သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ရွေးကောက်ပွဲ ဗီယက်နမ် လူ့အခွင့်အရေး လှုပ်ရှားသူတွေ အားကျ


(Credit: Nguyen Van Dai Facebook)
(Credit: Nguyen Van Dai Facebook)

မြန်မာနိုင်ငံရဲ့ သမိုင်းဝင်ရွေးကောက်ပွဲကြီးဟာ ဒေသတွင်းနိုင်ငံအတွင်းကပါ အားကျခဲ့ရတဲ့ ရွေးကောက်ပွဲကြီး ဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲအတွက် ဆက်ပြီးတိုက်ပွဲဝင်ဖို့ မြန်မာ့ရွေးကောက်ပွဲက တွန်းအားတရပ် ဖြစ်စေခဲ့တယ်လို့ ဗီယက်နမ် တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ ဒါပေမဲ့ အပြောင်းအလဲတွေဖြစ်ဖို့ ရှေ့ဆက်ရမယ့်ခရီး အဝေးကြီးရှိသေးတယ်လို့လည်း ဝန်ခံပြောဆိုပါတယ်။ ဒီအကြောင်း Trung Nguyen ရဲ့ သတင်းလွှာကိုတော့ နန်းလောင်ဝ် က တင်ပြထားပါတယ်။

ဗီယက်နမ်အစိုးရကို ဆန့်ကျင်တဲ့ ရှေ့နေ Nguyen Van Dai က မြန်မာနိုင်ငံလို လွပ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပဖို့ ဖြစ်နိုင်မလား ဆိုတဲ့စာသားကို သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ တင်လိုက်ပြီး နာရီပိုင်းအတွင်း လူပေါင်းထောင်ချီက သူ့ရေးသားချက်ကို သဘောကျကြောင်း မှတ်ချက်ပြုကြပါတယ်။

မြန်မာနိုင်ငံလို ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ လက်ရှိ အာဏာရပါတီကို လူအတော်များများက စိန်ခေါ်လိုက်ပါတယ်။ နောက်ပြီး ဒါက သိပ်ပြီး အချိန် မလိုလောက်ပါဘူး ဆိုပြီးတော့လည်း သူက ရေးသားထားတာပါ။ မြန်မာ့အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို ထောက်ခံသူတွေ ကိုင်ထားတဲ့ ဓာတ်ပုံတချို့ကိုလည်း သူ့ရဲ့ Facebook မှာ တင်ထားတာပါ။ ဗွီအိုအေနဲ့ အင်္ဂါနေ့မှာ တွေ့ဆုံစကားပြောခဲ့တုန်းကတော့ မြန်မာလူမျိုးတွေလိုပဲ ဗီယက်နမ်လူမျိုးတွေလည်း အခွင့်အရေး တန်းတူ မရသင့်ဘူးလားဆိုပြီး မေးခွန်းထုတ်သွားပါတယ်။

"မြန်မာတွေရော ဗီယက်နမ်တွေပါ အရှေ့တောင်အာရှ က လူတွေပါ။ ဒါဆို ဗီယက်နမ်လူမျိုးတွေရဲ့ ဂုဏ်သိက္ခာက ဘာကြောင့် မြန်မာလူမျိုးတွေထက် နိမ့်ကျရမှာလဲ၊ ဗီယက်နမ်တွေ ဘာကြောင့် ဒီမိုကရေစီရေး အခွင့်အရေးတွေ မရကြတာလဲ၊ စီးပွားရေးအခွင့်အလမ်းအနေနဲ့ ပြောရရင် မြန်မာတွေက ဗီယက်နမ်တွေလောက် မကောင်းတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ဗီယက်နမ်တွေက အဲဒီလို လွတ်လပ်မှုနဲ့ ဒီမိုကရေစီ မရကြတာလဲ၊ ဒီအချက်ကို ဗီယက်နမ် လူမှုအသိုင်းအဝိုင်းကြားမှာ သိပ်ကို စိတ်ဝင်စားနေကြတာပါ။”

တရားဝင်ထုတ်ပြန်ချက်တွေ အပြီးသတ် ထွက်မလာသေးပေမဲ့ မြန်မာ့လွှတ်တော် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က နေရာအများစုမှာ နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ NLD က နေရာအများစုကို နိုင်နေဆဲဖြစ်ပါတယ်။ ဗီယက်နမ်က လူမှုကွန်ယက် သုံးစွဲနေသူတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့တဲ့အပေါ် ချီးကျူးပြောဆိုနေကြပါတယ်။ ဗီယက်နမ်ရဲ့ လက်ရှိ နိုင်ငံရေးကို စောင့်ကြည့်လေ့လာသူလည်းဖြစ်၊ Institute of Development Studies ရဲ့ ညွှန်ကြားရေးမှူးဟောင်းလည်းဖြစ်တဲ့ Dr. Nguyen Quang ကတော့ မြန်မာ့ရွေးကောက်ပွဲကို ဗီယက်နမ်လူမျိုးတွေ စိတ်ဝင်စားကြတာဟာ သူ့တိုင်းပြည်တွင်းက လက်ရှိ တွေ့ကြုံနေရတဲ့ လူမှုရေးနဲ့ စီးပွားရေးအခြေအနေတွေကို ပြောင်းလဲဖို့ လူတွေလိုလားနေတဲ့ ပြယုဒ်ဖြစ်တယ်လို့ ဆိုပါတယ်။

“မြန်မာ့ဒီမိုကရေစီရေး လမ်းကြောင်းကို ဗီယက်နမ်တွေ လေ့လာချင်နေတာ သိပ်ကို ထင်ရှားပါတယ်။ ASEAN မှာ ဥက္ကဌရာထူးလုပ်ခဲ့တုန်းက ဗီယက်နမ်ရဲ့ ဝန်ကြီးချုပ် Nguyen Tan Dung မြန်မာနိုင်ငံကိုသွားပြီး ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ သမ္မတ ဦးသိန်းစိန်ကို တိုက်တွန်းခဲ့တယ်လေ။ မြန်မာကို အကြံပေး တိုက်တွန်းခဲ့သလိုပဲ မစ္စတာ Dung နဲ့ တခြား ဗီယက်နမ်ခေါင်းဆောင်တွေလည်း ကျင့်သုံးကြဖို့ ကျနော် မျှော်လင့်မိပါတယ်။ ဒါက သူတို့အတွက် အဖိုးတန်တဲ့ သင်ခန်းစာပါ။”

ဗီယက်နမ်က အမျိုးသမီးငယ်တွေဟာ လွပ်လပ်ရေးကြိုးပမ်းတဲ့နေရာမှာ ပိုပြီး စိတ်ရှည်သည်းခံတာကို တွေ့ရတယ်လို့လည်း သူက ဆိုပါတယ်။ ဗီယက်နမ်မှာ ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်တယောက်မှ မရှိဘူးဆိုတဲ့ မှတ်ချက်မျိုးတွေကိုလည်း မလုပ်ကြတော့ပါဘူး။

ပြီးခဲ့တဲ့နှစ်တုန်းက ဟောင်ကောင်အုပ်ချုပ်ရေးမှူးကို ဒီမိုကရေစီနည်းလမ်းတကျ ရွေးချယ်ဖို့ ဆန္ဒပြကြတဲ့သူတွေကို ဟောင်ကောင်မှာနေထိုင်ကြတဲ့ ဗီယက်နမ်လူမျိုးအချို့ ထောက်ခံခဲ့ကြပါတယ်။ ဗြိတိသျှအုပ်ချုပ်မှုအောက် နေခဲ့ရတဲ့ ဟောင်ကောင်ရဲ့အုပ်ချုပ်ရေးမှူးကို တရုတ်ပြည်မကြီးရဲ့ သြဇာခံသူကို ခန့်ထားချင်တာကြောင့် ဒါကိုမလိုလားတဲ့ ပြည်သူတွေရဲ့ ဆန္ဒပြမှုတွေ အကြီးအကျယ်ဖြစ်ခဲ့တာပါ။ ဗီယက်နမ် ကွန်မြူနစ်ပါတီရဲ့ ၁၂ ကြိမ်မြောက် လွှတ်တော်ညီလာခံကနေ နိုင်ငံ့ခေါင်းဆောင်တွေ ရွေးချယ်ဖို့ လနည်းငယ်အလိုမှာ မြန်မာ့ရွေးကောက်ပွဲကို ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG