သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးသိန်းစိန်ပေးထားတဲ့ကတိ အပြည့်မရသေး


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန်ရဲ့ (၃) နှစ်တာ သက်တမ်းကာလအတွင်း နိုင်ငံရေးအတိုက်အခံတွေအပေါ် ကတိတချို့မပြည့်ဝနိုင်သေးဘူးလို့ ပြည်ပရောက် (၈၈) ခေါင်းဆောင်တဦးဖြစ်သူ ဦးမိုးသီးဇွန် က ပြောဆိုပါတယ်။ ရန်ကုန်မြို့မှာ ဗွီအိုအေအယ်ဒီတာ ဦးသားညွှန့်ဦး က တွေ့ဆုံမေးမြန်းထားပါတယ်။

ဦးသားညွှန့်ဦး ။ ။ အခု ကိုမိုးသီးဇွန်တို့ ပြည်တွင်း ပြန်ဝင်လာတာ (၂) နှစ်လောက်ရှိပြီထင်တယ်။ နိုင်ငံတော်သမ္မတက အစိုးရဖွဲ့နိုင်တာ (၃) နှစ်ကာလထဲ ရောက်လာပါပြီ။ အဲဒီတော့ ဒီကာလအတွင်းမှာ သူတို့အနေနဲ့ ပြည်ပရောက်နေတဲ့ ဒီမိုကရေစီအင်အားစုတွေကို ဖိတ်ခေါ်တယ်။ နိုင်ငံရေးလုပ်ငန်းစဉ်မှာ အပြည့်အဝ ပါဝင်ပတ်သက်ခွင့်ပေးတာဆိုတာကို အထပ်ထပ်ပြောထားတယ်။ ကိုမိုးသီးဇွန်တို့ ရောက်လာတာ တကယ်ပဲ သမ္မတ ပြောသလို နိုင်ငံရေးမှာ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ခွင့် ရရဲ့လား။

ဦးမိုးသီးဇွန် ။ ။ အဲဒီ သူပြောတဲ့စကားက တဝက်တော့မှန်တယ်။ တဝက်က မမှန်သေးဘူး။ တဝက်မှန်တယ်ဆိုတာ ကျနော်တို့ ပြန်လာခွင့် ရှိတယ်။ အစည်းအဝေးတွေ အတော်များများ တက်ခွင့်ရှိပါတယ်။ ကျနော်တို့ ရဲဘော်တွေလုပ်တဲ့ အစည်းအဝေးတွေပေါ့။ နောက် ကျနော် မြင်နေတဲ့ အမြင်တွေလည်း ပြောနေပါတယ်။ သတင်းစာတွေထဲမှာ ဖတ်ရမှာပေါ့။ အဲဒီလို ပြောဖို့အတွက်လည်း ကျနော်ကို ဘာမှအနှောက်အယှက် မရှိပါဘူး။ လွတ်လပ်စွာ ပြောခွင့်လည်းရှိတယ်။ ဒါပေမဲ့ ပြဿနာက ကျနော်တို့ကို နိုင်ငံရေးလုပ်ဖို့အတွက် ကျနော်တို့အနေနဲ့ လိုအပ်နေတဲ့ နိုင်ငံသားပြန်လျှောက်ထားတဲ့ဟာတွေက အခုထိ ချမလာဘူး။ ကျမလာဘူး။ ဘယ်တော့ ကျလာမယ်ဆိုတာလည်း မသိဘူးပေါ့။ အဲဒီလို ဖြစ်နေတဲ့အခါကြတော့ ကျနော်တို့ ပြင်ဆင်ရမယ့်ဟာတွေ နိုင်ငံရေးအသင်းအပင်းအတွက်၊ လူမှုရေးအသင်းအပင်းတွေအတွက် ပြင်ဆင်ရမယ့်ဟာတွေအတွက်ကို ပြင်ဆင်ခွင့် အပြည့်အဝမရဘူး။ ဥပမာ ပြောမယ်ဆိုရင် ကိုအောင်သူငြိမ်း … ဗဟု အဖွဲ့က ကိုဝင်းမင်းတို့။ အစိုးရကို ဒီလိုပြန်လာခွင့် ၂၀၁၀ မတိုင်ခင်ကတည်းက ကူညီခဲ့တယ်။ ကျနော့်အဖွဲ့မှာ ဒု-ဥက္ကဋ္ဌ လုပ်ခဲ့ပါတယ်။ တယောက်က အတွင်းရေးမှုး လုပ်ခဲ့ပါတယ်။ သူတို့ ပြန်သွားတယ်။ ပြန်သွားပြီးတော့ တတ်နိုင်သမျှ ကူညီပေးကြတယ်။ အစိုးရကလည်း ခိုင်းတာတွေ အများကြီး ရှိပါတယ်။ အထူးသဖြင့် သင်တန်းပိုင်းတွေပေါ့။ အဲဒီမှာဆိုရင် သူတို့တတွေကို နိုင်ငံသား ပြန်ချမပေးသေးဘူး။ သူတို့ ဘယ်နိုင်ငံသားမှလည်း မခံယူခဲ့ဘူး။ သူတို့ travel document တွေကိုင်ပြီးတော့ လျှောက်သွားခဲ့ကြတယ်။ ကိုယ့်တိုင်းပြည် ပြန်ပွင့်လင်းလာပြီဆိုတော့ ပြန်လာတယ်။ ပြန်ကူတယ်။ ၂၀၁၀ မတိုင်မီကတည်းက (၂) နှစ် (၃) နှစ်လောက်ကတည်းက ကူညီခဲ့ပါတယ်။ အဲဒီလို ကူညီခဲ့တယ့် လူတွေတောင် နိုင်ငံသားပြန်မချပေးဘူး။ တချို့ကျတော့ ပြန်ချပေးတာရှိတယ်။ တချို့ရသွားတယ့် လူတွေကလည်း ရသွားတယ်။ ပြန်လာတဲ့ လူတွေအတွင်းမှာ အစိုးရက divide and rule ခွဲပြီးတော့ လုပ်နေသလို ဖြစ်နေတယ်။

