သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်ရေးရာဝန်ကြီး နဲ့ ဗွီအိုအေ


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ နယ်ခြားဒေသကို အဓိကတာဝန်ယူလုပ်ဆောင်နေတဲ့ နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေး ကို ဗွီအိုအေမြန်မာသတင်း ဌာနမှူး ဦးသန်းလွင်ထွန်း က သီးသန့်တွေ့ဆုံမေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံရဲ့ နယ်စပ်ဒေသတွေ ဖွံ့ဖြိုးတိုးတက်မှ နယ်မြေဒေသတွေ ပိုပြီးလုံခြုံမယ်လို့ နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး က ပြောကြားပါတယ်။ သမ္မတကြီးဦးသိန်းစိန်နဲ့အတူ နယူးရော့ခ်မြို့ကို ခေတ္တရောက်ရှိနေတဲ့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးရဲ့ ပြောကြားချက်တွေကို မြန်မာ့ဒီမိုကရေစီရေးရာကဏ္ဍအဖြင့် နားဆင်နိုင်ပါတယ်။

ကျနော်တို့ ဗွီအိုအေ ကို အခုလို သီးသန့်တွေ့ဆုံခွင့် ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဝန်ကြီးရဲ့ အဓိကတာဝန်က နယ်ခြားဆိုင်ရာကိစ္စတွေဆိုတော့ ကျနော် နယ်ခြားဖက်ဆိုင်ရာတွေနဲ့ပဲ ပတ်သက်လို့ ပထမဦးဆုံး မေးပါရစေ။ အထူးသဖြင့် ကျနော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ နယ်ခြားဖက်တွေကို ကျနော့်အနေနဲ့ တော်တော်လေးရောက်ခဲ့တော့ ထိုင်းနိုင်ငံဖက်မှာဆို နယ်ခြားဒေသတွေမှာဆိုရင် လမ်းတွေဖောက်ပြီးတော့ လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေး အခြေအနေတွေ တိုးတက်လာအောင် မြန်မြန်ဆန်ဆန် လုပ်ထားနိုင်တာကို တွေ့ရပါတယ်။ အခု ဒီအစိုးရသစ်လက်ထက်မှာ ဒီလို အခြေအနေမျိုးတွေအထိ လိုက်မီလာအောင် ဝန်ကြီးတို့အနေနဲ့ ဘာတွေများ စီမံချက်တွေ ရှိနေပါသလဲ။

ဦးသိန်းဌေး ။ ။ နယ်စပ်ဒေသတခု ဖွံ့ဖြိုးတိုးတက်မှပဲ ဒီနယ်မြေဒေသ လုံခြုံတယ်ဆိုတဲ့ အယူအဆကိုလည်း ကျနော်တို့ လက်ခံထားတာ ဖြစ်ပါတယ်။ အဲဒီတော့ တကယ်တမ်းကျတော့ နယ်စပ်ဒေသတွေကို ကာကွယ်ဖို့ဆိုတာ လူကိုလူနဲ့ပဲ ကာရတယ်ဆိုတဲ့ အနေအထားဖြစ်ပါတယ်။ ဒီဒေသမှာ မိမိတိုင်းရင်းသားလူမျိုးတွေ နေထိုင်မယ်။ ဒီ ဒေသမှာ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်မယ်ဆိုရင် မိမိနယ်နမိတ်ကို အကောင်းဆုံးကာကွယ်ပေးထားတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။ အဲဒီတော့ ကျနော်တို့ ပြည်ထောင်စုအစိုးရအနေနဲ့လည်း နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အစီအမံတွေ ချမှတ်ပြီး ဆောင်ရွက်နေတဲ့ အနေအထားဖြစ်ပါတယ်။ အဲဒီတော့ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ပြန်ပြီးသုံးသပ်ကြည့်မယ်ဆိုရင် အပိုင်း (၂) ပိုင်း ရှိပါတယ်။ အပိုင်း (၁) ကတော့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒါ စောစောက ကျနော်တို့ပြောတဲ့ လမ်းပန်းကိစ္စတွေ၊ ရေမီးကိစ္စတွေပေါ့။

