သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုယ့်အနာဂတ်အတွက် မှန်မှန်ကန်ကန် ရွေးချယ်မဲပေးကြဖို့

နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ
နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ

ဒီတပတ် မြန်မာ့အရေး သုံးသပ်ချက်အစီအစဉ်မှာ ရွေးကောက်ပွဲမှာ မဲပေးကြမယ့် ဘယ်သူမဆို ကိုယ့်ရဲ့အနာဂတ်အတွက် ဒီမဲပြားက အရေးကြီးတယ်ဆိုတဲ့ စိတ်မျိုးနဲ့ ကိုယ်စားလှယ်လောင်းကို ရွေးချယ်ဖို့ အရေးကြီးတယ်လို့  နာရေးကူညီမှုအပါအဝင် ပရဟိတအလုပ်တွေ လုပ်နေတဲ့ အနုပညာရှင် ကျော်သူက ပြောဆိုပါတယ်။ အရွေးခံရတဲ့ ကိုယ်စားလှယ်တွေအနေနဲ့လည်း ပြည်သူတွေအရေးကို တကယ်လုပ်ပေးဖို့ အရေးကြီးတယ်လို့ VOA မြန်မာပိုင်းနဲ့ သီးသန့်မေးမြန်းခန်းမှာ ပြောကြားခဲ့ပါတယ်၊ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်စည်းပေးနေတာပါလို့ဆိုတဲ့ ကိုကျော်သူရဲ့ ရွေးကောက်ပွဲအပေါ် အမြင်တွေနဲ့ ပတ်သက်လို့ ကိုဇော်ဝင်းလှိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ကိုကျော်သူ ဗွီအိုအေ ကို အခုလို တွေ့ဆုံမေးမြန်းခွင့် ပြုတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။

ကိုကျော်သူ ။ ။ ကျနော်ကလည်း ကျေးဇူးတင်ပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ဦးကျော်သူ က ဘဝမျိုးစုံ ကျင်လည်ခဲ့သူ။ စွယ်စုံရ ပုဂ္ဂိုလ်တဦးလို ဖြစ်နေတယ်။ ရုပ်ရှင်မင်းသားဘဝမှာဆိုလည်း အောင်မြင်ကျော်ကြားခဲ့တယ်။ အခုနောက်ပိုင်းမှာ လူမှုရေးလုပ်ငန်းတွေ၊ နာရေးကူညီမှု အသင်းလုပ်ငန်းတွေမှာလည်း တော်တော်လေးကို တိုင်းသိပြည်သိ အောင်မြင်ကျော်ကြားနေတဲ့ အဖွဲ့အစည်း ဖြစ်တယ်။ မအောင်မြင်သေးတဲ့ကိစ္စမှာ အောင်မြင်နေတယ်ပေါ့။ ဒီဟာမျိုးကတော့။ ဒါပေမဲ့ တခြားနိုင်ငံရေး၊ လူမှုရေးကိစ္စတွေလည်း အများကြီး အပြင်မှာ လုပ်ကိုင်နေတာတွေ ရှိပါတယ်။ ဆိုတော့ ကျနော် ပထမဦးဆုံး မေးချင်တာက အခု မကြာခင် နိုဝင်ဘာလ (၈) ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲအကြောင်းလေး နည်းနည်းမေးချင်ပါတယ်။ ဒီလာမယ့် ရွေးကောက်ပွဲမှာ မင်းသားမင်းသမီးတွေ အရင်ရွေးကောက်ပွဲနဲ့ မတူဘဲနဲ့ စည်းရုံးရေးလုပ်ငန်းတွေ၊ သီချင်းတွေ ဆိုပြီးတော့ လုပ်ကြတာတွေ၊ Campaign တွေ လုပ်ကြတာတွေ အများကြီး ကျနော်တို့ တွေ့ရပါတယ်။ ဆိုတော့ ဒီလိုဟာတွေက တိုးတက်ပြောင်းလဲလာတဲ့ လက္ခဏာတွေလား။ ဦးကျော်သူအနေနဲ့ ဘယ်လို မြင်မိပါလဲ။ အနုပညာရှင်တွေ ပါဝင်နေတဲ့ ကိစ္စအပေါ်။

ကိုကျော်သူ ။ ။ အနုပညာရှင်တွေ ပါတယ်ဆိုတာ အနုပညာရှင်တွေက ပြည်သူလူထု ကိုယ်စားပြုနေရတဲ့ သူတွေ။ ပြည်သူတွေနဲ့ တထပ်တည်းကျတယ်။ ပြည်သူလူထု ခံစားနေရတာတွေကို အနုပညာရှင်တွေလည်း ခံစားရတယ်။ အဲဒီတော့ ပြည်သူလူထုတွေက လိုချင်တဲ့အရာတခုကို အနုပညာရှင်တွေကလည်း တတက်တအား ပါဝင်ခြင်း ဖြစ်ပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ဦးကျော်သူက စောစောက ကျနော် ပြောခဲ့သလို ရွှေဝါရောင်တော်လှန်ရေးမှာလည်း တကယ့်ကို ထဲထဲဝင်ဝင် ပါဝင်ခဲ့တယ်။ အဲဒီအတွက်လဲ အာဏာပိုင်တွေရဲ့ ဖမ်းဆီးထိန်းချုပ်တာတွေလည်း ခံခဲ့ရတဲ့ အနေအထားမျိုးတွေ ရှိတယ်။ အဲဒီတော့ အခုနောက်ပိုင်းမှာ အဲဒီလို နိုင်ငံရေးလှုပ်ရှားမှုတွေ ရှိလာခဲ့တဲ့အတွက် နိုင်ငံရေးမှာ မဝင်ဘူးလားဆိုပြီး ပြောကြတာတွေလည်း ဦးကျော်သူကိုယ်တိုင်လည်း ကြားမိမှာ။ အပြင်မှာလည်း ကျနော်တို့ ကြားနေရတယ်။ နိုင်ငံရေးကို ဘာလို့ ဝင်မလုပ်တာလဲ။

ကိုကျော်သူ ။ ။ နိုင်ငံရေးကို ကျနော် လုပ်ချင်စိတ် မရှိဘူး။ နိုင်ငံရေးပါတီထောင်တယ်ဆိုတာ သက်တမ်း သူ့အတိုင်းအတာတခု ရှိတယ်။ ကျနော်တို့က ပြည်သူလူထုကိုပဲ လိုအပ်တဲ့ဟာလေးတွေ ဖြည့်ဆည်းပေးရတာပဲ စိတ်ကျေနပ်တယ်။ ကြည်နူးတယ်။ ကျနော်တို့က နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေးတွေ လုပ်ပေးနေတာက ပြည်သူလူထုအတွက် အကူအညီပေးနေတာ။ တနည်းအားဖြင့် အစိုးရကို တဖက်တလမ်း အထောက်အကူ ပြုပေးနေတဲ့ အဖွဲ့အစည်း။ ကျနော်တို့လုပ်တဲ့ အတိုင်းအတာ limit လာတယ်ဆိုရင် ကျနော်တို့တိုင်းပြည် အုပ်ချုပ်တဲ့အစိုးရ လိုအပ်လို့ ကျနော်တို့ရဲ့ ကူညီမှု မြှင့်မားလာတယ်လို့ပဲ သုံးသပ်ပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ အခု မကြာသေးခင်ကပဲ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်တဲ့နေရာမှာ တချို့ကိစ္စတွေမှာ NLD ကိုပဲ ကျနော်တို့ သတိထားပြီး ကြည့်ကြမယ်ဆိုရင် သူက တကယ့် အင်အားကြီး အတိုက်အခံပါတီကြီး ဖြစ်နေတော့ NLD ပါတီက ကိုယ်စားလှယ်လောင်းတွေ ရွေးတဲ့နေရာမှာ နိုင်ငံရေးမှာ အစဉ်တစိုက် လုပ်လာခဲ့တဲ့ အစဉ်အလာရှိတဲ့ လူတွေ။ ဥပမာ ၈၈ မျိုးဆက်ခေါင်းဆောင်တွေ ပါမလာတဲ့အပေါ် တချို့က ပြောကြဆိုကြ ဝေဖန်ကြတာ ရှိပါတယ်။ အဲဒီအပေါ် ဦးကျော်သူ ဘယ်လိုများ ထင်မြင်ချက် ပေးချင်ပါလဲ။

ကိုကျော်သူ ။ ။ ဒါကတော့ NLD ရဲ့ လုပ်ထုံးလုပ်နည်းက ဘယ်လို ရှိတယ်ဆိုတာ ကျနော်လည်း နားမလည်ဘူး။ သိလဲမသိဘူး။ အမှန်မှာတော့ ဘယ်သူပဲဖြစ်ဖြစ် တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်ပြီး အနစ်နာခံမယ့်သူတွေ။ ဗဟန်းမှာဆိုရင် ဒေါ်ညိုညိုသင်း ရှိတယ်။ သူကိုလဲ အမှန်မှာတော့ ပါသင့်တယ်။ မဲလည်း ပေးသင့်တယ်။ ဒါတွေကတော့ တိုင်းပြည်အတွက် အနစ်နာခံပြီး လုပ်မယ့် လူမှန်သမျှကို ကျနော်တို့က မဲပေးရမယ့် အနေအထား။ ပြည်သူလူထုမှာ ဒီလိုအတွေးအခေါ်မျိုး ရှိဖို့ အရေးကြီးပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ လက်ရှိ အစိုးရ လုပ်နေတဲ့ ပြောင်းလဲရေးအပေါ် ဘယ်လိုမြင်သလဲ။ အဲဒီနောက်ဆက်တွဲအဖြစ်နဲ့ NLD အနေနဲ့ တကယ့်ပြောင်းလဲမှုတွေ ဖော်ဆောင်နိုင်မလားဆိုတာ မေးချင်ပါတယ်။

ကိုကျော်သူ ။ ။ အဲဒါကတော့ ဥပမာ NLD ပဲ နိုင်နိုင်၊ ကြံ့ခိုင်ရေးကပဲ ပြန်နိုင်နိုင် နိုင်တဲ့သူတွေက နိုင်တဲ့အလျောက် ပြည်သူလူထုအတွက် လုပ်ပေးဖို့ အရေးကြီးတယ်။ အရေးကြီးတာက ကျနော်တို့လို ပရဟိတသမားတွေ၊ ပရဟိတအသင်းအဖွဲ့တွေရဲ့ ပြည်သူလူထုကို ကူညီရတဲ့ အတိုင်းအတာ လျော့ကျသွားဖို့ အရေးကြီးတယ်။ ဒါမှလဲ တိုင်းပြည်က ငြိမ်းချမ်းသာယာတဲ့ တိုင်းပြည် ဖြစ်မယ်လို့ ကျနော် ယုံတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ နောက်တခု ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လူအပြောများနေတာက မဲစာရင်းကိစ္စ။ ရွေးကောက်ပွဲမတိုင်ခင်လေး မကြာသေးခင်ကပဲ သန်းခေါင်စာရင်းတွေ ကောက်ထားတယ်။ တအိမ်ထောင် ဘယ်နှစ်ယောက်ရှိတယ်။ အသက် ဘယ်လောက်ရှိတယ်ဆိုတာလဲ အစိုးရမှာ စာရင်းရှိထားတယ်။ ဒါပေမဲ့ မဲစာရင်းလုပ်တဲ့နေရာမှာ အခက်အခဲတွေ ရှိနေတယ်။ ဥပဒေတွေလည်း အမျိုးမျိုး ထုတ်ပြန်နေတယ်။ အဲဒီအပေါ် ဘယ်လို မြင်မိပါလဲ။

ကိုကျော်သူ ။ ။ အဲဒါက မဲရွေးကောက်ရေး အဖွဲ့၊ ကော်မရှင်အဖွဲ့ရဲ့ လိုအပ်ချက်လို့ပဲ ကျနော် မြင်တယ်။ ကော်မရှင်ဥက္ကဋ္ဌကိုယ်တိုင်က (၃၀) ရာခိုင်နှုန်းပဲ မှန်ကန်ကြောင်း အာမခံတယ်လို့ တရားဝင်ကြီး ပြောထားတော့ ဒါကတော့ သူတို့ရဲ့ အားနည်းချက်ပဲ။ ဒါတွေက ပြည်ပနိုင်ငံကလည်း ဘတ်ဂျက်တွေလည်း ချပေးတယ်။ ချပေးတာဟာကို သေသေချာချာ ထိထိရောက်ရောက် မလုပ်တာ။ အင်မတန်ကို တိုင်းပြည်အတွက် အရေးကြီးတဲ့ အချက်တချက်ပဲ။ ဆုံးရှုံးမှုတွေ အများကြီး ဖြစ်ပေါ်နိုင်ပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ တချို့ထောက်ပြကြတာက ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲ ကော်မရှင်သည် ဘက်မလိုက်ဘဲနဲ့ သမာသမတ်ကျကျ အလယ်ကနေ ရပ်တည်ပေးရမယ့် ကော်မရှင် ဖြစ်တယ်။ ဘယ်နိုင်ငံမှာဖြစ်ဖြစ်။ ဒါပေမဲ့ မြန်မာနိုင်ငံက အနေအထားအရ ရွေးကောက်ပွဲကော်မရှင်က လက်ရှိ အစိုးရဘက်ကို ယိမ်းနေတယ်။ အစိုးရ ကြိုက်တာကို လိုက်ပြီးလုပ်ပေးနေတယ်ဆိုတဲ့ ပုံစံမျိုးတွေ ရှိနေလို့ အဲဒါကြောင့် မေးကြည့်တာပါ။

ကိုကျော်သူ ။ ။ ဒီဟာကတော့ ကိုယ့်ကိုယ်ကို အသိဆုံးပေါ့။ ကျနော်တို့က ဘေးကနေ ဝေဖန်နေလို့က အလကားပဲ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ အိမ်ထောင်စုစာရင်းက ဆုံးသွားတဲ့ ယောက္ခမကြီးတောင် ပါတယ်။ ဆုံးသွားတဲ့လူတောင် မဲပေးခွင့်ရှိတယ်။ အိမ်မှာ ကျနော်တို့နဲ့ နှစ်ရှည်လများ အတူတကွ နေခဲ့တဲ့ ခလေးတွေ။ ကျနော်တို့အိမ်ကို ဝိုင်းကူညီပေးနေတဲ့ ခလေးတွေကြတော့ မပါဘူး။ သန်းခေါင်စာရင်းထဲပါတယ်။ မဲစာရင်းထဲ ပါမလာဘူး။ ကျနော့် သားသမီးတွေကြတော့ ပါလာတယ်။ ဒါမျိုးတွေ နည်းနည်းလွဲမှားမှုတွေကတော့ ရှိနေတယ်။ အရင်ပထမတကြိမ်တုန်းကဆို ကျနော်တို့ နာမည်တော့ပါတယ်။ အိမ်လိပ်စာ မှားနေတယ်။ ဒါတွေက မဲပေးတဲ့အချိန်ကျတော့ အိမ်လိပ်စာ မှားနေရင် ပြဿနာ တက်နိုင်တယ်။ ကျနော်တို့က ဒါကို ပြန်ထောက်ပြ၊ ပြန်ပြင်ခိုင်းရတဲ့ အနေအထားရှိတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ အဲဒီလို ပြန်ပြင်ခိုင်းတဲ့ နေရာမှာ အခက်အခဲ ရှိလား။ လွယ်လွယ်ကူကူ ပြင်ပေးလား။

ကိုကျော်သူ ။ ။ အခက်အခဲတော့ မရှိပါဘူး။ မှန်မှန်ကန်ကန် ပြန်ပြင်ပေးပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ အခု အစိုးရ မပြောင်းလဲခင်မှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲနဲ့ အခုလာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲ ကွာခြားမှုတွေ ဘာတွေများ မြင်မိလဲ။ သတိထားမိလဲ။

ကိုကျော်သူ ။ ။ ကွာခြားမှုကတော့ တဖွဲ့နဲ့တဖွဲ့ အပုပ်ချနေတာတွေ၊ နာမည်ဖျက်နေတာတွေ ဒါမျိုးတွေကတော့ မလုပ်သင့်ဘူး။ ကိုယ့်အလုပ်ကို လုပ်ပြရမယ်။ ပြည်သူအတွက် ဘယ်လောက် လုပ်ပေးနိုင်တယ်။ လုပ်ပေးနိုင်တယ်ဆိုတာကို အာမခံချက်အတိုင်း နိုင်သွားရင် လုပ်ပေးရမယ်။ ရွေးကောက်ပွဲ လုပ်ခါနီးမှ အင်တိုက်အားတိုက် အလုပ်တွေ လုပ်ပြနေတာ အဓိပ္ပါယ် မရှိတဲ့ လုပ်ရပ်ပဲ။

ကိုဇော်ဝင်းလှိုင် ။ ။ နောက်တခုက မကြာသေးခင်ကပဲ မြန်မာနိုင်ငံ ဒေသတော်တော်များများမှာ မိုးသဲရေကြီးမှုတွေ ကြီးကြီးကျယ်ကျယ် ဖြစ်ခဲ့တယ်။ ကလေးမြို့တို့၊ ချင်းတောင်တို့ဆိုရင် တော်တော်လေး အထိနာတယ်။ ဧရာဝတီတိုင်း၊ စကိုင်းတိုင်း၊ မကွေးတိုင်း အပါအဝင် အဲဒီနေရာတွေမှာ တချို့ပြောတာ တကယ် ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့တဲ့ နေရာတွေမှာ အိမ်တွေ ပြောင်းရွှေ့ရတာရှိတော့ အိမ်ထောင်စုစာရင်းတွေပျောက်၊ မဲစာရင်းတွေပျောက် ဟိုရောက်ဒီရောက်ဖြစ်တော့ ဒီနေရာတွေမှာ ရွေးကောက်ပွဲ မလုပ်ဘဲနဲ့ ဆိုင်းငံ့ထားရင် နောက်ကျပြီးမှလုပ်ရင် ကောင်းမလားလို့ ပြောဆိုကြတဲ့အပေါ် ဘယ်လို မြင်မိလဲ။

ကိုကျော်သူ ။ ။ အဲဒါကတော့ ကျနော်အနေနဲ့ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် တရက်တည်း၊ တချိန်တည်းမှာ လုပ်သင့်တယ်။ ဒါကို စနစ်ကျအောင်လည်း အမြန်ဆုံး စာရင်းပြန်ကောက်ဖို့ အရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့ တချိန်တည်း တပြိုင်တည်းလုပ်မှ မှန်ကန်မှုရှိမှာ။ နောက်မှ နောက်တိုး မဲဆန္ဒရှင်တွေဆိုပြီး တက်လာရင် မှားယွင်းမှာပဲ။ ကြိုတင်မဲပေးစနစ်တွေ ဒါတွေကလဲ နည်းနည်းတော့ အမှားအယွင်း ရှိနိုင်ပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ကြိုတင်မဲစာရင်းကိုလည်း ကျနော် မေးချင်တာပါ။ ဆိုတော့ မြန်မာနိုင်ငံအတွင်းမှာ ကြိုတင်မဲရှိလို့ အထူးသဖြင့် ပြည်ပမှာရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံမှာတင် သန်းနဲ့ချီ ရှိတယ်။ ဒါပေမဲ့ တကမ္ဘာလုံး အတိုင်းအတာနဲ့ ပြည်ပကို ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အရေအတွက်ဟာ သောင်းဂဏန်းပဲ ရှိတယ်ဆိုပြီးတော့ ရွေးကောက်ပွဲကော်မရှင်က ပြောထားတယ်။ ဆိုတော့ အဲဒီအပေါ် ဘယ်လို မြင်မိလဲ။ တော်တော်လေး ဂဏန်းက ကွာနေတယ်။

ကိုကျော်သူ ။ ။ ဒါကတော့ သူတို့ ဘယ်လို သတ်မှတ်လဲ မသိဘူး။ ပြည်ပရောက် မြန်မာနိုင်ငံသားတွေက မြန်မာလူမျိုး မဟုတ်ဘူးလို့ ဆိုချင်တာလား။ ဒါတွေကတော့ သံရုံးရဲ့ အဓိက လိုအပ်ချက်လဲ ပါတာပေါ့။ တချို့ကြတော့ အခြေအနေအရ တရားဝင်မလာဘဲ အလုပ်လုပ်နေကြသူတွေ ရှိတယ်။ ဒါမျိုးကြတော့ တရားမဝင် ဖြစ်သွားတဲ့အပိုင်း။ ဒါတွေကတော့ ကျနော်လဲ လိုက်မမီဘူး။

ကိုဇော်ဝင်းလှိုင် ။ ။ တရားတာ မတရားတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ပေါ်မှာလဲ မူတည်မယ်။ နောက် အာဏာပိုင်တွေက တချို့လုပ်နေကြတာတွေ ရှိတယ်။ မဲရဖို့အတွက် Campaign လုပ်တဲ့နေရာမှာ၊ ပိုက်ဆံတွေ သုံးတဲ့နေရာမှာ နိုင်ငံတော် လက်ရှိ အာဏာရပါတီကို ဆိုလိုတာပါ။ နိုင်ငံတော်ဘတ်ဂျက်ထဲက သုံးသလား။ သူတို့ ကိုယ်ပိုင်ငွေကို သုံးသလား။ ပါတီရန်ပုံငွေကို သုံးသလားဆိုတာ ကွဲကွဲပြားပြား မသိရဘူး။ အဲဒီလိုမျိုး ပွင့်လင်းမြင်သာမှု မရှိတဲ့ ကိစ္စတွေကရော။

ကိုကျော်သူ ။ ။ ဒါကတော့ တချို့ရှိတယ် လက်ရှိ အာဏာရ ကြံ့ခိုင်ရေး စည်းရုံးရေးဆင်းတဲ့ ဧရာဝတီတိုင်းဘက်မှာ စည်းရုံးရေးဆင်းတဲ့ လှေတွေ၊ speed boats တွေ။ ဒါတွေက ရေဘေးဖြစ်တုန်းက ပြည်ပနိုင်ငံတွေက လှူဒါန်းထားတဲ့ speed boats ဆိုတာ ကျနော်တို့ ကြားရတယ်။ ဘာဖြစ်လို့ ရေဘေးဖြစ်တုန်းက ဒီလိုလှေတွေနဲ့ မကူညီဘဲနဲ့၊ မဲဆွယ်တဲ့နေရာမှာ speed boat တွေနဲ့ ဘာလို့လုပ်လဲ။ ဒါတွေကတော့ အများကြီးပေါ့။

ကိုဇော်ဝင်းလှိုင် ။ ။ ဒီရွေးကောက်ပွဲမှာ နိုင်ငံတကာကလာပြီး စောင့်ကြည့်ကြဖို့အတွက် အစိုးရကလဲ ရွေးကောက်ပွဲ ကော်မရှင်ကလည်း ခွင့်ပြုထားတယ်။ နိုင်ငံတကာက လာကြမယ်။ နိုင်ငံတကာမှာ နာမည်ကြီးနေတဲ့ Carter Center တို့လိုမျိုး၊ EU က ရွေးကောက်ပွဲစောင့်ကြည့်ရေး အဖွဲ့တွေမျိုး၊ အာဆီယံတို့လိုမျိုး၊ ဂျပန်ကလည်း သူတို့ကိုယ်စားလှယ်အဖွဲ့ လွှတ်မယ်လို့ ပြောပါတယ်။ သူတို့အနေနဲ့ ရွေးကောက်ပွဲ သမာသမတ်ကျတဲ့ ရလဒ်တွေ ထွက်လာဖို့အတွက် ဘယ်လောက်အထိ ထိရောက်အောင် လုပ်ဆောင်ပေးနိုင်မလဲ။ တချို့တိုင်းရင်းသားဒေသတွေ၊ ဝေးလံခေါင်ဖျားတဲ့ဒေသတွေမှာ ဘာဖြစ်မလဲဆိုတာ မီဒီယာတွေကလဲ စောင့်ကြည့်နိုင်မှာ မဟုတ်ဘူး။ ရန်ကုန်မြို့ကြီးတွေမှာတော့ နိုင်ငံတကာက စောင့်ကြည့်တဲ့လူတွေ ရှိကောင်းရှိနိုင်တယ်။ သတင်းမီဒီယာတွေကလည်း စောင့်ကြည့်ကြမှာများတယ်။ ဒါပေမဲ့ နယ်စွန်းနယ်ဖျား၊ ဝေးလံခေါင်ဖျားတဲ့ တိုင်းရင်းသားဒေသ၊ တိုင်းဒေသကြီးတွေက မြို့ငယ်လေးတွေမှာဆိုရင် ဘာတွေဖြစ်မလဲဆိုတာ အတိအကျ မသိနိုင်တော့ သူတို့အနေနဲ့ ဘယ်လောက်အထိ လုပ်ပေးနိုင်မလဲ။