ဦးသားညွှန့်ဦး ။ ။ လွတ်လပ်စွာ သွားလာခွင့်နဲ့ ပတ်သက်လို့ ဘယ်လိုရှိပါသလဲ။

ဦးမိုးသီးဇွန် ။ ။ လွတ်လပ်စွာ သွားလာခွင့်ကတော့ သွားလို့ရပါတယ်။ ကျနော် တနိုင်ငံလုံးနီးပါး သွားပါတယ်။

ဦးသားညွှန့်ဦး ။ ။ နိုင်ငံသားအခွင့်အရေးကိစ္စ - ကျနော်က နိုင်ငံသားအခွင့်အရေးလို့ ဘာကြောင့် ပြောရသလဲဆိုတော့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခွင့်။ ရွေးကောက်ပွဲဥပဒေမှာဆိုရင် ပြည်တွင်း မြန်မာနိုင်ငံထဲမှာ (၁၀) နှစ် သက်တမ်းရှိတဲ့လူမှ ရွေးကောက်ဝင်နိုင်တဲ့ကိစ္စမျိုး။ အဲဒီ အကန့်အသတ်မျိုးကြတော့ကော။

ဦးမိုးသီးဇွန် ။ ။ အဲဒီ အခြေခံဥပဒေမှာ အဲဒီအပိုင်းတွေကလည်း မပြင်ပေးသေးဘူး။ အခြေခံဥပဒေမှာ ပြင်မပေးတဲ့အတွက် နံပတ် (၁) နိုင်ငံသားကဒ်တွေလည်း မရသေးဘူး။ နံပတ် (၂) ရလာပြီဆိုရင်တော့ ကျနော် ၂၀၁၅ ရွေးကောက်ပွဲဝင်ချင်တယ်။ အဲဒါဆို ဒီဥပဒေအရ ကျနော် ရွေးကောက်ပွဲ ဝင်လို့မရဘူး။ အဲဒါဆို ကျနော်တို့နဲ့အတူ နိုင်ငံခြားရောက်သွားတဲ့ ရဲဘော်တွေ၊ ပညာရှင်တွေရှိတယ်။ တိုင်းပြည်အတွက် ပြန်လည်တည်ဆောက်ရေး လုပ်ပေးချင်တဲ့ ရဲဘော်တွေရှိတယ်။ ဆိုတော့ သူတို့အနေနဲ့က ဒီ constitution အရ၊ အခြေခံဥပဒေအရဆိုရင် ရွေးကောက်ပွဲ ဝင်လို့မရဘူး ဖြစ်နေတယ်။ အဲဒါကိုလည်း ပြင်ပေးဖို့ လိုတာပေါ့။

ဦးသားညွှန့်ဦး ။ ။ နောက်အချက်ကတော့ ဝေဖန်မှုပေါ့။ အစိုးရကို ဝေဖန်ပြောကြားမှုပေါ့။ အရင်ကတော့ တောက်လျှောက် ပြည်ပဒီမိုကရေစီအဖွဲ့အစည်းတွေက တကယ်ကို ပြင်းပြင်းထန်ထန် အစိုးရကို ပြောလာခဲ့တယ်။ ပြည်တွင်းမှာ ပြန်ရောက်လာလို့ အဲဒီလောက် ပြောရေးဆိုခွင့် ရှိရဲ့လား။ ဒါမှမဟုတ် ကိုယ်ဘာသာ tone down လုပ်ကြတာလား။

ဦးမိုးသီးဇွန် ။ ။ အများစုကတော့ ပြောရေးဆိုခွင့်တော့ ရှိပါတယ်။ အများစုက ကိုယ်ဘာသာ tone down လုပ်ကြတာ ပိုများတယ်။ ကျနော်တို့ကတော့ ပြောသင့်တာဟာကို ပြောနေပါတယ်။ ဆိုတော့ ဘာလို့ tone down လုပ်ကြသလဲဆိုတော့ ကျနော်တို့ ပြင်းပြင်းထန်ထန် ပြောလိုက်ရင် နောက်တခါလာရင် ငါကို visa များ ငြင်းမလား။ ငါကို visa မပေးတော့ဘူးဆိုတာမျိုး။ Visa တော့ ပေးမယ်ဆိုတာကိုတော့ အစိုးရအနေနဲ့ ကြံရွယ်ထားတယ်။ ပြောနေတယ်။ သို့သော် တချို့အပိုင်းမှာ administration အုပ်ချုပ်ရေးပိုင်း၊ သံရုံးတွေပိုင်းမှာ ဗျူရိုကရေစီတွေရှိတယ်။ အဓိက ပြည်ထဲရေး၊ immigration အဲဒီနှစ်ခုကြားမှာ တယောက်နဲ့တယောက် volleyball လေးတွေ ပုတ်နေကြတဲ့အခါကြတော့ သေသေချာချာ မြန်မြန်ထက်ထက် လုပ်မပေးတာတွေလည်း ရှိနေတယ်။ ဥပမာ ဂျပန်က မြန်မာတော်တော်များများ ဒုက္ခရောက်နေတယ်။

ဦးသားညွှန့်ဦး ။ ။ ကိုမိုးသီးဇွန်တို့ဆိုရင် အခုဆို (၁) နှစ်ကျော်လောက် မြန်မာနိုင်ငံထဲမှာ လာပြီးတော့ နိုင်ငံရေးပြန်လုပ်နေတယ်။ နိုင်ငံရေးအရ ထဲထဲဝင်ဝင် လုပ်နိုင်ခွင့်ရှိလား။ ဥပမာ ဆန္ဒပြတဲ့ကိစ္စမျိုးတွေမှာ ပါဝင်ပတ်သက်တဲ့အပေါ်မှာ ကန့်သတ်ခံရတာမျိုးတွေ ကြုံရသလား။

ဦးမိုးသီးဇွန် ။ ။ ကျနော်ကိုယ်၌က ဟိုဖက်လဲမဟုတ်၊ ဒီဖက်လဲမဟုတ် ဖြစ်နေသေးတယ်။ ကိုယ်ဘာသာလည်း ထိန်းသိမ်းနေရတဲ့အပိုင်းတွေလည်း ရှိတယ်။ ဆန္ဒပြပွဲတွေ သွားပူးပေါင်းမယ်ဆိုလည်း ပူးပေါင်းလို့ရတယ်။ သို့သော် ကျနော် အဲဒီလို သွားပူးပေါင်းလိုက်ခြင်းဖြင့် ကျနော် အခုလျှောက်ထားတဲ့ နိုင်ငံသားမှာ လျှောက်ထားမှုမှာ စောင့်ကြည့်နေသလို ဖြစ်နေတယ်။ ကျနော်ကို အခြေခံဥပဒေအရ အစိုးရဆုံးဖြတ်ချက်နဲ့ ပေးတာမဟုတ်ဘူး။ ကျနော်ရဲ့ နေမှုထိုင်မှုကို ေစောင့်ကြည့်နေသလို ဖြစ်နေတယ်။ ဒါက အစိုးရရဲ့ ၆၂ ကနေ ကနေ့အထိအဆက်ဆက် မှားယွင်းခဲ့တဲ့ ပေါ်လစီ ဖြစ်နေတယ်။ ကျနော်ရဲ့ နေမှုထိုင်မှုက ဘယ်လောက်အထိ cooperate လုပ်လဲ အဲဒီလိုမျိုးတွေပေါ့။ ဆိုတော့ အဲဒါက တကယ့်ပြောင်းလဲမှုကြီးဆိုတာ ပြောရခက်တာပေါ့။

ဦးသားညွှန့်ဦး ။ ။ ကိုမိုးသီးဇွန်တို့ အခု ဗမာပြည်ရောက်တာ (၁) နှစ်ကျော်ပြီ။ ဒီမတိုင်ခင်က ဘယ်လိုမျှော်လင့်ထားပြီတော့ ဗမာပြည်ထဲကို ပြန်ဝင်ခဲ့တာလဲ။ အဲဒီ မျှော်လင့်ချက်အတိုင်း ဖြစ်သလား။

ဦးမိုးသီးဇွန် ။ ။ အဲဒီအတိုင်း ဘာမှမဖြစ်သေးဘူးပေါ့။ ပထမ မျှော်လင့်ချက်က ကျနော်တို့ ဆွေးနွေးမှုတွေမှာ ပြန်လာပါ။ နိုင်ငံရေးလုပ်ပါ။ ပြီးတော့ နိုင်ငံသားအခွင့်အရေး ပြန်လျှောက်မယ်ဆိုရင် ပေးပါမယ်။ ဟိုဖက်က နိုင်ငံသားလျှောက်ထားမှုကိုလည်း မစွန့်လွှတ်ပါနဲ့အုံး။ ပြီးတော့ ဒီဖက်က သေချာပေါက်ရပြီဆိုမှ ဟိုဖက်ကို စွန့်လွှတ်ပါဆိုပြီ gentlemen agreement တွေပေါ့။ ပြီးတော့ တွေ့ချင်တဲ့လူနဲ့ တွေ့ပါ။ ကိုယ့်ယူဆချက်တွေကို ထုတ်ဖော်ပြောဆိုနိုင်ပါတယ်။ အဲဒီအပိုင်းတွေမှာတော့ရတယ်။ သို့သော် မရသေးတာကတော့ နိုင်ငံသားဖြစ်မှုတွေတော့ မရသေးဘူးပေါ့။ ဆိုတော့ ဒါတွေကိုလည်း မြန်မြန်ထက်ထက် ချပေးစေချင်တယ်။ အဲဒါဆို ကျနော်တို့ကလည်း တရားဝင်ပါတီတခု ထောင်ဖို့လိုတယ်။ အဲဒီတော့ အခု ကျနော် မထောင်နိုင်သေးဘူး။ ပြီးတော့ နိုင်ငံရေးပါတီအတွက် စည်းရုံးရေးတွေ စလုပ်ရတော့မယ်။ ၂၀၁၅ အတွက် ရွေးကောက်ပွဲဝင်ချင်တယ်။ ကျနော့်တိုင်းပြည်အတွက် ပြုပြင်ပြောင်းလဲရမယ့် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ပေါ်လစီတွေ ပြောချင်တယ်။ အဲဒီအတွက် ရွေးကောက်ပွဲဝင်ရမယ့် ကိုယ့်ရဲ့ constituent တွေ၊ နယ်မြေတွေနဲ့ ထိတွေ့ရမယ်။ ဒေသဖွံ့ဖြိုးရေးတွေ၊ ပြည်သူလူထုရဲ့ နစ်နာချက်တွေကို ကျနော်တို့ ပြောရမယ်။ အဲဒီလို ပြောချင်တဲ့ဆန္ဒတွေလည်း ကျနော့်မှာ အပြည့်အဝရှိတယ်။

ဦးသားညွှန့်ဦး ။ ။ အဲဒီလို ကိုမိုးသီး ဆန္ဒရှိတဲ့ နိုင်ငံရေးဆက်လုပ်မယ့်ကိစ္စကို အခုလို ဖြစ်နေတဲ့အခြေအနေကို စဝင်ခါစက အာဏာပိုင်တွေနဲ့ ထပ်ပြီးတော့ ဆွေးနွေးညှိနှိုင်းတာ မရှိဘူးလား။

ဦးမိုးသီးဇွန် ။ ။ ဒီကြားထဲမှာ ထပ်ဆွေးနွေးပါမယ်။ ဆွေးနွေးတဲ့အခါမှာလည်း အရင်ကတော့ တွေ့ခဲ့တာတွေ ရှိပါတယ်။ သက်ဆိုင်ရာ လူကြီးတွေနဲ့ အိုကေ လုပ်ပေးပါမယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့ အခုထိတော့ ဖြစ်မလာသေးဘူးပေါ့။

ဦးသားညွှန့်ဦး ။ ။ နောက်တပိုင်းကတော့ ပြည်တွင်းမှာ နဂိုရှိပြီးသား အဖွဲ့အစည်းတွေပါ။ ကိုမိုးသီးဇွန်တို့ဆိုရင် (၈၈) က အထင်ကရ ခေါင်းဆောင်တဦးပါ။ ပြည်တွင်းမှာလည်း (၈၈) အဖွဲ့အစည်းတွေရှိတယ်။ တခြားနိုင်ငံရေးပါတီတွေရှိတယ်။ အဖွဲ့အစည်းတွေရှိတယ်။ ပြည်တွင်းက အဖွဲ့အစည်းတွေက ကိုမိုးသီးဇွန် ဝင်ခါစမှာ နွေးနွေးထွေးထွေး မရှိဘူးဆိုတဲ့ ဝေဖန်ချက်တွေ အများကြီးရှိပါတယ်။ နောက်ပိုင်းမှာ ဘယ်လို အခြေအနေ ရှိပါသလဲ။

ဦးမိုးသီးဇွန် ။ ။ နောက်ပိုင်းမှာတော့ တိုးတက်မှုတွေ ရှိပါတယ်။ ပထမပိုင်းတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောပေါ့။ တယောက်နဲ့တယောက် ဝေးကွာနေတာ ကြာလာတဲ့အခါကြတော့ တယောက်နဲ့တယောက် အေးစက်တဲ့အပိုင်းတွေပေါ့။ နောက် သူတို့ကိုယ်၌ကလည်း ထောင်တွေလည်းကျတဲ့အခါကြတော့ ကျနော်တို့ဖက်က ဘာလုပ်တယ်ဆိုတဲ့ information တွေ မရဘူးလေ။ ထောင်ကျတာလည်း နှစ်ပေါင်းအများကြီးကျနေတာကို။ အခုတော့ လွတ်လာတဲ့နောက်ပိုင်းမှာတော့ သူတို့ ဒီအချက်အလက်တွေကို ပြန်စဉ်းစားနိုင်မယ်။ သုံးသပ်နိုင်မယ်လို့တော့ ယူဆပါတယ်။ ကျနော့်အနေနဲ့ကတော့ ဒီမှာရှိနေတဲ့ ပြည်တွင်းအင်အားစုတွေ အကုန်လုံးကို ပြန်ပြီးတော့ ထိတွေ့ဖို့၊ ဆက်ဆံဖို့၊ ပူးပေါင်းလုပ်ဖို့ကတော့ အမြဲတမ်းဆန္ဒ ရှိပါတယ်။

ဦးသားညွှန့်ဦး ။ ။ အခုလက်ရှိ သူတို့ သွားလုပ်နေကြတဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေ၊ လူမှုရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ ကိုမိုးသီးဇွန် အမြင် ဘယ်လိုရှိပါသလဲ။

ဦးမိုးသီးဇွန် ။ ။ ကျနော့်အမြင်ကတော့ သူတို့ ဒီထက်ပိုပြီးတော့ နိုင်ငံရေးအရ တက်တက်ကြွကြွ လုပ်ဖို့လိုတယ်။ ပြောဖို့လိုတယ်။ ကျနော်တို့ ပြည်ပရောက်တွေက tone down လုပ်ကြတာ မဟုတ်ဘူး။ ပြည်တွင်းမှာရှိတဲ့ ၈၈ အင်အားစုတွေကိုယ်တိုင် tone down ဖြစ်လာတာကို ကျနော်မြင်တယ်။ အခုဖြစ်နေတဲ့ ဗမာပြည်မှာ လယ်သိမ်းတဲ့ကိစ္စ။ အခြေခံဥပဒေ ပြောင်းလဲမှုကိစ္စတွေ။ အဲဒီအခြေအနေပေါ်မှာ ကျနော်တို့အားလုံးက အခုလောလောဆယ် ကျနော်တို့က အာဏာမရဘူး။ ကျနော်တို့က opposition ဖြစ်နေတယ်။ အတိုက်အခံဖြစ်နေတဲ့အတွက် ကျနော်တို့က ပြောစရာရှိတာ ပြောရမယ်။ ဒါကို အားနာစရာလည်း မလိုဘူး။ နိုင်ငံရေးအရ ပြည်သူလူထုကနေ voice ထုတ်ပေးရမှာက ကျနော်တို့ တာဝန်ပဲ။ အဲဒီအတွက် အားနာစရာ မလိုဘူး။ နိုင်ငံရေးမှာ အားနာလို့မရဘူး။ ပြည်သူကို သစ္စာဖောက်သလို ဖြစ်နေမယ်။ ကျနော်တို့က အပျက်ကို ပြောနေကြတာ မဟုတ်ဘူး။ တိုင်းပြည်ကောင်းစေချင်လို့ ပြောနေတာ။ ကျနော်တို့ လက်နက်ကိုင်ပြီး တိုက်နေကြတာ မဟုတ်ဘူး။ ဒါပေမဲ့ ကျနော်တို့ ပါးစပ်နဲ့တော့ ပြောရမယ်။ ဒါက ဒီမိုကရေစီနိုင်ငံတွေရဲ့ ကျင့်စဉ်တခုပဲ။ ဥပမာ အမေရိကန်ကွန်ဂရက်ကိုပဲကြည့်ကြည့်၊ ဗြိတိသျှပါလီမန်ကိုပဲကြည့်ကြည့်၊ ထိုင်းလွှတ်တော်တွေပဲကြည့်ကြည့် အစိုးရအဖွဲ့ရဲ့ လုပ်ရပ်တွေကို opposition က ပြောကိုပြောရမှာ။ အခု ဒေါ်အောင်ဆန်းစုကြည် ကိုကြည့်ပါ လွှတ်တော်ထဲမှာ သွားထိုင်တဲ့အခါမှာ သူပြောခွင့်ဆိုခွင့်တွေကို ချင့်ချိန်နေရတဲ့ ပုံစံပေါ်နေတယ်။ ဆိုတော့ အစိုးရအနေနဲ့က အဲဒီ behavior မူကျင့်ကို ပြောင်းဖို့လိုတယ်။ အခွင့်အရေးပေးဖို့ လိုတယ်။ ပြောရေးဆိုခွင့်ဆိုတာ အဲဒါကို ပြောတာ။ အဲဒီလို ပြောတာလေးက ပြင်းထန်သွားမယ်။ ပြောတာလေးက ပိုပြီးမှန်တယ်။ အဲဒါကို သူတို့က feeling အဖြစ်နဲ့သွင်းလိုက်တယ်။ နစ်နာတယ်၊ ခံစားချက်ဖြစ်တယ်။ ဖြစ်ပြီးတော့ cooperate မလုပ်ဘူး။ ပူးပေါင်းဆောင်ရွက်မှု မလုပ်တာ။ အကန့်အသတ်တွေ ဖြစ်လာတာတွေတော့ လူတွေက ဘယ်လိုဖြစ်သလဲဆိုတော့ ပြောရတာ မြင်သော်ငြားလဲ၊ မပြောဘဲနေတယ်။ အဲဒီလို မပြောဘဲနေတော့ အစိုးရကို ပိုပြီးတော့ လမ်းမှားကို တွန်းပို့နေသလို ဖြစ်နေတာပေါ့။

ဦးသားညွှန့်ဦး ။ ။ နောက်တချက်ကတော့ ၈၈ အင်အားစုတွေနဲ့ ပတ်သက်လို့ပါ။ အထဲမှာ ကိုမိုးသီးဇွန် က နိုင်ငံရေးလုပ်မယ်။ လွှတ်တော်ထဲဝင်မယ်ဆိုတာတွေ ပြတ်ပြတ်သားသား ပြောဆိုတာရှိတယ်။ ဒါပေမဲ့ ၈၈ အဖွဲ့အစည်းက တဦးစ နှစ်ဦးစလောက်ပဲ နိုင်ငံရေးဆက်လုပ်မယ်။ ကျန်တာကတော့ လူမှုရေးလုပ်ငန်းတွေ လုပ်မယ်ဆိုတဲ့သဘောမျိုး ဝေဝါးနေတာရှိတယ်။ သူတို့ဖက်က ဝေဖန်လာနိုင်တာတွေကလည်း ပြည်ပကလာတဲ့ အင်အားစုတွေက အစိုးရ အခုလုပ်နေတာတွေကို အရမ်းအယုံလွယ်လွန်တယ်။ ယုံတာမြန်လွန်တယ်ဆိုတဲ့ အမြင်မျိုးတွေရှိကောင်းရှိနိုင်ပါတယ်။ အဲဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

ဦးမိုးသီးဇွန် ။ ။ ကျနော်တို့ ယုံတာမယုံတာထက် ကိုယ်လုပ်သင့်တာတွေ ကိုယ်လုပ်ဖို့ပါပဲ။ သူတို့လည်း လုပ်သင့်တာတွေ လုပ်စေချင်တယ်။ ဥပမာ ပွင့်ပွင့်လင်းလင်း ပြောမယ်ဆိုရင် အခုလာမယ့် ၂၀၁၅ အတွက် ကျနော်တို့ ပြင်ဖို့လိုတယ်။ အနည်းဆုံး လူ (၅၀) လောက် ကျနော်တို့ဖက်က ၈၈ အင်အားစုက အနည်းဆုံး (၅၀) ကနေအထက် ကျနော်တို့ ရွေးကောက်ပွဲဝင်ဖို့လိုတယ်။ အမတ်တွေအဖြစ်နဲ့ပေါ့။ အဲဒီအတွက် အခုဆိုရင် ကျနော်တို့အတွက် (၁) နှစ်ကျော်ကျော်ပဲ ကျန်တော့တယ်။ အဲဒီမှာ ကိုယ့်ရဲ့ မဲဆန္ဒနယ်ကို ကိုယ်သတ်မှတ်နိုင်မယ်။ အဲဒီမှာ စည်းရုံးရေးတွေ လုပ်ရတော့မယ်။ စည်းရုံးရေးဆိုတာ ပြည်သူလူထုရဲ့ ဘာတွေနစ်နာနေလဲ၊ ဘာတွေလိုချင်သလဲဆိုတာကို ကျနော်တို့ သုတေသန လုပ်ရမယ်။ ကိုယ်ကရပ်တည်ရမယ့် မဲဆန္ဒနယ်မြေအတွက်၊ ပြည်သူအတွက် လုပ်ရတော့မယ်။ ဒါက ကျနော်တို့ democratic reform ဖြစ်နေတဲ့အခါမှာ ဒီနေ့ကာလ ပေးထားတဲ့ အခြေအနေက ကျနော်တို့လုပ်ရမယ့်ဟာက ဒါပဲ။ အဲဒီတော့ အဲဒီလိုဟာမျိုးတွေ စလုပ်ဖို့အတွက် အခု ကျနော် ၈၈ မျိုးဆက်တွေ။ တွေ့တဲ့အခါကြတော့ သူတို့ကို ကျနော် အမတ်တွေ ဖြစ်စေချင်တယ်။ တချို့ကို - နိုင်ငံရေးပါတီ။ ဘာဖြစ်လိုလဲဆိုတော့ ကျနော်တို့ရဲ့ တာဝန်တွေ မပြီးသေးဘူး။ အဲဒီအတွက် တချို့က နိုင်ငံရေးအမတ်တခု လုပ်ရတဲ့အခါမှာ ပုဂ္ဂိုလ်ရေး စွန့်လွှတ်မှုတွေ ကျနော်တို့ လုပ်ရမယ်။ ထပ်ပြီးတော့ ကျနော်တို့ရဲ့ ပုဂ္ဂိုလ်ရေးလွတ်လပ်မှုတွေ ဆုံးရှုံးနိုင်ပါတယ်။ အဲဒါတွေ လုပ်ရမယ်။ နောက်တခုက ဒီပြောင်းလဲမှုကြီးထဲမှာ လွှတ်တော်ထဲသွားပြီး ထိုင်နေရတဲ့ပုံစံမျိုးလည်း ဖြစ်ချင်ဖြစ်မယ်။ သို့သော်ငြားလဲ ပြည်သူရဲ့ ဒုက္ခသုက္ခအခက်အခဲတွေကို ပြောနိုင်တဲ့လူတွေ၊ ပြောရဲဆိုရဲတဲ့လူတွေက ဒီလူတွေ ဖြစ်တယ်။ ပြောလို့ရတဲ့ စင်မြင့်ကို အစိုးရက ဒီနေရာမှာ ဖန်တီးထားတယ်။ အဲဒီ ဖန်တီးထားတဲ့နေရာကို ကျနော်တို့က တက်ပြောရမှာပဲ။ အဲဒီတော့ သူတို့အားလုံးကိုလည်း ကျနော် တိုက်တွန်းချင်တယ်။ အခု တော်တော်များများကို လိုက်တွေ့ပါတယ်။ တွေ့တဲ့ဟာ အဓိကတိုက်တွန်းချက်ကတော့ ၂၀၁၅ အတွက် ပြင်ကြ။ ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်မလဲဆိုတာကို စောင့်ကြည့်မနေကြနဲ့။ ကိုယ်လုပ်စရာရှိတာတွေကို လုပ်ကြ။ ၂၀၁၅ ရွေးကောက်ပွဲကိုဝင်ဖို့ ကျနော်က အဲဒီလို တိုက်တွန်းတဲ့ ပုံစံမျိုး လိုက်ဆွေးနွေးနေပါတယ်။ အဲဒီလို ဆွေးနွေးတဲ့အခါမှာ အများစုက အဲဒါကို လက်ခံတယ်။ အတွေးအခေါ်အရ။ ခင်များ လုပ်မလားဆိုရင် မလုပ်မယ့်လူက များနေတယ်။ ဆိုတော့ အဲဒါ ကျနော်အတွက် စိုးရိမ်စရာ ဖြစ်နေတယ်။ အဲဒီလို လုပ်ချင်တဲ့လူတွေက ပြည်ပက ရဲဘော်တွေကြတော့ ပြည်ပမှာ နေခဲ့ဘူးတယ်ဆိုတော့ နည်းနည်းမြင်ထားတဲ့အမြင်တွေ ရှိတာပေါ့။ သူတို့ကတော့ လုပ်ချင်တယ်။ အဲဒီလို (၂) ခု ဖြစ်နေတယ်။ ဒီထဲမှာဖြစ်နေတဲ့ အင်အားစုက အများစုပေါ့။ ၈၈ မျိုးဆက်။ အများစုထဲမှာ ရွေးကောက်ပွဲ တကယ်ဝင်မယ်ဆိုတဲ့ အင်အားစုက နည်းတယ်။

ဦးသားညွှန့်ဦး ။ ။ အဲဒီတော့ အနေအထားက ၈၈ မျိုးဆက်မှာတင် ပြည်တွင်းပြည်ပမှာ အမြင်ကွာဟချက် ပုံစံလို ပြောနိုင်မလား။

ဦးမိုးသီးဇွန် ။ ။ ရှိတယ်။

ဦးသားညွှန့်ဦး ။ ။ အဲဒါ ဘာကြောင့်လို့ ယူဆပါသလဲ။

ဦးမိုးသီးဇွန် ။ ။ ဘာကြောင့်လဲဆိုတော့ အဲဒါကလဲ အခုနက ကိုယ်ရပ်တည်ခဲ့တဲ့ အတွေ့အကြုံတွေ။ ကိုယ်ရပ်တည် ဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံတွေပေါ့။ ဒီထဲမှာရှိတဲ့ ရဲဘော်တွေက လက်ရှိအခြေအနေကို မယုံသေးတာလဲ ရှိမှာပေါ့။ လက်ရှိ အခြေအနေကြီးထဲမှာ လုပ်ရတာ ခက်ခဲမယ်လို့ သူတို့ မြင်ကောင်းမြင်နိုင်တယ်။ ပြည်ပရောက်နေတဲ့ ရဲဘော်တွေအနေနဲ့က သူတို့မှာ လေ့လာခဲ့တဲ့ဟာ။ သူတို့ရဲ့ အသက်အရွယ်၊ အဲဒီဟာတွေကို လွှတ်တော်ထဲမှာ ပြန်ပြီးတော့ ပေးဆပ်ချင်တယ့် အနေအထားက ဖြစ်နေတယ်။
ဦးသားညွှန့်ဦး ။ ။ ပြည်တွင်းမှာရှိနေတဲ့ အင်အားစုတွေကရော ပြည်ပကို မယုံကြည်တာ ဖြစ်နိုင်သလား။ ဥပမာ ပြည်ပမှာဖြစ်ခဲ့တဲ့ အရင် ကိစ္စမျိုးတွေပေါ် မူတည်ပြီး သူတို့မှာ ဂယက်ရှိတယ်။ အဲဒီအပေါ် မယုံကြည်နိုင်တာလား။

ဦးမိုးသီးဇွန် ။ ။ ဒါလဲ ဖြစ်နိုင်ပါတယ်။ ဒါတွေလည်း ပါတာပေါ့၊ အကုန်လုံးပေ့ါ။ အထွေထွေပေ့ါ။ အခုလောလောဆယ်မှာတော့ ဗမာတပြည်လုံးမှာ ဖြစ်နေတဲ့ဟာကတော့ သံသယဖြစ်မှုပေါ့။ တယောက်ကိုတယောက် သံသယတွေ ဖြစ်နေတယ်။ အဲဒီအနေအထားကြီးကို ကျနော်တို့ ကာလတခုအထိတော့ ပေးရမယ်။ အဲဒီအနေအထားကို ကျော်လွှားနိုင်အောင် ကြိုးပမ်းနေကြတယ်။

ဦးသားညွှန့်ဦး ။ ။ ကိုမိုးသီးဇွန်လည်း ၈၈ ခေါင်းဆောင်တဦးပါ။ ၈၈ ခေါင်းဆောင်တဦးအနေနဲ့ လက်ရှိသွားနေတဲ့ ၈၈ မျိုးဆက်တွေ။ ၈၈ မျိုးဆက်ဆိုတာ၊ ပွင့်လင်းမှ မဟုတ်ပါဘူး။ အားလုံးကိုခြုံပြီးမှ ပြည်တွင်းပြည်ပ - ဒီ အင်အားစုကြီးတခုလုံးနဲ့ ပတ်သက်လို့ရှိရင် vision အမြင် ဘယ်လိုများ ရှိပါသလဲ။

ဦးမိုးသီးဇွန် ။ ။ သူတို့က ဒီဖက်မှာ ကျနော် ပထမဦးဆုံး မြင်တာကတော့ လူမှုရေး၊ စီးပွားရေး၊ ပြီးခဲ့တဲ့ (၂၅) နှစ်လောက် ပြီးခဲ့တဲ့ အစိုးရဖိနှိပ်မှုတွေကြောင့် တော်တော်လေးကို ပြိုကျသွားတယ်။ ထိခိုက်နစ်နာသွားတယ်။ အဲဒါတွေအတွက် ပြန်ပြီးဖွံ့ဖြိုးရေး လုပ်ပေးသင့်တယ်။ ၈၈ မျိုးဆက်တွေအတွက်။ ပညာရေးပိုင်းတွေမှာ၊ လူမှုရေးပိုင်းတွေမှာ၊ စီးပွားရေးပိုင် အကုန်ပြိုကျသွားပါတယ်။ ကျနော် တော်တော်လေးကို စိတ်မကောင်းဖြစ်ပါတယ်။ အဲဒီအတွက် ၂၀၁၅ အတွက် အများစုက အဲဒီအခြေခံကြောင့် ရွေးကောက်ပွဲကို ready မဖြစ်ဘူး ဖြစ်သွားတယ်။ အဲဒီလို အခြေအနေတွေကြောင့်။ သူတို့ကို ပြန်ပြီးတော့ rehabilitation ပြန်ပြီးတော့ တည်ဆောက်ပေးဖို့ဟာ ကျနော်တို့ ၈၈ မျိုးဆက်၊ ကျန်တဲ့အင်အားစုတွေ ၈၈ နဲ့ အမျိုးသားဒီမိုကရေစီတို့မှာ တာဝန်ရှိတယ်။ ကျနော်အနေနဲ့ သူတို့က လက်ရှိ အင်အားစုတရပ်အဖြစ်နဲ့ သူတို့ ဖန်တီးဖို့လိုတယ်။ သို့မဟုတ်ရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲကို ဝင်ဖို့လိုတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲမှာ အမတ်တွေအဖြစ်နဲ့လည်းကောင်း၊ ပါတီဝင်တွေအဖြစ်နဲ့လည်းကောင်း ဝင်လို့လည်းရတာပဲ။ နိုင်ငံရေး ဆက်လုပ်ဖို့ကတော့ လိုအပ်နေပြီ။

ဦးသားညွှန့်ဦး ။ ။ ကိုမိုးသီးဇွန် ကျေးဇူးအများကြီး တင်ပါတယ်။
XS
SM
MD
LG