သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငွေများများရမှ မြန်မာနိုင်ငံ လျှပ်စစ်မီး များများ ထုတ်နိုင်မယ်


ညနေပိုင်းအချိန်တွင် တွေ့ရသည့် ရန်ကုန်မြို့လယ်ခေါင်မြင်ကွင်း။ အောက်တိုဘာ ၂၃၊ ၂၀၁၂။
ညနေပိုင်းအချိန်တွင် တွေ့ရသည့် ရန်ကုန်မြို့လယ်ခေါင်မြင်ကွင်း။ အောက်တိုဘာ ၂၃၊ ၂၀၁၂။
မြန်မာနိုင်ငံဟာ အာရှတိုက်မှာ လူတဦးချင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှု အနိမ့်ဆုံးနိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ ရန်ကုန်လိုမြို့ကြီးမှာတောင်မှ ရာနှုန်းပြည့် လျှပ်စစ်မီး ခုချိန်ထိ မရသေးပါဘူး။ လျှပ်စစ်မီးရတဲ့ ကျေးလက်ဒေသက တနိုင်ငံလုံး ရဲ့ ၁၆% ပဲရှိပါတယ်။ ဒီလိုဖြစ်ရတာဟာ လျှပ်စစ်မီးထုတ်လုပ်ဖို့ သယံဇာတ အရင်းအမြစ်တွေ မရှိလို့မဟုတ်ဘဲ အရင်းအမြစ်က ပုံနေပြီး ငွေကြေးမတတ်နိုင်တဲ့အတွက်ကြောင့် မထုတ်နိုင်တာပါ။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး အာရှဖွံ့ဖြိုးရေးဘဏ် ADB က စွမ်းအင်ဆိုင်ရာကျွမ်းကျင်သူတဦးကို ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ တင်ဆက်ထားပါတယ်။

မြန်မာနိုင်ငံဟာ Greater Mekhong Sub-Region လို့ခေါ်တဲ့ မဟာမဲခေါင်ဒေသထဲမှာ အပါအဝင်ဖြစ်ပြီး ၁၉၉၂ ခုနှစ်ထဲ ကစလို့ မြန်မာနိုင်ငံရဲ့ စွမ်းအင်အရင်းအမြစ်တွေကို ADB က လေ့လာတာတွေလုပ်ခဲ့တာမှာ လုံလောက်တဲ့ စွမ်းအင် အရင်းအမြစ်တွေ ရှိတယ် ဆိုတာကို တွေ့ထားတယ်လို့ ADB ရဲ့ အရှေ့တောင်အာရှဒေသဆိုင်ရာ စွမ်းအင်ဌာန ညွှန်ကြားရေးမှူး အန်ထိုနီ ဂျူဒ် (Anthony Jude) က ဗွီအိုအေကိုပြောပါတယ်။

“အခြေခံအားဖြင့် မြန်မာနိုင်ငံမှာ အရင်းအမြစ်တွေ အမြောက် အများရှိပါ တယ်။ ရေအားလျှပ်စစ် ဆိုရင် မီဂါဝပ် တစ်သိန်းကျော်ရှိပါတယ်။ ဒါပေမဲ့လည်း ရေအားလျှပ်စစ်နဲ့ ပတ်သက်ရင် တာရှည် ခံနိုင်မယ့်အခြေခံနဲ့ ကြည့်ဖို့လိုပါတယ်။ မီဂါဝပ် တစ်သိန်းလုံးကိုတော့ ထုတ်လို့မရပါဘူး။ သဘာ၀ ပတ်ဝန်းကျင်နဲ့ တာရှည်ခံမှုကိစ္စတွေကို အခြေခံရပါမယ်။ မီဂါဝပ် နှစ်သောင်း သုံးသောင်းလောက် ကတော့ ဖြစ်နိုင်ခြေရှိပါတယ်။ ဒါပေမဲ့ အတော့်ကို ကြီးမားတဲ့ စွမ်းအင်ပမာဏကို ထုတ်ယူနိုင်တဲ့ အလားအလာရှိပါတယ်။”

စွမ်းအင်သယံဇာတကို ထုတ်ယူတဲ့ကိစ္စပြောမယ်ဆိုရင် သဘာဝပတ်ဝန်းကျင်ရေးရာကိစ္စကလည်း ထည့်မစဉ်းစားဘဲ မနေလို့ မရတဲ့ကိစ္စပါ။ ဘယ်လို စွမ်းအင်စီမံကိန်းမျိုးကိုပဲ လုပ်သည်ဖြစ်ပါစေ သဘာဝပတ်ဝန်းကျင်ရေးရာ၊ လူမှုရေးရာနဲ့ ဇီဝမျိုးကွဲတွေ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ ADB ကချမှတ်ထားတဲ့ အကာအကွယ်ပေးရေး စည်းမျဉ်းစည်းကမ်းတွေအတိုင်း ဖြစ်ရပါ မယ်လို့ မစ္စတာဂျူဒ်ကပြောပါတယ်။

အဲဒီအတွက်ကိုပဲ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း နေပြည်တော်မှာ နှစ်ရက်ကြာ အလုပ်ရုံဆွေးနွေးပွဲ တခုကို ADB က လုပ်ခဲ့ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြ တယ်လို့ ဆိုပါတယ်။

စွမ်းအင်သယံဇာတ အရင်းအမြစ်တွေ အမြောက်အများရှိတယ်ဆိုပေမဲ့လည်း အဲဒီစွမ်းအင်တွေကို ထုတ်ယူပြီး လူထု လက်တွေ့ အသုံးပြုနိုင်အောင် တကယ်တမ်း ထုတ်ယူဖို့အတွက် က ငွေကြေး ပမာဏ အမြောက်အများ လိုတာပါ။ စွမ်းအင်ကဏ္ဍမှာ ဆယ်စုနှစ်ပေါင်းများစွာ အလုံအလောက် ရင်းနှီးမြှုပ်နှံမှု မလုပ်ခဲ့တာကြောင့် ဒီကဏ္ဍဟာ အထိနာနေရတာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ လူဦးရေ လေးယောက်မှာ တယောက်ပဲ လျှပ်စစ်မီး သုံးစွဲနေနိုင်တယ်လို့ ADB က ထောက်ပြ ထားတာဖြစ်ပါတယ်။

“စွမ်းအင်ကဏ္ဍမှာ လိုအပ်ချက်တွေက ကြီးမားလှပါတယ်။ ထုတ်လုပ်ရေး၊ သယ်ပို့ရေး၊ ဖြန့်ဖြူးရေး ကဏ္ဍအားလုံးမှာပါပဲ။ သယ်ပို့ကဏ္ဍဟာ ဆိုးဆိုးရွားရွားကို ပျက်စီးနေပါ တယ်။ ဖြန့်ဖြူးရေးပိုင်း ဟာလည်း စနစ် ပျက်စီးနေပါပြီ။ စွမ်းအင်ကဏ္ဍမှာ နှစ်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံမှုအားနည်းခဲ့၊ ရင်းနှီးမြှုပ်နှံမှုအသစ်တွေ မလုပ်ခဲ့ပါဘူး။ ဒါ့အပြင် လျှပ်စစ်ဓာတ်အားဆိုင်ရာ ဥပဒေကလည်း သိပ်ကြီး ဟောင်းနွမ်းနေပြီး ခေတ်မမီတော့ပါဘူး။ ၁၉၄၈ ခုနှစ်က ပြဌာန်းခဲ့ပြီး ၁၉၆၂ ခုနှစ်မှာ မွမ်းမံပြဌာန်းထားတဲ့ ဥပဒေပါ။ ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယားတို့၊ လာအိုတို့နဲ့ ယှဉ်ရင်တောင် အတော်လေးကို ခေတ်နောက်ကျနေပါတယ်။”