ကိုကျော်သူ ။ ။ စောင့်ကြည့်တဲ့အဖွဲ့တွေ၊ မီဒီယာတွေရဲ့ သမာသမတ်ကျမှုက အရေးကြီးတယ်။ ဥပမာ ငွေကြေးနဲ့သော်လည်းကောင်း၊ လုပ်ပိုင်ခွင့်နဲ့သော်လည်းကောင်း၊ အခွင့်အာဏာအရသော်လည်းကောင်း မတိမ်မယိုင်း ဖြစ်မသွားဖို့ အရေးကြီးတယ်။ မှန်မှန်ကန်ကန်နဲ့ မြန်မာနိုင်ငံ ရွေးကောက်ပွဲ မှန်ကန်မှုရှိမရှိ ရည်ရွယ်ချက်နဲ့ သေသေချာချာ မှန်မှန်ကန်ကန် လုပ်ခွင့်ရဖို့ အရေးကြီးတယ်။ ကိုယ်တွေက ကြည့်ချင်တယ်ဆိုရင်တောင် တားမြစ်တာတွေ ဘာတွေ ရှိနိုင်တယ်။ ဒါတွေကလဲ နှစ်ဦးနှစ်ဘက် အစိုးရအာဏာပိုင်တွေ၊ စောင့်ကြည့်ရေးအဖွဲ့တွေ ပွင့်လင်းမြင်သာစွာနဲ့ လုပ်ကြဖို့ အရေးကြီးပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ တပ်မတော် စစ်တပ်ဝန်းတွေထဲမှာလုပ်မယ့် ရွေးကောက်ပွဲတွေကို ဟိုတလောတုန်းကတော့ ပထမတုန်းကတော့ ခွင့်မပြုဘူးဆိုတဲ့ အသံတွေ ထွက်နေပြီးတော့။ ဟိုတနေ့ကတော့ ရွေးကောက်ပွဲကော်မရှင်နဲ့ စစ်တပ်က စောင့်ကြည့်ခွင့်ပေးမယ်လို့တော့ ပြောပါတယ်။ ဒါပေမဲ့ အရင် ရွေးကောက်ပွဲတွေမှာ ကြုံဖူးတဲ့ လူထုအတွေ့အကြုံအရ အဲဒီ မဲတွေဟာ ဘယ်လောက်အထိများ ပွင့်လင်းမြင်သာမှု ရှိမလဲ။ စစ်သားတွေရဲ့မဲတွေဟာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ဟိုတရက်ကပဲ ပြောလိုက်ပါတယ်။ စစ်တပ်ကိုပဲ သစ္စာရှိရှိ မဲထည့်ကြဖို့ ပုံစံမျိုး သတိပေးတဲ့ ပုံစံမျိုး ပြောထားတာရှိတော့ စစ်သားတွေအနေနဲ့ တကယ်ရင်ထဲမှာရှိတဲ့သဘောက NLD ပဲဖြစ်ဖြစ်၊ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီပဲဖြစ်ဖြစ် သူတို့ရင်ထဲမှာရှိတဲ့ ပါတီကို မဲထည့်ပိုင်ခွင့် ရှိပါ့မလား။

ကိုကျော်သူ ။ ။ ဒါကတော့ မဲထည့်တဲ့သူတွေမှာ တပ်မတော်သားပဲဖြစ်ဖြစ်၊ ဆရာဝန်ပဲဖြစ်ဖြစ်၊ အင်ဂျင်နီယာပဲဖြစ်ဖြစ်၊ ကျောင်းသားပဲဖြစ်ဖြစ် ကိုယ့်ရဲ့အနာဂတ်က အကောင်းဆုံးဖြစ်အောင် မဲတချပ်က အရေးကြီးတယ်ဆိုတာကို ဆုံးဖြတ်ပြီးတော့ မှန်မှန်ကန်ကန်၊ ကိုယ့်လုပ်ပိုင်ခွင့်အရ ထည့်ကြဖို့ပဲ အရေးကြီးပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ဦးကျော်သူ ရွေးကောက်ပွဲမှာ မဲထည့်မလား။

ကိုကျော်သူ ။ ။ ထည့်မှာပါ။

ကိုဇော်ဝင်းလှိုင် ။ ။ ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG