများ ပြည့်ပြည့်စုံစုံနဲ့ လာပြီးတော့ ဆွေးနွေးတာကို တွေ့ပါတယ်။

ဦးရော်နီညိမ်း ။ ။ အမေရိကန်ကာကွယ်ရေးဝန်ကြီးတွေမကဘဲ ပုလဲဆိပ်ကမ်းမှာ ဆူနာမီတို့ဘာတို့ကို တိုင်းတာကြည့်ရှုဖို့အတွက် Oceanology အဏ္ဏဝါဗေဒဆိုင်ရာ လေ့လာရေး အမေရိကန်စီးပွားကူးသန်းဝန်ကြီးဌာနအောက်က EINO.... Center မှာ တည်ထောင်ထားပြီးတော့ အဲဒီ စင်တာမှာပဲ ဗိုလ်ချုပ်ကြီးတို့ ဆွေးနွေးပွဲလုပ်တာကို ကျနော်တို့ တွေ့ရပါတယ်။

ဒု-ဗိုလ်ချုပ်ကြီးဝေလွင် ။ ။ ကျနော်တို့ သွားပြီးတော့ ကြည့်တဲ့အခါမှာတော့ Pacific Command ရဲ့ အဓိကသဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး၊ ရှာဖွေရေး ဆောင်ရွက်နေမှုတွေ။ နောက် HADR လုပ်ငန်းစဉ်တွေ။ ဒါတွေကို ထိရောက်ဖို့အတွက်တော့ အခုန ကိုရော်နီ ပြောတဲ့ နေရာကတော့ နည်းပညာပိုင်း ပံ့ပိုးတဲ့နေရာပါ။ သူတို့ ဆောင်ရွက်နေတဲ့ အနေအထားမှာလည်း သင်္ဘောတွေ၊ ကုန်သွယ်ရေး South China Sea တောင်အာရှမှာ သွားနေတဲ့ သင်္ဘောတွေရဲ့ လမ်းကြောင်းတွေ၊ သွားနေတဲ့ လေယာဉ်ပျံတွေ၊ ဒီလမ်းကြောင်းတွေ - ဒီဟာတွေပေါ်မှာ အမြဲ risky လုပ်ပြီးတော့ ထောက်လှမ်းပြီးတော့ ဆောင်ရွက်နေတာတွေကို ကျနော်တို့ သေချာလေ့လာနိုင်ခဲ့ပါတယ်။ သူတို့ကိုယ်တိုင်လည်း ဒီဟာကို ခေါ်ပြပြီး ပြောတာလည်း တွေ့ပါတယ်။ ဒါ့အပြင် ကျနော်တို့ ပုလဲဆိပ်ကမ်းကို သွားလေ့လာတဲ့အခါမှာ သူတို့တွေရဲ့ HADR အတွက်ကို သူတို့အသုံးချနေတဲ့ လေယာဉ်ပျံတွေ၊ လေယာဉ်တင်သင်္ဘောကြီးတွေ။ ဒါတွေကို ကိုယ်တိုင်ကိုယ်ကျ သူတို့ ရှင်းပြတာတွေလည်း တွေ့တဲ့အတွက် သူတို့ရဲ့ HADR လုပ်ငန်းစဉ်တွေဟာ ဘာပဲပြောပြော အတိုင်းအတာတရပ်အထိတော့ အထောက်အကူရမယ်လို့ ကျနော်အနေနဲ့ တွေ့မြင်ပါတယ်။

ဦးရော်နီညိမ်း ။ ။ HADR ဆိုတာ Humanitarian Assistance and Disaster Relief ပေါ့၊ လူသားချင်းစာနာတဲ့ အကူအညီတွေပေးရေး နဲ့ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ခြင်းဆိုတဲ့ လုပ်ငန်းဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ဆိုတော့ ဆွေးနွေးဝိုင်းမှာကြတော့ ဗိုလ်ချုပ်ကြီးတို့ ဘယ်လိုများ အပြန်အလှန် ဆွေးနွေးမှု ရှိပါသလဲ။ မြန်မာနိုင်ငံအနေနဲ့ သူတို့ ဘာလုပ်ပေးနိုင်သလဲ။ မြန်မာနိုင်ငံအနေနဲ့ HADR နဲ့ ပတ်သက်လို့ ဘာလုပ်ပေးဖို့ လိုအပ်နေတယ်လို့ ဗိုလ်ချုပ်ကြီးတို့ဖက်က တင်ပြဆွေးနွေးခဲ့မှု ရှိပါသလား။

ဒု-ဗိုလ်ချုပ်ကြီးဝေလွင် ။ ။ သူ ပိုပြီးတော့ ဇောင်းပေးတာကတော့ ကျနော် အခုနပြောခဲ့တဲ့ UN အဖွဲ့အစည်းတွေ၊ USAID အဖွဲ့အစည်းတွေကနေ နိုင်ငံတကာမှာ ဖြစ်ပျက်နေတဲ့ အနေအထားလေးတွေ၊ အားနည်းချက်တွေပေါ့။ ဖိလစ်ပိုင်က ဟိုင်ရန်မုန်တိုင်း။ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေကို ပြန်ပြန်ပြီးတော့ အားနည်းချက်တွေ ဖော်ထုတ်ပြီးတဲ့အခါမှာ ပြန်ပြီးတော့ ဒါကို ဒီလိုလုပ်ဖို့ကောင်းတယ်။ ဒါလေးတွေကို ပြောပါတယ်။ အထူးသဖြင့်တော့ သူတို့ ဇောင်းနည်းနည်းပေးတာက civil military cooperation - စစ်ဖက်အရပ်ဖက် ပူးပေါင်းဆောင်ရွက်ရေး။ ဒီ အရပ်ဖက်ပူးပေါင်းဆောင်ရွက်ရေးမှာ ပြည်သူလူထုလည်းပါမယ်။ ပြီးတဲ့အခါကြတော့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့။ အဲဒီလို ဆောင်ရွက်တဲ့အခါမှာ သူရဲ့ နိုင်ငံတကာစံချိန်စံညွှန်းနဲ့အညီ ဆောင်ရွက်နိုင်ဖို့ကို ဇောင်းပေးပြီးပြောတာကို တွေ့ရပါတယ်။

ဦးရော်နီညိမ်း ။ ။ ဝန်ကြီး Hagel အခုန သတင်းသမားတွေကို ပြောသွားတဲ့အထဲမှာပါတာက တောင်တရုတ်ပင်လယ်အရေးဟာ ကျနော်တို့ ဒေသအတွင်း လုံခြုံရေးအတွက် သိပ်ပြီးအရေးကြီးတယ်ဆိုတော့ ဒီ HADR တင်မက နောက်ထပ်ခေါင်းစဉ်တခုများ ဗိုလ်ချုပ်ကြီးတို့နဲ့ ထည့်သွင်းဆွေးနွေးသလား။ ဒီဒေသမှာ dispute နယ်မြေအငြင်းပွားတာတွေကို ပြောသွားတာရှိပါတယ်။ ဗိုလ်ချုပ်ကြီးတို့ကို ဒါနဲ့ ပတ်သက်လို့ ဆွေးနွေးမှုရှိပါသလား။

ဒု-ဗိုလ်ချုပ်ကြီးဝေလွင် ။ ။ ဒီနေ့ကတော့ US-ASEAN Defense Forum - သူ့နိုင်ငံအလိုက် ကျနော်တို့ လွတ်လွတ်လပ်လပ်၊ ရင်းရင်းနှီးနှီး အလွတ်သဘော informal ဆွေးနွေးခွင့်ရပါတယ်။ နိုင်ငံတနိုင်ငံဆီအလိုက် ဝန်ကြီးတွေက တစ်ယောက်ကို (၁၀) မိနစ် ပတ်ဝန်းကျင်လောက် ဆွေးနွေးပါတယ်။ ဆွေးနွေးတဲ့အခါကြတော့ တောင်တရုတ်ပင်လယ် အခုဖြစ်နေတဲ့ ရင်ဆိုင်နေရတဲ့ issues တွေ။ ဒီဟာတွေကို အဓိကထားပြီးတော့ ဆွေးနွေးကြတာတွေ များပါတယ်။ ကျနော်အနေနဲ့တော့ တနိုင်ငံချင်းအလိုက် ပြောနေတဲ့၊ ဆွေးနွေးနေတဲ့ဟာတွေတော့ ကျနော် မတင်ပြတော့ပါဘူး။ အကျဉ်းချုပ်ပြီးပြောရင်တော့ အထူးသဖြင့်တော့ နိုင်ငံတိုင်းကတော့ ကျနော်တို့ အာဆီယံအနေနဲ့ကတော့ တောင်တရုတ်ပင်လယ်ရဲ့ သတ်မှတ်ထားတာတွေကတော့ မူလကတည်းက ချထားပြီးသာရှိပါတယ်။ ဒါကလဲ ပြီးခဲ့တဲ့ အနီးစပ်ဆုံးဆိုရင် ၂၀၁၄ ခုနှစ် ဇန်နဝါရီလတုန်းက ပုဂံမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတုန်းကလည်း ကျနော်တို့ ဆောင်ရွက်ခဲ့တဲ့နေရာမှာလည်း ဒါတွေထည့်ပြီး ဆွေးနွေးခဲ့ပါတယ်။ ကျနော်အနေနဲ့ တောင်တရုတ်ပင်လယ်နဲ့ ပတ်သက်လာလို့ရှိရင် အာဆီယံက ချမှတ်ပေးထားတဲ့ မူ (၆) ချက် ရှိပါတယ်။ ဒီဟာကို လိုက်နာဖို့ ကျနော်တို့ ဆွေးနွေးကြတယ်။ ပြီးတဲ့အခါကြတော့ ချမှတ်ထားတဲ့ DOC ချမှတ်ပြီးဖြစ်တယ်။ DOC ချမှတ်ပြီးဖြစ်တဲ့အတွက် ဒီဟာကို COC ကို အမြန်ဆုံး ပေါ်ပေါက်ရေးအတွက်ကို ဆောင်ရွက်ဖို့ကို တိုက်တွန်းတာပါတယ်။ နောက် အရေးကြီးဆုံးအချက်အနေနဲ့ ဖြစ်လာတဲ့ပြဿနာတွေကို ကျနော်တို့ ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ - ဒီဟာကို အားလုံးလက်ခံထားဖို့အတွက်ကို ဆွေးနွေးခဲ့ပါတယ်။ ဒါကတော့ တောင်တရုတ်ပင်လယ်ကိစ္စပါ။ ဒီနေရာမှာမှ ကျနော်တို့ အမေရိကန်အနေနဲ့ Re-balancing strategy ဆိုပြီး ဝင်လာတာရှိပါတယ်။ ဒီဟာက သူတို့အနေနဲ့ တရုတ်နိုင်ငံကို ယှဉ်ပြိုင်တာလည်း မဟုတ်ဘူး။ ဘုံအကျိုးစီးပွား၊ ဘုံရပ်တည်ချက်အရ ဝင်လာတာဖြစ်တယ်ဆိုတဲ့ သဘောမျိုးနဲ့တော့ Re-balancing power strategy အနေနဲ့ ဝင်လာတဲ့အနေအထားတွေလည်း အမေရိကန်ကာကွယ်ရေးဝန်ကြီးအနေနဲ့ ပါဝင်ပြီးတော့ ဆွေးနွေးသွားတာကို တွေ့ပါတယ်။

ဦးရော်နီညိမ်း ။ ။ အရှေ့တောင်အာရှဒေသမှာ သူတို့က ပစ်ထားတာကြာပြီ။ အရှေ့အလယ်ပိုင်းကို သွားပြီးတော့ အာရုံစိုက်နေရတဲ့အတွက်ကြောင့်မို့ အခု ဒီနေရာကိုပြန်ပြီးတော့ အင်အားချိန်ခွင်ညှာပြန်ပြီး ညှိတယ်ဆိုတဲ့အနေအထားမျိုး ပါသလား။

ဒု-ဗိုလ်ချုပ်ကြီးဝေလွင် ။ ။ ကျနော်တို့ ဘရူးနိုင်းမှာတုန်းကလည်း အမေရိကန် ကာကွယ်ရေးဝန်ကြီးအနေနဲ့ ဒီ Re-balancing strategy နဲ့ပတ်သက်လို့ ရှင်းလင်းခဲ့ပါတယ်။ ရှင်းလင်းခဲ့တဲ့အခါမှာတော့ အရင်တုန်းက သူတို့ အမေရိကန်အနေနဲ့ ကျနော်ထင်တယ် Obama မတိုင်ခင် Bush သမ္မတလက်ထက်တုန်းက အဲဒီတုန်းက Asia Pacific ဒေသကို သူတို့ စိတ်ဝင်စားမှု နည်းပါတယ်။ အဲဒီအချိန်မှာ သူတို့ သမ္မတ Obama လက်ထက်ရောက်လာတဲ့အခါမှာတော့ Asia Pacific ကို ပိုစိတ်ဝင်စားလာတာကို တွေ့တယ်။ ပြီးတဲ့အခါကြတော့ Asia Pacific ကို စိတ်ဝင်စားလာတော့ ဒီဒေသအတွင်းမှာလည်း ကျနော်တို့ ASEAN ကြီးက ရပ်တည်နေတဲ့ အနေအထားမျိုးလည်းဖြစ်တယ်။ သူတို့က ဒီအပေါ်မှာ မူတည်ပြီးတော့ Re-balancing လုပ်တယ်ဆိုပြီးတော့ ဒီဟာကို ဝင်လာတဲ့သဘောမျိုးနဲ့ Chuck Hagel အနေနဲ့ ဘရူးနိုင်းကတည်းက ရှင်းခဲ့တာကို တွေ့ရပါတယ်။

ဦးရော်နီညိမ်း ။ ။ အာဆီယံ အလည့်ကျဥက္ကဋ္ဌ တာဝန်ယူထားတဲ့ မြန်မာနိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးအနေနဲ့ အခု အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေနဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီးနဲ့ တွေ့တဲ့အခါမှာ ကိုယ်က အဖွဲ့ရဲ့ခေါင်းဆောင် အာဆီယံမိသားစုရဲ့ ခေါင်းဆောင်တယောက်အနေနဲ့ ဗိုလ်ချုပ်ကြီးက ဘာများ အာဆီယံကွန်မြူနီတီအနေနဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ ဘာများပြောဆိုဆွေးနွေးခဲ့တာ ရှိပါသလဲ။

ဒု-ဗိုလ်ချုပ်ကြီးဝေလွင် ။ ။ အဓိကတော့ ကျနော် အခုန US-ASEAN Defense Forum မှာ အဓိကတော့ တောင်တရုတ်ပင်လယ်။ ဒီဟာနဲ့ ပတ်သက်လာလို့ရှိရင်တော့ ကျနော်တို့က အာဆီယံမူအတိုင်းပဲ ကျနော်တို့ ဆောင်ရွက်မယ်ဆိုပြီးတော့ နဂုံးချုပ်အပိုင်းလေးမှာ Conclusion လေး မတိုင်ခင်မှာ ကျနော်က အာဆီယံက ချမှတ်ထားတဲ့ အချက်တွေအတိုင်းပဲ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် ဒီအစည်းအဝေး US ဖိတ်တာနဲ့ မဆိုင်ဘူး။ အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေ ဒီမှာဆုံတဲ့အချိန်မှာတော့ မကြာခင်ကဖြစ်သွားတဲ့ မလေးရှား MH370 ဒီဟာနဲ့ ပတ်သက်လို့လည်း ကျနော်တို့ မလေးရှားရဲ့ ဆောင်ရွက်ချက်တွေကို အာဆီယံကာကွယ်ရေးဝန်ကြီးများအနေနဲ့ ထောက်ခံတဲ့အကြောင်း၊ ဝမ်းနည်းတဲ့အကြောင်း။ ဒီဟာကို အစည်းအဝေးမှာလည်း ထုတ်ဖော်ပြီးတော့ အသိအမှတ်ပြုသလိုပဲ။ Release လုပ်ဖို့လည်း စီစဉ်ထားပြီး ဖြစ်ပါတယ်။

ဦးရော်နီညိမ်း ။ ။ ဗိုလ်ချုပ်ကြီးအနေနဲ့ ကိုယ့်ရဲ့ အတွေ့အကြုံပေါ် ခြုံငုံပြီးတော့ ဘာများသုံးသပ်ချက် ပေးချင်ပါသလဲ။

ဒု-ဗိုလ်ချုပ်ကြီးဝေလွင် ။ ။ အပြုသဘောဆောင်တယ်လို့ ကျနော်အနေနဲ့ မြင်ပါတယ်။ အဓိကက ဒီလို အပြုသဘောဆောင်တာက cooperation ပူးပေါင်းဆောင်ရွက်ခြင်းကနေ နောက်တဆင့် partnership ကို တကယ် ထိထိရောက်ရောက်နဲ့ သွားရမယ်ဟာ effectively ဖြစ်ရမယ် ဖြစ်ပါတယ်။ ကျနော်တို့က ပူးပေါင်းပြီး cooperation လုပ်တဲ့အဆင့်မျိုး ဖြစ်ပါတယ်။ Cooperation လုပ်ခြင်းအားဖြင့် နောင်တချိန်မှာ Partnership ဖြစ်လာတယ်ဆိုရင် ဘာပဲပြောပြော ဖြေရှင်းရတာ ပိုပြီးတော့ အဆင်ပြေမယ်။ အေးအေးချမ်းချမ်း ညှိညှိနှိုင်းနှိုင်း ဖြေရှင်းနိုင်မယ့် အနေအထားမျိုးလို့ ကျနော်အနေနဲ့ မြင်ပါတယ်။ ဒါကြောင့်မို့ ဒီအစည်းအဝေးဟာ informal အနေနဲ့ ဆောင်ရွက်တဲ့နေရာမှာတော့ ဒါဟာ အကျိုးရှိတဲ့ အစည်းအဝေးတခုလို့ မြင်ပါတယ်။
XS
SM
MD
LG