သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူးယစ်ဆေးထုတ်လုပ်မှု မြန်မာ ကမ္ဘာမှာ ဒုတိယလိုက်


မြန်မာနိုင်ငံဟာ အာဖဂန်နစ္စတန်နိုင်ငံပြီးရင် ဘိန်းနဲ့ ဘိန်းဖြူ အဓိကထွက်တဲ့ နိုင်ငံတခု အဖြစ် ဆက်ပြီး ရှိနေသေးတယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု ပမာဏက ၁၉၈၀၊ ၁၉၉၀ ပြည့် လွန်နှစ်တွေကထက်စာရင် သိသိသာသာ ကျဆင်းသွားခဲ့ပေမဲ့ ဘိန်းထုတ်လုပ်မှုကတော့ အမြင့်ဆုံး အခြေအနေ ကို ရောက်နေတယ်လို့ အမေရိကန် နိုင်ငံခြာရေးဌာနက ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ ၂၀၁၃ ခုနှစ် နိုင်ငံတကာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မဟာဗျူဟာဆိုင်ရာ အစီရင်ခံစာထဲ မှာ ဖော်ပြထားပါတယ်။

အာရှဒေသတွင်း Amphetamine အမျိုးအစား စိတ်ကြွဆေးတွေ ထွက်ရှိရာ ဇစ်မြစ်ဟာ လည်း မြန်မာနိုင်ငံဖြစ်တယ်လို့ အစီရင်ခံစာထဲမှာ ဆိုပါတယ်။ မြန်မာအစိုးရ ထိန်းချုပ်မှု မရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရှိရာ မြန်မာနိုင်ငံ အရှေ့ပိုင်း ဒေသတွေမှာ ဘိန်းစိုက်ပျိုးတာနဲ့ စိတ်ကြွဆေးတွေ ထွက်တာကို မကြာခဏ တွေ့ရတယ်လို့လည်း အစီရင်ခံစာက ပြောပါတယ်။

မြန်မာနိုင်ငံက မူးယစ်ဆေး တိုက်ဖျက်ရေးဆိုင်ရာ တာဝန်ရှိသူတွေဟာ အမေရိကန်နဲ့ ပူးတွဲပြီး မူးယစ်ဆေး တိုက်ဖျက်ရေးလုပ်ဖို့ အဆင်သင့် ရှိနေတာကို တွေ့ရပြီး၊ အမေရိကန် ဘက်ကလည်း သတ်မှတ်ထားတဲ့ စီမံကိန်းတွေမှာ မြန်မာနဲ့ လက်တွဲ ဆောင်ရွက်ဖို့ အသင့်ရှိနေတယ်လို့ လည်း ပြောပါတယ်။

အဂတိလိုက်စားမှုပိုင်းနဲ့ ပတ်သက်လို့လည်း မြန်မာအစိုးရပိုင်းမှာရော၊ စီးပွားရေး လုပ်ငန်းတွေပိုင်းမှာပါ လာဘ်ပေး လာဘ်ယူမှုတွေ ရှိနေတာကိုလည်း အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ နိုင်ငံတကာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မဟာဗျူဟာဆိုင်ရာ အစီရင်ခံစာထဲမှာ ပြောထားပါတယ်။

တရုတ်၊ ဂျပန်နဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုတို့က မြန်မာနိုင်ငံမှာ လတ်တလာ ပမာဏ အမြောက်အများ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်တဲ့အတွက် အဂတိလိုက်စားမှုနဲ့ တရားမဝင် ဆောင် ရွက်မှုတွေကို တိုးစေတယ်လို့လည်း ဆိုပါတယ်။

နောက်ပြီး မြန်မာနိုင်ငံမှာ ပုဂ္ဂလိကပိုင် လုပ်ငန်းတွေအဖြစ် ပြောင်းတာကလည်း အရင် စစ်အစိုးရနဲ့ လက်ရှိ အရပ်သား အစိုးရထဲက နိုင်ငံရေးသမားတွေနဲ့ စီးပွားရေးအရ ဆက်နွယ်နေသူတွေအတွက် လာဘ်ပေး လာဘ်ယူနဲ့ ငွေမဲကနေ ငွေဖြူလုပ်ဖို့ အခွင့်အရေးပေးသလို ဖြစ်တယ်လို့ ဥပမာ ပေး ထားပါတယ်။

မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးကဏ္ဍဟာ အတော်ကြီးကို ဖွံ့ဖြိုးဖို့ လိုအပ်နေသေးပြီး ဘဏ္ဍာရေး ဆိုင်ရာ ဥပဒေတွေကလည်း တော်တော်ကို အားနည်းနေသေးတာကို ထောက်ပြထားပါ တယ်။ လာဘ်ပေး လာဘ်ယူနဲ့ ငွေမဲကနေ ငွေဖြူလုပ်တာကို အားပေးရာ ရောက်စေတဲ့ မူဝါဒတွေအားလုံးကို မြန်မာ အစိုးရက ပယ်ဖျက်သင့်တယ်လို့ အစီရင်ခံစာထဲမှာ အကြံပြုထားပါတယ်။
XS
SM
MD
LG