ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ ဆက်ဆံရေးဟာ ဘယ်အစိုးရပဲတက်တက် စီးပွားရေး၊ လူမှုရေးအရ တိုးတက်ကောင်းမွန်ဖို့ အရေးကြီးပါတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင် က သုံးသပ်လိုက်ပါတယ်။ ဗွီအိုအေ ရန်ကုန်ရုံးခွဲတာဝန်ခံ ဒေါ်ခင်စိုးဝင်း က သံအမတ်ကြီး ဦးဝင်းမောင် ကို ဘန်ကောက်မြို့ မြန်မာသံရုံးမှာ သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ မင်္ဂလာပါရှင်။ ထိုင်းနဲ့ မြန်မာ အိမ်နီးချင်း နှစ်နိုင်ငံရဲ့ ဆက်ဆံရေးအပေါ် ပြီးခဲ့တဲ့နှစ်တွေအပေါ်မှာ ဘယ်လို သုံးသပ်လို့ ရသလဲရှင့်။ တိုးတက်လာတယ်လို့ ယူဆပါလားရှင့်။
ဦးဝင်းမောင် ။ ။ ကျနော်တို့ ထိုင်းနဲ့မြန်မာတို့ကတော့ neighboring country ထဲမှာ နယ်စပ် ဒုတိယအရှည်ဆုံးပါ။ နယ်စပ်က ၂၄၀၀ နီးပါးလောက် ရှည်ပါတယ်။ ၂၀၀၉ ခုနှစ် နောက်ပိုင်းမှာ ထိုင်း-မြန်မာ ဆက်ဆံရေးဟာ အမြင့်ဆုံး အခြေအနေကို ရောက်ရှိလာပါတယ်။ လက်ရှိ အခြေအနေမှာလည်း ကျနော်တို့ ထိုင်း-မြန်မာ ဆက်ဆံရေးဟာ လက်ရှိ အမြင့်ဆုံး အခြေအနေမှာ ရှိပါတယ်။ ကျနော်တို့ ထိုင်း-မြန်မာ ဆက်ဆံရေး ကောင်းမွန်ဖို့အပြင် စီးပွားရေး ကောင်းမွန်ဖို့ နယ်စပ်ဒေသတွေမှာ ကျနော်တို့ လမ်း၊ တံတားတွေ ဖောက်တာရှိပါတယ်။ အခုဆိုရင် မဲဆော့မှာ ဒုတိယတံတား စတင်ပြီး ဆောက်နေပါတယ်။ ၂၀၁၈ မှာဆိုရင် ပြီးပါပြီ။ ထို့အတူပဲ အာဆီယံ West Corridor ခေါ်တာပေါ့ အာဆီယံ အနောက်ဘက်လမ်း။ နောက်တခါ Tri-country road ဆိုတာ အိန္ဒိယ - မြန်မာ - ထိုင်း အဲဒီလမ်းကြောင်းကိုလည်း ကျနော်တို့ ကုန်သွယ်မှုဆိုင်ရာတွေ၊ ဆက်ဆံရေးတွေ လုပ်နေပါတယ်။ ပြီးခဲ့တဲ့နှစ်ကဆိုရင် ဒုသမ္မတ ဦးဉာဏ်ထွန်း ဦးစီးပြီးတော့ မြဝတီ - ကော့ကရိတ်လမ်းကို ကျနော်တို့ ဖွင့်လှစ်ပေးသွားပါပြီ။ ဒါကြောင့်မို့ ခြုံငုံသုံးသပ်မယ်ဆိုရင် ထားဝယ်စီမံကိန်း စီးပွားရေးတွေကိုလည်း နှစ်နိုင်ငံ တိုးတက်အောင် လုပ်သလို။ ကျနော်တို့ နှစ်နိုင်ငံရဲ့ ဆက်ဆံရေးတွေ ဒီထက်ပိုမို ကောင်းမွန်အောင် ပြီးခဲ့တဲ့ နှစ်ကပါပဲ Visa Extension ခေါ်တဲ့ No need visa ဗီဇာ မလိုဘဲ သွားနိုင်အောင်၊ ပြီးခဲ့တဲ့နှစ် သြဂုတ်လကစပြီး လုပ်ထားတာ ရှိပါတယ်။ ထို့အတူပဲ ဆက်ဆံရေး ပိုမိုကောင်းမွန်အောင်ဆိုပြီး ကောင်စီဝန်ရုံးချုပ်ကို ချင်းမိုင်မှာ အဲဒီ Visa Extension လက်မှတ်ထိုးတဲ့နေ့မှာပဲ ဖွင့်ပွဲလုပ်ပါတယ်။ အဲဒီလို လုပ်တဲ့အခါမှာလည်း ဒီဘက်က ဒုတိယဝန်ကြီးချုပ် နဲ့ နိုင်ငံခြားရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Tanasak ကိုယ်တိုင်၊ ကျနော်တို့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင်နဲ့အတူ ဖွင့်ပွဲလုပ်ပါတယ်။ ထို့အတူပဲ ချင်းမိုင်မှာ တခုတည်းသော မြန်မာဘုန်းကြီးကျောင်းကိုလည်း ဖွင့်ပွဲနဲ့ သိက္ခာထပ်ပွဲကို လုပ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီအခြေအနေကိုလည်း ကြည့်လိုက်လို့ရှိရင် လက်ရှိ အခြေအနေမှာ ထိုင်းနဲ့မြန်မာ ဆက်ဆံရေး ကောင်းမွန်လျှက်ရှိပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ အိမ်နီးချင်းနိုင်ငံဆိုတဲ့အတိုင်း နယ်ခြားမျဉ်းကလည်း တခြားနိုင်ငံတွေနဲ့ ယှဉ်လို့ရှိရင် အရှည်ဆုံးပဲဆိုတော့ အဲဒီလို ဖြစ်နေတဲ့ အခြေအနေမျိုးမှာ မြန်မာနိုင်ငံကနေ ရွှေ့ပြောင်းအလုပ်သမားတွေ တော်တော်များများ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြတာ သိရပါတယ်။ အဲဒီတော့ ခန့်မှန်းခြေ မြန်မာအလုပ်သမား ဘယ်လောက်လောက် ရှိပါလဲရှင့်။
ဦးဝင်းမောင် ။ ။ မြန်မာအလုပ်သမားတွေဟာ ထိုင်းနိုင်ငံကို ၁၉၉၅ ခုနှစ်လောက်ကစပြီးတော့ ဝင်ရောက်မှု များပြားလာတာ ရှိပါတယ်။ ကျနော်တို့ နိုင်ငံတော်အစိုးရက ရွှေ့ပြောင်းအလုပ်သမားတွေကို ကာကွယ်မှု ပေးနိုင်ဖို့အတွက် ၂၀၀၃ ခုနှစ်မှာ ကျနော်တို့ ဥပဒေ ရေးဆွဲခဲ့ပါတယ်။ ရေးဆွဲပြီးတော့ ၂၀၀၃ ခုနှစ်မှာ ထိုင်းနဲ့မြန်မာနဲ့ MOU အလုပ်သမားတွေ စောင့်ရှောက်ကာကွယ်ဖို့အတွက် လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီလို လက်မှတ်ရေးထိုးပြီးတော့ Illegal အကြောင်းအမျိုးမျိုးကြောင့် ရောက်လာခဲ့တဲ့ Illegal တွေကို Legal ဖြစ်အောင် ၂၀၀၉ ခုနှစ်မှာ စပြီးလုပ်ပါတယ်။ ၂၀၁၃ ခုနှစ်အထိ ကျနော်တို့ မှတ်ပုံတင်ပြီးတဲ့ အလုပ်သမားဦးရေဟာ ၁.၇ သန်း ရှိပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ ဒါကတော့ တရားဝင်ပေါ့။ တရားမဝင် ကို ဘယ်လောက်လောက် ခန့်မှန်းပါလဲ။
ဦးဝင်းမောင် ။ ။ ကျနော်တို့ နှစ်နိုင်ငံက နီးစပ်တယ်။ ကုန်လမ်း၊ လေလမ်း၊ ရေလမ်းနဲ့ လာလို့ရတယ်ဆိုတော့ နီးနီးလေးလည်း ဖြစ်နေတယ်။ နောက်တခါ လူမျိုးချင်းလည်း ဆက်စပ်တာပေါ့။ ကျနော်တို့ဘက်မှာ ရှမ်းတွေ ရှိသလို၊ ထိုင်းဘက်မှာလည်း ရှမ်းတွေ ရှိတယ်။ ကျနော်တို့ဘက်မှာ ကရင်တွေ ရှိသလို၊ ထိုင်းဘက်မှာလည်း ကရင်တွေ ရှိပါတယ်။ ကျနော်တို့ဘက်မှာ မွန်လူမျိုးတွေ ရှိသလို၊ ထိုင်းဘက်မှာလည်း မွန်လူမျိုးတွေ ရှိပါတယ်။ အဲဒီတော့ ဆွေမျိုးပေါက်ဖော်တွေ ဖြစ်နေတော့ ဒီဘက်ကို လွယ်လွယ်ကူကူ ကူးလာကြတာ ရှိပါတယ်။ Illegal တွေအနေနဲ့တော့ နှစ်ပိုင်း ရှိတာပေါ့။ တပိုင်းကတော့ ပုတ်ပြတ်လုပ်ငန်း။ ပုတ်ပြတ်လုပ်ငန်းက (၃) လဆို (၃) လ။ (၂) လဆို (၂) လ လာပြီးတော့ ရွာလုံးကျွတ် လာလုပ်တဲ့အဖွဲ့တွေလည်း ရှိတယ်။ ဥပမာ ဆီအုန်းခြံတို့၊ ရော်ဘာခြံတို့ လာလုပ်တဲ့လူတွေ ရှိသလို၊ Construction တွေမှာလည်း ပုတ်ပြတ်လာလုပ်တဲ့ လူတွေရှိတယ်။ နှစ်နဲ့ချီပြီး လာပါတယ်။ (၁) နှစ်ဆို (၁) နှစ်၊ (၂) နှစ်ဆို (၂) နှစ်။ အဲဒီပြန်သွားတဲ့ လူတွေရှိသလို၊ လာပြီးတော့ Illegal အနေနဲ့ လာလုပ်တာ ရှိသလို၊ ပေါင်းလိုက်ရင်တော့ (၁) သန်းဝန်းကျင်လောက် ရှိပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီတော့ ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ အရင်တုန်းကဆိုရင် သံရုံးရဲ့ အခန်းကဏ္ဍက သိပ်ပြီးထိထိရောက်ရောက် မရှိဘူး။ အခုနောက်ပိုင်းမှာ သံရုံးကနေပြီးတော့ အကူအညီပေးတာတွေ တော်တော်လေး ထိရောက်ပြီးတော့ အကျိုးသက်ရောက်မှု ရှိတယ်လို့ သိရပါတယ်။ အဲဒီလို အကူအညီ ပေးတဲ့နေရာမှာ ဒီလောက်များပြားတဲ့ ခေတ်ပြောင်းအလုပ်သမားတွေကို လက်လှမ်းမမှီတွေလည်း ရှိမှာပေါ့။ အခုလောလောဆယ် ရင်ဆိုင်နေရတဲ့ သူတို့ရဲ့ အခက်အခဲတွေ။ ယာယီကိုင်ဆောင်ထားတဲ့ နိုင်ငံကူလက်မှတ်တွေ ရှိပါတယ်။ သက်သေခံ လက်မှတ်တွေ ရှိတယ်။ အဲဒီ လုပ်ထုံးလုပ်နည်းအဆင့် နည်းနည်းလေး ရှင်းပြပေးပါလား။
ဦးဝင်းမောင် ။ ။ သံရုံးအနေနဲ့တော့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများကို ကူညီစောင့်ရှောက်ဖို့ဆိုပြီးတော့ အသင်းအဖွဲ့ထားတာ ရှိပါတယ်။ ထိုင်းနိုင်ငံရဲ့ ခရိုင်တဝက်လောက်မှာ မြန်မာအလုပ်သမားတွေ ရှိနေတဲ့အတွက်ကြောင့် ကျနော်တို့ သံရုံးက ဦးစီးပြီးတော့ ဖွဲ့ထားပါတယ်။ အဲဒီအဖွဲ့ထဲမှာ အားလုံး (၉) ဖွဲ့ ဖွဲ့ထားပါတယ်။ (၉) ဖွဲ့ ဖွဲ့ပြီးတော့ တဖွဲ့ကို (၁၀) ယောက်နှုန်းနဲ့ အားလုံး လူ (၉၀) ဖွဲ့ပါတယ်။ (၄) လ တကြိမ် အစည်းအဝေးလုပ်ပြီးတော့ သူ့နယ်မြေမှာ ဖြစ်ပေါ်နေတဲ့ အလုပ်သမားတွေရဲ့ အခက်အခဲတွေကို ဝိုင်းဝန်ကူညီဖို့ ဒါက သံရုံးအနေနဲ့ စီမံပြီးလုပ်တာ။ ကျနော်တို့ နိုင်ငံတော်အနေနဲ့တော့ ထိုင်းအလုပ်သမား ဝန်ကြီးဌာနနဲ့ မြန်မာအလုပ်သမားဝန်ကြီးဌာန၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန နဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနတို့က working group ကတော့ (၆) လ တကြိမ် လုပ်ပါတယ်။ High level (၆) လ တကြိမ် လုပ်ပါတယ်။ (၁) နှစ်ကို (၂) ကြိမ် လုပ်ပါတယ်။ အဲဒီက ရလာတဲ့ သဘောတူညီချက်တွေနဲ့ ကျနော်တို့ ထိုင်းနိုင်ငံရောက် အလုပ်သမားတွေကို ကူညီစောင့်ရှောက်ပါတယ်။ Process အနေနဲ့တော့ လက်ရှိ သာမန်နိုင်ငံကူး ကိုင်ထားတဲ့ လူတွေကတော့ MOU နဲ့ ဝင်လာတာပေါ့။ လာတဲ့အခါမှာ သူ့ရဲ့ ဥပဒေအရ (၂) နှစ် (၂) ကြိမ်။ (၄) နှစ်ပြည့်ရင် သူတို့ ပြန်ရမှာပေါ့။ ထို့အတူပဲ သာမန်နိုင်ငံကူး ကိုင်ထားတဲ့လူတွေက (၄) နှစ်ပြည့် ထွက်ရသလို၊ ယာယီနိုင်ငံကူး လက်မှတ်ကိုင်ထားတဲ့ အလုပ်သမားတွေကြတော့ (၆) နှစ်ကျော်ရင် ပြန်ရမယ့် အနေအထား ရှိပါတယ်။ ဒါတွေကို အလုပ်သမားတွေ မပြန်ရအောင် ပြီးခဲ့တဲ့ လဆန်းပိုင်းက မြန်မာပြည် Working Group အစည်းအဝေးမှာ လုပ်ထားတာ ရှိပါတယ်။ နောက်ဆုံးအခြေအနေကတော့ သူတို့ ထုတ်ပေးထားတဲ့ဘက်က လူတွေအရေအတွက် (၄) သိန်းလောက် ရှိပါတယ်။ အဲဒီအတွက်ကိုတော့ ဒီဘက်က CI လို့ခေါ်တဲ့ နိုင်ငံသားသက်သေခံ လက်မှတ်ကို သူတို့ဘက်က ထုတ်ပေးဖို့ သဘောတူ ထားပါပြီ။ အခုနပြောတဲ့ (၄) နှစ် (၆) နှစ် သမားတွေကြတော့ (၄) နှစ် သမားတွေကြတော့ MOU ဖြစ်တဲ့အတွက်ကြောင့် တိုးပေးဖို့ သူတို့ Cabinet ကို တင်ထားပါတယ်။ (၆) နှစ်ကျော် သမားတွေကြတော့ သူတို့နိုင်ငံရဲ့ ဥပဒေအရ PR တို့၊ နိုင်ငံသားတို့ လျှောက်နိုင်တဲ့အတွက် သူတို့ ထွက်ပြီးတော့ ပြန်ဝင်ရမယ့် သဘောရှိတယ်။ အဲဒီလို အခြေအနေမှာ မြန်မာအလုပ်သမားတွေက အင်အားများတဲ့အတွက် ထွက်သွားရင်လဲ သူတို့နိုင်ငံ စီးပွားရေး အခြေအနေက စက်ရုံ၊ အလုပ်ရုံတွေ အခက်အခဲ ရှိတဲ့အတွက် သူတို့ Cabinet မှာ (၆) နှစ် ကျော်သွားတဲ့လူတွေကို CI မှာ ပါဝင်ဖို့အတွက် Project တွေ တင်ထားပြီသာ ဖြစ်ပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ မြန်မာအလုပ်သမားတွေနဲ့ ပတ်သက်ပြီးတော့ ကျန်းမာရေး အာမခံမှု၊ အလုပ်ရှင်တွေအနေနဲ့ တာဝန်ယူတဲ့ အပိုင်းမှာ Monitor စစ်ဆေးတဲ့ အဖွဲ့အစည်းကော ရှိပါလား။
ဦးဝင်းမောင် ။ ။ ရှိပါတယ်။ ကျနော်တို့ Working Group အောက်မှာ အဖွဲ့လေးတွေ ရှိပါတယ်။ အဲဒီအဖွဲ့လေးကတော့ ထိုင်း အလုပ်သမားဝန်ကြီးဌာနက ဦးစီးပြီး လုပ်တာပေါ့။ အဲဒီတော့ သူက မြန်မာနိုင်ငံကို အလုပ်သမားတယောက်က စက်ရုံတခုကို ရောက်လာပြီဆိုရင် အလုပ်ရှင်က အာမခံရပါတယ်။ အလုပ်ရှင် အာမခံမှ သူကို နေထိုင်ခွင့် work permit ထိုင်းက ထုတ်ပေးတာ ဖြစ်ပါတယ်။ ဒါမှ ထိုင်းက အခွန်ရမှာပေါ့။ အခွန်ရမှာ ဖြစ်တဲ့အတွက် သူ့အလုပ်ရှင်က အလုပ်သမားကို ခေါ်လာပြီးတော့ ဆေးစစ်တာ ဘတ် (၅၀၀)၊ Work permit အတွက် ဘတ် (၁၉၀၀)၊ Backup လက်မှတ်အတွက် (၅၀၀) ဆိုပြီးတော့ စုစုပေါင်း (၂၀၀၀) ကျော်လောက် ကောက်ပြီးတော့ ကျန်းမာရေး Insurance ကို ထုတ်ပေးပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ လူကုန်ကူးမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီးတော့ ဘယ်လို အခြေအနေ ရှိပါပြီလဲ။
ဦးဝင်းမောင် ။ ။ လူကုန်ကူးမှု ဖြစ်စဉ်က ဘယ်လို ဖြစ်လာလဲဆိုတော့ ကျနော်တို့ အခုနပြောတဲ့ MOU ဝင်လာတာ ရှိပါတယ်။ ဒီအတိုင်း Illegal ဝင်လာတဲ့ လူတွေ ရှိပါတယ်။ အဲဒါတွေကို ကျနော်တို့က Legal ဖြစ်အောင် လုပ်ထားတာပေါ့။ တချို့ကလဲ တဦးချင်းရဲ့ ခံစားချက်၊ ခံယူချက်နဲ့ ဒီအလုပ်ရှင်ကို မကျေနပ်လို့ အပြင်ထွက်သွားတယ်။ ထွက်သွားတဲ့အခါကြတော့ အလုပ်ရှင် မရှိတော့ဘူးဆိုတော့ သူ့ရဲ့ Work permit က ပျက်သွားပါတယ်။ ပျက်သွားတဲ့အခါကြတော့ အဲဒီ အဖွဲ့တွေကို လူကုန်ကူးတဲ့အဖွဲ့တွေက စောင့်ပြီးတော့ ခေါ်ယူသွားတာ ရှိပါတယ်။ ယောကျ်ားလေးတွေဆိုရင် သင်္ဘောပေါ် တင်လိုက်တာပေါ့။ ဟိုတလောကကဆို ထိုင်းနိုင်ငံကို Tier (2) ဆိုပြီးတော့ ဥရောပ က ဝိုင်းကန့်ကွက်တာတွေ ရှိပါတယ်။ အဲဒါ လူကုန်ကူးမှုတွေ ရှိပါတယ်။ အဲဒီကနေ လူကုန်ကူးမှုထဲ ဝင်ရောက်သွားပါတယ်။ ကျနော်တို့ကတော့ Illegal ကနေ legal ဖြစ်အောင် လုပ်ထားတာ။ ဒါပေမဲ့ Legal ကနေ Illegal ကို ပြန်သွားတဲ့ နည်းပါတယ်။ ရာခိုင်နှုန်းလည်း နည်းပါတယ်။ အဲဒီ အလုပ်သမားတွေက အများအားဖြင့် … ဘက်ကို ရောက်သွားတာပေါ့။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ အဖွဲ့တွေနဲ့ အခုန ကျနော်ပြောတဲ့ လက်တွဲလုပ်ဆောင်နေတဲ့ NGO အဖွဲ့တွေပေါ့။ MAT, FED တို့နဲ့ ပူးပေါင်းပြီးတော့၊ လိုက်ပြီးတော့ ကယ်ဆယ်ရေးတွေ လုပ်ရပါတယ်။ လုပ်ပြီးလို့ရှိရင် ဒီမှာ ထိန်းသိမ်းရေးစခန်း ရောက်သွားလို့ရှိရင် ကျနော်တို့ နိုင်ငံက လူမှုဝန်ထမ်း နဲ့ ကယ်ဆယ်ရေးဝန်ကြီးဌာန ပေါင်းပြီးတော့ ပြန်ပို့ပေးတာတွေ လုပ်ပေးပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အခြေအနေက တိုးတက်မှု ရှိပါလား။
ဦးဝင်းမောင် ။ ။ တိုးတက်ပါတယ်။ နှစ်နိုင်ငံ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ရင် ကျနော်တို့ နှစ်စဉ် အစည်းအဝေး ရှိပါတယ်။ ကျနော်တို့ နှစ်နိုင်ငံ ပူးပေါင်းပြီးတော့လဲ ရုံးဖွင့်ထားပါတယ်။ မူးယစ်ဆေးဝါး တားဆီးရေးရုံးဆိုပြီး ချင်းမိုင်မှာ မြန်မာ နဲ့ ထိုင်း ဖွင့်ထားတာ ရှိပါတယ်။ အဲဒီတော့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ရင် ကျနော်တို့နိုင်ငံက လက်မခံသလို၊ ထိုင်းနိုင်ငံကလည်း လက်မခံပါဘူး။ ကျနော်တို့ ဝိုင်းဝန်းပြီးတော့၊ ပူးပေါင်းပြီးတော့ ဖမ်းဆီးတာ အခုဆိုရင် အရင်နှစ်တွေထက်စာရင် ပိုမိုတိုးတက်လာတာ တွေ့ရပါတယ်။
ဒေါ်ခင်စိုးဝင်း ။ ။ နောက်ဆုံး မေးခွန်းကတော့ အခု မြန်မာနိုင်ငံမှာလည်း အစိုးရအပြောင်းအလဲ ဖြစ်ပေါ်တော့မှာပေါ့။ မကြာခင်ကာလအတွင်းမှာ ဒီရှေ့လျှောက်ပြီးတော့ အစိုးရသစ် ပြောင်းလဲလာတဲ့အခါမှာ ထိုင်း-မြန်မာ ဆက်ဆံရေးနဲ့ ပတ်သက်ပြီးတော့ ဒီထက်မက တိုးတက်လာဖို့ ရှိတယ်။ နဂိုအတိုင်းပဲ ဆက်ထိန်းသိမ်းသွားမလား။ အဲဒါလေးကို သုံးသပ်ပေးပါအုံး။
ဦးဝင်းမောင် ။ ။ ထိုင်းနဲ့မြန်မာက အာဆီယံမှာလည်း ထိပ်ဆုံးနိုင်ငံတွေပါပဲ။ အရင်အဆက်ဆက်ပေါ့ အိမ်နီးချင်းနိုင်ငံဆိုတော့ တချို့ကိစ္စလေးတွေတော့ ပြဿနာလေးတွေ ရှိပေမယ့် ပေါ်လစီအရတော့ ချစ်ကြည်ရင်းနှီးစွာပဲ ရှိပါတယ်။ အခုဆိုရင် ဘာပဲပြောပြော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ရှိလာတဲ့အတွက် ထိုင်းနိုင်ငံနဲ့ ပိုပြီးတော့ တိုးတက်လာဖို့ ရှိတယ်။ ထိုင်းနိုင်ငံဘက်ကလဲ ကျနော်တို့ နိုင်ငံကို သူတို့ကလဲ မိတ်ဖက်နိုင်ငံ လွှတ်လို့ မရပါဘူး။ စီးပွားရေးအရ ဖြစ်ပါတယ်။ ထားဝယ် စီမံကိန်း လုပ်ပါတယ်။ သူတို့ဘက်ကလဲ ဝိုင်းဝန်းပြီးတော့ ဦးစီးပြီးတော့ ဂျပန် ပါဝင်လာအောင် ထိုင်းဘက်မှာလဲ … လုပ်ပါတယ်။ ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်လျှက် ရှိပါတယ်။ နောက်တခါ နယ်စပ်ဒေသ ဖြတ်ကျော်မှုတွေ၊ Border pass တွေလည်း ကျနော်တို့ နောက်နှစ်တွေကြရင် လုပ်လာမှာပါ။ ဘယ်လိုပဲ အစိုးရပြောင်းလဲပြောင်းလဲ လက်ရှိ အခြေအနေထက်တော့ ချစ်ကြည်ရေးက လျော့သွားစရာ မရှိပါဘူး။
ဒေါ်ခင်စိုးဝင်း ။ ။ ကျေးဇူးအများကြီး တင်ပါတယ်ရှင်။
ဦးဝင်းမောင် ။ ။ ကျေးဇူးအများကြီး တင်ပါတယ်။