သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မေတ္တာရှင် စာရေးဆရာမ သန်းမြင့်အောင်


Daw Than Myint Aung
Daw Than Myint Aung
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်မှာ ဘဝသရုပ်ဖော် စာပေတွေရေးသားပြီး စာပေလောကကို ခြေချခဲ့တဲ့ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်ဟာ ခိုကိုးရာမဲ့တဲ့ အဖိုးအဖွားတွေအတွက် ဆည်းဆာရိပ်ဘိုးဘွားရိပ်သာကို ကမ္မကထလုပ်ပြီးတော့ ရန်ကုန်မြို့မှာ ဖွင့်လှစ်ပေးထားပါတယ်။ ရန်ကုန်မြို့နာရေးကူညီမှုအသင်း ဒု-ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဆရာမသန်းမြင့်အောင် က အခု အမေရိကန်ပြည်ထောင်စုကို လေ့လာရေးခရီး ရောက်ရှိနေပါတယ်။ အမေရိကန်ခရီးစဉ်မှာလည်း အမေရိကရောက် မြန်မာမိသားစုတွေနဲ့အတူ ရခိုင်နဲ့ ကချင်ပြည်နယ် ဒုက္ခသည်တွေအတွက် ရန်ပုံငွေရှာဖွေရေးမှာလည်း အကူအညီပေးခဲ့ပါတယ်။ ဗွီအိုအေမြန်မာအသံကို လာရောက်လေ့လာခဲ့တဲ့ စာရေးဆရာမဒေါ်သန်းမြင့်အောင် ကို ဗွီအိုအေဝိုင်းတော်သူ မမေငြိမ်း က တွေ့ဆုံမေးမြန်းထားပါတယ်။

ဒေါ်မေငြိမ်း ။ ။ အမ ကျမတို့ အတူတူစာရေးခဲ့ကြတာ၊ အမရဲ့ ဝထ္ထုတိုတွေကို စောင့်ဖတ်ခဲ့ကြရတာ၊ နောက်ပြီးတော့ ကျမ ဒီလိုထွက်လာအခါကြတော့လည်း အမ ပရဟိတတွေ အများကြီးဆက်လုပ်နေတယ်။ ကျမ ဗမာပြည်မှာကတည်းက အမ လုပ်နေတယ်ဆိုတော့ အဲဒါတွေကို သိချင်လို့ရှိရင် ကျမတို့ကတော့ အမ ရန်ကုန်မှာ ပြောနေတဲ့ စာပေဟောပြောပွဲတွေ နားမထောင်ရဘူး။ နားမထောင်ရတဲ့အခါကြတော့ အမ ဝထ္တုထဲက အမပြောပြတဲ့ ပရဟိတလုပ်ငန်းလေးတွေကို ကျမ ဖတ်ရတယ်။ ဖတ်တဲ့အခါကြရင် ကျမကိုယ်တိုင် စာရေးတဲ့သူဖြစ်ပေမဲ့ ဖတ်ရင်နဲ့ ကျမမှာ မျက်ရည်တွေဘာတွေ လည်ရတယ်။ ဆိုတော့ အမက အမလုပ်နေတဲ့ မရဟိတလုပ်ငန်းတွေနဲ့ ပတ်သက်ရင်တော့ ဘာတွေလုပ်နေတယ်။ ဘယ်လို ဒီလူမှုရေးလုပ်ငန်းတွေထဲမှာ ဘယ်အဖွဲ့အစည်းတွေအတွက် လုပ်နေတယ်ပေါ့ ဆိုတာတွေကို ကျမတို့ သိရတယ်။ ဒါပေမဲ့ ဝထ္တုထဲမှာ ရေးဖြစ်တဲ့အခါမှာ အမ ဘယ်လိုရည်ရွယ်ချက်နဲ့ ရေးတယ်ဆိုတာလေးတွေကို ပရိသတ်လည်း သိရအောင်လို့ ပြောပြပါအုန်း။

ဒေါ်သန်းမြင့်အောင် ။ ။ အမ က ပရဟိတလုပ်ငန်းတွေ တော်တော်များများမှာ လုပ်ဖြစ်တာပေါ့။ အထူးသဖြင့် ပင်တိုင်အနေနဲ့ဆိုရင်တော့ နာရေးကူညီမှုအသင်းဆိုတာ အားလုံးသိကြတယ်။ ကိုကျော်သူ၊ မရွှေဇီးကွက်၊ ကျမတို့ လုပ်နေကြတာ။ အခုဆိုရင် အမတို့ ပိုပြီးတော့တောင် အင်အားတွေကြီးလာတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကိုဆောင်းဦးလှိုင်၊ ဦးရဲလွင်တို့ ပါလာကြတယ်။ အနုပညာသမားတွေ ပါလာကြတယ်။ အသင်းအဖွဲ့ကလည်း ကြီးမားလာတယ်။ အဲဒီလို အသင်းအဖွဲ့ ကြီးမားလာတာနဲ့အမျှ အလုပ်တွေကလည်း များလာတယ်။ နာရေးဆိုလည်း အများကြီးဖြစ်လာတယ်။ ကျန်းမာရေးဆိုရင်လည်း အများကြီးဖြစ်လာတယ်။ သဘာဝဘေးအန္တရာယ်တွေ အပါအဝင် အဲဒီလိုတွေ ဖြစ်လာတယ်။ အဲဒီတော့ ပရဟိတလုပ်ငန်းက အမ အတွေ့အကြုံအရ ဘာလဲဆိုရင်တော့ တခုလုပ်ပြီဆိုရင် ဆက်တိုက်ဆက်တိုက် လိုအပ်ချက်တွေကို တွေ့လာတယ်။ အမတို့ မြန်မာ့လူ့အဖွဲ့အစည်းမှာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အများကြီး။ အဲဒီတော့ ဒီ နာရေးကူညီမှုအသင်းလုပ်ရင်မှ အမ သက်ကြီးရွယ်အိုတွေ ဒုက္ခရောက်နေတဲ့ သက်ကြီးရွယ်အိုတွေ၊ အသက်ကြီးပြီးတော့ နောက်ဆုံးအချိန်ရောက်ခါမှ လူတယောက်ရဲ့ ဂုဏ်သိက္ခာနဲ့အညီ မနေမထိုင်ရဘဲနဲ့ ပြောမယ်ဆိုလို့ရှိရင် ပြောဖို့တောင်မှ အမ ရင်နဲ့မဆန့်ဘူးပေါ့။

တိရစ္ဆာန်တကောင်လို ဒို့မြန်မာပြည်က သက်ကြီးရွယ်အိုတွေက ပိုးဆိုးပက်စက် ရောဂါဝေဒနာဒဏ် ခံရပြီးတော့ ကြည့်မယ့်စောင့်မယ့်လူမရှိ၊ အမိုးအကာမဲ့ အဲဒါမျိုးတွေ တွေ့ရတယ်။ အဲဒါမျိုးတွေ တွေ့ရတော့ ရင်ထဲမှာ မခံစားနိုင်ဘူး။ ကိုယ်က စာရေးဆရာလည်းဖြစ်တဲ့အခါကြတော့ အဲဒါမျိုးတွေကို တွေ့တဲ့အခါမှာ အမက မနေနိုင်တော့ ရှိတဲ့အချိန်လေးမှာပဲ စာကောက်ရေးဖြစ်လိုက်တယ်။ အဲဒီလို စာကောက်ရေးလိုက်တာဟာ အမအတွက်နဲ့ သက်ကြီးရွယ်အိုအတွက် အကျိုးရှိလာတယ်လို့ ပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စာဖတ်ပရိသတ်က ကိုယ်နဲ့ထပ်တူ ခံစားသွားရတယ်။ ကိုယ်နဲ့ထပ်တူ ခံစားသွားရတယ်အခါကြတော့ သူတို့က အဲဒီအပေါ်မှာကို အစောကပြောသလို စာအုပ်ကလေးတွေ။ အဲဒီ ဆောင်းပါးလေးတပုဒ်၊ ဝထ္တုလေးတပုဒ်လေးကို စာအုပ်လေးတွေလုပ်ပြီးတော့ ဓမ္မဒါနလို သူတို့အချင်းချင်းမှာ ဖြန့်ဝေကြတယ်။ ဖြန့်ဝေတော့ အမ ဝထ္တုက အများကြီးပွားသွားတာပေါ့။ ပွားပြီးတော့မှ အဲဒါတွေကို အမကိုယ်တိုင် မလုပ်ပေးနိုင်ဘူး။ မလုပ်နိုင်တော့ အမ က ရင်ဖွင့်လိုက်တဲ့သဘော။

အဲဒီကြားတဲ့လူတွေ လုပ်ကြပါအုံး။ ဒါကို ကျမတို့ ဘယ်လို လုပ်ကြမလဲဆိုပြီးတော့ စာဖတ်ပရိသတ်ကို တိုင်တည်လိုက်တဲ့သဘော။ အဲဒီအခါမှာ အများက စုလာကြတယ်။ ဆိုတော့ အမတို့ မြန်မာတွေရဲ့ နှလုံးသားက အင်မတန် နုညံ့တယ်။ အင်မတန်လည်း နွေးထွေးတယ်။ ဆိုတော့ ဒါတွေကို ဝိုင်းပြီးတော့ ကူချင်ကြတယ်။ ဆိုတော့ အဲဒါတွေကနေ စုလာတဲ့အခါမှာ ဒီ ပရဟိတဂေဟာတခု ထပ်ဖြစ်သွားခဲ့တယ်။ မိဘမဲ့ ခလေးတွေအတွက် လုပ်နေတယ်။ မိဘမဲ့ခလေးအတွက် လုပ်နေရင်က HIV positive ဖြစ်လာတဲ့ မိဘမဲ့ခလေးတယောက် ကိုယ့်ဆီလာပို့တယ်။ အဲဒီတော့ ဂေဟာတွေ အမ လျှောက်ပို့တယ်။ လျှောက်ပို့တဲ့အခါကြတော့ ဘယ်ဂေဟာမှ လက်မခံနိုင်ကြဘူး။ လက်မခံနိုင်တဲ့အခါမှာ အမတို့ စိတ်တူကိုယ်တူ ဝါသနာတူကြတဲ့ လူတွေအချင်းချင်း စကားပြောဖြစ်ကြတယ်။ အဲဒီအချိန်တုန်းကတော့ စာမရေးဖြစ်ဘူး။ သို့သော် အမတို့ စကားပြောဖြစ်တယ်။ နောက်တခု အမေရိကန်သံရုံးမှာ HIV Training တခုဆင်းတယ်။ HIV-AIDS နဲ့ ပတ်သက်တယ်။ အဲဒီမှာ သင်တန်းဆင်းပွဲမှာ အမ အတွေ့အကြုံတွေကို ပြောဖြစ်တယ်။ ဒီလိုပဲ ခလေးတွေ တယောက်ပြီးတယောက် လာပေးတဲ့အခါ အဲဒီ ခလေးတွေကို ပြန်လွှတ်လိုက်ရတယ်။ အဲဒီ ခလေးတွေက အချိန်မတိုင်ခင်မှာ ဘဝကူးသွားတယ်။ အဲဒီတော့ ဒီ ခလေးသူငယ်တွေကို မိခင်မေတ္တာ ပေးချင်တယ်။ စောင့်ရှောက်ချင်တယ်ဆိုတော့ အမတို့ သင်တန်းတက်တာတွေကို စာနယ်ဇင်းတွေ အကုန်မှာပါတယ်။ ပြီးတော့ အဓိကကတော့ ဆရာမဆုထား၊ ဆရာမဂျူး၊ ပြီးတော့ American Center က ဆရာဦးအေးမင်း။ နောက် အမတို့ဆီမှာ အခုသင်တန်းတက်နေတဲ့ journalism တွေ အများကြီးပါလာတယ်။ အဲဒါတွေနဲ့ အမတို့ သုခရိပ်မြုံကို စလုပ်ဖြစ်တယ်။

