သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေဘေးကြောင့် ဧရာဝတီတိုင်းမှာ ကျောင်းပေါင်း ၂၀၀ ကျော်ပိတ်


ရေဘေးဒဏ်ခံနေရတဲ့ ဧရာဝတီတိုင်း ရေကြည်မြို့မှာ ကျောင်းကြိုလာတဲ့ စက်လှေတိမ်းမှောက်ပြီး ရေနစ်သေဆုံးမှုတွေ ဖြစ်ခဲ့တဲ့အတွက် စာသင်ကျောင်းပေါင်း ၂၀၀ ကျော်ကို ပိတ်လိုက်ရသလို၊ နောက်ထပ် မြို့အတော်များများမှာလည်း ရေတွေ ထပ်တက်လာနေတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ ရေဘေးဒဏ် အဆိုးဆုံးခံခဲ့ရတဲ့ ချင်းပြည်နယ်မှာလည်း မြေပြိုမှုတွေ အပါအဝင် နောက်ဆက်တွဲ ရေဘေးဒဏ်သင့်တဲ့ အခြေအနေတွေနဲ့ ကြုံနေရပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

တိုင်းနဲ့ ပြည်နယ်တဝှမ်း ရေဘေးဒဏ်ခံနေရတဲ့အထဲက စိုးရိမ်ရေမှတ်တွေကို ကျော်လွန်နေတာကတော့ ဧရာဝတီတိုင်းထဲက မြို့နယ်တချို့ဖြစ်ပြီး မိုးကြီးရေလျှံခြင်း၊ လှိုင်းကြမ်း ရေကြမ်းခြင်းတွေကြောင့် မနေ့ကပဲ ရေကြည်မြို့နယ်ထဲက ကျောင်းသားတွေ တင်လာတဲ့ စက်လှေ နစ်မြုပ်ပြီး သေးဆုံးမှုတွေ ဖြစ်ခဲ့တာပါ။ ဒီအတွက် ရေကြည်မြို့နယ်ထဲက ကျောင်းပေါင်း ၂၀၀ ကျော်ကို ပိတ်ထားလိုက်ရသလို ဧရာဝတီတိုင်းအတွင်းမှာ မြစ်ရေကြီးတာတွေ ဆက်ဖြစ်နေတယ်လို့ ဧရာဝတီတိုင်းက လူအခွင့်ရေးလှုပ်ရှားသူ ကိုမြင်နိုင်က ပြောပါတယ်။

“ရေကြည်ဘက်မှာတော့ ပိတ်လိုက်ပြီ။ ပုသိမ်ဘက်မှာတောင် အနိမ့်ပိုင်းကျောင်းတွေကတော့ ပိတ်ပြီး၊ ရေကတော့ တောက်လျှောက်တိုးတာ၊ တော်တော်များများတော့ မြုပ်တယ်၊ ကမ်းနားလမ်းတောက်လျှောက်မြုပ်တယ်။ ရေကအယ်နေတာပေါ့။ အောက်ကို ဆင်းမသွားတော့ဘူး။ တဖြေးဖြေး တိုးလာတာပဲ ရှိတဲ့အတွက် ဒီနေ့ဆိုရင် တပေဝန်းကျင်လောက်ကို တိုးတယ်ခင်ဗျ။ မနက်က ကျနော် ကမ်းနားလမ်း တောက်လျှောက်သွားတာတော့ တောက်လျှောက်ကို မြုပ်နေတာ။”

ရေကြီးတဲ့ဒဏ်ကို အဆိုးဆုံးခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း ကလေးြမို့မှာ တချို့ရေကြီးတဲ့ ရပ်ကွက်တွေက ရင်ဘတ်လောက်အထိရှိတဲ့ ရွှံ့နွံတွေ ကျန်နေသေးတဲ့အတွက် နေထိုင်လို့ မရသေးသလို အမှိုက်စွန့်ပစ်မယ့် နေရာတွေ စနစ်တကျမရှိတဲ့အတွက် ရေမကြီးတဲ့ စက်မူဇုံဘက်မှာ တရိစ္ဆာန်အသေကောင်များ အမှိုက်တွေ လာရောက် စုပုံနေကြတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။ ဒီအတွက် ကျန်းမာရေးအရ ထိခိုက်မှုတွေ ရှိနေပြီလို့ ကလေးမြို့ခံတဦးကလည်း ပြောပါတယ်။

“ကျနော်တို့ ဒီဘက် ကလေးမြို့ဘက် မဟုတ်ဘဲနဲ့ တောင်ဟိုင်းဘက်ခေါ်တာပေါ့ တောင်ဟိုင်းစက်မှုဇုန်ဘက်က ကျနော်တို့ ရေမကြီးတဲ့အပိုင်းပေါ့ဗျာ အမှိုက်တွေကို ဒီဘက်ကို လာပြီးတော့ ပစ်ကျတယ်ဗျ။ နဂိုကတည်းက ကျနော်တို့ ကလေးမြို့က အမှိုက်ပုံမရှိဘူး။ အမှိုက်ပုံမရှိဘူးဆိုတော့ ကြုံသလိုပဲ ချောင်းထဲတို့၊ မြစ်ထဲတို့ ပစ်ကြတယ်။ အဲဒီမှာပဲ သွားသွားပြီးတော့ ပစ်နေကြတယ်ခင်ဗျ။ အဲဒီမှာ အမှိုက်တွေ သွားသွားပစ်တာ ကျနော် ဒီနေ့ သွားကြည့်တာတော့ အမှိုက်ပုံက လူတရပ်စာလောက်ကို ကျော်နေပြီ။ အပုပ်နံ့တွေလည်း တော်တော်များတယ်ဗျ။ အခြေအနေ တော်တော်ဆိုးတယ်။ ဒီကြားထဲမှာမှ မရှိဆင်းရဲသားတွေက အမှိုက်တွေကို ကောက်တဲ့ကလေးတွေလည်း ရှိတယ်ဗျ။ ခက်တာက အကောင်သေတွေပေါ့ဗျာ ရေမြုပ်သွားတော့ ဟိုဘက် မြို့ထဲက ရေမြုပ်တဲ့ရပ်ကွက်တွေက ပြန်နေလို့မရဘူး။ ဘာလို့လဲဆိုတော့ နှုံးတွေက တင်ပြီးတော့ ကျန်ခဲ့တာ။ တချို့နေရာတွေဆိုရင် ခါးတို့၊ ရင်ခေါင်းလောက်အထိကို နှုံးတွေ ကျန်ခဲ့တယ်ဗျ။ ကျန်ခဲ့တော့ ပြဿနာက ဘာဖြစ်လာသလဲဆိုတော့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ စပြီးတော့ ဖြစ်လာပြီဗျ။”

သဘာဝရေးဘေးဒဏ်တွေနဲ့ မြေပြိုမှုတွေ အများဆုံးဖြစ်ခဲ့ရတဲ့ ချင်းပြည်နယ်မှာတော့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေဆဲမို့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေတောင် မရသေးသလို ပြန်လည်ထူထောင်ရေး စတင်ဖို့ကတော့ အခက်အခဲတွေ ရှိနေဆဲပဲလို့ ချင်းပြည်နယ်က ဆလိုင်းကျုံကျန်းထောင်း က ပြောပါတယ်။

“အဓိကကတော့ ကျနော်တို့ တောင်ပေါ်မှာတော့ မြေပြိုတဲ့ ပြဿနာပေါ့နော်။ အဓိက လမ်းတွေပျက်သွားတယ်၊ တံတားတွေ ပျက်သွားတယ်။ လူအိမ်ခြေတွေ ပျက်သွားတယ်။ မြေပြိုလို့ တချို့လူတွေ ရွှေ့ရမယ့် အနေအထားတွေမှာရှိတယ်။ ပြီးတော့ စိုက်ပျိုးရေးလုပ်နေတဲ့ နေရာတွေ ပျက်စီးသွားတာမျိုးပေါ့နော် အမြန်ဆုံးလိုတာကတော့ ကားလမ်းပေါက်ဖို့တော့ အမြန်ဆုံး လိုတယ်။ အဲဒါမှ မပေါက်ဘူးဆိုရင် ကျနော်တို့ ဒီ အရေးပေါ် စားနပ်ရိက္ခာ ပို့ဖို့ အပိုင်းတွေကအစ တော်တော်ကြီးကို ခက်ခဲတယ်။ ပြန်လည် ထူထောင်ရေးကတော့ အဝေးကြီးပေါ့ဗျာ နော်။”

ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းတွေမှာလည်း နေရာတချို့မှာ ရေကျသွားပေမဲ့ မြို့နယ် ကျေးရွာတွေအလိုက် ရွှံနွံတွေ ကျန်နေသေးတာမို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေလုပ်ဖို့ အရှိန်ယူရဦးမယ်လို့ ဆိုပါတယ်။ တချို့နေရာတွေမှာတော့ သောက်သုံးရေ စားစရာတွေ ပြတ်လတ်နေဆဲဖြစ်ပြီး ကူညီကယ်ဆယ်ရေးတွေ လုံလောက်မှုတွေ မရှိသေးဘူးလို့လည်း ရေဘေးသင့်သူတွေက ဆိုပါတယ်။ မြန်မာနိုင်ငံတဝှမ်းမှာ ရေဘေးကြောင့် သေဆုံးသူ ၁၀၀ ဝန်းကျင်ရှိပြီး ရေဘေးသင့်ပြည်သူ ၁ သန်းနီးပါး ရှိတယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်ရှင်။

XS
SM
MD
LG