သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စက်မှုဇုန်တွေမှာ လျှပ်စစ်မီး တနေ့ ၅ နာရီသာပေးတော့မည်


ဖေဖော်ဝါရီလ ၂၀ ရက်နေ့က စပြီး စက်မှုဇုန်တွေမှာ တနေ့ကို လျှပ်စစ်မီး ၅ နာရီသာ ပေးတော့ မယ်လို့ မြန်မာနိုင်ငံ လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့ ဥက္ကဌက ပြောပါတယ်။ အခုလို စက်မှုဇုန်တွေမှာ လျှပ်စစ်မီး ပြတ်တောက်တာဟာ နှစ်စဉ်လိုလို ဖြစ်နေပြီး၊ စက်မှုလုပ်ငန်းတွေအတွက် ပုံမှန်ထက် ကုန်ကျစရိတ် ၄ ဆ ပိုများစေတယ်လို့ လှိုင်သာယာ စက်မှုဇုန် ဥက္ကဌ က တုံ့ပြန်လိုက်ပါတယ်။ ဒီသတင်း အပြည့်အစုံကိုတော့ ဆက်သွယ် မေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် က ပြောပြပေးမှာဖြစ်ပါတယ်။

ပြည်တွင်းမှာ လျှပ်စစ်မီး အလုံအလောက် မရတဲ့ အခြေအနေ ကြောင့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က စတင်ပြီး စက်မှုဇုန်တွေမှာ တနေ့ကို မီး ၅ နာရီပဲ အသုံးပြုခွင့် ရတော့မယ် လို့ မြန်မာနိုင်ငံ လျှပ်စစ် ဓာတ်အားပေးရေး အဖွဲ့ ဥက္ကဌ ဦးအောင်ခိုင် က ပြောပါတယ်။

ပြီးခဲ့တဲ့ နွေရာသီတုန်းကဆိုရင် လူနေရပ်ကွက်တွေထဲမှာပါ လျှပ်စစ်ဓာတ်အား ပြတ်တောက်တဲ့ အခြေ အနေတွေထိ ရှိခဲ့ပြီး ဒီနှစ်မှာတော့ လူနေရပ်ကွက်တွေကို မီးရအောင်ပေးဖို့တော့ ရှိတယ်လို့ ဦးအောင်ခိုင် က ပြောပါတယ်။

“ကျနော်တို့က လူတွေကို မပိတ်ချင်လို့ စက်မှုဇုန်ကို ပိတ်တာ၊ ကျနော်တို့က ပေးစရာမရှိလို့၊ ကျနော်တို့က သူများဆီကနေ ဝယ်ပေးရတာလေ၊ ပေးလို့မရလို့ မပေးနိုင်တဲ့ဟာ စက်မှုဇုန်ပဲ ကျနော်တို့က ပိတ်တာ”

အခုလို စက်မှုဇုန်တွေမှာ မီးပျက်တာ၊ လျှပ်စစ်ဓာတ်အား ရရှိမှု အခြေအနေ လျှော့နည်းတာဟာ လုပ်ငန်းရှင်တွေအတွက် အထူးအဆန်း မဟုတ်တော့သလို အဲ့ဒီကာလရောက်ရင် လုပ်ငန်းတွေ လည်ပတ်နိုင်ဖို့အတွက် ပုံမှန် ကုန်ကျစရိတ်ထက် ၄ ဆလောက် စိုက်ထုတ် ရတယ်လို့ လှိုင်သာယာ စက်မှုဇုန် ဥက္ကဌ ဦးမြတ်သင်းအောင် က ပြောပါတယ်။

“နှစ်တိုင်း ဒီလိုပါပဲ။ တိုးမပေးနိုင်တာ တခုပဲပေါ့။ နေ့စဉ် ၅ နာရီပဲ။ ဒီအတိုင်းပဲ ဒီဇယ်နဲ့ပဲ ၄ ဆလောက် တက်သွားတာပေါ့လေ၊ လျှပ်စစ်ဓာတ်အား ၉၇၅ ဆိုတော့ ၃၀၀ ကျော်လောက် လျှပ်စစ်မီးက တက်သွားတာပေါ့။”

အခုလို ပြည်တွင်းမှာ လျှပ်စစ်မီး အလုံအလောက် မပေးနိုင်တာဟာ ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာဖို့အတွက် အတားအဆီးလည်း ဖြစ်စေတယ်လို့ ဦးမြတ်သင်းအောင် က ထောက်ပြ
ပြောဆိုပါသေးတယ်။