ဦးသိန်းဌေး ။ ။ လမ်းကိစ္စ၊ မီးကိစ္စ၊ ဆက်သွယ်ရေးကိစ္စ၊ ရေကိစ္စ၊ လူတွေ နေနိုင်ထိုင်နိုင်အောင် အဓိကတော့ လူမှုစီးပွားဘဝတွေ ဆောင်ရွက်နိုင်ဖို့ဆိုရင် နောက်တခါ ဒီထက် အဆင့်မြင့်ပြီး ပညာရေး၊ ကျန်းမာရေး၊ ဒီလို အခြေခံ အဆောက်အအုံတွေ ဖွံ့ဖြိုးတိုးတက်မှလည်း လူတွေက မိမိတို့ အသက်မွေးဝမ်းကြောင်းကို ဆောင်ရွက်နိုင်မယ့်အပိုင်း ဖြစ်ပါတယ်။ ဒုတိယပိုင်းကတော့ နည်းနည်းပိုပြီးတော့ မြင့်တာပေါ့။ ဒါကတော့ socioeconomic development ပြည်သူတွေရဲ့ လူထုစီးပွားဖွံ့ဖြိုးတိုးတက်ရေး။ ဒီဟာအတွက်တော့ အသက်မွေးဝမ်းကြောင်း ပြုနိုင်တဲ့ အခွင့်အလမ်း၊ နောက်တခါ စီးပွားရှာဖွေနိုင်တဲ့ အခွင့်အလမ်း။ အဲဒီတော့ နယ်စပ်ဒေသရဲ့ သဘာဝကို ပြန်ကြည့်လိုက်ရင် စီးပွားရှာဖွေနိုင်တဲ့ အခွင့်အလမ်းကို ရှိဖို့ဆိုလို့ရှိရင် မိမိရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကူးလူးဆက်ဆံမှုရှိမှပဲ သူတို့အနေနဲ့ စီးပွားရှာဖွေနိုင်တဲ့ အခွင့်အလမ်းတွေ ရရှိမှာဖြစ်ပြီးတော့ တဖက်မှာလည်း မိမိတို့ရဲ့ ပြည်တွင်းနဲ့ ကူးလူးဆက်ဆံမှု လမ်းကြောင်းတွေ ကောင်းမှသာလျှင် ပေါင်းကူးသဖွယ် ဆောင်ရွက်နိုင်တဲ့အနေအထား ဖြစ်ပါတယ်။ နောက်တခါ ဘာပဲဖြစ်ဖြစ် လူတွေ ပြည်သူလူထုတွေ နေထိုင်လာပြီဖြစ်တဲ့အခါကြရင် ပြည်သူလူထုတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှာဖွေပေးဖို့အချက်ကလည်း အဓိက ဖြစ်ပါတယ်။ ဒီဖက်ခေတ်မှာ ပြန်ကြည့်လိုက်တဲ့အခါကြတော့ စိုက်ပျိုးရေးလုပ်ငန်းတခုတည်းကတော့ တိုးပွားလာတဲ့ လူဦးရေးအားလုံးကို ကားမိအောင် အလုပ်အကိုင်၊ အခွင့်အလမ်းတွေ ပေးနိုင်ဖို့ အခက်အခဲတွေ ရှိပါတယ်။ စိုက်ပျိုးရေးကိုလည်း တိုးမြှင့်အောင် ဆောင်ရွက်ရမယ်ဖြစ်သလို။ အခြားသော အလုပ်အကိုင် အခွင့်အလမ်းတွေကိုလည်း ဆောင်ရွက်ဖို့၊ ဆောင်ရွက်ပေးနိုင်ဖို့ လိုပါတယ်။ ဒီလို ကြည့်တဲ့အခါမှာ ကျနော်တို့ အလုပ်အကိုင် အခွင့်အလမ်းကြောင့် အိမ်နီးချင်းနိုင်ငံကို သွားတဲ့ ရွှေ့ပြောင်းအလုပ်သမားများအနေနဲ့ အလုပ်လုပ်ရတဲ့ လူဦးရေးက အခုအချိန်မှာဆို နှစ်သန်းခွဲလောက်ရှိတဲ့ အနေအထား ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီလို ရွှေ့ပြောင်းနေကြတဲ့လူတွေက စီးပွားရေးအပြင်၊ တခြားကိစ္စလေးတွေလည်း ရှိပါတယ်။ အထူးသဖြင့်တော့ လုံခြုံရေးပေါ့။ ဝန်ကြီးပြောတဲ့ အခွင့်အလမ်းတွေ၊ စီးပွားရေးရှာနိုင်မယ့် အခွင့်အလမ်း၊ နေထိုင်နိုင်မယ့် အခွင့်အလမ်းတွေဆိုတာက တချိန်တုန်းကတော့ နယ်စပ်ဒေသတွေမှာ မရှိခဲ့ပါဘူး။ ကိုယ်ပိုင်လည်း ပညာသင်ကြားပိုင်ခွင့်လည်း မရှိသလို၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စီးပွားရှာခွင့်လည်း မရှိကြဘူးဆိုတော့။ ဒါကြောင့် အပြင်ဖက်ကို ထွက်ပြေးကြတဲ့ လူတွေလည်း ရှိပါတယ်။ အဲဒီတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး နယ်ခြားဒေသတွေမှာ လုံခြုံရေးအတွက် အခြေအနေတွေ ပိုပြီးကောင်းမွန်လာအောင် အစိုးရအနေနဲ့ ကြိုးပမ်းနေတယ်ဆိုတာကိုလည်း ကျနော်တို့ ကြားသိရပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်းမှာ BGF လို့ ခေါ်တဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေ။ တိုင်းရင်းသားအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ ညှိနှိုင်းလုပ်မယ့်ကိစ္စတွေလည်း လုပ်နေပါတယ်။ ဒါပေမဲ့ တချို့နေရာတွေမှာ အဆင်မပြေဘူးဆိုတော့ ဒါကို ဘယ်လိုများ ဆက်လုပ်ဖို့ ရှိပါသလဲ။

ဦးသိန်းဌေး ။ ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရကတော့ လက်နက်ကိုင်တပ်ဖွဲ့တခုတည်း ရှိရမှာဖြစ်တဲ့အတွက်ကြောင့် နယ်ခြားစောင့်တပ်တွေ ဖွဲ့စည်းရေးကတော့ အဓိကရည်မှန်းချက် ဖြစ်ပါတယ်။ သို့သော် ဒီ နယ်ခြားစောင့်တပ်တွေ ဖွဲ့စည်းဖို့ ဆောင်ရွက်တဲ့နေရာမှာ အလျင်စလိုလုပ်ခြင်းဖြစ်လည်း အခက်အခဲလေးတွေ ရှိနိုင်တဲ့ အနေအထားတွေကို အတွေ့အကြုံတွေအရ တွေ့ရှိရပါတယ်။ တချို့ဒေသတွေမှာ အဆင်ပြေသလို၊ တချို့ဒေသတွေမှာ အဆင်ပြေမှု မရှိသေးဘူးဆိုတဲ့ အနေအထားလည်း ပကတိအရှိတရားပဲ ဖြစ်ပါတယ်။ အဲဒီတော့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနဲ့ ပတ်သက်လို့ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနဲ့ ကျနော်တို့ အစိုးရကြားထဲမှာ တည်ရှိတဲ့ ယုံကြည်မှုအပေါ် မူတည်ပြီးမှပဲ ဖွဲ့စည်းသွားလို့ ရမယ့်အနေအထား ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ ပြည်ထောင်စုအစိုးရလက်ထက်မှာတော့ ဒီနယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို အလျင်စလို မလုပ်ဘဲနဲ့ အခုန နှစ်ဦးနှစ်ဖက် ယုံကြည်ချက်တည်ဆောက်ပြီးမှ တဖြေးဖြေးချင်းလုပ်သွားဖို့ဆိုပြီး လူကြီးတွေ ဆောင်ရွက်နေတာ ရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီ စီမံကိန်းကတော့ ဆက်ရှိနေအုန်းမယ်ပေါ့။ ပုံစံပြောင်းဖို့ ရှိပါသလား။

ဦးသိန်းဌေး ။ ။ သူ့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျနော် ပြောပြီးဖြစ်ပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းကတော့ တခုတည်း ရှိရမှာဖြစ်တဲ့အတွက်ကြောင့် တနေ့မှတော့ ဒီလိုဖြစ်သွားမှသာလျှင် ပိုပြီးတော့ သေချာတဲ့၊ ပိုပြီးတော့ တည်ငြိမ်တဲ့၊ ပိုပြီးတော့ ပြည်သူလူထုအတွက် စိတ်ချရတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ဖြစ်သွားမှာဖြစ်ပါတယ်။ အဲဒီတော့ နိုင်ငံတိုင်းနိုင်ငံတိုင်းမှာ လက်နက်ကိုင်အဖွဲ့ဆိုတာ တခုတည်းပဲရှိတဲ့သဘာဝ ရှိပါတယ်။ ဥပမာ ကနေ့ အမေရိကန်ပြည်ထောင်စုကြီးမှာလည်း ဖယ်ဒရယ်စနစ်နဲ့ အုပ်ချုပ်တယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့်ရှိစေကာမူ၊ လက်နက်ကိုင်တပ်ဖွဲ့ကတော့ တခုတည်းပဲရှိတဲ့ဆိုတဲ့ သာဓက က ပေါ်လွှင်နေပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ပြည်ထောင်စုအစိုးရအနေနဲ့ နယ်ခြားကိစ္စတွေမှာ အထူးသဖြင့် ပြည်နယ်တွေနဲ့ ပိုပြီးတော့ နီးတဲ့ကိစ္စတွေဆိုတော့ ပြည်နယ်တွေရဲ့ လွှတ်တော်တွေ၊ ပြည်နယ်အစိုးရတွေ၊ ပြည်နယ်အဖွဲ့အစည်းတွေ ဘယ်လိုများ အနီးကပ်ဆက်ဆံမှုရှိပါသလဲ။

ဦးသိန်းဌေး ။ ။ ပြည်နယ်အစိုးရအဖွဲ့တွေကလည်း အခုသက်တမ်းအားဖြင့် တနှစ်ခွဲလောက်ပဲ ရှိသေးတော့ တော်တော်နုနယ်သေးတယ် ဖြစ်ပါတယ်။ ရေးရှည်မှာတော့ ပြည်နယ်မှာလည်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနဆိုတာ ရှိလာမှာဖြစ်ပါတယ်။ ဒါကြောင့် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနမှာ ခန့်အပ်တဲ့ပုဂ္ဂိုလ်တွေကလည်း များသောအားဖြင့် တပ်မတော်သားတွေပဲ ဖြစ်တာဖြစ်တဲ့အတွက်ကြောင့် နောင်ရေးရှည်ကြတဲ့အခါတော့ ပြည်နယ်အစိုးရနဲ့ ဆက်နွှယ်ဆောင်ရွက်မှုတွေလည်း ပိုပြီးပြည့်စုံဖြစ်လာမယ့် အနေအထား ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခုလောလောဆယ် နယ်စပ်ဒေသမှာ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့၊ တည်ငြိမ်မှုနဲ့ ပတ်သက်ပြီးတော့ လူပြောများနေတဲ့ အခြေအနေက ရခိုင်ပြည်နယ်အခြေအနေပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝန်ကြီးအနေနဲ့လည်း ဦးစီးဦးဆောင် လုပ်နေတယ်ဆိုတာကိုလည်း ကျနော်တို့ ကြားသိရပါတယ်။ ဒီနေရာမှာ တချို့သတင်းတွေ၊ အတည်ပြုလို့မရတဲ့ ကြားသိရတဲ့ သတင်းတချို့မှာဆိုရင် လက်နက်ကိုင်အဖွဲ့အစည်းတွေ။ ဘင်္ဂလီလက်နက်ကိုင်အဖွဲ့အစည်းတွေ ရခိုင်ပြည်နယ်ထဲကို ထိုးဖောက်ဝင်ရောက်လာတယ်။ စိမ့်ဝင်လာတယ်ဆိုတဲ့ သတင်းတွေဟာ - ဒီသတင်းတွေနဲ့ ပတ်သက်လို့ ဝန်ကြီးတို့အနေနဲ့ ဘယ်လိုများ ပြောနိုင်ပါသလဲ။ ဒါတွေက အမှန်လား။

