သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေးပွင့်ဆိုင်သဘောတူညီချက် လိုက်နာဖို့ NNER တိုက်တွန်း


အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့ သပိတ်မှောက်ကျောင်းသားတွေကို အကြမ်းဖက် ဖမ်းဆီးတာ၊ ထောင်တွင်းအကျဉ်းချထားတာအပါအဝင် ပုဒ်မတွေတပ်ပြီး တရားစွဲဆိုနေတာဟာ လေးပွင့်ဆိုင် သဘောတူညီချက်ကို ချိုးဖောက်ရာရောက်တဲ့အတွက် ပါဝင်လက်မှတ် ထိုးထားတဲ့ အစိုးရ၊ လွှတ်တော်၊ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ အနေနဲ့ လေးပွင့်ဆိုင် သဘောတူညီချက်ကို လေးစားလိုက်နာဖို့ NNER က တောင်းဆိုလိုက်ပါတယ်။

လေးပွင့်ဆိုင်ကတိကဝတ်ကို လေးစားသောအားဖြင့် ဖမ်းဆီးခံကျောင်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ကိုလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က မေတ္တာရပ်ခံပါတယ်။ အပြည့်အစုံကို မဆုမွန်က တင်ပြထားပါတယ်။

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ အစိုးရ၊ လွှတ်တော်၊ ပညာရေး စနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် NNER နဲ့ သပိတ်မှောက် ကျောင်းသားတွေပါဝင်တဲ့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှုကော်မတီတို့က ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်းထဲမှာ ကျင်းပခဲ့တဲ့ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲရဲ့ သဘောတူညီချက် ပူးတွဲထုတ်ပြန်ချက် အပိုဒ် (၁)၊ ပိုဒ်ခွဲ (က)-၂ တွင် “ဒီမိုကရေစီ ပညာရေးသပိတ်တွင် ပါဝင်သူ ကျောင်းသား/ကျောင်းသူများနှင့် အားပေးထောက်ခံ ကူညီသူများကို သပိတ်နှင့် ပတ်သက်ပြီး အရေးယူခြင်း မပြုရ” ဆိုပြီးတော့ သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။

ဒီလေးပွင့်ဆိုင် သဘောတူညီချက်အရ ငြိမ်းချမ်းစွာ သပိတ်မှောက် ဆန္ဒပြနေကြသော ကျောင်းသား ကျောင်းသူတွေ သပိတ်ကို ထောက်ခံ အားပေးကူညီတဲ့ ဝန်းရံအင်အားစုတွေကို ဖိအားပေး ခြိမ်းခြောက်တာ၊ အကြမ်းဖက် ဖြိုခွင်း အရေးယူတာတွေ မလုပ်ပါဘူး ဆိုပြီးတော့ အစိုးရဘက်ကရော၊ လွှတ်တော်တာဝန်ရှိသူတွေကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့ပေမဲ့ အခုလိုမျိုး လက်ပံတန်းကျောင်းသား သပိတ်ကို အကြမ်းဖက်ဖြိုခွင်းရုံတင်မက၊ သပိတ်မှောက်ကျောင်းသားကျောင်းသူတွေကို သာယာဝတီ အကျဉ်းထောင်ထဲ ဖမ်းဆီးထိန်းသိမ်းပြီးတော့ ပုဒ်မမျိုးစုံတပ် တရားစွဲဆိုနေတဲ့အပေါ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အပါအဝင် အဲဒီလေးပွင့်ဆိုင်သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့တဲ့ အစိုးရ၊ လွှတ်တော်တာဝန်ရှိသူတွေဆီကိုပါ လေးပွင့်ဆိုင် သဘောတူညီချက်ကို လေးစားလိုက်နာဖို့ NNER အနေနဲ့ အလေးအနက် တိုက်တွန်းတောင်းဆိုနေပါတယ်လို့ NNER က ဒေါက်တာသိန်းလွင်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ဟုတ်ပါတယ်။ ကျနော်တို့ အဲဒါကိုပဲ ထပ်ခါထပ်ခါ ပြောနေပါတယ်။ ဒီကျောင်းသား သပိတ်မှောက်ဆန္ဒပြတာနဲ့ ပတ်သက်လို့ အရေးယူခြင်း၊ ဖမ်းဆီးခြင်း မရှိပါဘူးဆိုပြီးတော့ သဘောတူခဲ့တယ်။ လက်မှတ်လည်းထိုးခဲ့တယ်။ အစိုးရဘက်က တာဝန်ရှိတဲ့သူတွေရော၊ လွှတ်တော်တာဝန်ရှိတဲ့သူတွေရော လေးပွင့်ဆိုင်မှာ လက်မှတ်ထိုးထားတယ်။ အဲဒါကို လေးပွင့်ဆိုင် သဘောတူညီချက်နဲ့ မကိုက်ညီဘဲနဲ့ ဖမ်းဆီးတာတွေ လုပ်နေတဲ့အတွက် ကျနော်တို့ ဒါကို ထောက်ပြနေပါတယ်။ ကျနော်တို့ အဲ့ဒီကတည်းက စာတွေပို့တယ်။ ဦးလှထွန်းတို့ဆီကိုလည်း ပို့တယ်။ လွှတ်တော်ကိုလည်း ပို့တယ်။ နိုင်ငံတော်သမ္မတဆီကိုလည်း ပို့တယ်။ လေးပွင့်ဆိုင်ထဲမှာ သဘောတူညီချက်ရှိတယ်။ မဖမ်းပါဘူးလို့ ပြောထားတယ်။ အဲဒါကြောင့် ကျနော်တို့ ပို့ပါတယ်။ ကျနော်တို့ အမျိုးသားလွှတ်တော် ကြားနာပွဲတုန်းကလည်း ထည့်ပြောတယ်။ ဒါပေမဲ့ ဘာမှ အကြောင်းပြန်တာ မရှိပါဘူး။”

