သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငလျင်ဒဏ်သင့်ဒေသတွေ ကယ်ဆယ်ရေး ဝိုင်းဝန်းဆောင်ရွက်


တနင်္ဂနွေနေ့ ရွှေဘိုငလျင်ကြောင့် ပြိုကျသွားသော ဘုန်းကြီးကျောင်းတံတိုင်းအား ရှင်းလင်းနေကြစဉ်။
တနင်္ဂနွေနေ့ ရွှေဘိုငလျင်ကြောင့် ပြိုကျသွားသော ဘုန်းကြီးကျောင်းတံတိုင်းအား ရှင်းလင်းနေကြစဉ်။
မြန်မာနိုင်ငံအလယ်ပိုင်းမှာ တနင်္ဂနွေနေ့မနက်ပိုင်းက ပြင်းအား ၆.၈ ရှိတဲ့ ငလျင်ကြီး လှုပ်ခတ်ပြီး တဲ့နောက် ထိခိုက်ပျက်စီးခဲ့တဲ့ ဒေသအတော်များများမှာ အပြိုအပျက်တွေကို ရှင်းလင်းတဲ့ လုပ်ငန်းတွေ အဓိကထား လုပ် ဆောင်နေကြပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုတော့ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့အတူ နိုင်ငံရေး ပါတီတွေ၊ လူမှုအသင်းအဖွဲ့တွေ၊ တသီး ပုဂ္ဂလ စေတနာရှင်တွေက ဝိုင်းဝန်းဆောင်ရွက်နေကြပါတယ်။ တချို့ နေရာဒေသတွေမှာတော့ ကူညီထောက်ပံ့မှုတွေ မရရှိတာကြောင့် အခက်အခဲဖြစ်နေတာတွေလည်း ရှိနေပါတယ်။ ရွှေဘို ငလျင်ကြီး လှုပ်ခတ်ပြီး သုံးရက်အကြာမှာ ငလျင်ဒဏ်သင့်ဒေသတချို့မှာ ကြုံတွေ့နေရတဲ့ အခြေအနေတွေကို ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ဒီလ ၁၁ ရက်နေ့ တနင်္ဂနွေက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မန္တလေး တိုင်း ဒေသကြီးအတွင်းက မြို့ရွာတွေမှာ အခြေခံပညာကျောင်း ၂၅ ကျောင်း၊ ဘုန်းတော်ကြီးကျောင်း ၃၅ ကျောင်း၊ စေတီပုထိုး ၄၅ ဆူ၊ ဝန်ထမ်းအိမ်ယာ ၅၅ လုံး၊ ဒေသခံပြည် သူ နေအိမ် ၂၀၁ လုံးနဲ့ ဆေး ရုံဆေးပေးခန်း ၁၃ ခု ထိခိုက်ပျက်စီးခဲ့သလို အနည်းဆုံး လူ ၂၆ ယောက် သေဆုံးခဲ့ပါတယ်။

ငလျင်ကြီးလှုပ်ခတ်ပြီး သုံးရက်အကြာမှာတော့ မြို့ရွာအတော်များများမှာ အပျက်အစီးတွေကို ရှင်းလင်းတာနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အဓိကထား လုပ်ဆောင်နေကြရပါတယ်။ ငလျင်ဒဏ်ကြောင့် ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်စီးခဲ့တဲ့ မန္တလေးတိုင်း၊ သပိတ်ကျဉ်းမြို့မှာ ဒီလိုရှင်းလင်းနေတဲ့ အခြေအနေကို ဒေသခံတယောက် က အခုလို ပြောပါတယ်။

“စစ်တပ်တွေရော မီးသတ်တပ်ရင်း ရဲတပ်ရင်း အကုန်လာပါတယ်။ ကယ်ဆယ်ရေး ချထားတယ်။ မနေ့က ကြံ့ခိုင်ရေးပါတီ၊ ဒီနေ့ NLD အဖွဲ့ချုပ်ကလေ အကုန်လုံး အဲဒီဘုရားတွေ ဘာတွေရော ရှင်းလင်းတယ်။ ပြီးကျ စာသင်ကျောင်းတွေ၊ ပြိုကျတဲ့အိမ်တွေ၊ ရုံးတွေပေါ့နော်။ အကုန်လုံး အုတ်ပုံ အုတ်ပျက်တွေ အကုန် ရှင်းလင်း နေကြတယ်။ အကုန်လုံး ကူညီလုပ်ကိုင်ပေးနေတယ်။”

ကူညီကယ်ဆယ်ရေးလုပ်ဆောင်မှုအခြေအနေကိုတော့ သူက အခုလို ဆက်ပြောပါတယ်။

“ဖြစ်ဖြစ်ချင်းနေ့ကတော့ အကုန်လုံး အားကစားကွင်းထဲ- အထကကျောင်းဘက်က ကုန်းမြင့်ဘက်တို့ အဲလို ဘက်တွေမှာ နေကြတယ်။ ကယ်ဆယ်ရေးစခန်းကလည်း ဆောက်တော့ဆောက်တယ်ရှင့်။ တဲတွေသာ ထိုးပေး ထားတာ သူတို့ကလည်း နေဖို့အမိန့်မပေးတော့ ဘယ်သူမှလည်း မနေရဲဘူး။ မနေ့ကကျ အကုန် ဖျက်သိမ်း သွားပြီ။ တမြို့လုံး မြေကြီးပေါ်မှာပဲ။ ကိုယ့်အိမ်ရှေ့ကိုယ် ပလက်ဖောင်းပေါ်တို့ လမ်းမပေါ်တို့မှာ အဲလိုမျိုးတွေမှာ အိပ်ကြတာပါ အကုန်လုံး။ ကျမတို့ သပိတ်ကျဉ်းနယ်က အကုန်ကောင်းကြပါတယ်။ ထမင်းထုပ်ဝေတယ်၊ ရေသန့်ဗူးတွေ ဝေတယ်။ စားစရာမုန့်တွေ ဘာတွေ ဝေတယ်။ တချို့ ထမင်းထုပ်တွေဆို ပိုက်ဆံတွေဘာတွေတောင် ပါတယ်။ ကျမတို့မြို့ပေါ်ကို နယ်ကဟာတွေက လာကူတာ။ ကျမတို့ မြို့က အဆိုးဆုံးလေ အကုန်ပျက်စီးသွားတာ။”

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ဘက်က အခြေအနေကိုတော့ စဉ့်ကူးမြို့ခံတယောက်က အခုလို ပြောပါတယ်။

“မြို့ပေါ်ကတော့ စစ်တပ်ကနေပြီးတော့ ရှင်းပေးနေတယ်ဗျ။ အစိုးရ အဆောက်အဦးတွေပေါ့။ ဘာသာရေး အဆောက်အဦးတွေကတော့ ဘာမှ မလုပ်နိုင်သေးဘူးဗျ။ တတ်နိုင်သလောက် ဘုန်းကြီးတွေ၊ ကိုရင်တွေ၊ ဦးဇင်းတွေကတော့ သူတို့တံတိုင်းလေးတွေ သူတို့ဟာသူတို့ တတ်နိုင်သလောက်ရှင်းနေတာပဲ။ ကျန်တဲ့ ကြီးကြီးမားမား ပျက်စီးတာတွေကတော့ ဘာမှ မလုပ်နိုင်သေးဘူးဗျ။ ဒီတိုင်းပဲ။ တခြား ရွာတွေတော့ ဘာမှ မလုပ်နိုင်သေးဘူးဗျ။ ဒီတိုင်းပဲ ရွာသားတွေ အပြင်ဘက် ထွက်ပြီး တဲလေးတွေနဲ့ နေကြတယ်ဗျ။”

စဉ့်ကူးမြို့နယ်တွင်းက ငလျင်ဒဏ်ခံရတဲ့ တချို့ရွာတွေမှာတော့ ကူညီထောက်ပံ့တာတွေ ဘာမှ မရကြတာတွေ လည်း ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။

“ကျနော်တို့ စဉ့်ကူးအနောက်ဖက်ခြမ်းက ခက်သင်ဆိုရင်လည်း တော်တော်လေး ပျက်စီးတယ်ဗျ။ ကျနော်တို့ သွားတဲ့အချိန်ထိကို ဘယ်အဖွဲ့အစည်းမှ မလာသေးဘူးလို့ ပြောတယ်ဗျ။ အခြေအနေက မြို့ပေါ် အနေအထားလေးကိုပဲ သူတို့ ရှင်းလင်းရေးနဲ့ လုံခြုံရေးနဲ့ဘာနဲ့ အဲဒီ စောင့်ရှောက်ရေးတွေ လုပ်နိုင်တဲ့ အနေအထားမျိုး ရှိတယ်ဗျ။ သူတို့ ရပ်ကျေးတွေ၊ ရပ်ရွာတွေ အထိတော့ ဆင်းပြီးတော့ အာဏာပိုင်တွေ ဘာမှ မလုပ်နိုင်သေးဘူး။ တခြားအဖွဲ့အစည်းတွေကလည်း ဘာမှ မလုပ်နိုင်သေးတဲ့ အနေအထားမျိုးရှိတယ်ဗျ။”

စဉ့်ကူးမြို့နယ်အတွင်းက ကျေးရွာတွေက ဒေသခံတွေဟာ လောလောဆယ်မှာ စားဝတ်နေရေး အတွက် အလုပ် မလုပ်နိုင်ဘဲ ညအခါမှာ အပြင်ထွက်အိပ်နေကြရတာကြောင့် ဆေးဝါး၊ အစားအသောက်နဲ့ ရွက်ဖျဉ်တဲတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကျောက်မြောင်းမြို့နယ်က စဉ့်အိုးစဉ့်ခွက်တွေ ထုတ်လုပ်တဲ့ မလားရွာမှာတော့ ကယ်ဆယ်ရေး စခန်းဖွင့်လှစ်ထားပေမဲ့ ကူညီထောက်ပံ့တာတွေ လုံလောက်အောင် မရဘူးလို့ မလားရွာကို ရောက်ခဲ့တဲ့ စေတနာ့ဝန်ထမ်းတဦးက ပြောပါတယ်။

“ကူညီကယ်ဆယ်ရေးကတော့ ကျနော်တို့ ရောက်တဲ့အချိန်ထိ အစိုးရအဖွဲ့ကသော်လည်းကောင်း၊ ဒါမှ မဟုတ်ရင် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့ကသော်လည်းကောင်း သူတို့ဆီက ကျနော်တို့ ရောက်ခဲ့တဲ့ မလားကို ရောက်ခဲ့တဲ့နေရာပေါ့နော်။ အဲဒီနေရာကိုတော့ ဘာမှ ရောက်မလာသေးဘူး။ ဒါပေမဲ့ အဲဒီမှာ ခရီးသွားဟန်လွဲ သွားနေတဲ့ မနေ့တုန်းကဆိုရင် ဆွီဒင်ကအဖွဲ့က ကျောက်မြောင်းနားလေးက စဉ့်အိုးလုပ်ငန်းတွေရှိတယ်။ အဲဒီ စဉ့်အိုးလုပ်ငန်းတွေကို လာပြီးလေ့လာတော့ သူတို့က ကြုံလို့ လှူသွားတာမျိုး။ တချို့ကလည်း ပျက်စီးနေတာ တွေမြင်တဲ့အတွက် ဝင်ထည့်လှူသွားတာမျိုး။ အဲဒါလေးတွေနဲ့ပဲ ရပ်တည်နေကြရတယ်ဗျ။”

ကျောက်မြောင်းမြို့နယ်အတွင်းက မလားအပါအဝင် နွယ်ငြိမ်း၊ ရွှေခွန်၊ ရွှေတိုက်စတဲ့ရွာတွေက စဉ့်အိုးလုပ်ငန်းနဲ့ အသက်မွေးကြပြီး အများစုက လက်လုပ်လက်စားသမားတွေဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ငလျင်မှာ စဉ့်အိုးလုပ်ငန်းဟာ ဆိုးဆိုးရွားရွားထိခိုက်နေတာကြောင့် ဒေသခံရွာသားတွေ အခက်တွေ့နေရတာဖြစ်တယ်လို့ ပြောပါတယ်။

“အဲဒီဒေသမှာဆိုရင် စဉ့်အိုးလုပ်ငန်းနဲ့ ထင်းကောက်တဲ့လုပ်ငန်းအများဆုံးရှိတယ်ဗျ။ မြစ်ထဲက
စဉ့်အိုးလုပ်ငန်းထွန်းကားရာ ရွှေဘိုဒေသမြင်ကွင်း။
စဉ့်အိုးလုပ်ငန်းထွန်းကားရာ ရွှေဘိုဒေသမြင်ကွင်း။
လာတဲ့ ထင်း တွေကို ဆယ်တဲ့ လုပ်ငန်းပေါ့နော်။ အဲဒီကျ ပျက်စီးသွားတဲ့လူတွေက စဉ့်အိုးလုပ်ငန်းပိုင်ရှင်တွေ၊ ထင်းပွဲရုံ ပိုင်ရှင်တွေ ထင်းဆယ်ယူတဲ့ လုပ်ငန်းပိုင်ရှင်တွေပေါ့နော်။ အဲဒီကျ သူတို့ကိုယ်တိုင်က အခက်အခဲဖြစ်နေတဲ့ အတွက် သူတို့ဆီမှာ အလုပ်လုပ်တဲ့သူတွေကို အလုပ်မပေးနိုင်တော့ဘူး။ အဲဒီကျ သူတို့က လက်လုပ် လက်စားတွေ ဖြစ်တဲ့အတွက် တရက်လုပ်မှ တရက်စားနိုင်တဲ့ လူတွေဖြစ်တဲ့အတွက် သူတို့မှာ အခက်အခဲ ဖြစ်နေပြီ။”

ဒါကတော့ ငလျင်ဘေးဒဏ်ခံခဲ့ရတဲ့ ဒေသတချို့မှာ ပြည်သူတွေ ကြုံတွေ့နေရတဲ့ အခြေအနေတွေဖြစ်ပါတယ်။

အစိုးရဘက်ကတော့ တနင်္ဂနွေနေ့ ငလျင်လှုပ်ခတ်ခဲ့တဲ့ ညနေမှာပဲ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနဲ့ အဖွဲ့ဟာ ငလျင်ဒဏ်ခံရတဲ့ ဒေသတွေကို ရဟတ်ယာဉ်နဲ့ သွားရောက် ခဲ့ပြီး ထောက်ပံ့ငွေ၊ ဆေးဝါးနဲ့ အစားအစာတွေ ပေးအပ်ခဲ့သလို ဒေသခံ အာဏာပိုင် အဖွဲ့ အစည်း၊ စေတနာရှင်တွေ၊ တာဝန်ရှိသူတွေ ပူးပေါင်းပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ကို ဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
XS
SM
MD
LG