သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ နဲ့ ဗွီအိုအေ


ဒီတပတ် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ ဗွီအိုအေမြန်မာ သတင်းဌာနမှူး ဦးသန်းလွင်ထွန်းက အမေရိကန်ပြည်ထောင်စုကို မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နဲ့အတူ လိုက်ပါလာတဲ့ လူဝင်မှုကြီးကြပ်ရေး၊ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ကို မြန်မာနိုင်ငံသား ဥပဒေ၊ တိုင်းရင်းသားအရေး နဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ဆောင်ပြင်ဆင်မှုများကို တွေ့ဆုံမေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဝန်ကြီးခင်များ ကျနော်တို့ ဗွီအိုအေကို အခုလို သီးသန့်တွေ့ဆုံခွင့် ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျနော် ပထမဦးဆုံး သိချင်တဲ့ကိစ္စက မကြာခင်နှစ်ပိုင်းအတွင်းမှာပဲ မြန်မာနိုင်ငံရဲ့ မလုပ်တာကြာပြီဖြစ်တဲ့ သန်းခေါင်းစာရင်းကောက်မှုကိစ္စတွေ အဲဒါတွေက မကြာခင်မှာစတော့မယ်ဆိုတော့ ဒါက နဂိုကတည်းက စီမံထားတာလား၊ တိုက်ဆိုင်မှုသက်သက်လား။ အခု အထူးသဖြင့် ရခိုင်ပြည်ဖက်မှာလည်း ဒီလို လူဝင်မှုကြီးကြပ်ရေးကိစ္စတွေမျိုးစုံ ဖြစ်နေတော့။ အဲဒါလေးကို တချက်ရှင်းပြပေးပါ။

ဦးခင်ရီ ။ ။ သန်းခေါင်းစာရင်းက ပြည်လုံကျွတ်အဆင့်ပေါ့။ ပြည်လုံကျွတ်အဆင့်ကောက်တဲ့ကိစ္စက လွတ်လပ်ရေးရကတည်းက နှစ်ကြိမ်ပဲကောက်ရသေးတယ်။ ပထမတကြိမ်က ၁၉၇၃ မှာ တကြိမ်ကောက်တယ်။ နောက် ဆယ်နှစ်ခြားပြီးတော့ ၁၉၈၃ မှာတကြိမ်ကောက်တယ်။ အခုတော့ မကောက်တာ နှစ်ပေါင်း (၃၀) ကြာပြီပေါ့။ နှစ်ပေါင်း (၃၀) ကျော်ကြာတဲ့အတွက်ကြောင့် သန်းခေါင်းစာရင်းဆိုင်ရာ အချက်အလက်တွေကလည်း နိုင်ငံအတွက်အရေးကြီးတဲ့ အခြေခံစာရင်းဇယားဖြစ်တဲ့အတွက်ကြောင့် ကောက်ဖို့လိုတယ်ဆိုတဲ့အချက်ကလည်း ကောက်ရတဲ့အကြောင်းရင်းမှာ အချက်တချက်။ ဒုတိယအချက်ကလည်း ကျနော်တို့ ပြင်ဆင်နေတုန်းမှာပဲ ကျင်းပဆဲ အဲဒီအချိန်က ပထမအကြိမ် ပြည်သူ့လွှတ်တော်မှာ မဲဆန္ဒရှင်တဦး၊ လွှတ်တော်ကိုယ်စားလှယ်တဦးက တင်ပြတယ်။ မြန်မာနိုင်ငံမှာ ပြည်လုံးကျွတ်အဆင့် သန်းခေါင်းစာရင်း မကောက်တာလည်း နှစ်ပေါင်း (၃၀) လောက်ကြာနေပြီ။ ကောက်ဖို့အစီအစဉ် ရှိပါသလားဆိုတဲ့ မေးခွန်းကလည်းမေးတယ်။ ဆိုတော့ ပထမထဲကလည်း ကျနော်တို့ကလည်း ကောက်ဖို့အစီအစဉ်ရှိတယ်။ ပြည်သူကလည်း ဒီကိစ္စကို ကောက်ဖို့လိုလားတယ်ဆိုတဲ့အတွက်ကြောင့် ဒီကိစ္စကို ဖြစ်သွားတဲ့သဘောပါ။

ဦးသန်းလွင်ထွန်း ။ ။ တပြည်လုံးအတိုင်းအတာနဲ့ သန်းခေါင်းစာရင်းကောက်တယ်ဆိုတာ အတော်လေးကို ကြီးကျယ်တဲ့ အင်မတန်ကို ခက်ခဲတဲ့၊ အင်မတန်ကို ငွေကြေးအကုန်အကျများမယ့်ကိစ္စပေါ့။ အဲဒါနဲ့ ပတ်သက်လို့ကော နိုင်ငံတကာရဲ့ အကူအညီတွေ၊ နောက် ပြည်တွင်းက လုပ်အားပေးတွေ၊ အဲဒါမျိုးတွေကို စီမံထားတာ ရှိပါသလား။

ဦးခင်ရီ ။ ။ ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်အဆင့် သန်းခေါင်းစာရင်း ကောက်ယူရေးက အဆင့် (၄) ဆင့်နဲ့ လုပ်သွားမှာပါ။ ပထမအဆင့်က ကြိုတင်ပြင်ဆင်ခြင်းအဆင့်။ နောက် မြေပြင်မှာကွင်းဆင်းပြီး ကောက်တဲ့အဆင့်။ တတိယအဆင့်က ရှင်းရှင်းလေးပြောလို့ရှိရင် ကောက်ပြီးသားစာရင်းတွေကို ပြန်လည်စုစည်းတဲ့အဆင့်။ နောက်ဆုံးအဆင့်က final report တိုင်းပြည်ကို ကြေညာတဲ့အဆင့်။ အခု ကျနော်တို့ ဒီကာလက ပြင်ဆင်ခြင်းအဆင့်ထဲမှာ ရောက်နေတာပါ။ ပြင်ဆင်ခြင်းအဆင့်မှာလည်း အဆင့်တွေ မြောက်မြားစွာ ရှိပါတယ်။ အခုန မေးသလို ဒီဥစ္စာကလည်း အင်မတန်လည်းရှုပ်ထွေးတယ်။ အင်မတန်လည်း ငွေကုန်ကြေးကြများတယ် ဆိုတဲ့အခါကြတော့ ကျနော်တို့ ပထမဦးဆုံး ပူးပေါင်းဆောင်ရွက်တာက UN နဲ့ ပူးပေါင်းဆောင်ရွက်တာပါ။ UN နဲ့ ပတ်သက်ပြီးတော့ အဲဒီမှာ UNFPA (United Nations Population Fund) ဆိုတာ ရှိပါတယ်။ အဲဒီအဖွဲ့က ကျနော်တို့ရဲ့ အဓိက focal အဖွဲ့အစည်းတခုပါ။ ဆိုတော့ အဲဒီအဖွဲ့နဲ့ပေါင်းပြီးတော့ နိုင်ငံတကာ အကူအညီတွေယူပါတယ်။ လောလောဆယ်တော့ နိုင်ငံတကာ international consultants တွေ အခုအချိန် ကျနော်လာတဲ့အချိန်အထိ (၆) ယောက်လောက် ရောက်နေပြီ။ ဒါက သန်းခေါင်းစာရင်းကောက်ယူရေး လုပ်ငန်းအတွက် အခြေခံကျတဲ့ မြေပုံနဲ့ ပတ်သက်တဲ့ အကြံပေးပညာရှင်တွေ။ နောက် ပြည်သူကို publicity campaign ပြည်သူကို အသိပေးရမယ့် လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ကိစ္စတွေ။ နောက်တခုက questionnaire ပြည်သူကိုမေးမယ့် မေးခွန်းနဲ့ ပတ်သက်တဲ့ကိစ္စတွေ။ အဲဒီလိုကိစ္စတွေမှာ အကြံပေးမယ့် international consultants တွေပါသလို။ ကျနော်တို့ ပြည်တွင်းမှာရှိတဲ့ ပညာရှင်တွေ အတွေ့အကြုံရှိတဲ့ ဝန်ထမ်းဟောင်းတွေနဲ့ စဉ်ဆက်မပျက်ဆွေးနွေးပြီးတော့ ဆောင်ရွက်နေတဲ့သဘော ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ လောလောဆယ်အားဖြင့် မြန်မာနိုင်ငံရဲ့ လူဦးရေနဲ့ ပတ်သက်လို့ရှိရင် ခန့်မှန်းချက်တွေပဲ ရှိနေတယ်။ တချို့ကလည်း သန်း (၆၀) လောက် ရှိနေပြီပြောတယ်။ တချို့ကလည်း သန်း (၅၀) ကျော်ကျော်ပဲလို့ပြောတယ်။ ဝန်ကြီးရဲ့ အကြမ်းမျဉ်းခန့်မှန်းချက်က ဘယ်လောက်ရှိမလဲ။

ဦးခင်ရီ ။ ။ တရားဝင် ထုတ်ပြန်ထားတာကတော့ နှစ်စဉ် အောက်တိုဘာ (၁) ရက်နေ့မှာ ထုတ်ပြန်ရတယ်။ ကျနော်တို့ ပြီးခဲ့တဲ့နှစ်က တရားဝင်ထုတ်ပြန်ချက်က ၆၀.၃၈ သန်းပါ။ သို့သော်လည်း ဒီစာရင်းသည် ၈၃ နောက်ဆုံးကောက်ယူခဲ့တဲ့ သန်းခေါင်းစာရင်းပေါ်မှာ အခြေခံတယ်။ နောက် ကွက်ကြားကွက်ကြား သီးခြားမြို့နယ်တွေမှာ စစ်တမ်းကောက်ယူတာရှိတယ်။ ဒီ နှစ်ခုကို ပေါင်းစပ်ပြီးတော့ လူဦးရေပညာနဲ့ ခန့်မှန်းတွက်ချက်တာ ဖြစ်ပါတယ်။ အဲဒါ မှန်သလား၊ နည်းသလား၊ များသလားဆိုတာကတော့ ဒီတခါ ကောက်ကြည့်တော့မှပဲ တိကျတဲ့ ကိန်းဂဏန်းထွက်မှာပဲ။

ဦးသန်းလွင်ထွန်း ။ ။ သန်းခေါင်းစာရင်းကောက်ပြီ၊ လူဦးရေစာရင်းကောက်ပြီဆိုတော့ အခုလက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံမှာ တော်တော်လေး လူပြောများပြီးတော့ တော်တော်လေးလည်း အထူးသဖြင့် ရခိုင်ပြည်နယ်ဖက်မှာ အဓိကထားပြီး စိတ်ဝင်စားနေတဲ့အချက်က နိုင်ငံသားဖြစ်မှု။ ဒီ သန်းခေါင်းစာရင်းကိစ္စနဲ့ နိုင်ငံသားစီစစ်ရေးကိစ္စနဲ့ ဘယ်လောက်များ ဆက်နွှယ်မှုတွေ ရှိနေမလဲ။

ဦးခင်ရီ ။ ။ အမှန်ပြောရရင်တော့ ဆက်နွှယ်မှု မရှိပါဘူး။ ကျနော်တို့ကတော့ သန်းခေါင်းစာရင်းကိစ္စဆိုတာ မြန်မာပြည်ရဲ့ နယ်မြေအတွင်းမှာ မှီတင်းနေထိုင်တဲ့ မည်သည့်ပုဂ္ဂိုလ်မဆို ထည့်သွင်းကောက်ယူသွားမှာ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒီ သန်းခေါင်းစာရင်းထဲမှာ မြန်မာပြည်ထဲမှာ မှီတင်းနေထိုင်တာတော့ ဟုတ်တယ်။ ဒါပေမဲ့ ဘယ်သူဟာ နိုင်ငံသား၊ ဧည့်နိုင်ငံသား။ ဒီလို သတ်မှတ်ချက်လေးတွေ မပါဘူးလား။

ဦးခင်ရီ ။ ။ အဲဒါက သန်းခေါင်းစာရင်းမှာ မပါဘူး။ နိုင်ငံသားဖြစ်ခြင်း၊ မဖြစ်ခြင်း ဆုံးဖြတ်တာက အခုလက်ရှိ existing law ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့သာ ဆုံးဖြတ်သွားတာ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ အခုလာမယ့် သန်းခေါင်းစာရင်းကိစ္စကတော့ နိုင်ငံသားနဲ့ မဆိုင်ဘူး။ ဒါပေမဲ့ ဒါဆိုလို့ရှိရင် ကျနော့်အနေနဲ့ နိုင်ငံသားကိစ္စကိုပဲ သေချာမေးပါရစေ။ နိုင်ငံသားကိစ္စက အရင်ရှိပြီးသား ဥပဒေအတိုင်းကိုပဲ အတည်ယူပြီးတော့ အခုလက်ရှိ နိုင်ငံသားပြန်လည်စီစစ်ရေးကို လုပ်မလား။ ဥပဒေကို နည်းနည်းပြန်ပြင်ဖို့ အကြောင်းအရာတွေများ ရှိပါသလား။

ဦးခင်ရီ ။ ။ အခုအချိန်အထိတော့ ဥပဒေကိုပြင်ဖို့ တောင်းဆိုချက်လည်းမရှိဘူး။ ကျနော်တို့မှာလည်း အစီအစဉ် မရှိပါဘူး။ အခု ကျနော်တို့ နိုင်ငံသားအဖြစ် ဆုံးဖြတ်တယ်ဆိုတဲ့နေရာမှာ လက်ရှိ ကျနော်တို့ စနစ်က မည်သည်လူမျိုး၊ မည်သည်ဘာသာ၊ မည်သည်အသွင်သဏ္ဍာန်အပေါ်မှာ မူတည်ပြီး ဆုံးဖြတ်တာမဟုတ်ဘူး။ နိုင်ငံသာဖြစ်ခြင်း၊ မဖြစ်ခြင်းသည် ၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပါ ပြဌာန်းချက်တွေနဲ့အညီသာ ဆုံးဖြတ်သွားတာ ဖြစ်ပါတယ်။ အဲဒါနဲ့ညီရင် နိုင်ငံသားဖြစ်မယ်။ အဲဒါနဲ့မညီရင် နိုင်ငံသားမဖြစ်ဘူးဆိုတဲ့သဘောပါ။ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကတော့ အများကြီးရှိသေးပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ နိုင်ငံသားအပြင် နောက်တခုက တိုင်းရင်းသားတွေ အမျိုးအစားခွဲခြားတဲ့ကိစ္စတွေ။ ဒီနေရာမှာ ဟိုအရင်ကတော့ ပါလီမန်ဒီမိုကရေစီခေတ်ကဆိုရင် ရခိုင်ပြည်နယ်ထဲမှာ ဘူးသီးတောင်၊ မောင်းတော်ဒေသတွေမှာ ရိုဟင်ဂျာလူမျိုးဆိုပြီးတော့ ထည့်သွင်းပြီးတော့ ရိုဟင်ဂျာအသံ မြန်မာ့အသံကနေ အသံလွှင့်ပေးခဲ့တာတွေတောင် ရှိခဲ့တယ်။ ဒီနောက်ပိုင်းမှာတော့ ရိုဟင်ဂျာလူမျိုးဆိုတာကို စာရင်းကနေ ပယ်ဖျက်ပြီးတော့ အခုအချိန်အထိလည်း ဒါ မြန်မာအစိုးရရဲ့ ရပ်တည်ချက်က ရိုဟင်ဂျာဟာ တိုင်းရင်းသားလူမျိုး မဟုတ်ဘူးဆိုတဲ့ ရပ်တည်ချက်မျိုးရှိတယ်။ တဖက်ကလည်း ရိုဟင်ဂျာတွေက သူတို့ဟာ တိုင်းရင်းသားလူမျိုးပါဆိုပြီးတော့ ပြောနေတာတွေရှိတော့ ဝန်ကြီးရဲ့အမြင်လေးက ဘယ်လိုရှိပါသလဲ။

ဦးခင်ရီ ။ ။ ဒီမေးခွန်းမျိုးက ကျနော် မကြာခဏ ရင်ဆိုင်ရပါတယ်။ အဲဒီတော့ ကျနော့်ဖက်က တရားဝင်ပြောရမယ်ဆိုရင်တော့ ရိုဟင်ဂျာဆိုတာက ကျနော်တို့ လူမျိုးထဲမှာ မပါဘူး။ ကျနော်တို့နိုင်ငံမှာ အဓိကကျတဲ့ တိုင်းရင်းသား လူမျိုး (၈) မျိုး ရှိပါတယ်။ ရှမ်း၊ ကချင်၊ ကရင်၊ ကယား၊ မွန်၊ မြန်မာ၊ ရခိုင်၊ ချင်း - ဒီ (၈) မျိုး plus သူနဲ့ဆက်နွှယ်တဲ့ minority တွေပေါင်းလိုက်ရင် လူမျိုး (၁၀၁) ပါးလို့ ခေါ်တာပေါ့။ အဲဒီအထဲမှာ ရိုဟင်ဂျာဆိုတာ မပါဘူး။ ကျနော်တို့မှာ အခုနပြောသလို လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ သန်းခေါင်းစာရင်း နှစ်ကြိမ်ကောက်တယ်။ ၁၉၇၃ မှာ တကြိမ်ကောက်တယ်။ ဆယ်နှစ်ခြားပြီးတော့ ၁၉၈၃ တကြိမ်ကောက်တယ်။ အဲဒီရဲ့ ထုတ်ပြန်ချက်တွေမှာလည်း ရိုဟင်ဂျာဆိုတဲ့လူမျိုး ထည့်ရေးထားတာ မပါဘူး။ ဒီ ရခိုင်ပြည်နယ်မှာရှိတဲ့လူတွေကို ဘင်္ဂလားဒေ့ရှ်ရှီလူမျိုးနဲ့ စာရင်းသွင်းထားတယ်။ လွတ်လပ်ရေးမရခင် အထူးသဖြင့် ဗြိတိသျှကိုလိုနီအောက်မှာ ရှိတုန်းက ထုတ်ပြန်ထားတဲ့ gazette documents တွေမှာလည်း ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းမပါဘူး။ ထို့ကြောင့် ကျနော် ပြောတာကတော့ အထောက်အထားနဲ့ ပြောတာပါ။ အဲဒီလို အထောက်အထားနှစ်ခုအရ ကျနော်တို့နိုင်ငံမှာ ရိုဟင်ဂျာဆိုတဲ့လူမျိုးဟာ မရှိဘူး။ ဘင်္ဂလီဆိုတဲ့လူမျိုးပဲ ရှိတယ်။ ဒီ ဘင်္ဂလီကလည်း အားလုံးသိတဲ့အတိုင်း ၁၈၂၄ အင်္ဂလိပ်-မြန်မာ ပထမစစ်ဖြစ်တော့ မြန်မာပြည်အနောက်ခြမ်း ဗြိတိသျှလက်အောက်ကိုရောက်တယ်။ ကျနော်တို့က အိန္ဒိယပြည်ရဲ့ ပြည်နယ်ခွဲတခု ဖြစ်တယ်။ အဲဒီမှာ အကြောင်းအမျိုးမျိုးကြောင့် အဲဒီဖက်ကရှိတဲ့ ဘင်္ဂလီတွေ ဒီဖက်ကိုလာပြီး အလုပ်လုပ်ရင်နဲ့ တချို့လည်းပြန်ပြီးတော့ မထွက်တော့ဘူးပေါ့။ ဒါတွေက လွတ်လပ်ရေးနဲ့အတူ ဖြစ်လာတဲ့ နောက်ဆက်တွဲ ပြဿတွေဖြစ်ပါတယ်။ ကျနော်တို့ဆီမှာ ရိုဟင်ဂျာဆိုတဲ့လူမျိုးကတော့ မရှိဘူးလို့ တရားဝင်သတ်မှတ်ပြီး ပြောလို့ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ နိုင်ငံသား အခွင့်အရေးနဲ့ တိုင်းရင်းသား အခွင့်အရေး။ လောလောဆယ်အားဖြင့် မြန်မာပြည်မှာရှိနေတဲ့ တည်ဆဲဥပဒေတွေအရ ဘာတွေများ ကွာခြားချက်တွေ ရှိနေပါသလဲ။ နိုင်ငံသား အခွင့်အရေးနဲ့ တိုင်းရင်းသားအခွင့်အရေး။

ဦးခင်ရီ ။ ။ အမှန်ကတော့ နိုင်ငံသားတယောက်ဖြစ်ပြီဆိုရင် ကျနော်တို့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံမှာပါတဲ့ နိုင်ငံသားအခွင့်အရေး အပြည့်အဝ ရတာပေါ့။ နိုင်ငံသားရယ်လို့ ဖြစ်သွားရင် အခွင့်အရေး အကုန်ရတာပေါ့။ အခုနောက်ပိုင်းမှာတော့ တိုင်းရင်းသားတွေက အချို့ဟာတွေနဲ့ ပတ်သက်ပြီးတော့ ဒီအခွင့်အရေးမျိုးဖြစ် တန်တူမရဘူးဆိုတဲ့ ဒီလို တောင်းဆိုမှုမျိုးတွေရှိတယ်။ အမှန်ကတော့ အကုန်လုံးအတူတူပဲ။ အကုန်လုံး နိုင်ငံသားရယ်လို့ ကျနော်တို့ အသိအမှတ်ပြုခံရလို့ရှိရင် နိုင်ငံသား အခွင့်အရေးသည် ဖွဲ့စည်းပုံအခြေခံမှာရှိတဲ့ အခွင့်အရေးက အားလုံးအတူတူဖြစ်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ တိုင်းရင်းသားအခွင့်အရေးဆိုပြီး တိုင်းရင်းသားလူမျိုးတမျိုးအဖြစ် သတ်မှတ်ခေါ်ခံစေချင်တဲ့ဆိုတဲ့ သဘောရယ်နောက်ကွယ်မှာ ဘာတွေများ ရှိနေပါသလဲ။ ဘယ်လိုအခွင့်အရေးမျိုးတွေ ဆက်တိုက်ပါလာနိုင်သလဲ။
ဦးခင်ရီ ။ ။ ဒါကတော့ တောင်းဆိုတဲ့ ကာယကံရှင်တွေကပဲ သိမယ်ထင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဘာကြောင့်လည်းဆိုတော့ ကျနော်မေးရတဲ့အကြောင်းကလဲ အထူးသဖြင့် ရခိုင်ပြည်ဖက်မှာဆိုရင် ဒေသခံရခိုင်လူမျိုးတွေနဲ့ အခု ဝန်ကြီးပြောတဲ့ ဘင်္ဂလားဒေ့ရှ်ဖက်ကလာတဲ့ လူတွေပေါ့။ ပြောရမယ်ဆိုလို့ရှိရင်လည်း လူဦးရေအခြေအနေအရဆိုရင် ဝန်ကြီးတို့ ပိုသိပါတယ်။ တချို့နေရာတွေမှာ ဘင်္ဂလားဒေ့ရှ်ကနေ ဝင်လာတဲ့ မျိုးနွယ်တွေ။ သူတို့တွေက အများစုပိုဖြစ်နေကြတာကို တွေ့ရပါတယ်။ ဆိုတော့ ဒေသခံရခိုင်တွေအနေနဲ့လည်း သူတို့နယ်မြေ ဆုံးရှုံးမလား။ သူတို့ တိုင်းရင်းသားပိုင်ဆိုင်မှုတွေ ဆုံးရှုံးမလားဆိုပြီး စိုးရိမ်နေကြတာတွေရှိတယ်။ သူတို့ရဲ့ စိုးရိမ်မှုတွေဟာ တကယ်ကို စိုးရိမ်စရာအခြေအနေမှာ ရှိနေသလား။

ဦးခင်ရီ ။ ။ လူဦးရေအရ ကြည့်မယ်ဆိုရင်တော့ အထူးသဖြင့် မောင်းတော်ဖက်မှာတော့ တခြားနိုင်ငံဖက်က ဝင်လာတဲ့ ဘင်္ဂလီလူမျိုးတွေက ၉၈% လောက်ရှိတယ်။ အဲဒီဖက်မှာကြည့်ရင်တော့ များတာပေါ့။ သို့သော်လည်း ကျနော်တို့ကတော့ လက်ရှိ နိုင်ငံထဲမှာရှိတဲ့ လူနဲ့ ပတ်သက်ပြီးတော့ ဘာကိုပဲ စဉ်းစားသလဲဆိုတော့ နိုင်ငံသားဖြစ်မှု ဥပဒေအရ နိုင်ငံသားဖြစ်ခွင့် ရှိတယ်မရှိဘူးဆိုတဲ့ အခြေအနေပေါ်မှာပဲ နိုင်ငံတော်က စဉ်းစားတာပေါ့။ ဆိုပါစို့ အခုနပြောတဲ့ တိုင်းပြည်ရဲ့ လွတ်လပ်ရေးနဲ့အတူ ရောက်လာတဲ့ ဘင်္ဂလီလူမျိုးတွေ ဒီလူမျိုးတွေ နိုင်ငံသားအဖြစ် လျှောက်ချင်တယ်ဆိုရင် လျှောက်ခွင့်ရှိတာတွေရှိတယ်။ သို့သော်လည်း ပြည့်စုံရမယ့် criteria တွေရှိတယ်။ အဲဒီအထဲက တချို့ကို ပြောလို့ရှိရင် ဒီပုဂ္ဂိုလ်တွေသည် ၁၉၄၈ မတိုင်ခင်တုန်းက မြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ခဲ့တဲ့ မျိုးရိုးစဉ်ဆက်ကနေ ပေါက်ဖွားလာသူတွေ ဖြစ်ရမယ်။ အကြမ်းမျဉ်းပေါ့ ဒီလို သတ်မှတ်ချက်တွေရှိတယ်။ ဒီ ပုဂ္ဂိုလ်တယောက်က နိုင်ငံသားအဖြစ် လျှောက်ချင်တယ်ဆိုရင် သူ့အဖိုးအဖွားသည် ၁၉၄၈ မတိုင်မီ လွတ်လပ်ရေးမရခင်၊ ဒီမှာမွေးရမယ်၊ ဒီမှာပဲ အသက်ဆုံးရှုံးရမယ်၊ သူ့အဖေအမေသည် ဒီမှာမွေးရမယ်၊ ဒီမှာပဲ အသက်ဆုံးရှုးရမယ်၊ two generations သူကလည်း ဒီမှာပဲ မွေးရမယ်၊ ဒီမှာပဲ ဆက်နေမယ်လို့ ဆန္ဒရှိရမယ်။ တိုင်းပြည်ပေါ်မှာလည်း သစ္စာရှိရမယ်၊ မြန်မာစကားလည်း ပြောတတ်ရမယ် စသဖြင့် criteria တွေ များများစားစား ရှိပါတယ်။ အဲဒါဆိုရင် သူသည် နိုင်ငံသားအဖြစ် လျှောက်ပိုင်ခွင့်ရှိတယ်။ ဘယ်ကိုလျှောက်ရသလဲဆိုတော့ ဗဟိုအဖွဲ့ကို လျှောက်ရတယ်။

ကျနော်တို့ ၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ ၆၇ မှာ ဗဟိုအဖွဲ့ကို တရားဝင်ဖွဲ့စည်းထားပါတယ်။ ဥက္ကဋ္ဌက ကျနော်ပါ။ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးတို့က အဖွဲ့ဝင်များဖြစ်ပါတယ်။ အဲဒီတော့ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကြည့်လိုက်လို့ရှိရင် ဒါသည် နိုင်ငံတော်ရဲ့ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ national security, national interests ကို ရည်ရွယ်ပြီးတော့ ပြည့်ပြည့်စုံစုံ စဉ်းစားနိုင်အောင် ဒီအဖွဲ့ဝင်တွေက ဖွဲ့ထားတယ်ဆိုတာကို မြင်သာပါတယ်။ အဲဒီတော့ ဒီအဖွဲ့တွေက အခုနပြောတဲ့ criteria နဲ့ပြည့်စုံမယ်ဆိုရင် အဆင့်ဆင့် မြို့နယ်ကတဆင့် ထောက်ခံလိုက်လို့ ဗဟိုအဖွဲ့ကို ရောက်လာတယ်ဆိုရင် သတ်မှတ်ချက်နဲ့ ကိုက်ညီတယ်ဆိုရင် သူသည် ပြု-နိုင်ငံသား၊ အင်္ဂလိပ်လို့တော့ naturalized citizen ဟိုတုန်းကတော့ ဧည်နိုင်ငံသား။ ဧည်ဆိုတာက ၈၂ ခုနှစ် မတိုင်ခင်ဆိုရင် ဧည်။ ၈၂ ဥပဒေပေါ်ပြီးတဲ့အခါကြတော့ ပြု ပေါ့။ associated citizen – naturalized citizen. အဲဒါ ရပိုင်ခွင့်ရှိတယ်။ အဲဒီလို naturalized citizen ဖြစ်သွားပြီးတော့နောက် automatically သူ့ရဲ့ third generation မှာ သူသည် နိုင်ငံသား ဖြစ်သွားမယ်။ အခုလက်ရှိ ရှိနေတဲ့လူတွေမှာ ပြု-နိုင်ငံသား ရှိတဲ့လူတွေရှိတယ်။ နိုင်ငံသားဖြစ်ပြီးသာလူတွေ ရှိတယ်။ မည်သည့်နိုင်ငံကမှ လောလောဆယ် သံသယဖြစ်ဖွယ်ရှိတဲ့ လူတွေတော့ white card တွေ ပေးထားတာရှိတယ်။ white card သည် temporary identity card. ဒီနိုင်ငံမှာ နေခွင့်ပေးတယ်။ ဒီနိုင်ငံမှာ စားခွင့်ပေးတယ်။ ဒီနိုင်ငံမှာ သွားခွင့်ပေးတယ်။ မဲတောင် ပေးခွင့်ရှိတယ်။ ဆိုတော့ ဘာမှအခွင့်အရေး ဆုံးရှုံးတာ မရှိပါဘူး။ လူမျိုးစုနဲ့ ပတ်သက်တာ သူတို့ စိုးရိမ်ချက်တွေပေါ့။

ဦးသန်းလွင်ထွန်း ။ ။ ဒီအခွင့်အရေးနဲ့ ပတ်သက်လို့ပဲ ဝန်ကြီးလည်းတွေ့မှာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက အခု နယူးရော့ခ်မြို့မှာလုပ်တဲ့ အစည်းအဝေးပွဲတွေရဲ့ ရှေ့မှာ အထူးသဖြင့် ရိုဟင်ဂျာတွေ - ရိုဟင်ဂျာလူမျိုးတွေရဲ့ အခွင့်အရေးဆိုပြီးတော့ တောင်းဆိုမှုတွေ၊ ဆန္ဒပြမှုတွေ မြင်ရပါလိမ့်မယ်။ ဒီ ရခိုင်ပြည်နယ်ဒေသအတွင်းမှာ အခုဒီမှာ ဆန္ဒပြကြသလို ဘင်္ဂလီတွေ၊ ရိုဟင်ဂျာတွေကို အထူးတလည်းများ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ နှိပ်စက်ပြုမှုတွေ ရှိနေသလား။ ဘာကြောင့်လဲဆိုတော့ တချိန်တုန်းကဆိုရင်လည်း စစ်အစိုးရလက်ထက်က ဒီလို လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့လို့ဆိုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို အစုလိုက်အပြုံးလိုက် ထွက်ပြေးခဲ့ရတဲ့ သာဓကတွေရှိခဲ့တယ်။ ဆိုတော့ အခုလောလောဆယ် အခြေအနေက ဒီဖက်မှာ ဆန္ဒပြနေသလို၊ သူတို့ပြောနေကြသလို ချိုးဖောက်မှုတွေ ရှိနေသလား။

ဦးခင်ရီ ။ ။ အပြင် မီဒီယာတွေကတော့ ဒီလို စွပ်စွဲတာ ရှိပါတယ်။ တကယ့် မြေပြင်မှာတော့ ဒီလို တဖက်စောင်းနှင်း ဖိနှိပ်ချုပ်ချယ်မှုတွေ မရှိပါဘူး။ အခု ရခိုင်မှာ ပြီးခဲ့တဲ့ မေလမှာ ပြဿနာဖြစ်တယ်။ ဖြစ်လေဖြစ်ချင်း နိုင်ငံတော်အစိုးရက step by step ဒီကိစ္စကို ဖြေရှင်းခဲ့တယ်။ အကြမ်းမျဉ်းပြောရရင် ဖြစ်ဖြစ်ချင်း ဒီပြဿနာကို ဒီနေရာမှာပဲ ရပ်တန့်သွားအောင် တရားဥပဒေနဲ့အညီ ထိန်းသိမ်းကာကွယ်တယ်။ ဒုတိယအဆင့်က ငြိမ်သွားပြီဆိုရင် ထပ်ပြန့်မသွားအောင် ကာကွယ်တယ်။ တတိယတခါ ဒုတိယဝန်ကြီး ဦးစီးတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ investigation committee ဒု-ဝန်ကြီး ပြည်ထဲရေး ဦးဆောင်ပြီးတော့ အဖွဲ့ဖွဲ့တယ်။ သူကတော့ criminal case နဲ့ ပတ်သက်ပြီးတော့ တကယ့် root cause of the incident ဒါတွေကို ဖော်ထုတ်တာပေါ့။ ဒီမှာ ဘယ်သူတွေ ပါဝင်သလဲ။ ရာဇဝတ်အကြောင်းအရာကို ဖော်ထုတ်တာရှိတယ်။

နောက်ပြီးတော့ မှတ်မိမှာပါ - သြဂုတ်လ ၁၇ ရက်နေ့က လွတ်လပ်သော ကော်မရှင် ၂၇ ဦးပါတဲ့ အဖွဲ့ဖွဲ့တယ်။ နောက် ဒီပြဿနာကိုလည် at present မှာ ဘယ်လိုရှင်းမလဲ။ ရေတို ဘယ်လိုရှင်းမလဲ။ ရေရှည် ဘယ်လိုရှင်းမလဲ။ နောင်ကို ဒီလိုပြဿနာမျိုး တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေတဲ့၊ အတူတကွ မှီတင်းနေထိုင်နေကြတဲ့ ဒီအုပ်စု နှစ်စု ပြဿနာမဖြစ်အောင် ဘယ်လိုလုပ်မလဲ ကျနော်တို့ ပြည်တွင်းပညာရှင်တွေ၊ international ပညာရှင်တွေ ပေါင်းပြီးတော့ workshop တွေ လုပ်တယ်။ အဲဒီက outcomes တွေလည်း ကျနော်တို့ စောင့်နေတယ်။ နောက် ဒီပြဿနာမျိုး နောက်ထပ်မဖြစ်အောင် စီမံရမှာပါ။ ဟိုမှာတော့ သီးခြားခွဲခြားဆက်ဆံတာပါ။
XS
SM
MD
LG