ပြောမယ်ဆိုရင်တော့ ခံစားမှုက စလာတာပဲ။ အတွေ့အကြုံကနေ ခံစားမှုပေါ့။ ရင်ထဲရောက်လာတယ်။ ကိုယ့်ရင်ထဲကနေ ကိုယ်ဖောက်ထွက်လိုက်တယ်။ ဖောက်ခွဲလိုက်တဲ့အခါမှာ လွှင့်စင်သွားတဲ့ အစအနတွေက သူများရင်မှာ သွားပြီးသွားစိုက်တယ်။ စိုက်ပြီး အမတို့ ပြန်စုကြတယ်။ စုကြတဲ့အခါမှာ ဒီလို ပရဟိတတွေ ဖြစ်လာတယ်။

ဒေါ်မေငြိမ်း ။ ။ ဆည်းဆာရိပ်အကြောင်းလည်း ကျမ သိချင်သေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမ လွန်ခဲ့တဲ့ (၇) နှစ် (၈) နှစ်လောက်ကတည်းက အမ အဲဒီကိစ္စကို တကယ့်ကို ကြိုးစားပမ်းစား လုပ်နေရတယ်ဆိုတော့။ အခု အဲဒီ ဆည်းဆာရိပ် ဂိလာနဘိုးဘွားရိပ်သာ အကြောင်းလေးလည်း နည်းနည်းပြောပြပါအုံး။

ဒေါ်သန်းမြင့်အောင် ။ ။ ဆည်းဆာရိပ်က နာရေးကူညီမှုအသင်းကိစ္စတွေ လုပ်ရင်နဲ့ ဖြစ်ပေါ်လာတာ။ နာရေးကိစ္စနဲ့ ပတ်သက်ပြီး နာရေးသွားသယ်တဲ့အခါမှာ လေဖြတ်နေတဲ့ ဂိလာနကြီးကို အသက် (၅၀) လောက် သားက ပြုစုတယ်။ ကိုယ်သွားသယ်လိုက်တော့ အသက် (၅၀) လောက် သားက ကွယ်လွန်တာဖြစ်တယ်။ အဲဒီ လေဖြတ်နေတဲ့ ဂိလာနကြီးက ဆီးတွေဝမ်းတွေ အလိမ်းလိမ်းနဲ့ ကျန်ရစ်ခဲ့တယ်။ အဲဒီလို ဂိလာနမျိုးကို အမကို ဘေးပတ်ဝန်းကျင်က အပ်ကြတယ်။ သို့သော် အမတို့ မြန်မာနိုင်ငံမှာ ဒီလို ဆီးတွေဝမ်းတွေ သုတ်သင်ပေးရမယ့်၊ ထမင်းခွံ့ကျွေးရမယ့်၊ ဆေးဝါးတိုက်ကျွေးရမယ့် ဂေဟာတွေ မရှိဘူး။ ဘိုးဘွားရိပ်သာတွေမှာ သွားရှာတော့။ မရှိတဲ့အခါမှာ အဲဒီလိုမျိုး အတွေ့အကြုံတွေ လေးငါးခု တွေ့တဲ့အခါမှာ စိတ်တူကိုယ်တူ၊ ဝါသနာတူတွေနဲ့ ဆည်းဆာရိပ်ကလေးကို ထူထောင်ဖြစ်တာပါ။ အမ ဒီကိုလာတဲ့အချိန်မှာ အမ ဘိုးဘွားရိပ်သာမှာ ဘိုးဘွား (၄၄) ဦး ကျန်ခဲ့ပါတယ်။

ဒေါ်မေငြိမ်း ။ ။ ပုံမှန်လေးတော့ လည်ပတ်နိုင်လားရှင်။

ဒေါ်သန်းမြင့်အောင် ။ ။ ဟုတ်ကဲ့ လည်ပတ်နိုင်ပါတယ်။ ဒီလိုပဲ ပြည်တွင်းပြည်ပက တဦးချင်း အလှူရှင်တွေနဲ့ လည်ပတ်နေပါတယ်။

ဒေါ်မေငြိမ်း ။ ။ ကျမလည်း အဲဒါတွေကို အမ ဝထ္တုတွေကတဆင့်တော့ ကျမတို့က သိရတာ များပါတယ်။ ဝထ္တုတွေ ဖတ်တဲ့အခါကြတော့ အမတော့ မိဘမဲ ခလေးတွေလည်း HIV Positive ခလေးတွေကိုလည်း ကြည့်နေပြန်ပြီ။ သက်ကြီးရွယ်အိုတွေဆိုလည်း ဂိလာနဘိုးဘွားတွေကို ကြည့်နေပြန်ပြီဆိုပြီး ကျမသိတယ်။ နောက်တခါကြတော့ အောင်မြေဆိုတာလေးလည်း အမ လုပ်ဖြစ်သေးတယ်နော်။ ဆယ်တန်း ပညာဒါနကျောင်း။

ဒေါ်သန်းမြင့်အောင် ။ ။ အဲဒါတွေကို အမ ၂၀၀၀ ခုနှစ်ကတည်းက စပါတယ်။ ကိုစိုးမင်းဆိုတဲ့ အမရဲ့ မောင်လေးတယောက်လို ချစ်ရခင်ရတဲ့ ခလေးတယောက်နဲ့ ၂၀၀၀ ခုနှစ်ကတည်းက စလာတယ်။ ကိုစိုးမင်း က ၂၀၀၈ မှာ ကွယ်လွန်သွားတယ်။ ဒါပေမဲ့ အမ ဆက်ပြီးတော့ လုပ်နေခဲ့တယ်။ ဒီမှာ ဝိုင်းလုပ်ကြတဲ့ ဆရာ၊ ဆရာမတွေအားလုံး အမနဲ့ ပါလာတယ်။ ပြီးတော့ စာမေးပွဲနီးပြီဆိုရင်လည်း အမတို့ စာပေလောကထဲက ဆရာဦးရဲဝေ (မြန်မာစာ) တို့၊ ဆရာကောင်းသန့်၊ ဒေါက်တာခင်မောင်ညို၊ ဆရာဦးသိန်းလွင် တို့ အဲဒီ ဆရာတွေကလည်း ဝိုင်းဝန်းကြည့်ကြတော့ အောင်မြေပညာဒါနကျောင်းလေးလည်း အခုအချိန်အထိ။ အဲဒီ ကျောင်းကလေးကတော့ ဆယ်တန်းဖြေဖို့ အခက်အခဲရှိနေတဲ့ ဆယ်တန်းကျောင်းတက်ဖို့ ကျူရှင်ယူဖို့ အခက်အခဲဖြစ်နေတဲ့ ခလေးတွေ။ အမတို့ မြန်မာနိုင်ငံမှာက ပညာရေးစနစ်က ဘယ်လောက်နှိမ့်ကျတယ်ပြောပြော ခလေးတယောက် ဆယ်တန်းမအောင်ပြန်ရင်လည်း အဲဒီ ခလေးတယောက်ရဲ့ အနာဂတ်က မကောင်းဘူး။ ဆယ်တန်းအောင်ခြင်း၊ ရှုံးခြင်းက ခလေးတယောက်ရဲ့ အနာဂတ်ကို ပြဌာန်းတယ်။ ပြီးတော့ အမလည်း ပိုက်ဆံအများကြီး မရှိတဲ့လူဆိုတော့ ဆယ်တန်းတခုကိုပဲ အမလုပ်ဖြစ်တယ်။ အခုအချိန်အထိပဲ။

ဒေါ်မေငြိမ်း ။ ။ ကြားတယ်။ အဲဒါလေး ကျမထင်တယ်။ အမ စာပေဟောပြောပွဲတွေမှာလည်း အမ ပြောဖြစ်တယ်။ ဒါပေမဲ့ အဝေးကြီးမှာ ရှိနေတဲ့ ဒီလို ဓနပြုချင်တဲ့လူ၊ ကူချင်တဲ့လူ၊ ဗမာပြည်ရဲ့ ခလေးတွေအကြောင်း၊ မြန်မာပြည်ရဲ့ လူနေမှုစနစ်အကြောင်းတွေ သိချင်တဲ့ လူတွေကြတော့ အမ ဝထ္တုတွေကနေတဆင့် ကျမတို့က သိရတယ်။ ဆိုတဲ့အခါကြတော့ ကျမလည်း စဉ်းစားမိတယ်။ တချို့ အမ ပရဟိတလုပ်ငန်းတွေ ပိုပြီးအောင်မြင်လာတာဟာ အမ ဝထ္တုတွေ ရေးပြီးတော့ ခံစားချက်တွေ မျှဝေနိုင်လို့။ နောက်တခါ အဲဒီ ဝထ္တုတွေကတဆင့် သွယ်ဝိုက်ပြီးတော့ သတင်းစကားတွေ ပါးနိုင်လိုလို့ ကျမထင်တယ်။ ဆိုတော့ အမ အခုကော စာရေးဖြစ်ရဲ့လား။ ရေးနိုင်ရဲ့လား။

ဒေါ်သန်းမြင့်အောင် ။ ။ အမ အခု စာမရေးဖြစ်တာ အတော်ကြာပြီထင်တယ်။ (၂) နှစ်လောက် ရှိလောက်ပြီထင်တယ်။ ရခိုင်ဒေသက ဒုက္ခသည်တွေကို ကူညီပြီးတဲ့နောက်ပိုင်းမှာတော့ ဆောင်းပါးလေးတပုဒ် ရေးဖြစ်တယ်။ ကစ္စပနဒီရဲ့ ငိုရှိုက်သံ။ ရခိုင်မှာဖြစ်နေတဲ့ ကြေကွဲမှုတွေကိုပေါ့။ ပေါ်ပြူလာမှာ ရေးဖြစ်တယ်။ အဲဒါလေးပဲ ရေးဖြစ်တယ်။

ဒေါ်မေငြိမ်း ။ ။ အမ အခုဆိုရင် ပရဟိတ လုပ်ငန်းတွေက တော်တော်လေးလည်း မျက်နှာလွှဲလို့ရတယ့် အသိုင်းအဝိုင်းတွေလည်း ရှိနေပြီ။ အမကို ကူညီပံ့ပိုးတယ့် လူတွေလည်း ရှိနေပြီဆိုတော့ အမ စာတော့ ပြန်ရေးဖို့ ကြိုးစားရမယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က ဇစ်မြစ်က စာရေးဆရာ ဖြစ်နေတယ်ဆိုတော့ စာရေးပြီးတော့ ဝေမျှတာတွေက ကျမတို့က သမိုင်းတွင်ပြီး ကျန်ခဲ့တာပေါ့။ အဲဒီတော့ အမ စာရေးဖို့ ဘယ်လိုအချိန်ပေးမယ်လို့ စဉ်းစားထားသလဲ။

ဒေါ်သန်းမြင့်အောင် ။ ။ စိတ်ကူးနေပါတယ်။ စာရေးဖြစ်ဖို့တော့ တကယ် စိတ်ကူးနေပါတယ်။ အဲဒီလိုပဲ ညီမ မေးသလိုပဲ စာဖတ်ပရိသတ်တွေကလည်း အရမ်းမေးတယ်။ တကယ်တမ်းကြတော့ ပရဟိတလုပ်ငန်းတွေအားလုံး အမ အောင်မြင်တာဟာ စာရေးခြင်းရဲ့ အကျိုးကျေးဇူးကြောင့်။ အဲဒီတော့ ဒါကိုတော့ အမ လုပ်ဖြစ်မှာပါ။ ပြီးတော့ ညီမပြောသလိုပဲ ဒီ ပရဟိတဂေဟာတွေကလည်း အမအပေါ်မှာ တကယ် စေတနာရှိပြီးတော့၊ တကယ် အများအကျိုးအတွက် ဆောင်ရွက်ချင်တဲ့သူတွေ၊ စိတ်တူကိုယ်တူတွေကလည်း အများကြီးဝိုင်းကူပြီး နောက်ကနေ လုပ်နေကြပါတယ်။

ဒေါ်မေငြိမ်း ။ ။ ဟုတ်တယ်။ အမ က စာရေးတဲ့အခါကြတော့ ကျမတို့ ဒီမှာ မိတ်ဆွေတွေ၊ အပေါင်းအသင်း နိုင်ငံခြားသားတွေ တွေ့တဲ့အခါမှာ ဗမာပြည်ရဲ့ တကယ်တမ်း ရင်ဆိုင်နေရတဲ့ လူမှု့အခက်အခဲတွေ၊ ဘဝအခက်အခဲတွေအကြောင်း ပြောပြတယ်ဆိုလို့ရှိရင် ကျမတို့က အမရဲ့ ဝထ္တုတိုလေးတွေကို ကျမတို့က ပြောပြတဲ့အခါကြတော့ ခံစားချက်ပါပါတဲ့ သတင်းစကား ပေးနိုင်တာပေါ့။ ကျမက ကိုယ်ကလည်း စာရေးတဲ့လူ၊ စာဖတ်တဲ့လူဆိုတဲ့အခါကြတော့ အမဆီက စာအုပ်ကောင်းကောင်းလေးတွေ ဆက်ပြီးဖတ်ချင်ပါသေးတယ်။ အဲဒီတော့ ဒီလိုမျိုး အခု နယ်တကာလှည့်ပြီးတော့ ပရဟိတလုပ်ငန်း ဆောင်ရွက်ရင် အမ စာရေးတဲ့အကြောင်းလေးတွေလည်း ပြောပေးပါအုံးလို့ ကျမက တောင်းဆိုပါတယ်။ ပြီးတော့ ဒီနေရာကနေပြီးတော့ အမရဲ့ စကားကို အမြဲတမ်း နားထောင်ဖို့ အခွင့်အရေးမရတဲ့ နိုင်ငံတကာက ပရိသတ်တွေနဲ့ မြန်မာပြည်က ကိုယ့်ရဲ့ စာဖတ်ပရိသတ်တွေကို ကျမတို့ဆီကနေ တခုခု နှုတ်ဆက်ပေးပါ။

ဒေါ်သန်းမြင့်အောင် ။ ။ ကျမတို့ မြန်မာနိုင်ငံမှာလေ စောစောက ပြောသလိုပဲ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး အများကြီး အစစအရာရာ လိုအပ်နေတာရှိတယ်။ ရှိတဲ့အတွက်ကြောင့်မို့ ရှိတဲ့ လိုအပ်ချက်တွေကြောင့်ပဲ ပရဟိတသမားတွေ ဖြစ်လာကြတယ်။ ပရဟိတလုပ်ငန်းကြီးတွေ ဖြစ်လာတာ။ အမတို့ မြန်မာနိုင်ငံမှာ ပြည်တွင်းမှာရှိတဲ့ မြန်မာတွေနဲ့ ပြည်ပမှာရှိတဲ့ မြန်မာတွေ ဒီ ပရဟိတလုပ်ငန်းတွေကို အသိအမှတ်ပြုကြတယ်။ ပြီးတော့ ပရဟိတလုပ်ငန်းတွေမှာ စိတ်ပါဝင်စားကြတယ်။ လူကိုယ်တိုင် မလုပ်နိုင်ရင် အလှူငွေလေးဖြစ်ဖြစ်တော့ လှမ်းပြီးတော့ ပို့ပေးကြတယ်။ အဲဒါကလည်း ပရဟိတလုပ်ငန်းတွေရဲ့ အောင်မြင်မှုပေါ့။ အမတို့ သူငယ်ချင်းတွေ ဒီ ပရဟိတဂေဟာကြီးတွေ မထောင်ခင်မှာကတည်းက အမ၊ ဆရာလေး ဒေါက်တာတင်ဆန်းဦး၊ ကိုအောင်ကြီးရယ်၊ အမ သူငယ်ချင်းဆရာဝန်လေးတဦးနဲ့ အမတို့က ဆေးအိတ်ကလေးဆွဲပြီးတော့ ပရဟိတလုပ်ငန်းတခုမှ မရှိချိန်ကတည်းက ဟိုအရင်ကတည်းက ဆေးအိတ်ကလေးဆွဲပြီး လျှောက်ပြီး ဆေးကုခဲ့တာ။ ဆေးကုခဲ့တာဆိုတော့ အမတို့ သူငယ်ချင်း (၃) ဦး လုပ်ထားတဲ့ ဓိဋ္ဌာန်တခုရှိတယ်။ အဲဒါ ဘာလဲဆိုတော့ အများအတွက် လူဖြစ်ရချင်းသာ နေပျော်တဲ့ဘဝ ဖြစ်တယ်။ ဆိုတော့ ကိုယ့်အတွက်ကိုယ် လူဖြစ်နေရတာထက် အများအတွက် လူဖြစ်နေရတာဟာ လူဖြစ်ရကျိုးနှပ်တယ်။ နေပျော်တဲ့ဘဝလည်း ဖြစ်တယ်။

အခု တဖြည်းတဖြည်းနဲ့ ပရဟိတလုပ်ငန်းကို လုပ်နေရင်းနဲ့ အဲဒါကို တဖြည်းဖြည်း ပိုလေးနက်လာတယ်။ အရင်တုန်းကတော့ ပေါ့ပေါ့လေး ပြောတယ်လို့ထင်တယ်။ တဖြည်းဖြည်းနဲ့ လေးနက်လာတယ်။ အမတို့ ဘဝကိုလည်း ကျေနပ်လာတယ်။ ဒါကြောင့် အမ ပြောချင်တာက ကိုယ့်အတွက်ကိုယ်ဖြည့်ပါ။ ကိုယ့်အတွက်ကိုယ် ဖြည့်ပြီးတဲ့နောက်ပိုင်းမှာတော့ အများအတွက် ဖြည့်ဖို့လို့ ကြိုးစားပေးပါ။ ပြီးတော့ မြန်မာနိုင်ငံကလည်း အရမ်းလိုအပ်နေတာမို့ပါ။ တကယ်ကို ချမ်းသာကြွယ်ဝတဲ့ အရာရာ အဆင့်အတန်းမြင့်တဲ့ နိုင်ငံကြီးတွေဆိုရင် ဒါတွေ မလိုအပ်ပါဘူး။ အမတို့ မြန်မာနိုင်ငံအတွက်တော့ အရမ်းလိုအပ်နေပါတယ်။ ဒါကြောင့်မို့လို့ အများအတွက် လူဖြစ်ရတဲ့ နှလုံးသားမျိုးတွေ ပိုင်ဆိုင်ပေးကြပါ။ နောက်တခါ တချို့ကြတော့ ပရဟိတ၊ ပရဟိတဆိုတာကို လွယ်လွယ်ပြောတယ်။ တကယ်တော့ ပရဟိတ လုပ်ငန်းတွေကို ကိုယ့်အတွက် အသုံးချခြင်းထက်ကို ကိုယ်ကသာ ပရဟိတလုပ်ငန်းတွေအတွက် အသုံးဝင်တဲ့ လူတယောက် ဖြစ်ပါစေ။ ပရဟိတလုပ်ငန်းတွေက ကိုယ်ကို အသုံးချသွားပါစေ။ အများအတွက် ကိုယ်သည် အသုံးဝင်တဲ့လူတယောက်ဖြစ်ပြီးတော့ ကိုယ်က အများအတွက်သာ ရှင်သန်ပြီးတော့ ကိုယ်ကို အများက အသုံးချသွားပါစေ။ အများကို ကိုယ်က အသုံးချတဲ့လူ မဖြစ်အောင်လည်း အမတို့ အများကြီး ဂရုစိုက်ရပါတယ်။ အဲဒီလိုလည်း ဂရုစိုက်ပေးကြပါလို့ ပြောချင်ပါတယ်။

ဒေါ်မေငြိမ်း ။ ။ ကျေးဇူးတင်ပါတယ် အမ။
XS
SM
MD
LG