စွမ်းအင်ကဏ္ဍအတွက် လိုအပ်တဲ့ ငွေကြေးပမာဏကို ထိထိရောက်ရောက် ရင်းနှီးမြှုပ်နှံနိုင်တာ ကလည်း နိုင်ငံတကာက စွမ်းအင်ကုမ္ပဏီကြီးတွေပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း စစ်အစိုးရ အဆက်ဆက်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အနောက်နိုင်ငံတွေက နှစ်ပေါင်းများစွာ ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ခဲ့တဲ့အတွက် တကယ့် ဒိတ်ဆိုတဲ့ စွမ်းအင်ကုမ္ပဏီ ကြီး တွေ မြန်မာနိုင်ငံ စွမ်းအင်ကဏ္ဍမှာ အပြိုင်အဆိုင် ရင်းနှီးမြှုပ်နှံတာမျိုး မရှိခဲ့ပါဘူး။

တရုတ်နဲ့ ကိုရီးယားကုမ္ပဏီတွေ၊ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့လို အရှေ့တောင် အာရှနိုင်ငံတွေ က ကုမ္ပဏီတွေပဲ ရင်းနှီး မြှုပ်နှံခဲ့ကြတာပါ။

အခုတော့ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့အစိုးရက ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတချို့ လုပ်လာတဲ့အပေါ် နိုင်ငံတကာက အလျင်အမြန် တုန့်ပြန်ခဲ့ကြပြီး တဲ့နောက် နှစ်ပေါင်းများစွာ ချမှတ်ခဲ့တဲ့ ဒဏ်ခတ်အရေးယူမှု အများအပြားကိုလည်း ရပ်ဆိုင်းတာ၊ ရုပ်သိမ်းတာတွေ လုပ်ခဲ့ကြပါတယ်။

ဒါကြောင့်လည်း အမေရိကန်ကုမ္ပဏီတွေအပါအဝင် နိုင်ငံတကာက စွမ်းအင်ကုမ္ပဏီကြီးတွေ ဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ အခွင့်အလန်းတွေ ရှာနေကြပြီလို့ မစ္စတာဂျူဒ်က ပြောပါတယ်။

ဒါပေမဲ့လည်း ငွေပမာဏအများအပြားကို လိုအပ်တဲ့အတွက် ပြည်တွင်းပြည်ပက ပုဂ္ဂလိကလုပ်ငန်း ရှင်တွေရဲ့ ရင်းနှီးမြှုပ်နှံမှုကို ရအောင် ဆွဲဆောင်ရမှာပါ။ မြန်မာနိုင်ငံအနေနဲ့ အပြည်ပြည် ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF နဲ့ ကမ္ဘာ့ဘဏ်တို့လို နိုင်ငံ တကာ ငွေကြေး အဖွဲ့အစည်းတွေ ကို ပြန်ပေးဆပ်ရမယ့်အကြွေးတွေ ရှိနေသေးတဲ့အတွက် ADB အနေနဲ့လည်း လက်ရှိ မှာ ငွေထုတ်မချေးနိုင်သေးဘူးလို့ မစ္စတာဂျူဒ်က ပြောပါတယ်။

နောက်နှစ်အစောပိုင်းမှာ အဲဒီအကြွေးကိစ္စတွေအားလုံးကို ဖြေရှင်းနိုင်ဖို့ မျှော်လင့်ထားကြပြီး အဲဒီနောက်ပိုင်းမှာ ADB က ပြန်ပြီး ငွေထုတ်ချေးနိုင်မယ်လို့ ဆိုပါတယ်။

တကယ်တမ်းမှာ လိုအပ်နေတာက ငွေအရင်းအနှီးတခုထဲတော့ မဟုတ်ပါဘူး။ ကျွမ်းကျင်တဲ့ ဝန်ထမ်းနည်းပါးတာ၊ ဥပဒေနဲ့ စည်းကမ်းပိုင်းဆိုင်ရာ မူဘောင်တွေ အားနည်းတာ၊ စွမ်းအင်နဲ့ ဆက်စပ်နေတဲ့ ဝန်ကြီးဌာနချည်းပဲ ခုနစ်ခုရှိနေပြီး အဲဒီ ဝန်ကြီး ဌာန တခုနဲ့တခုကြားမှာ ပူးပေါင်းဆောင်ရွက်တာနဲ့ စီမံကိန်းချတာတွေမှာလည်း အားနည်းချက်တွေရှိနေတယ်လို့ ADB က ထောက်ပြထားပါတယ်။

ဖြေရှင်းလုပ်ဆောင်ရမယ့် ကိစ္စရပ်တွေ အများအပြား ရှိနေသေးပေမဲ့လည်း အခု လက်ရှိ ဖော်ဆောင် နေတဲ့ အပြောင်းအလဲတွေကနေ ရှေ့မှာ အခွင့်အလန်းတွေ ပိုရလာပြီးတော့ လိုအပ်တဲ့ ငွေအရင်းအနှီးကို ရလာမယ့်အပြင် ADB လိုအဖွဲ့အစည်းတွေက လည်း လိုအပ်တဲ့ နည်းပညာပိုင်းအကူအညီတွေကို ပေးသွားမယ်လို့ မစ္စတာဂျူဒ်ကပြောပါတယ်။

အဲဒီလို အလားအလာကောင်းတွေ ရှိနေပြီဆိုရင် လျှပ်စစ်မီးကို နှစ်ပေါင်းများစွာ မမြင်တွေ့ခဲ့ရဖူး တဲ့ မြန်မာပြည်သူလူထုတွေ ဘယ်လောက်မြန်မြန် အချိန်ကာလအတွင်း လျှပ်စစ်မီးကို သုံးစွဲနိုင်ပြီး ကမ္ဘာပေါ်က တခြားနိုင်ငံသားတွေလိုပဲ ခေတ်မီ ဖွံ့ဖြိုးတဲ့ လူ့ဘဝအရသာကို ခံစားနိုင်ကြတော့မှာ ပါလည်း …

“နောက်ထပ် ၄-၅ နှစ်တော့ အချိန်ကြာဦးမယ်လို့ ကျနော် ပြောချင်ပါတယ်။ အခြေခံလျှပ်စစ်ဓာတ် အားကို အမြောက်အများ ထုတ်လုပ်ဖို့လိုပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ လျှပ်စစ် ဓာတ်အား ထုတ်လုပ်တဲ့ စက်ရုံအသစ်အတွက် ရင်းနှီးမြှုပ်နှံတာတွေ မရှိခဲ့ပါဘူး။ ရေအားလျှပ်စစ်ထုတ်လုပ်တဲ့ စီမံကိန်းတွေ ရပ်သွားမယ်ဆိုရင်တော့ ကျောက်မီးသွေးနဲ့ သဘာဝဓာတ်ငွေ့တွေကနေ လျှပ်စစ်ဓာတ် အားထုတ်လုပ်ဖို့ ကြည့်ရပါလိမ့်မယ်။”

ရေနံဆီမီးအိမ်လေးတွေ၊ ဖယောင်းတိုင်မီးလေးတွေ၊ ထင်းမီးရောင်တွေနဲ့ ညစဉ်အမှောင်ကို အန်တုနေကြရတဲ့ မြန်မာလူထု အတွက်ကတော့ လျှပ်စစ်မီးဆိုတာက မျှော်လင့်လို့ရကောင်းတဲ့အရာ ဟုတ်ရဲ့လားဆိုတာတောင် စဉ်းစားဖွယ်ရာဖြစ်နေတာပါ။

လျှပ်စစ်မီးဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ တခုတည်းအတွက်သာမက လူထုရဲ့ လူနေမှု အဆင့်အတန်း မြင့်မားရေးကို အထောက်အကူဖြစ်စေသလို စာသင်သား လေ့လာသူတွေ အတွက်လည်း အင်မတန်အကျိုးများတဲ့ကိစ္စပါ။

ဘယ်သူ့အတွက်မှ အကျိုးမယုတ်စေဘဲ လူတိုင်းအတွက် အကျိုးများစေတဲ့ လျှပ်စစ်မီးသာ အလုံအလောက်ရရှိမယ်ဆိုရင်ဖြင့် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်တဲ့နေရာမှာ ပို၍သာ အထောက်အကူဖြစ်စေမယ်လို့ ယုံကြည်ပါကြောင်း တင်ပြရင်း ဒီသီတင်းပတ်အစီအစဉ်ကို ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG