သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲလေ့လာရေး နိုင်ငံတကာအဖွဲ့တွေ လာရောက်ခွင့်ပြု


၂၀၁၀ ရွေးကောက်ပွဲမှာ ရရှိထားတဲ့ မဲတွေကို ရေတွက်နေကြစဉ်။
၂၀၁၀ ရွေးကောက်ပွဲမှာ ရရှိထားတဲ့ မဲတွေကို ရေတွက်နေကြစဉ်။

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်ပေါ်လာပြီးတဲ့နောက် အရပ်သားအစိုးရလက်ထက် ပထမဆုံးအကြိမ် ကျင်းပမယ့် ရွေးကောက်ပွဲကို တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု ရှိ မရှိ လေ့လာစောင့်ကြည့်ရေး အမေရိကန်အခြေစိုက် Carter Center နဲ့ EU ဥရောပသမဂ္ဂ အဖွဲ့ဝင်တွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုလိုက်ပါတယ်။

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာနိုင်ဖို့ ခွင့်ပြုလိုက်တာနဲ့ပတ်သက်လို့ မဆုမွန် က ဆက်သွယ်မေးမြန်းတဲ့အခါ အနောက်နိုင်ငံတွေရဲ့ စောင့်ကြည့်ရေးအဖွဲ့တွေကို လာရောက် လေ့လာနိုင်ဖို့အရေး စီစဉ်ပေးနေတဲ့အကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဒေါက်တာ ဒေါ်မြင့်ကြည်က အခုလို ပြောပါတယ်။

“ဟုတ်တယ်၊ ကျမတို့ကတော့လေ Carter Center နဲ့ EU ကတော့ လာပြီးတော့ ဆက်သွယ်တယ်ပေါ့နော်။ ဆက်သွယ်ပြီးတော့ သူတို့ observation လုပ်ချင်တယ်ဆိုလို့ ကျမတို့ ပထမဦးဆုံး MOU ထိုးပါတယ်။ ထိုးပြီးတော့ အခု သူတို့ တွေကိုပေါ့နော် observation လုပ်ရမယ့်အချိန်ကျရင် ကျမတို့က သူတို့ကို invitation ပို့မှာပါရှင့်။”

မေး။ ။ ဟုတ်ကဲ့ ပထမဦးဆုံးပေါ့နော် ၂၀၁၂ တုန်းကတော့ South East Asia Nation က ဖိတ်ခံရပါတယ်။ ဒီ ၂၀၁၅ တော့ ပထမဦးဆုံးလို့ ပြောရမှာပေါ့နော် ဆရာမ။ အဲ့ဒီတော့ သူတို့ရဲ့ စောင့်ကြည့်မှုတွေနဲ့ ပတ်သက်ပြီး ဆရာမတို့ ရွေးကောက်ပွဲကို လွတ်လပ်ပြီးတော့မှ တရားမျှတမှု ရှိတဲ့ဟာမျိုး လုပ်နိုင်အောင် လုပ်နေတဲ့ အစီအစဉ်လေးတွေလည်း ပြောပြပါဦး ဆရာမ။

ဖြေ။ ။ “အဲဒါကတော့ ဒီ observer ကို လက်ခံတယ်ဆိုတာ ကျမတို့ရဲ့ ရွေးကောက်ပွဲလုပ်ငန်းဟာ တကယ့်ကို free and fair ဖြစ်တယ်ဆိုတာကို သူတို့ observe လုပ်နိုင်ဖို့ပဲပေါ့နော်။ တနည်းအားဖြင့်တော့ ကျမတို့ရဲ့ ရွေးကောက်ပွဲ integrity ကို သူတို့ ဝေဖန်ဖို့လို့ပဲပေါ့နော်။ ဆိုလိုတာကတော့ ဒါကို observer တွေ လက်ခံခြင်းအားဖြင့် ကျမတို့ ဒီလုပ်ငန်းဟာ free ဖြစ်သလား၊ fair ဖြစ်သလား သူတို့ ဒါတွေကို စောင့်ကြည့်ဖို့ပဲပေါ့နော်။ For Transparency ပါပဲ။”

မေး။ ။ ဆရာမ သူတို့က စောင့်ကြည့်ဖို့အတွက်ကို ဘယ်လိုနေရာတွေမှာ စီစဉ်ပေးထားမှာပါလဲရှင့်။

ဖြေ။ ။ “စောင့်ကြည့်ဖို့ဆိုတာက ၂ မျိုးရှိတယ်ပေါ့နော်။ long term observer နဲ့ short term observer - long term observer ဆိုတာကတော့ သူတို့က ၃၊ ၄ လ ကြိုတင်ပြီးတော့ သူတို့က ရွေးကောက်ပွဲ process တခုလုံးကို သူတို့က လေ့လာမှာပေ့ါ။ short term observer ကတော့ ရွေးကောက်ပွဲအချိန်ကျရင် လာပြီးတော့ မဲရုံတွေမှာ ဟုတ်လား ဆောင်ရွက်တဲ့လုပ်ငန်းတွေကို သူတို့က observe လုပ်မှာပေါ့နော်။”

မေး။ ။ အခု ရွေးကောက်ပွဲ ကျင်းပဖို့အတွက်ကရော date သတ်မှတ်မှုက အရွှေ့အပြောင်းရှိပါသလား။

ဖြေ။ ။ “ကျမတို့ပြောထားတယ်လေ။ အောက်တိုဘာ last week နဲ့ နိုဝင်ဘာ first week အတွင်းမှာ ကြေညာမယ်ဆိုတာ ကျမတို့ ၃ လအကြိုမှာ ကြေညာမှာပါ။”

ဒါကတော့ ၂၀၁၅ မှာ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စောင့်ကြည့်လေ့လာမှုတွေကို ခွင့်ပြုပေးတဲ့အကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူ ဒေါက်တာ ဒေါ်မြင့်ကြည်က ဖြေကြားခဲ့တာပါ။

ဒါဟာ နှစ်ပေါင်း ၆၅ နှစ်တာကာလအတွင်း စစ်အာဏာရှင်တွေ လွှမ်းမိုးခဲ့ဖူးတဲ့ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် အနောက်နိုင်ငံတွေက ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေကို ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာခွင့်ပြုလိုက်တာလည်းဖြစ်ပါတယ်။

လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်ကြောင်း သက်သေပြနိုင်ဖို့ အခုလို Carter Center နဲ့ EU ကို စောင့်ကြည့်လေ့လာခွင့်ပြုလိုက်တဲ့ ဒီလုပ်ဆောင်မှုဟာ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်လိုက်တဲ့ ဒီမိုကရေစီအစိုးရပေါ်ပေါက်နိုင်ဖို့ နှစ်ပေါင်းများစွာအတွင်း မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ခွင့်ပြုလိုက်တာဖြစ်တယ်လို့လည်း သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်းက ပြောဆိုခဲ့ကြောင်း ရိုက်တာစ်သတင်းတရပ်မှာလည်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၁၀ အထွေထွေရွေးကောက်ပွဲတုန်းကတော့ စစ်အစိုးရတပိုင်း အာဏာပိုင်တွေဘက်က နိုင်ငံတကာလေ့လာသူတွေဟာ လေ့လာခွင့်မပြုခဲ့ပါဘူး။ ဒါပေမဲ့ အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ အရှေ့တောင်အာရှနိုင်ငံအချို့ လေ့လာခွင့်ရခဲ့ပါတယ်။ ဒီမတိုင်ခင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်က ကျင်းပခဲ့တဲ့ ၁၉၉၀ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲမှာတော့ စစ်အစိုးရဘက်က အဲဒီရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဘဲ ဆက်လက်အုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေးမှာ အရေးကြီးတဲ့နှစ်ဖြစ်တဲ့ ၂၀၁၅ ခုနှစ်အတွက် ရွေးကောက်ပွဲကျင်းပနိုင်ရေးမှာ လာမယ့် ဧပြီလနောက်ဆုံးထားပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဘက်က ပါဝင်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေကို ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်နိုင်ရေး သတ်မှတ်ပေးထားပါတယ်။

XS
SM
MD
LG