သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာခရီးသည် Ebola ရောဂါ မဟုတ်ကြောင်း မြန်မာက ထိုင်းကို အကြောင်းကြား


(Photo Credit: Myanmar CDC)
(Photo Credit: Myanmar CDC)

မြန်မာနိုင်ငံမှာတော့ တနေ့ကပဲ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ Ebola ရောဂါပိုး ကူးစက်ခံရတယ်လို့ သံသယလူနာအဖြစ်နဲ့ လူတဦးကို တွေ့ခဲ့ရပါတယ်။ သြဂုတ်လ ၁၉ ရက် ညပိုင်းအချိန် မြန်မာလေကြောင်း လိုင်းကတဆင့် ရောက်လာတဲ့ အဲဒီဖျားနာနေတဲ့သူ သွေးနမူနာ စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အာဖရိကအနောက်ပိုင်း ဂီနီနဲ့ လိုက်ဘေးရီးယား နိုင်ငံတွေကနေ မြန်မာနိုင်ငံ ကို ပြန်ရောက်လာတဲ့ အသက် ၂၂ နှစ်အရွယ် အမျိုးသားတဦးကို ကိုယ်အပူချိန် မြင့်တက်နေတာ၊ ကိုယ်ခန္ဓာ နုံးချိနေတဲ့ လက္ခဏာတွေကြောင့် အီဘိုလာဗိုင်းရပ်စ် သံသယရှိသူအဖြစ် စောင့်ကြည့်နေကြောင်းကိုလည်း အစိုးရက ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ ထိုင်း The Nation သတင်းစာမှာတော့ Ebola ကြောင့်မဟုတ်ဘဲ ငှက်ဖျားရောဂါပိုးရှိသူလို့ စမ်းသပ်တွေ့ရတဲ့အကြောင်း မြန်မာအာဏာပိုင်တွေက ထိုင်း CDC ရောဂါထိန်းချုပ်ရေးဌာနကို အကြောင်းကြားထားတယ်လို့ ထိုင်း CDC ဒုတိယညွှန်ကြားရေးမှူး Dr. Okart ကို ကိုးကားပြီး ရေးပါတယ်။

သူဟာ ထိုင်းကနေလာတာပေမဲ့လို့ ထိုင်း သုဝဏ္ဏဘူမိလေဆိပ်မှာ တထောက်နားတာဖြစ်တာကြောင့် အဲဒီက ရောဂါစောင့်ကြည့်ဌာနကို မဖြတ်ခဲ့ရဘူးလို့ ဆိုပါတယ်။ ဝေဘာဂီ အထူးကုဆေးရုံကြီးက ဆေးရုံအုပ် ဒေါက်တာ သန်းသန်းဌေးက ဗွီအိုအေကို ပြောရာမှာတော့ သြဂုတ်လ ၁၉ ရက် မနေ့ညပိုင်းက ရန်ကုန်လေဆိပ်ကို ပြန်ရောက်လာတဲ့ သံသယရှိသူ အမျိုးသားတဦးအပြင် သူနဲ့အတူ လိုက်ပါလာတဲ့ အမျိုးသား ၄ ဦးကိုလည်း ခေါ်ယူစောင့်ကြည့်ထားပြီးတော့ သူတို့ရဲ့သွေးနမူနာကို WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ဆီ ပေးပို့စစ်ဆေးနေတယ်လို့ ပြောပါတယ်။

သံသယရှိသူ လိုက်ပါလာတဲ့ လေယာဉ်ကိုလည်း ရောဂါပိုးသန့်စင်တာတွေ၊ လေ ယာဉ်ဝန်ထမ်းတွေနဲ့ လေဆိပ်တွင်း တာဝန်ရှိသူတွေကိုပါ ရောဂါကူးစက်မှု မရှိစေရေး ဆောင်ရွက်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ မြန်မာအနီးအနားမှာဆိုရင်တော့ ဗီယက်နမ်နိုင်ငံမှာလည်း Ebola ရောဂါပိုး ရှိတယ်လို့ သံသယနဲ့ နိုင်ဂျီးရီးယားလူမျိုးနှစ်ဦးကို သီးသန့်ထား စစ်ဆေးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

အခုနှစ်ဆန်းကစပြီး ကူးစက်ပျံ့နှံ့လာတဲ့ Ebola ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူအရေအတွက်ဟာ ၁၃၅၀ ရှိသွားပြီလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။ အများစုကတော့ အာဖရိကအနောက်ခြမ်း ဂီနီ၊ လိုက်ဘေးရီးယား၊ ဆီယာလီယွန်းနိုင်ငံတွေက ဖြစ်ကြပါတယ်။

XS
SM
MD
LG