လေးပွင့်ဆိုင် သဘောတူညီချက်ကို လေးစားလိုက်နာဖို့နဲ့ ထောင်တွင်းအကျဉ်းချထားတဲ့ အကြမ်းဖက် ဖမ်းဆီးထိန်းသိမ်းခံရတဲ့ သပိတ်မှောက်ကျောင်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ အပါအဝင် ထိခိုက်ဒဏ်ရာရခဲ့တဲ့ ကျောင်းသားတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေကိုပါ အရေးတကြီး ဆောင်ရွက်ပေးပါလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာများအဖွဲ့ချုပ် အနေနဲ့ တောင်းဆိုပါတယ်လို့ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသုတကလည်း မေတ္တာရပ်ခံပါတယ်။

“ဒါ ကျနော်တို့ပေါ့နော် ဦးလှထွန်းလည်း သတင်းစာထဲမှာ တရားဝင် ပြောပြီးသားပေါ့နော်။ ဒါကို သူတို့ အရေးမယူပါဘူး ဆိုပြီးတော့ လက်မှတ်ထိုးပြီးသား။ ဒီလိုမျိုး ဟိုဟာလုပ်တာကိုပေါ့နော် ကျနော်တို့ကလည်း လုံး၀ လက်ခံနိုင်စရာ မရှိဘူးပေါ့နော်။ ဝန်ကြီးတယောက်ရဲ့ စကားဆိုတာ တည်ရတယ်လေ။ အစိုးရအဖွဲ့အစည်းရဲ့စကားပေါ့နော်။ အဲလိုတွေ မတည်ဘဲနဲ့ ဒီလိုတွေ ဖမ်းဆီးနေတယ်ဆိုရင်တော့ လုံး၀ လက်မခံဘူးပေါ့နော်။ အဲတော့ ချက်ခြင်း ချွင်းချက်မရှိ လွှတ်ပေးဖို့တော့ လိုတာပေါ့နော်။ ဒီလိုမျိုး အဘက်ဘက်က ယိုယွင်းနေတဲ့ တိုင်းပြည်ဗျာ။ နှစ် ၅၀ စလုံး ပျက်စီးနေတဲ့ တိုင်းပြည်။ အခု ကျောင်းသားတွေကလည်း သူ့တာဝန်သူကျေအောင် သူလုပ်တယ်။ အဲဒီလုပ်တဲ့ကိစ္စကို အခု ဒီလိုမျိုးဖမ်းဆီးတာကတော့ လက်ခံနိုင်စရာ မရှိဘူးပေါ့နော်။ အဲဒါကြောင့် ကျနော်တို့အနေနဲ့ မေတ္တာရပ်ခံချင်တာကတော့ ချက်ခြင်းလွှတ်ပေးဖို့လို့ပေါ့နော်။ ချွင်းချက်မရှိ သမ္မတအနေနဲ့ ဒါကို လုံး၀ ချက်ခြင်းလွှတ်ပေးဖို့ကို ကျနော်တို့က တောင်းဆိုလိုပါတယ်ဗျာ။”

ဒါ့အပြင် မတ်လ ၃၁ရက်နေ့ ညနေပိုင်းတုန်းကလည်း တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမူကြမ်း သဘောတူညီချက် ရခဲ့တဲ့ အထိမ်းအမှတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ခေါင်းဆောင်တွေနဲ့ သမ္မတအပါအဝင် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တွေ ညစာစားပွဲ ကျင်းပနေချိန်အတွင်း မြန်မာငြိမ်းချမ်းရေးစင်တာရှေ့မှာ ဒီမိုကရေစီပညာရေး ဦးဆောင်သပိတ်ကို အကြမ်းဖက်ဖြိုခွင်းမှုကို ဆန့်ကျင် ကန့်ကွက်ကြောင်းနဲ့ အထိန်းသိမ်းခံ သပိတ်မှောက်ကျောင်းသူကျောင်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ကိုလည်း ဆန္ဒပြသူတချို့စုဝေးပြီး ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေးကိုလိုလားသော ကျောင်းသား၊ ကျောင်းသူတွေက သမ္မတအပါအဝင် တိုင်းရင်းသားခေါင်းဆောင်တွေကို အိတ်ဖွင့်ပေးစာတစောင် ပေးပို့ပြီးတော့ တောင်းဆိုခဲ့ကြပါတယ်။

XS
SM
MD
LG