လျှပ်ပ်စစ်ဓာတ်အား အလုံအလောက် မပေးနိုင်လို့ စက်မှုဇုန်တွေကို မီးဖြတ်ထားတဲ့အတွက် အအေးခန်းစက်ရုံတွေ ပုံမှန် လည်ပတ်နိုင်ဖို့အတွက် မီးစက်တွေကို အားကိုးရပြီး အအေးခန်းစက်ရုံ တရုံရဲ့တစ်နေ့တာ ကုန်ကျငွေဟာ ကျပ် သိန်း၂၀ လောက်ရှိတယ်လို့လည်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် ဥက္ကဌ ဦးနှင်းဦး က ဗွီအိုအေ ကို ပြောပါတယ်။

“ကျနော်တို့ စက်ရုံတွေက မီးပေါ် မူတည်ပြီးတော့ အလုပ်လုပ်ရတာကိုး၊ မီးပေါ် မူတည်ပြီး လုပ်ကြရတော့ မီးပျက်တယ်လို့ မရဘူးဆိုရင် ၁ နာရီဆိုလို့ရှိရင် ဒီဇယ် ၆ လုံးလောက်ဖြစ်သွားတာ အနည်းဆုံး။ ငွေ ၁၂ သိန်းလောက် ကုန်တာပေါ့ဗျာ။ တနာရီကို၊ တနေ့ကို သိန်း ၂၀ လောက် ဆုံးရှုံးမှု ဖြစ်နိုင်တယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ ကျနော်တို့ရဲ့ စက်ရုံက ညှိပြီးတော့ ဆောင်ရွက်နေ ပါတယ်။ ဘယ်လို အဖြေထွက်မလဲ မသိဘူး။”

လူ ၄ ဦးမှာ ၁ ဦးသာ လျှပ်စစ်မီး သုံးစွဲခွင့် ရတဲ့ မြန်မာနိုင်ငံကို လျှပ်စစ်ဓာတ်အားနဲ့ ပတ်သက်ပြီး
တော့ အကူအညီတွေ ပေးဖို့ ကမ္ဘာ့ဘဏ်ကလည်း ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ လာမယ့် ကာလတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်နိုင်ဖို့အတွက် ကောင်းမွန်တဲ့ လျှပ်စစ် ဓာတ်အားတွေ ရရှိဖို့ လိုအပ်တယ်လို့လည်း ကမ္ဘာ့ဘဏ် အမှုဆောင် အရာရှိချုပ် မစ္စတာ ဂျင်ယောင်ချိုင်း မြန်မာနိုင်ငံကို ရောက်ရှိစဉ်တုန်းက ပြောခဲ့ဖူးပါတယ်။

ရေအား လျှပ်စစ်စက်ရုံတွေရဲ့ ထုတ်လုပ်ပေးနိုင်တဲ့ ပမာဏ လျှော့နည်းတာတွေ၊ သဘာဝဓာတ်ငွေ့ကို အကန့်အသတ်နဲ့ ထုတ်လုပ်နိုင်တွေကြောင့် ပြည်တွင်းမှာ လျှပ်စစ်ဓာတ်အား အလုံအလောက် မရတာ လို့လည်း မစ္စတာ ဂျင်ယောင်ချိုင်း က ထောက်ပြခဲ့ပါတယ်။

အခုလို ပြည်တွင်းမှာ လျှပ်စစ်ဓာတ်အားတွေ အလုံအလောက် မရတာတွေကို ဖြေရှင်းနိုင်ဖို့အတွက် အထူး စီမံကိန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီလို့လည်း ဦးအောင်ခိုင် က ပြော ပါတယ်။

“မီးမှန်မှန် ရအောင် လုပ်နေတဲ့ စီမံကိန်းတွေ အများကြီးရှိတယ်။ ရတာနဲ့ ကျနော်တို့က ပြန်ပေးမှာပဲ။”

ပြီးခဲ့တဲ့ နွေရာသီက လူနေရပ်ကွက်တွေမှာ လျှပ်စစ်မီး ဖြတ်တောက်တာ လျှပ်စစ်ဓာတ်အားကို အလှည့်ကျ ပေးခဲ့တာတွေကြောင့် ပြည်သူအများက လျှပ်စစ်မီး ပြတ်တောက်တဲ့အရေးကို အပြင်းအထန် ကန့်ကွက်ဆန္ဒ ဖော်ထုတ်ခဲ့ဖူးပါတယ်။
XS
SM
MD
LG