သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စိန်ခေါ်မှုတွေအပြည့်နဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းများ


ကိုအောင်မော်ဇင် (NED)
ကိုအောင်မော်ဇင် (NED)
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ ကမ္ဘာတဝှမ်းမှာ အာဏာရှင်ဆန်ဆန် အုပ်ချုပ်တဲ့ နိုင်ငံအများစုမှာ civil society လို့ခေါ်တဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေဟာ လွတ်လွတ်လပ်လပ် လှုပ်ရှားဆောင်ရွက်ခွင့်မရှိဘဲ အထိန်းအချုပ်၊ အကန့်အသတ်တွေနဲ့ ခြိမ်းခြောက်နောက်ယှက်တာတွေနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ အခုနောက်ပိုင်း အရပ်ဖက်လူမှုအဖွဲ့အစည်း အများအပြားဟာ လုပ်ငန်းတွေကို ပေါ်ပေါ်ထင်ထင် အထိုက်အလျောက် လုပ်လာနိုင်ပါတယ်။ ဒါပေမဲ့လဲ အခက်အခဲတွေ စိန်ခေါ်မှုတွေက အပြည့်ရှိနေဆဲပါ။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ National Endowment for Democracy ကမ္ဘာတဝှမ်း ဒီမိုကရေစီရေး လှုပ်ရှားမှုတွေ ကူညီထောက်ပံ့ပေးနေတဲ့အဖွဲ့က အာရှရေးရာဌာန မြန်မာအစီအစဉ်ဆိုင်ရာ အရာရှိ ကိုအောင်မော်ဇင် ကို ဗွီအိုအေစတူဒီယိုမှာ ကိုကျော်ကျော်သိန်း က တွေ့ဆုံမေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ကိုကျော်ကျော်သိန်း ။ ။ ကိုအောင်မော်ဇင် တကူးတက တွေ့ဆုံမေးမြန်းခွင့်ပြုတာကို ကျေးဇူးအများကြီး တင်ပါတယ်။ ပထမဦးဆုံး စလိုက်ချင်တာက ပြီးခဲ့တဲ့ရက်ပိုင်းက Freedom House နဲ့ Human Rights First ဒီအဖွဲ့နှစ်ဖွဲ့ ကမကထလုပ်ပြီးတော့ အရပ်ဖက်လူမှုအဖွဲ့အစည်း (Civil Society Under Assault: Global Repercussions and U.S. Responses) နဲ့ ပတ်သက်တဲ့ အစည်းအဝေးတခုကို ကိုအောင်မော်ဇင် သွားတက်ခဲ့တယ်လို့ သိထားပါတယ်။ အဲဒီ ဆွေးနွေးပွဲလေးအကြောင်း ပရိသတ်တွေ သိရအောင် အကျဉ်းလေး ရှင်းပြပါလား။

ကိုအောင်မော်ဇင် ။ ။ ဒီ ဆွေးနွေးပွဲက နှစ်ရက်လုပ်ခဲ့တာပါ။ ပထမပိုင်းကတော့ ကိုကျော်ကျော်သိန်း ပြောခဲ့သလို ဆွေးနွေးပွဲပါ။ အဲဒီမှာ ကျနော်က ဗမာပြည်နဲ့ အခြေအနေနဲ့ ပတ်သက်ပြီး လောလောဆယ် ဗမာပြည်မှာ ရင်ဆိုင်နေရတဲ့ လူမှုလူ့အဖွဲ့အစည်းတွေ အခြေအနေနဲ့ ပတ်သက်ပြီး ပြောခဲ့ပါတယ်။ ဒုတိယပိုင်းကတော့ ကျနော်တို့ panelists တွေ ဆွေးနွေးတဲ့လူတွေက အမေရိကန်အစိုးရမှာ အရေးပါတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ White House တို့က သမ္မတအကြံပေးအရာရှိတို့၊ နိုင်ငံတော်လုံခြုံရေး အရာရှိတို့နဲ့ သွားပြီးဆွေးနွေးပါတယ်။ သူတို့ကို အခြေအနေတွေ ရှင်းပြခဲ့တယ်။

ကိုကျော်ကျော်သိန်း ။ ။ ပွဲမှာ ဆွေးနွေးရတာ၊ သွားတွေ့ခဲ့တဲ့ ဆွေးနွေးပွဲတွေကို အားရကျေနပ်လား။

ကိုအောင်မော်ဇင် ။ ။ ကျေနပ်ပါတယ်။ အဓိက ဗမာကိစ္စတခုတည်း မဟုတ်ဘူး။ ကျန်တဲ့ နိုင်ငံတွေဖြစ်တဲ့ ရုရှား၊ အီဂျစ် နဲ့ ကျန်တဲ့ နိုင်ငံတွေတော်တော်များများလည်း ပါပါတယ်။ ဆိုတော့ ပြောမယ်ဆိုလို့ရှိရင် ဗမာပြည်ကတော့ ကျန်တဲ့နိုင်ငံတွေထက် အခြေအနေကွာတယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျန်တဲ့နိုင်ငံတွေက အဆုတ်ဖက်ကို ရောက်နေတယ်။ ဗမာပြည်က အခုဆိုရင် ပွင့်လင်းတဲ့ အကောင်းဖက်ကို သန်နေတယ်။ တခုပဲရှိတာ ကျနော်တို့က စိုးရိမ်စိတ်ရှိတယ်ဆိုတဲ့ဟာပဲ ပြောခဲ့ပါတယ်။

ကိုကျော်ကျော်သိန်း ။ ။ ဒီ ဆွေးနွေးပွဲခေါင်းစဉ်က Civil Society Under Assault ကမ္ဘာတဝှမ်းမှာရှိနေတဲ့ Civil Society တွေ တိုက်ခိုက်ခံနေရတယ်၊ ဖိနှိပ်ခံရတယ့် အခြေအနေမှာ ရောက်နေသလားဆိုတဲ့ ခေါင်းစဉ်လို့ အကြမ်းမျဉ်း နားလည်းတယ်။ ဆိုတော့ ပထမဦးဆုံး ဆက်စပ်ပြီး သိချင်တာက Civil Society ဒါမှမဟုတ်ရင် ဗမာလို အကြမ်းမျဉ်း ဗမာလို ဘာသာပြန်နေတာက အရပ်ဖက် လူမှုအဖွဲ့အစည်း။ အဲဒီ ဝေါဟာရသည် နိုင်ငံခြားဝေါဟာရလား။ အယူအဆသည် နိုင်ငံခြားကလာတဲ့ အယူအဆလား။

ကိုအောင်မော်ဇင် ။ ။ မဟုတ်ဘူးခင်များ။ အဲဒါက ကျနော်တို့ ဗမာပြည်မှာ ဒီလိုဟာမျိုးက ကိုလိုနီစနစ်မတိုင်ခင်ကတည်းက ကျနော်တို့ဆီမှာရှိတယ်။ သာရေးနာရေး၊ လူမှုလူ့အဖွဲ့အစည်း၊ နိုင်ငံရေးအဖွဲ့အစည်း၊ ဒါမျိုးတွေက နဂိုကတည်းက ရှိနေခဲ့ပါတယ်။ Civil Society ဆိုလို့ လူတွေက ပြောမယ်ဆိုလို့ရှိရင် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အစိုးရတွေ စောင့်ကြည့်တယ်။ အစိုးရတွေကို ဆန့်ကျင်တယ်ဆိုတဲ့ အဖွဲ့အစည်းတွေလိုမျိုး။ တကယ်တမ်းတော့ မဟုတ်ပါဘူး။ ဥပမာဆိုလို့ရှိရင် အခြေခံဖြစ်တဲ့ မိဘဆရာအသင်းလို အဖွဲ့မျိုးကနေအစ။ အခုနလိုမျိုး ဆယ်အိမ်ခေါင်းလို အသင်းမျိုးတွေ၊ ဒါတွေက civil society တွေပါပဲ။ အခုလောလောဆယ် သွေးလှူတဲ့အဖွဲ့အစည်းတွေက civil society တွေပါ။ Civil Society က အခုနလိုမျိုး ပြည်သူတွေက ကိုယ်နဲ့တူရာတူရာ၊ ယုံကြည်ရာ ယုံကြည်ရာတွေကို စုပေါင်းပြီးတော့ သူတို့တွေက အသံတွေနဲ့ သူတို့တွေရဲ့ ထင်မြင်မှုတွေကို ဖော်ထုတ်တဲ့ အဖွဲ့အစည်းလေးတွေပါ။ နိုင်ငံရေးသက်သက်ကြီး ဖြစ်နေစရာ မလိုပါဘူး။ နောက်တခုက အစိုးရတွေကိုယ်တိုင်ကလည်း ဒီ Civil Society ဆိုတာ အခုနပြောခဲ့သလို အမြဲတမ်းကိစ္စတိုင်းမှာ - ဥပမာ ကျောင်းကိစ္စ။ ဒီကျောင်းလေးမှာရှိတဲ့ ကျောင်းရေရှည် တည်တန့်နိုင်ရေး၊ ကျောင်းရဲ့ပညာရေး၊ ကျောင်းရဲ့ အနေအထားနဲ့ ပတ်သက်လို့ရှိရင် အစိုးရက ပါဝင်စရာလည်း မလိုဘူး။ အစိုးရတွေကိုယ်တိုင် ထိန်းချုပ်စရာလည်း မလိုဘူး။ သူလည်း ဒီကျောင်းတိုင်းကို လိုက်မလုပ်နိုင်ဘူး။ အဲဒီအတွက်ကြောင့်မို့ ကျောင်းရဲ့ မိဘ-ဆရာအသင်းကပဲ ဒီကျောင်းရဲ့ ဝေယျာဝစ္စတွေ၊ ကျောင်းရဲ့ အနာဂတ်ကို သူတို့ပဲ တာဝန်ယူတဲ့သဘောမျိုးပါ။ ဒါက civil society ရဲ့ အခြေခံပါ။

ကိုကျော်ကျော်သိန်း ။ ။ ဆိုလိုတာက Civil Society အရပ်ဖက်လူမှုအဖွဲ့အစည်းဆိုတဲ့ ပုံသဏ္ဍာန်လေးတွေရယ်။ နောက် အတွေးအယူအဆက ဗမာပြည်မှာ နဂိုကတည်းက ရှိခဲ့ပြီးသာ။ ဒီဝေါဟာရ ဒီအခြေအနေနဲ့သာ မဟုတ်တာ။ ဒီခေတ်ရောက်တဲ့အခါကြတော့ တချိန်တုန်းက ရှိနေခဲ့တဲ့ တံမြက်လှည်းအသင်း၊ ဆွမ်းလောင်းအသင်း၊ ဓမ္မရုံတို့ကလည်း အရပ်ဖက်လူမှုအဖွဲ့အစည်းတွေလို့ ပြောလိုရတယ်။

ကိုအောင်မော်ဇင် ။ ။ ဆိုတော့ တခုပဲ ကွာသွားတာက အရင်တုန်းကဆိုလို့ရှိရင် လူမှုအဖွဲ့အစည်းတွေဆိုရင် အတိုင်းအတာတခု လွတ်လွတ်လပ်လပ်ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူမှု့အဖွဲ့အစည်းဖြစ်တဲ့ ကိုကျော်သူတို့ရဲ့ နာရေးကူညီမှုအသင်းတွေတောင်မှ ပြောမယ်ဆိုလို့ရှိရင် စစ်အစိုးရလက်ထက်က ဖိနှိပ်ချုပ်ချယ်မှုတွေ ရှိခဲ့သေးတယ်။ ဆိုတော့ တရားဝင်အနေနဲ့ ရပ်တည်ခွင့် မရှိခဲ့ဘူး။ အခုကတော့ အတိုင်းအတာတခုအထိ လွတ်လွတ်လပ်လပ် ရပ်တည်ခွင့်ရှိလာတယ်။ ဒါကြောင့်မို့ အခုတော့ လူကြားထဲမှာ ပိုပြီးတော့ အသံတွေက ပိုပြီးကျယ်ကျယ်လောင်လောင် ကြားလာရတဲ့သဘောမျိုးပေါ့။

ကိုကျော်ကျော်သိန်း ။ ။ အခုန ကိုအောင်မော်ဇင် ပြောတဲ့အထဲမှာပါပါတယ်။ လွတ်လွတ်လပ်လပ် ပိုပြီးတော့ လုပ်လာနိုင်တယ်။ ဒါကတော့ သိသာထင်ရှားပါတယ်။ ကျနော် မြန်မာနိုင်ငံ ရောက်ခဲ့တဲ့ အချိန်တုန်းကလည်း အဖွဲ့အစည်းတွေ အများကြီး လှုပ်ရှားနေကြတာကို တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ဒီအဖွဲ့အစည်းတွေမှာ သူတို့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ရှိနေတုန်းပဲဆိုတာ သေချာတယ်။ ကိုအောင်မော်ဇင်တို့က တကယ် ထဲထဲဝင်ဝင် လုပ်နေတဲ့လူတွေဆိုတော့ မြန်မာနိုင်ငံက အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ။ ဒီနေ့ ရင်ဆိုင်နေရတဲ့ အဓိကကျတဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ ဘာတွေရှိနေသလဲ။

ကိုအောင်မော်ဇင် ။ ။ နံပတ် (၁) အချက် ပြောချင်တာကတော့ အခုန ကိုကျော်ကျော်သိန်းလည်း ပြောသွားတယ်။ ပြောင်းလဲနေတယ်။ ဒါက အမှန်ပဲ။ နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံအင်အားစုတွေ လွှတ်တော်ထဲ ရောက်ရှိလာတယ်။ အရေအတွက်ကတော့ အများကြီး နည်းပါသေးတယ်။ မီဒီယာလည်း လွတ်လွတ်လပ်လပ် ရှိလာတယ်။ ဒါတွေက ငြင်းလို့မရဘူး။ ကျနော်ကိုယ်တိုင်လည်း (၁၂) နှစ် (၁၃) နှစ်အကြာမှာ ဦးဆုံးအကြိမ် သွားခဲ့တယ်။ အကြိမ်ကြိမ်လည်း သွားခဲ့ပြီးပါပြီ။ ဆိုတော့ ဒါပေမဲ့ ဖိနှိပ်မှုတွေ မရှိတော့ဘူးလားဆိုတော့ မဟုတ်ဘူးခင်များ။ တဖတ်ကပြောသလို အရင်တုန်းက ဖိနှိပ်မှုပုံစံမျိုး။ ဖမ်းတာ၊ ဆီးတာ၊ ရိုက်နှက်တာ၊ ထောင်ချတာတွေက အတိုင်းအတာတခု နည်းနည်းပါးပါးတော့ ရှိနေသေးတယ်။ ဒါက သိပ်တော့ ပြောပလောက်အောင်တော့ မဟုတ်တော့ဘူး။ ဒါပေမဲ့ ပုံစံပြောင်းလာတယ်။ ဗမာပြည်တင် မဟုတ်ဘူး နိုင်ငံတကာ ဖိနှိပ်တဲ့အစိုးရတွေ ရုရှား၊ အီဂျစ်၊ တရုတ်ပြည်တို့မှာ ပုံစံပြောင်းလာတယ်။ အရင်တုန်းကနဲ့ဆရင် လိမ္မာပါးနပ်လာတယ်။ ဒါက တကမ္ဘာလုံးမှာ ကြုံနေရတာ။ အရင်တုန်းကလို ပုံစံနဲ့ ဗြောင်းလုပ်တာ မဟုတ်ဘဲနဲ့ ဥပဒေကြောင်းအရ ပုံစံမျိုးဆန်ဆန် လုပ်လာတာတွေ ရှိတယ်။ ဥပမာဆိုလို့ရှိရင် ဥပဒေတွေက မသဲကွဲဘူး။ ဗမာပြည်က အပြောင်းအလဲကိုပဲကြည့်ပါအောင်။ သမ္မတကြီး ဦးသိန်းစိန်နဲ့ ဦးရွှေမန်းတို့ လုပ်ခဲ့တဲ့ အပြောင်းအလဲတွေ ဒါပေမဲ့ တဖတ်က အရင်ရှိနေပြီသာ ဥပဒေတွေကို မပယ်ဖျက်သေးဘူး။ ဒီ ဥပဒေတွေက လူတွေကို အချိန်မရွေး အရေးယူလို့ရတယ်။ ဒါက ကိုနေဘုန်းလတ် ပြောခဲ့သလိုပဲ လွတ်လပ်တယ် Free ဖြစ်တယ်။ ဒါပေမဲ့ Safe မဖြစ်ဘူး။ မလုံခြုံသေးဘူး။ ကြိုက်တဲ့အချိန်မှာ ဒီဥပဒေတွေနဲ့ အရေးယူနိုင်သေးတယ်။ ဒါတွေက ကျနော်တို့တတွေ သိထားရမယ့်ကိစ္စမျိုး။ ဥပမာ တချို့ ဥပဒေတွေမှာ သဲကွဲအောင် မရေးထားဘူး။ ဒါမျိုးတွေက လိုရင်လိုသလို အသုံးချနိုင်တဲ့ဟာမျိုးတွေ ရှိနေတယ်။ အန္တရာယ်ရှိနေပါသေးတယ်။

ကိုကျော်ကျော်သိန်း ။ ။ အခုန ပြောသွားတဲ့အထဲမှာလည်း ပါပါတယ်။ နှစ်ဖက်စလုံးမှာ မသိကြသေးတာ။ မကျွမ်းကျင်ကြသေးတာ။ ဒါက အခုမှ အသစ်ဖြစ်လာတယ်ဆိုတော့။ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍက ဒီမိုကရေစီနိုင်ငံတခုမှာ အရေးပါတယ်ဆိုတော့ ဒါက အားလုံး လက်ခံထားကြတယ်။ ငြင်းလို့မရကြတဲ့ အချက်ပါ။ ဆိုတော့ ကျနော် သိချင်တာက မြန်မာနိုင်ငံက အရပ်ဖက် လူမှုအဖွဲ့အစည်းတွေ အားကောင်းမောင်းသန် ဖြစ်လာအောင် ဒီထက်ပိုပြီး များများ ပေါ်လာမယ်၊ ကဏ္ဍစုံလာမယ်။ ပိုပြီးတော့ လုပ်နိုင်ကိုင်နိုင် ရှိလာမယ်။ အရည်အချင်းတွေ တက်လာမယ်။ အဲဒီလို အားကောင်းမောင်းသန် ဖြစ်လာအောင် ဘာတွေလုပ်ပေးဖို့ လိုတယ်လို့ ကိုအောင်မော်ဇင် မြင်သလဲ။

ကိုအောင်မော်ဇင် ။ ။ အဓိကတော့ တဖတ်နဲ့တဖတ် သံသယတွေ ကင်းရှင်းဖို့အတွက် ဒါတွေဟာ ရပ်တည်နိုင်ရင် ငါတို့နဲ့ တူချင်မှတူမယ်။ အရပ်ဖက်အဖွဲ့အစည်းတွေက တခုနဲ့တခု တူချင်မှတူမယ်။ သူတို့က တူရာတူရာ စုပြီးလုပ်ထားတဲ့အတွက် တူချင်မှတူမယ်။ ဒါပေမဲ့ အစိုးရအနေနဲ့ ဘာလုပ်ပေးနိုင်သလဲဆိုတော့ လုပ်နိုင်တဲ့ နယ်ပယ်ကို။ လူ့အဖွဲ့အစည်းတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ operate ကျင့်သုံးနိုင်တဲ့ သူတို့ လုပ်ကိုင်နိုင်တဲ့ နယ်ပယ်ကို ချဲ့ထွင်ပေးဖို့ အဲဒီနေရာကို အန္တရာယ်မရှိအောင် လုပ်ပေးဖို့။ အခုန ပြောသလို ဥပဒေတွေ ပြုမယ်ဆိုရင်လည်း အကာအကွယ်ပေးဖို့။ ချုပ်ချယ်ဖို့ မဟုတ်ဘူးဆိုတာမျိုး ပိုပြီးရှိဖို့ လိုပါတယ်။

ကိုကျော်ကျော်သိန်း ။ ။ ဒါက ပြည်တွင်းမှာလုပ်ဖို့ တာဝန်ရှိတဲ့လူတွေအနေနဲ့ လုပ်ပေးဖို့။ တာဝန်ရှိတဲ့လူတွေဖက်က အဓိကပြောတယ်လို့ ကျနော် နားလည်းတယ်။ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ ကိုယ်တိုင်ဖက်ကရော သူတို့ အရည်အချင်းတွေ တက်လာအောင် သူတို့ ဘာတွေလုပ်သင့်သလဲ။

ကိုအောင်မော်ဇင် ။ ။ ဒါကတော့ လုပ်ရင်ကိုင်ရင်နဲ့ပဲ ပိုသိလာမှာပါ။ ဥပမာ သူတို့လုပ်ရင်နဲ့ ဘာတွေလိုလာမလဲ။ သူတို့ လိုအပ်ချက်က ဘာလဲ။ အခုနပြောသလို အရပ်ဖက်လူမှုအဖွဲ့အစည်းဆိုတာက ကျနော်တို့ မမေ့ဖို့ အမြဲတမ်း သတိထားနေရမှာက ဆွမ်ဆန်စိမ်လောင်းတဲ့အဖွဲ့ကအစ သွေးလှူတဲ့အဖွ့ဲဆိုတာကို သူတို့က သိပြီးသာ။ ဒါတွေကို သူတို့အနေနဲ့ ဘယ်လိုမျိုး လုပ်နိုင်မလဲဆိုတာကို နေရာဖန်တီးပေးနိုင်ရင် ပိုပြီးလုပ်တတ်လာမှာပဲ။ အခုန ပြောသလို election watch ရွေးကောက်ပွဲ စောင့်ကြည့်တဲ့ကိစ္စတွေ။ ကိုယ်ရွေးချယ်လိုက်တဲ့ အမတ်တွေ အလုပ်လုပ်မလုပ်။ ကိုယ်ရဲ့ ပြည်နယ်အတွက် ကောင်းမကောင်း ကြည့်ဖို့အတွက်တွေကြတော့ ကျွမ်းကျင်ဖို့လိုမယ်။ နိုင်ငံတကာ နည်းပညာတွေလိုမယ်။ အဲဒါတွေဆိုရင် နိုင်ငံတကာမှာ လူတွေကို အကူအညီတောင်းလို့ရတယ်။ နိုင်ငံတကာ ဥပဒေပညာရှင်တွေကို အကူအညီတောင်းလို့ရတယ်။ နိုင်ငံတကာမှာ ကူညီပေးနေတဲ့ Civil Society တွေကို အကူအညီ တောင်းလို့ရတယ်။ သူတို့နဲ့ အမြင်ဖလှယ်လို့ရတယ်။ အခုဆိုရင်လည်း ဗမာပြည်က နိုင်ငံတကာကိုထွက်ပြီးတော့ အရပ်ဖက်ကလူတွေ လေ့လာမှုတွေ ရှိနေတယ်။ သူတို့တွေ အပြန်အလှန် အမြင်ဖလှယ်လို့ရတယ်။ အဲဒီအခါမှာဆိုရင် ပိုပြီးတိုးတက်လာမှာပဲ။

ကိုကျော်ကျော်သိန်း ။ ။ အခုနပြောတဲ့အထဲမှာလည်း ပါပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေ လေ့လာကြဖို့ဆိုတာ။ တချက်တည်းမှာပဲ အခုလို မြန်မာနိုင်ငံအတွင်းက အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ အားကောင်းမောင်းသန် ဖြစ်လာဖို့။ ပိုပြီး အရည်အချင်း ပြည့်လာဖို့။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဘာတွေ လုပ်ပေးနိုင်တာ ရှိသလဲ။ ဘာတွေ လုပ်ပေးသင့်သလဲ။

ကိုအောင်မော်ဇင် ။ ။ အဓိကတော့ နိုင်ငံတကာက လုပ်ပေးတယ်ဆိုတာထက် အထဲက သူတို့ ဘာလိုသလဲဆိုတာကို နိုင်ငံတကာက လူတွေကို အကူအညီတောင်းတာ ပိုပြီးသင့်တော်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တနိုင်ငံနဲ့ တနိုင်ငံ အခြေအနေခြင်း မတူတဲ့အခါကြတော့ ပုံတူကူပြီးတော့ ငါတို့ South Africa မှာ ဒီလိုလုပ်တဲ့အတွက် ဗမာပြည်မှာ ဒီလိုမျိုးလုပ်မယ်။ ဖီလစ်ပိင်မှာတော့ Civil Society အားကောင်းလာအောင် ဘယ်လိုမျိုးလုပ်တယ်။ ဒီလိုမျိုးလုပ်မယ်မျိုးထက် ကိုယ်နဲ့ ဘာနီးစပ်မလဲ။ ဥပမာပြောမယ်ဆိုရင် ဗမာပြည်ကလူတွေ အပြင်သွားမယ်၊ ကြည့်မယ်။ ကိုယ်အတွက် ဒါတွေ ယူသုံးလို့ရမလား။ ဒါမှမဟုတ် ဟိုကနည်းနည်း၊ ဒီကနည်းနည်း ကိုယ့်အတွက် ယူသုံးလို့ရမလားဆိုပြီး ကြည့်တာ ပိုပြီးအဆင်ပြေပါတယ်။ အဲဒီလို မဟုတ်ဘဲနဲ့ အပြင်ကနေ မင်းတို့ ဒါတွေဒါတွေလုပ်ပါဆိုတာထက်။

ကိုကျော်ကျော်သိန်း ။ ။ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ ရပ်တည်မှုမှာ အဓိကအကျဆုံး အရေးကြီးဆုံးတခုက ရန်ပုံငွေကိစ္စလို့ ကျနော် အဲဒီလို နားလည်းပါတယ်။ ကျနော် မှားရင်လည်း ထောက်ပေးပါ။ မြန်မာနိုင်ငံအတွင်းက အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ သူတို့လုပ်ငန်းတွေ အောင်အောင်မြင်မြင် လုပ်နိုင်ဖို့ လိုအပ်တဲ့ ရန်ပုံငွေ အရင်းအမြစ်တွေ များလာပြီလား။ လိုအပ်တဲ့ ရန်ပုံငွေတွေ ရနိုင်တဲ့ အခြေအနေတွေ ရှိနေပြီလား။ လက်ရှိမှာ လုံလုံလောက်လောက် ရနေကြရဲ့လား။

ကိုအောင်မော်ဇင် ။ ။ ရန်ပုံငွေနဲ့ ပတ်သက်လို့ ပြောမယ်ဆိုလို့ရှိရင် အစိုးရထုတ်ပြန်တဲ့ ဒုတိယအကြမ်း registration law မှာ ဘာတွေ့ရသလဲဆိုရင် ဒီအဖွဲ့အစည်းတွေက ရန်ပုံငွေကို ရှာနိုင်တယ်။ ပြည်တွင်း၊ ပြည်ပမှာ ရှာနိုင်တယ်လို့ ပြောထားပါတယ်။ ဒါပေမဲ့ တဖတ်ကကျတော့ ဘာသွားရှိသလဲဆိုတော့ - ကျနော်က ဥပဒေပညာရှင် မဟုတ်ပါဘူး။ ဒါပေမဲ့ သိထားဖို့ လိုတာက ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့၊ နိုင်ငံရေးပါတီနဲ့ သက်ဆိုင်တဲ့ ဥပဒေမှာတော့ သူတို့က ဘာပြန်ရေးထားသလဲဆိုတော့ နိုင်ငံရေးပါတီတွေက လက်မခံရဘူး။ နောက်တချက်က ပါတီအဖွဲ့ဝင်ကိုယ်တိုင်ကလည်း လက်မခံရဘူး။ အဖွဲ့ဝင်က Civil Society မှာပါလို့ အဲဒါဆိုရင် indirect လက်ခံတယ်လို့ သတ်မှတ်တယ်။ အဲဒီလိုဆိုလို့ရှိရင် ပါတီက ထုတ်ပယ်ပစ်ရမယ်။ သိရက်သားနဲ့ ပါတီကနေ မထုတ်ပယ်ဘူးဆိုလို့ရှိရင် ပါတီကို ဖျက်သိမ်းမယ်လို့ ပြောတယ်။ ဒါကို ပြောမယ်ဆိုလို့ရှိရင် နိုင်ငံရေးပါတီအဖွဲ့ဝင်တွေက လူမှုအဖွဲ့အစည်းတွေမှာ ပါဝင်မပတ်သက်ရသလို ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအဖွဲ့အစည်းတွေက များသောအားဖြင့် နိုင်ငံတကာ အကူအညီ၊ ပြည်တွင်းအကူအညီ funding အကူအညီနဲ့ ရပ်တည်နေရတယ်။ ဆိုတော့ ကျနော် ပြောချင်တာက ဥပဒေတွေကို ဒီအဖွဲ့အစည်းတွေ ရပ်တည်နိုင်အောင်၊ နိုင်ငံရေးအဖွဲ့အစည်းတွေ အားကောင်းလာအောင် ဖန်တီးပေးဖို့လိုတယ်။ ဒါကြောင့် အစိုးရအနေနဲ့ လုပ်သင့်တာ။ သူတို့တတွေ အားကောင်းလာအောင် ဖန်တီးပေးဖို့လိုတယ်လို့ ပြောချင်တာ။ အလှူငွေနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် ဗမာပြည်က အခုဆိုရင် အလှူငွေတွေ တော်တော်များများ ဝင်လာတဲ့ အနေအထားရှိပါတယ်။ နေရာတိုင်းမှာ မလိုပါဘူး။ ဆွမ်းဆန်စိမ်လောင်းလှူတဲ့အသင်းက ရပ်ကွက်ထဲမှာ အလှူငွေကောက်ရုံနဲ့ ရပါတယ်။ သူတို့ နိုင်ငံတကာမှာ ဘာလုပ်မလဲ။ ထွက်မယ်ပြုမယ်ဆိုရင်တော့ နိုင်ငံတကာ အကူအညီလိုတာပေါ့။

ကိုကျော်ကျော်သိန်း ။ ။ အရပ်ဖက်လူမှုအဖွဲ့အစည်းလို့ ပြောပေမယ့် လက်ရှိ မြန်မာနိုင်ငံက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး သွားနေတယ်။ ဒီပြုပြင်ပြောင်းလဲရေးက ဘယ်လောက်ကြာမလဲ မသိဘူး။ အဆင့်တဆင့်ကိုတော့ ရောက်မှာပဲ။ ဒါက အားလုံးရဲ့ မျှော်လင့်ချက်ပေါ့။ အဲဒီလို ရောက်အောင်သွားနေတဲ့ နေရာမှာ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍက ဘယ်လောက်အဓိကကျပါသလဲ။ သူတို့ရဲ့ အခန်းကဏ္ဍက ဘယ်လိုပါဝင်ပါသလဲ။

ကိုအောင်မော်ဇင် ။ ။ အခု modern society ခေတ်မီလာတဲ့ တိုင်းပြည်တွေ၊ ရှုပ်ထွေးလာတဲ့ တိုင်းပြည်တွေမှာ လူနေမှုစနစ်တွေမှာ အရင်တုန်းကလို ပြည်သူတွေက တယောက်ချင်း တိုက်ရိုက်ပါဝင်ပတ်မှု မရှိနိုင်တော့ဘူး။ အဲဒီအခါမှာ civil society လိုခေါ်တဲ့ လူမှုအဖွဲ့အစည်းတွေကနေတဆင့် ကြားခံ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတာပါ။ ပြောမယ်ဆိုလို့ရှိရင် ဒါကသိပ်အရေးကြီးပါတယ်။ ဘက်ပေါင်းစုံက အခုနပြောသလိုမျိုး နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေ အပါအဝင် လူမှုရေးအဖွဲ့အစည်းတွေကလည်း သူတို့လိုအပ်ချက်၊ ပြည်သူတွေရဲ့အသံကို ဒီကနေ ဖော်ထုတ်တဲ့သဘောပါ။ အဲဒီအတွက်ကြောင့် စစ်မှန်တဲ့ ဒီမိုကရေစီရရှိဖို့အတွက် ဒီ civil society တွေရဲ့ အခန်းကဏ္ဍက အရေးကြီးတယ်။ သူတို့တွေ အားကောင်းဖို့လိုတယ်။ အဲဒီတော့မှ ပြည်သူတွေရဲ့အသံ၊ ပြည်သူတွေရဲ့ လိုအပ်ချက်ကို အစိုးရတွေက သိနိုင်တယ်။ ပြည်သူတွေအချင်းချင်းလည်း ပြန်သိနိုင်တယ်။ ဆိုတော့ ဒါက သိပ်အရေးကြီးပါတယ်။

ကိုကျော်ကျော်သိန်း ။ ။ ကျေးဇူးအများကြီး တင်ပါတယ်။ အချိန်ပေးပြီး လာတဲ့အတွက်။ အတွေ့အကြုံတွေများအတွက်။

ကိုအောင်မော်ဇင် ။ ။ ကျေးဇူးတင်ပါတယ်။
XS
SM
MD
LG