သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူ့အခွင့်အရေး ချိုးဖောက်မှုအဆုံးသတ်ဖို့ Fortify Rights အဖွဲ့ တိုက်တွန်း


(Credit: http://www.fortifyrights.org)
(Credit: http://www.fortifyrights.org)

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ လာမယ့် နိုဝင်ဘာလ ၉ ရက်နေ့မှာ ကျင်းပဖို့ရှိတဲ့ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်လို့ ဒုတိယအကြိမ် UPR လို့ခေါ်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေး ပုံမှန် ပြန်လည် သုံးသပ် စိစစ်မှုမှာ မြန်မာအစိုးရအနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေ အဆုံးသတ်စေရေးအတွက် ခိုင်မာတဲ့ ခြေလှမ်းတွေ ယူမယ်ဆိုတာကို ကတိပေးသင့်တယ်ဆိုပြီးတော့ ထိုင်းအခြေစိုက် Fortify Rights အဖွဲ့ကြီးက စက်တင်ဘာလ ၂၉ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ တိုက်တွန်းလိုက်ပါတယ်။ အသေးစိတ်ကို ကိုဝင်းမင်းက ဆက်ပြောပြပါမယ်။

ဒီ Fortify Rights အဖွဲ့ခေါင်းဆောင် Matthew Smith က နိုဝင်ဘာလဆန်းမှာလုပ်မယ့် ကုလသမဂ္ဂရဲ့ UPR ခေါ် ပုံမှန်လူ့အခွင့်အရေးသုံးသပ်တဲ့ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဘက်ကလည်း ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီးကိုကို ဦးဆောင်တက်ရောက်ပြီး အစိုးရလူ့အခွင့်အရေး အစီရင်ခံစာ ဦးဆောင်တင်သွင်းမယ်လို့ ကြားတာမို့ အခုလို အချိန်မီ ထုတ်ပြန်လိုက်တာလို့ ဆိုပါတယ်။ မစ္စတာ Smith ကပဲ လက်ရှိ ရွေးကောက်ပွဲနည်းလာချိန်မှာ သူ အခု အထူးစိုးရိမ်မိတာကို

“ကျနော်ထင်ပါတယ်။ ရွေးကောက်ပွဲနဲ့ ဆက်နွယ်ပြီး တင်းမာ အကြမ်းဖက်မှုတွေဖြစ်လာဖို့ အန္တရာယ် ကြီးကြီးမားမားကို ရှိနေပါတယ်။ အဲဒီအတွက် တချို့ ဒေသခံအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကျနော်တို့ ဆောင်ရွက်နေတာတွေ ရှိပါတယ်။ ကံဆိုးစွာပဲ အခု ရွေးကောက်ပွဲလုပ်ငန်းစဉ်ထဲမှာ ပြဿနာတွေ အများကြီးနဲ့ မသမာမှုတွေ ရှိနေပါတယ်။”

ဒါ့အပြင် ဒီရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ပြဿနာတွေအကြောင်း သူက အခုလို ဆက်ရှင်းပြပါတယ်။

“ကျနော်တို့ စိုးရိမ်ပါတယ်။ သက်ဆိုင်ရာ လူစုတချို့အပေါ် နိုင်ငံရေးအရ အခွင့်အလမ်းတွေ လုံး၀ ဆုံးရှုံးသွားစေနိုင်ပါတယ်။ ဒီထဲမှာ မူဆလင်ဘာသာဝင်တွေ မဲပေးခွင့်ဆုံးရှုံးတာ၊ အရွေးချယ်ခံပိုင်ခွင့် ဆုံးရှုံးမှာတွေ ပါပါတယ်။ ဒါ့အပြင် တိုင်းရင်းသားဒေသတချို့က ဒေသခံတွေအနေနဲ့ အထူးသဖြင့်တော့ တိုက်ပွဲတွေဖြစ်နေတဲ့ နေရာတွေကပေါ့နော်။ သူတို့အတွက် ဒီရွေးကောက်ပွဲ နိုင်ငံရေးလုပ်ငန်းစဉ်မှာ ဖယ်ထားခံရတာမျိုးလည်း ပါပါတယ်။”

တကယ်တော့ အခုလာမယ့် ရွေးကောက်ပွဲမှာ အရင် အစိုးရပါတီ ပြည်ခိုင်ဖြိုးကနေ အနိုင်ရခဲ့တဲ့ မူဆလင်ကိုယ်စားလှယ် ဦးရွှေမောင်လည်း ကိုယ်စားလှယ်အဖြစ်ကနေ အပယ်ခံခဲ့ရပါတယ်။ ဒါ့အပြင် မူဆလင်ဘာသာဝင် ၅ သိန်းကျော်လည်း မဲပေးခွင့် ဆုံးရှုံးသွားတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ထုတ်ပြောနေပါတယ်။ ဒီစိုးရိမ်ချက်တွေအပေါ် မစ္စတာ Smith က ဆက်ပြီး

“ကျနော်တို့အနေနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ် အထူးကို စိုးရိမ်ပါတယ်။ မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေးကို တိုးတက်လာအောင် လုပ်ပေးတာ မရှိသေးတဲ့အတွက် အထူးစိုးရိမ်တာပေါ့ဗျာ။ အထူးသဖြင့်တော့ လာမယ့် ရွေးကောက်ပွဲကာလမှာ အခြေအနေတွေ မတရားပိုဆိုးလာနိုင်တဲ့ အန္တရာယ်လည်း ရှိနေပါတယ်။”

တကယ်တော့ အခုလို အခြေအနေတွေ ဆိုးပေမဲ့ တိုးတက်လာတဲ့ အခြေအနေတွေရော မြင်မိပါသလားလို့ မေးရာမှာ မစ္စတာ Smith က

“အသေအချာရှိပါတယ်။ မှတ်လောက်သားလောက်အောင်ကို တိုးတက်လာတာတချို့ ရှိပါတယ်။ တနိုင်ငံလုံးမှာ လူ့အခွင့်အရေးနဲ့ နိုင်ငံရေးဆိုင်ရာ လွတ်လပ်ခွင့်တွေ အရင်ထက် ပိုရလာပါတယ်။ အရပ်သားအဖွဲ့တွေအနေနဲ့ အရင်မလုပ်နိုင်တာတွေ အခု လုပ်ခွင့် အများကြီး ရလာပါတယ်။”

အဲဒီတော့ အခုလာမယ့် လူ့အခွင့်အရေးကောင်စီ ဆွေးနွေးပွဲမှာ အခြေအနေတွေ ဆက်တိုးတက်လာဖို့ မျှော်လင့်ပါသလားလို့ မေးရာမှာတော့

“ကျနော်တို့ မျှော်လင့်ထားပါတယ်။ အခုလာမယ့် နိုဝင်ဘာ ၉ ရက်ကျရင် ဂျနီဗာမှာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာတွေအပေါ် ဆွေးနွေးကျတဲ့ အခါကျရင်ပေါ့လေ အဲဒီမှာ အခုဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြေရှင်းနိုင်ဖု့ိကို ကျနော်တို့ဘက်ကလည်း အသေးစိတ်နည်းလမ်းတွေကို အကြံပြုထားပါတယ်။ ဒီထဲမှာ ရခိုင်၊ ကချင်၊ ရှမ်းနဲ့ တနိုင်ငံလုံးမှာ ဖြစ်နေတဲ့ ပြဿနာတွေ ပါပါတယ်။”

မစ္စတာ Smith က ဆက်ပြီး အခု ဒီပွဲမှာ ဦးဆောင်တက်လာမယ့် ဗိုလ်ချုပ်ကြီး ကိုကို အနေနဲ့ အရင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့ပေမဲ့လည်း အခုတော့ နိုင်ငံတကာက အကြံပြုတဲ့ နည်းလမ်းတွေကို ပူးပေါင်းဆောင်ရွက်ပေးသင့်တယ်လို့ ဆက်ပြောခဲ့ပါတယ်ခင်ဗျာ။

XS
SM
MD
LG