ဦးသိန်းဌေး ။ ။ လက်နက်ကိုင်အဖွဲ့အစည်းတွေ ထိုးဖောက်ဝင်ရောက်လာတယ်ဆိုတဲ့ သတင်းကတော့ အမှန်မဟုတ်ပါဘူး။ ကျနော်ကိုယ်တိုင်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်း အစွန်းအဖျားတွေ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနယ်စပ်အထိ။ နယ်စပ်ခြံစည်းရိုးအထိ ရောက်ရှိတာဖြစ်ပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာလည်း နယ်နိမိတ်ခြံစည်းရိုး မိုင်ပေါင်း ၁၅၀ ရှိတဲ့အနက် မိုင် ၈၀ လောက် အားလုံးဟာ လုံလုံခြုံခြုံပြီးစီးပြီဖြစ်ပါတယ်။ နောက်တခါ ဒီဒေသမှာလည်း တပ်မတော်ရဲ့ ကာကွယ်ရေး အစီအမံတွေ စနစ်တကျ လုပ်ထားတဲ့အတွက်ကြောင့် ဒီလို လက်နက်တပ်ဖွဲ့တွေ ထိုးဖောက်ဝင်ရောက်လာနိုင်တဲ့ အနေအထားတော့ မရှိဘူးလို့ ပြောမှာဖြစ်ပါတယ်။ နောက်တခါ ရခိုင်ဒေသမှာ ဖြစ်ပွါးတဲ့ ကိစ္စရပ်ကို ကြည့်လိုက်ရင် နံပတ်တစ်ကတော့ လူအုပ်စု နှစ်စုကြားမှာဖြစ်တဲ့ အကြမ်းဖက်မှုမျှသာဖြစ်ပါတယ်။ သူဟာ လက်နက်ကိုင် ပဋိပက္ခလည်း မဟုတ်ဘူး။ လူမျိုးရေးပဋိပက္ခလည်း မဟုတ်ပါဘူး။ ဘာသာရေးပဋိပက္ခလည်း မဟုတ်ပါဘူး။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒီလိုကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ အထူးသဖြင့် အင်တာနက်မှာ ပြန့်နှံနေတဲ့သတင်းတွေ။ အဲဒီ သတင်းတွေဟာ လူမျိုးရေးအရ မုန်းတီးမှုတွေရှိနေတယ်။ ဒါမှမဟုတ် လူမျိုးတခုကိုတခုကနေ နှိမ့်ချတဲ့ ချိုးနှိမ်မှုတွေ ရှိနေတယ်။ တဖတ်ကလည်း လက်နက်ကိုင်တွေနဲ့ ဝင်ပြီးစိမ့်ဝင်ထိုးဖောက်မှုအထိ ကြိုးပမ်းနေတယ်ဆိုတဲ့ကိစ္စမျိုးတွေကို ဝန်ကြီးတို့အနေနဲ့ ဒါတွေကို ဘယ်လို တားဆီးနိုင်ဖို့၊ ကာကွယ်နိုင်ဖို့ ကြိုးစားနေသလဲ။ ဒီလိုသတင်းမျိုးတွေ ပြန့်နှံနေတဲ့ ကိစ္စတွေ။

ဦးသိန်းဌေး ။ ။ အဲဒီတော့ ကျနော်တို့ ရေရှည်မှာတော့ မီဒီယာကို မီဒီယာနဲ့ပဲ တားဆီးမှရမယ့် အနေအထားဖြစ်ပါတယ်။ ဒါကြောင့်လည်း အခုလို ဗွီအိုအေတို့ဘာတို့နဲ့ တွေ့ဆုံပြီး ရှင်းလင်းခြင်း ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ အခုလောလောဆယ် ရခိုင်ပြည်ထဲမှာဖြစ်နေတဲ့ အခြေအနေဟာ ထိန်းသိမ်းနိုင်တဲ့ အခြေအနေဖြစ်နေပြီလို့ ယူဆပါသလား။

ဦးသိန်းဌေး ။ ။ ထိန်းသိမ်းနိုင်တဲ့ အခြေအနေ ရှိနေပါပြီ။ အဲဒီတော့ အခု အဓိကလိုအပ်ချက်တွေက အခုန နှစ်ဖက်လူအဖွဲ့အစည်းတွေရဲ့ လက်နက်ကိုင်မပါပါဘူး။ အကြမ်းဖက်မှုကြောင့် မီးလောင်ပျက်စီးသွားတာတွေ၊ ဆုံးရှုံးသွားတာတွေက ခံစားရတဲ့ ဒုက္ခသည်တွေက အတော်များများ အရည်အတွက်ရှိနေတယ်။ ဒီဒုက္ခသည်တွေကိုသာ သူတို့ရဲ့ ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေကို ကျနော်တို့ ဆောင်ရွက်သွားမယ့် အခြေအနေဖြစ်ပြီးတော့ နောင့်နောင်မှာ ယခုကဲ့သို့ ဖြစ်ရပ်ဆိုးမျိုး မပေါ်ပေါက်စေရေးအတွက် လူမျိုးစု နှစ်ခုကြားထဲမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သဟဇာတဖြစ်ဖြစ် နေထိုင်နိုင်မယ့် နည်းလမ်းတွေ ကျနော်တို့ ရှာကြံပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့ ဝန်ကြီးရဲ့ အခု နယူးရော့ခ် ခရီးစဉ်မှာ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာအဖွဲ့အစည်းတွေ မေးမြန်းတာတွေနဲ့ ပတ်သက်ပြီး ဘာတွေများ ကြုံဆုံဖြေကြားခဲ့ရတာတွေ ရှိပါသလဲ။ တခြား ရှင်းလင်းပြောကြားခဲ့ရတာတွေ ရှိသလဲ။

ဦးသိန်းဌေး ။ ။ မနေ့က Asia Society နဲ့ နိုင်ငံတော်သမ္မတနဲ့ တွေဆုံတဲ့ပွဲမှာလည်း Asia Society ဖက်က ဒီကိစ္စနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့လည်း ဒီကနေ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အခုန ကျနော် ပြောပြီးဖြစ်ပါတယ်။ လက်နက်ကိုင်ပဋိပက္ခလည်း မဟုတ်ဘူး။ လူမျိုးရေးပဋိပက္ခလည်း မဟုတ်ဘူး၊ ဘာသာရေးကိစ္စလည်း မဟုတ်ဘူး။ သို့သော် အခုနလို ဒုက္ခရောက်သွားတဲ့ ပြည်သူလူတွေနဲ့ ပတ်သက်လို့ကြတဲ့အခါကြတော့ သူက လူသားချင်းစာနာတဲ့ ကိစ္စရပ်တွေ ဖြစ်လာတယ်။ ဒီကနေ့ humanity လို့ခေါ်တဲ့ နောက်တခါ human intervention ဆိုတဲ့ကိစ္စရပ်တွေကလည်း ကမ္ဘာက အလေးထားတဲ့ကိစ္စဖြစ်တော့ human rights နဲ့ကြတော့ လူ့အခွင့်အရေးနဲ့ကြတော့ ဆက်နွှယ်လာတဲ့ကိစ္စရပ်တွေ ဖြစ်လာတယ်။ ဒါကြောင့်လည်း human rights နဲ့ ဆက်နွှယ်ပြီး မေးမြန်းတဲ့အခါမှာ ပြည်သူများရဲ့ ဘဝရေရှည်အာမခံချက် ရှိရေးနဲ့ပတ်သက်ပြီးတော့ သူတို့ကို ကယ်ဆယ်ခြင်း၊ ပြန်လည်နေရာချထားခြင်း၊ ပြန်လည်ထူထောင်ခြင်းနဲ့ သဟဇာတဖြစ်ရေးနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်တဲ့ကိစ္စရပ်တွေ ကျနော် ရှင်းလင်းဖြေကြားခဲ့တာတွေ ရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ သမ္မတကြီးဦးသိန်းစိန်နဲ့အတူ နယူးရော့ခ်မြို့တော်ကို ခေတ္တရောက်ရှိနေတဲ့ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေးကို ဗွီအိုအေ က ဆက်သွယ်မေးမြန်းခဲ့တာပါ။
XS
SM
MD
LG