သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေဘေးကယ်ဆယ်ရေး ကြက်ခြေနီလှုပ်ရှားမှု စတင်


အလှူရှင်တွေက ရေနစ်မြုပ်နေတဲ့ကောလင်းနဲ့ ပတ်ဝန်းကျင်ရွာတွေက ကျောင်းသားကလေးငယ်တွေကို စားသောက်စရာများ ဝေခြမ်းပေးနေစဉ်။ (ဇူလိုင် ၂၃၊ ၂၀၁၅)
အလှူရှင်တွေက ရေနစ်မြုပ်နေတဲ့ကောလင်းနဲ့ ပတ်ဝန်းကျင်ရွာတွေက ကျောင်းသားကလေးငယ်တွေကို စားသောက်စရာများ ဝေခြမ်းပေးနေစဉ်။ (ဇူလိုင် ၂၃၊ ၂၀၁၅)

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနဲ့ လခြမ်းနီအသင်းများဖက်ဒရေးရှင်း IFRC ကနေ မြန်မာနိုင်ငံက ရေဘေးသင့် ဒုက္ခသည်တွေအတွက် နိုင်ငံတကာ အရေးပေါ် ရန်ပုံငွေတောင်းခံတဲ့ Red Cross Movement ကို စတင်လိုက်ပါပြီ။

အရေးပေါ်ကယ်ဆယ်ရေး လိုအပ်နေတဲ့ ရေဘေးသင့်ဒုက္ခသည်တွေကို အချိန်မီ ကယ်တင်နိုင်ဖို့အတွက် အရေးပေါ် ရန်ပုံငွေတောင်းခံမှုဟာ အရေးကြီးတယ်လို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုလိုက်ပါတယ်။ ရလာတဲ့ ရန်ပုံငွေတွေကို ပြန်လည်ထူထောင်ရေးမှာလည်း ခွဲဝေသုံးသွားမယ်လို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ပြောပါတယ်။ အပြည့်အစုံကိုတော့ VOA သတင်းထောက် မသိင်္ဂီလင်းက တင်ပြပေးပါမယ်။

မြန်မာနိုင်ငံက ရေဘေးသင့်ဒုက္ခသည်တွေအတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနဲ့လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း IFRC ကနေ နိုင်ငံတကာ အရေးပေါ် ရန်ပုံငွေတောင်းခံတဲ့ Red Cross Movement ဟာ သန်းနဲ့ချီတဲ့ ဒုက္ခသည်တွေအတွက် အရေးကြီးတယ်လို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Jean-Yves Clemenzo က ပြောဆိုလိုက်ပါတယ်။

“ရေဘေးသင့်နေတဲ့ ပြည်သူတွေဆီ ဆက်သွယ်ဖို့ ခက်ခဲနေတဲ့အချိန်မှာ ချက်ခြင်း ကယ်ဆယ်ဖို့က အရေးကြီးပါတယ်။ ကျနော်တို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်းအနေနဲ့လည်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနဲ့ လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းတို့နဲ့လည်း ပူးပေါင်းပြီး တိုင်းနဲ့ ပြည်နယ် ၁၂ ခုက သန်းနဲ့ချီတဲ့ ဒုက္ခသည်တွေကို ကူညီနိုင်ဖို့ ကြိုးစားနေပါတယ်။ ဒီလိုအကူအညီတွေ ပိုပေးနိုင်ဖို့ Red Cross Movement လို ရန်ပုံငွေကောက်ခံမှုတွေ လုပ်တာလည်း အရေးကြီးပါတယ်။”

အရေးပေါ်ရန်ပုံငွေတောင်းခံရာမှာ အလှူငွေထည့်နိုင်တဲ့ ဘယ်အဖွဲ့အစည်းကို မဆို၊ ဘယ်လူပုဂ္ဂိုလ်ကို မဆို ကောက်ခံသွားမှာ ဖြစ်တယ်လို့ သူကပြောပါတယ်။ အမေရိကန်ဒေါ်လာ ၄.၁ သန်းနဲ့ ညီမျှတဲ့ ရန်ပုံငွေရရှိဖို့ မျှော်မှန်းထားပြီး ရလာတဲ့ ရန်ပုံငွေတွေကိုလည်း ကုလသမဂ္ဂ လူသားချင်းစာနာမှုရေးရာ ပူးပေါင်းညှိနှိုင်းရေးမှူးရုံးတို့လို အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းညှိနှိုင်းပြီး အသုံးချသွားမယ်လို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ဒေါက်တာအောင်ကျော်ထွဋ်က ပြောပါတယ်။

ရေကြီးရေလျှံခဲ့တဲ့ဒေသတွေကို ရောက်ရှိခဲ့တဲ့ ဒေါက်တာအောင်ကျော်ထွဋ်က အရေးပေါ် ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးတွေအတွက် ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့ အခုလို ပြောပါတယ်။

“ညှိနှိုင်းဆောင်ရွက်ဖို့က အရေးအကြီးဆုံးပဲ။ Who does what, where? ပေါ့နော်။ ဘယ်နေရာမှာ ဘာလုပ်မယ်ဆိုတာ။ အခုဟာက လူတွေကတော့ သွားနေကြတာပဲ။ သွားနေပြီးတော့ အလှူခံတဲ့ စိတ်ဓာတ်တွေကိုတော့ ချီးကျုးပါတယ်။ နေ့စဉ်နဲ့အမျှ အပင်ပမ်းခံပြီးတော့ မျက်စေ့ထဲမှာလည်း တွေ့နေရတာပဲ။ ဒုက္ခရောက်နေတဲ့ လူတွေကို အကျိုးရှိရှိ၊ ထိထိရောက်ရောက် ညှိနှိုင်းဆောင်ရွက်ပြီးတော့မှ လိုအပ်ချက်ကို ဆန်းစစ်ဖော်ထုတ်ပြီးတော့၊ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ်ဆိုရင် သူတို့ဘဝတွေကတော့ မကြာခင် ပုံမှန်ဘဝကိုရောက်ဖို့ အတွက်ကိုတော့ အထောက်အကူ အများကြီး ဖြစ်ပါလိမ့်မယ်။”

မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်းအနေနဲ့လည်း အရေးပေါ် ကယ်ဆယ်ရေးအပြင် ပြန်လည်ထူထောင်ရေးမှာပါ ကူညီသွားမယ်လို့ Jean-Yves Clemenzo က ပြောပါတယ်။

“ပြန်လည်ထူထောင်ရေးကလည်း အချက်အချာကျပါတယ်။ လူတော်တော်များများက လယ်မြေတွေ ဆုံးရှုံးသွားတာမျိုးတွေရှိတော့ သူတို့ရဲ့ သက်မွေးဝမ်းကျောင်းမှုမှာ အခက်အခဲတွေ ဖြစ်နေပါတယ်။ ကျနော်တို့အဖွဲ့ကတော့ ပြီးခဲ့တဲ့သီတင်းပတ်မှာ အရေးပေါ်ကယ်ဆယ်ရေးတွေ လုပ်ခဲ့ပြီး အခုတော့ ပြန်လည်ထူထောင်ရေးကို အားစိုက်နေပါတယ်။ ကျနော်တို့အနေနဲ့ ရေဘေးဒဏ်ခံခဲ့ရတဲ့ ဒေသတွေကို ကိုယ်တိုင်သွားရောက်ပြီး သူတို့ရဲ့ မွေးမြူရေးနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ ပြန်လည် လုပ်ကိုင်လာနိုင်အောင် အားစိုက် ကူညီသွားပါမယ်။”

မြန်မာနိုင်ငံမှာ ဇူလိုင်လကုန်ပိုင်းလောက်ကတည်းက ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ် ခဲ့တာကြောင့် တိုင်းနဲ့ ပြည်နယ် ၁၂ ခုမှာ ရေဘေးဒုက္ခသည် ၁ သန်းလောက်ရှိနေပြီး တနိုင်ငံလုံးမှာ လယ်မြေဧက ၅ သိန်းကျော် ပျက်စီးနေပြီလို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG