သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသိမ်းခံ လယ်မြေအရေး ပြည်သူ့လွှတ်တော် ဖြေရှင်း


မြန်မာ့လယ်ယာလုပ်ငန်းခွင်မှ လယ်သူမကြီးများ
မြန်မာ့လယ်ယာလုပ်ငန်းခွင်မှ လယ်သူမကြီးများ
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံအတွင်းမှာ အရင်အစိုးရလက်ထက် နဲ့ လက်ရှိ အစိုးရလက်ထက်အတွင်း မတရားအသိမ်းဆည်းခံထားရတဲ့ လယ်သမားများရဲ့ လယ်ယာမြေများကို ဥပဒေနဲ့အညီ ဖြေရှင်းလုပ်ကိုင်ပေးဖို့ ကြိုးပမ်းလုပ်ဆောင်မှုများကို သီပေါမြို့နယ်၊ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်း ကို ဗွီအိုအေဌာနမှုး ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံမှာ လယ်ယာမြေ မတရားအသိမ်းဆည်းခံခဲ့ရတဲ့ လယ်သမားတွေရဲ့အရေးကို အစိုးရအနေနဲ့ ပိုပြီးထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်ပေးပါလို့ ပြည်ထောင်စုလွှတ်တော်နာယက ဦးရွှေမန်းက သမ္မတဦးသိန်းစိန်ဆီကို သြဂုတ်လ (၂၉) ရက်နေ့က သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး သီပေါမြို့နယ်၊ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်း ကို ဗွီအိုအေက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ဦးရဲထွန်း ။ ။ ပြီးခဲ့တဲ့ အစိုးရခေတ်တလျှောက်လုံးမှာ မြေယာတွေကို သိမ်းဆည်းခံရတာတွေရှိတယ်။ အဲဒီလို သိမ်းဆည်းတဲ့အခါမှာဆိုရင် နိုင်ငံတော်အတွက် တည်ဆောက်ရေးကိစ္စတွေအတွက် လိုအပ်လို့ ရိုးရိုးသားသား အသိမ်းခံရတာတွေ ရှိသလို၊ အဲဒီဟာတွေနဲ့ရောပြီးတော့ တချို့ အာဏာရှိတဲ့ပုဂ္ဂိုလ်များက မတရားအဖြစ် သိမ်းတာတွေ။ နောက် တပ်မတော်က တပ်ရင်းတပ်ဖွဲ့တွေကနေပြီးတော့ တပ်တိုးချဲ့ဖို့၊ တပ်တည်ဆောက်ဖို့ဆိုပြီးတော့ သိမ်းတာကနေပြီးတော့ ဒီမြေစာရင်းဌာနမှာ ကြည့်လိုက်တဲ့အခါကြတော့ မြေလွတ်မြေရိုင်းပါလို့ ဖော်ပြထားလို့၊ မြေလွှတ်မြေရိုင်းလို့ထင်ပြီးတော့ သိမ်းလိုက်တာတွေ၊ လက်တွေ့မှာတော့ မြေလွတ်၊ မြေလပ်၊ မြေရိုင်း မဟုတ်ဘဲနဲ့ တောင်သူတွေပိုင်တဲ့မြေတွေ ဖြစ်နေတာတွေ။

အဲဒီလို အလွဲလွဲအချော်ချော်တွေ ဖြစ်နေတာတွေကို၊ ပြီးခဲ့တဲ့ အစိုးရလက်ထက်တလျှောက်လုံးမှာ ပြည်သူလူထုက ကြောက်ပြီးတော့၊ ငြိမ်ပြီးတော့၊ အသံမထွက်ရဲဘဲနဲ့ နေခဲ့ရတဲ့ အနေအထားကနေ။ အခု ကျနော်တို့ ဒီဘက်ခေတ်မှာ လွှတ်တော်ကိုယ်စားလှယ်၊ လွှတ်တော်တွေပေါ်လာတဲ့အခါမှာ ပြည်သူလူထုတွေ၊ တောင်သူလယ်သမားတွေက ဒီကိစ္စတွေကို စပြောလာကြတယ်။ စပြောလာကြတဲ့အခါကြမှ ဒီဟာတွေက အလွှဲလွှဲအချော်ချော်ဖြစ်နေတာ။ တချို့ကလည်း တမင်မှားတာ မဟုတ်ဘဲနဲ့၊ တမင် တောင်သူလယ်သမားတွေက မြေစာရင်းဌာနမှာ စာရင်းမပေါက်လို့ ဒါကို ဥပဒေကြောင်းအရ မြေလွတ်၊ မြေရိုင်းပဲဆိုပြီး သိသိကြီးနဲ့ တောင်သူတွေရဲ့မြေကို မတရားသိမ်းပြီးတော့ လောဘတကြီးယူကြတာပေါ့။ အခုအချိန်မှာ မြေယာကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ်ဆေးနေတဲ့အခါမှာ ဒါတွေက တော်တော်များများ သိလာပြီ။ သိလာတဲ့အခါကြတော့ ဒါတွေကို လွှတ်တော်ထဲမှာတင်ပြီးတော့ ကျနော်တို့ လွှတ်တော်က ဝိုင်းဆွေးနွေးကြတဲ့အခါကြတော့ အစိုးရအဖွဲ့ကို တိုက်တွန်းတဲ့အခါမှာ အစိုးရအဖွဲ့က အထူးသဖြင့် ဌာနဆိုင်ရာတွေ၊ မတရားသိမ်းထားတဲ့ ခံရတဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ တက်တက်ကြွကြွ ဘာမှသိပ်ပြီးတော့ ဆောင်ရွက်ပေးတာ မရှိဘူး။

ဦးသန်းလွင်ထွန်း ။ ။ အကျဉ်းချုပ်အနေနဲ့ ပြောရမယ်ဆိုလို့ရှိရင် ဒီလွှတ်တော်နာယကရဲ့ သဝဏ်လွှာက လွှတ်တော်ကနေ မြေယာသိမ်းဆည်းခံရမှုတွေနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်ကနေ တိုက်တွန်းထားတဲ့အချက်တွေကို၊ အစိုးရကနေ တက်တက်ကြွကြွ ပိုပြီးတော့ ထိထိရောက်ရောက် ဆောင်ရွက်ပေးပါဆိုတဲ့ ပန်ကြားလွှာပေါ့။

ဦးရဲထွန်း ။ ။ မှန်ပါတယ်။ အဲဒီလို အဓိပ္ပါယ်ပါပဲ။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ လွှတ်တော်အနေနဲ့ မြေယာကော်မရှင်ကနေ တင်ပြထားတဲ့ လွှတ်တော်မှာ ဆွေးနွေးထားတဲ့အချက်တွေမှာ လွှတ်တော်က ဘယ်လိုအချက်တွေကို အဓိကအားဖြင့် တိုက်တွန်းထားတာလဲ၊ ထောက်ပြထားတာလဲဆိုတာကို တချက်လေးပြောပြပါ။

ဦးရဲထွန်း ။ ။ အဓိကအားဖြင့်တော့ ကျနော်တို့ အရင်တုန်းက ပိုင်ရှင်မရှိပါဘူးဆိုပြီးတော့ မှားသိမ်းထားတဲ့ကိစ္စမျိုးတွေ။ အဲဒီတော့ သူတို့အစိုးရဌာနဖက်က ပြောမယ်ဆိုရင်တော့ ဒီနေရာတွေမှာ လုပ်ကိုင်စားသောက်နေတဲ့ တောင်သူလယ်သမားတွေဟာ သူတို့မြေစာရင်းဌာနမှာ မှတ်ပုံတင်ထားတာတို့၊ ပြေစာတို့ဘာတို့ မပေါက်တာတို့ အဲဒါတွေကြောင့် မြေလွှတ်မြေလပ်မြေရိုင်းလို့ သူတို့က သတ်မှတ်တယ်။ သတ်မှတ်တဲ့အခါကြတော့ တစုံတယောက်ကနေပြီးတော့ လုပ်ငန်းရှင်တယောက်က မြေယာတွေကို လျှောက်ထားလို့ရှိရင် သူတို့က စာရွက်ပေါ်မှာကြည့်ပြီးတော့ မြေလွတ်မြေလပ်မြေရိုင်းဆိုပြီးတော့ ချပေးလိုက်တာပေါ့။ လက်တွေ့မှာ အဲဒီမှာ တောင်သူတွေ လုပ်နေတာရှိတယ်။ ပြီးခဲ့တဲ့ကာလတွေတုန်းကတော့ စစ်အစိုးခေတ်အောက်မှာ ဘယ်သူမှ ပြန်မပြောရဲကြဘူး။ သိမ်းတယ်ကွာဆို။ ဘာမှ ပြန်မပြောရဲကြတဲ့အခါကြတော့ အသိမ်းခံလိုက်ကြရတယ်။ အခုအခါကြတော့ ဒါတွေက မဟုတ်ဘူး။ သူတို့မှာ နဂိုကတည်းက လုပ်ကိုင်နေကြသူတွေ ဖြစ်တယ်ဆိုတဲ့အခါကြတော့ ကျနော်တို့က ဒါကိုတရားမျှမျှတတနဲ့ ပြန်ပြီးဖြစ်စေချင်တာပေါ့ဗျာ။ အဲဒီလို ဖြစ်စေချင်တယ်ဆိုတဲ့ဥစ္စာမှာ ဒီလုပ်ငန်းရှင်က အလုပ်ကို အကောင်အထည်မဖော်ရသေးဘူးဆိုရင် အမှန်ကတော့ တောင်သူကိုပဲ လုံးဝပြန်လွှဲပေးရမယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ မြေယာကော်မရှင်ရဲ့ တာဝန်က လယ်သမားတွေရဲ့ နစ်နာမှုတွေ၊ တိုင်းကြားမှုတွေကို ကြားနာပြီးတော့ လွှတ်တော်ကို တင်ပြဖို့ပဲရှိတာပေါ့။ ဒီမြေယာကော်မရှင်အနေနဲ့ တစုံတရာ အဆုံးအဖြတ်ပေးဖို့ တာဝန်မရှိဘူးဆိုတဲ့ သဘောပေါ့။ အဲဒီလိုလား။

ဦးရဲထွန်း ။ ။ အခုလုပ်နေတာကတော့ စုံစမ်းလေ့လာပြီး တခုချင်းတခုချင်းအလိုက်ကို ဘယ်ကိစ္စ ဘယ်လိုဖြစ်တယ်၊ ဘယ်လိုမှားတယ်၊ ဘယ်လိုမှန်တယ်ဆိုတဲ့ ထင်မြင်ချက်လောက်ကိုပဲ ကျနော်တို့ ကော်မရှင်က သုံးသပ်ပြီးတော့၊ လွှတ်တော်မှာ ကော်မရှင်ရဲ့ သုံးသပ်ချက်နဲ့လာပြီးတော့ ဖတ်ပြတာပေါ့။ ဟိုအောက်မှာတော့ သွားပြီးလေ့လာပြီးတဲ့အခါကြတော့ ဘယ်သူက ဘယ်လောက်ရ၊ ဘယ်သူက ဘယ်လိုလုပ်၊ ဘာညာဆိုတဲ့ အဲဒီလိုမျိုး အုပ်ချုပ်ရေးပိုင်းကို ဝင်ရောက်စွက်ဖက်တာမျိုးတော့ မလုပ်ဘူး။ ဒါက ဥပဒေပြုရေးပိုင်းနဲ့ အုပ်ချုပ်ရေးပိုင်း လုပ်ငန်းတာဝန်မတူတာကို လွှတ်တော်နာယကကိုယ်၌က သေသေချာချာ မှာလိုက်တဲ့အတွက် အဲဒီလို ဝင်ရောက်စွက်ဖက်မှုမျိုး ဖြစ်မှာစိုးလို့ အဲဒီ အောက်ခြေမှာ အဲဒီလိုဖြေရှင်းတဲ့ဟာ မလုပ်ခဲ့ဘူး။ လွှတ်တော်ထဲမှာပဲလာပြီး အစီရင်ခံစာ ဖတ်တာပေါ့။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒီလိုဟာမျိုးတွေမှာ အစောကပြောခဲ့သလို၊ မတရားမှုတွေ တကယ်လို့ မသင့်တော်မှုတွေ ပေါ်ပေါက်တယ်ဆိုပြီးတော့ မြေယာကော်မရှင်က စုံစမ်းတွေ့ရှိတယ်ဆိုလို့ရှိရင် လွှတ်တော်အနေနဲ့ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်း။ ဥပမာ နိုင်ငံတော်စီမံကိန်းက သိမ်းတယ်ဆိုရင် သတ္တုတွင်းဝန်ကြီးဌာနက သိမ်းတာပဲဖြစ်ဖြစ်၊ စက်မှုဝန်ကြီးဌာနက သိမ်းတာပဲဖြစ်ဖြစ်။ ဒီဝန်ကြီးဌာနကို တိုက်ရိုက်လွှတ်တော်ကနေ ဒီကိစ္စကို ဖြေရှင်းပေးပါဆိုပြီးတော့ တောင်းဆိုချက် ထုတ်တာလား။ ဒါမှမဟုတ်လို့ရှိရင် အစိုးရတဖွဲ့လုံးဆီကိုပဲ ဒီကိစ္စကို ဖြေရှင်းပေးပါဆိုပြီး ကိစ္စတခုချင်းဆီကို ဖြေရှင်းပေးဖို့ ပန်ကြားချက်လုပ်တာလား။

ဦးရဲထွန်း ။ ။ ယေဘုယျအားဖြင့်တော့ ကျနော်တို့က လွှတ်တော်ထဲမှာ အစီရင်ခံစာကို တင်ပြီးတဲ့အခါကြတော့ အဲဒီအစီရင်ခံစာကို သက်ဆိုင်ရာ အစိုးရအဖွဲ့ကို ပို့လိုက်ရတာပေါ့။ ပို့လိုက်တဲ့အခါမှာ ကျနော်တို့ အစီရင်ခံစာကို ဝိုင်းပြီးဆွေးနွေးကြတဲ့အခါမှာ ကိုယ်စားလှယ်တွေ များပါတယ်။ အဲဒီလို ဆွေးနွေးကြတဲ့အခါမှာ သက်ဆိုင်ရာ ဝန်ကြီးတွေလည်း၊ ဝန်ကြီးဌာနက ဒု-ဝန်ကြီးတွေလည်း လာပြီးတက်ရောက် နားထောင်ပါတယ်။ နားထောင်ပြီးတော့ သူတို့နဲ့ဆိုင်တဲ့ ဒီကိစ္စတွေကို သူတို့ပြန်ပြီးတော့ ဖြေရှင်းတာ၊ သူတို့ဘယ်လိုဆောင်ရွက်ပေးပါမယ် လာပြောတာ။ အဲဒါမျိုးတွေနဲ့ ပေါင်းစပ်ပြီးတော့ လုပ်တာပေါ့။ အဲဒီတော့ အဲဒီလိုလုပ်တဲ့အခါမှာ အခုမြင်ရကြားရတာကတော့ တပ်မတော်တခုပဲ နည်းနည်းလုပ်တာကိုင်တာမှာ ပြတ်ပြတ်သားသားနဲ့ နည်းနည်းတက်တက်ကြွကြွ ရှိတယ်လို့ မြင်ရတယ်။ ကျန်တဲ့ဌာနတွေကြတော့လည်း သူတို့ကိုယ်၌က မြေသိမ်းတာ မဟုတ်ပါဘူးဆိုပြီးတော့ အဲဒီလိုမျိုး။ ဥပမာ လယ်ဆည်ဝန်ကြီးဌာနဆိုရင် သူတို့က မြေသိမ်းတာ မဟုတ်ပါဘူး။ သူတို့က တိုင်းထွာပေးရတာပါ။ ဒါပေမဲ့ တကယ့်တကယ်ကြတဲ့အခါကြတော့ အဲဒီ လယ်ဆည်ဝန်ကြီးဌာနကသာလျှင် အဲဒီမြေရဲ့ ရာဇဝင်ကို ကောင်းကောင်းသိပြီးတော့ ဒီမြေသိမ်းဆည်မှုဟာ တရားတယ်၊ မျှတတယ်၊ မှန်ကန်တယ်၊ မတရားဘူးဆိုတဲ့ကိစ္စကို သူက အသိဆုံးဖြတ်တယ်။

ဦးသန်းလွင်ထွန်း ။ ။ လောလောဆယ်မှာ လွှတ်တော်နာယက, ကနေပြီးတော့ သဝဏ်လွှာ ပေးပို့ပြီးတော့ ပန်ကြားမှုဖြစ်ရလောက်အောင် ဆိုလို့ရှိရင် အစိုးရဘက်ကနေပြီးတော့ အတော်လေး ပျက်ကွက်မှုတွေ ရှိနေလို့လား။

ဦးရဲထွန်း ။ ။ အစိုးရဘက်ကတော့ သိပ်ပြီးတော့ ဒါနဲ့ ပတ်သက်လို့ သွက်သွက်လက်လက်၊ မြန်မြန်ဆန်ဆန် လှုပ်ရှားတာ မကြားရသလောက်ပဲ။ အဲဒီလို မကြားရတဲ့အတွက်ကြောင့်မို့လည်း အောက်ခြေမှာ လယ်သမားတွေရဲ့ မကျေမနပ်ဖြစ်မှု။ လယ်သမားတွေက ပြန်စိုက်ချင်။ နောက်ပြီးတော့ လုပ်ငန်းရှင်တွေက သီးခြားဖောက်ဖျက်တဲ့အခါကြတော့ ဒါတွေကို ဥပဒေနဲ့အညီ ပြန်သိမ်းတာ လုပ်ရမယ်။ ဥပမာ မြေလွတ်မြေလပ်မြေရိုင်းဆိုပြီး ချထားပေးတယ်။ ချထားပေးတဲ့ဟာကို အကောင်အထည် မဖော်နိုင်ဘူးဆိုရင်။ မဖော်နိုင်တဲ့ဟာကို ပြန်ပြီးတော့ အပ်ခိုင်းရမှာပေါ့။ အဲဒါမျိုးတွေကို လုပ်စေချင်တာပေါ့။ အဲဒါတွေကို မလုပ်လို့ ပြဿနာတွေ တက်နေတာ။

ဦးသန်းလွင်ထွန်း ။ ။ တဖတ်ကကြည့်မယ်ဆိုရင်လည်း အနှစ်နှစ်အလလ ဖြစ်ခဲ့တဲ့ ပြဿနာတွေကို တထိုင်တည်း ဖြေရှင်းလိုက်လို့တော့ မြန်မြန်ဆန်ဆန်ကြီး မဖြစ်နိုင်ဘူးဆိုတဲ့ အနေအထားမျိုးတော့ ရှိမှာပေါ့။ လွှတ်တော်ကနေပြီးတော့ တိုက်တွန်းထားတဲ့အချက်တွေ ရှိပေမယ့် လက်တွေ့မှာ အကောင်အထည်ဖော်ပြီး လုပ်ဆောင်ပေးဖို့အတွက် အခက်အခဲတွေ ဖြစ်နိုင်တဲ့ အနေအထားတွေ မရှိနိုင်ဘူးလား။

ဦးရဲထွန်း ။ ။ အဓိက အခက်အခဲကတော့ သူတို့ရဲ့ mindset စိတ်နေစိတ်ထား။ တည့်တည့်ပြောရမယ်ဆိုရင် ဒါတွေကို အဲဒီလို တရားမျှမျှတတ၊ မှန်မှန်ကန်ကန် ဖြေရှင်းမယ်ဆိုလို့ရှိရင် မတော်မတရား သိမ်းထားတဲ့ လူတွေထဲမှာ အခုလုပ်ပိုင်ခွင့်ရှိတဲ့ အာဏာရှိတဲ့ ပုဂ္ဂိုလ်များလည်း ပါနေတယ်လို့ ယူဆရတာပေါ့။ ကျနော်ကတော့ အသေးစိတ်တော့ မသိဘူး။ ဒါပေမဲ့ ကြားရသလောက်တော့ အဲဒီလို ပါနေတဲ့အခါကြတော့ တုန့်နှေးနေတာပေါ့။ အမှန်တကယ်ဆိုရင်တော့ ဒါတွေက တကယ့်တကယ် Mindset က တောင်သူလယ်သမားတွေ၊ ပြည်သူလူထုဘက်က၊ နစ်နာတဲ့လူတွေဘက်က စာနာစိတ်သာ ရှိမယ်ဆိုရင်တော့ ဒါတွေ အကုန်ပြန်ပြီးတော့ ခွဲပေးလိုက်လို့ရှိရင် ပြီးသွားတဲ့ကိစ္စ။ အဲဒီတော့ အစိုးရက နိုင်ငံတော်အတွက် လိုအပ်တဲ့ ကားလမ်းဖောက်တာ၊ ရထားလမ်းဖောက်တာ ဥစ္စာတွေကလည်း လိုအပ်တဲ့ဟာကို သိမ်းပေါ့။ မလိုအပ်ဘဲ သိမ်းထားတဲ့ဟာတွေ။ ပုဂ္ဂလိကနေ ရောပြီးတော့၊ မြှောင်ပြီးတော့ သိမ်းထားတာတွေကို ပြန်ပေးလိုက်ပေါဗျာ။ အဲဒါ သူတို့ရဲ့ စိတ်ဓါတ်ကိုက မပြင်နိုင်တဲ့အခါကြတော့ ငါတို့က ဥပဒေနဲ့အညီ လုပ်ခဲ့တာဆိုပြီး ကပ်နေကြတဲ့အခါကြတော့ အဲဒီ အကောင်အထည်ဖော်တဲ့ လူတွေကလည်း အကောင်အထည်မဖော်ဘဲနဲ့ ကြပ်နေကြတာပေါ့။

ဦးသန်းလွင်ထွန်း ။ ။ လွှတ်တော်အနေနဲ့ အစိုးရကို ဒီလို လက်ညှိုးထိုးမယ်ဆိုရင် လွှတ်တော်ထဲမှာကိုယ်၌လည်း လွှတ်တော်ထဲမှာ ထင်ရှားတဲ့ ပုဂ္ဂိုလ်ကြီးတွေအနေနဲ့ လုပ်ငန်းရှင်ကြီးတွေ ရှိနေတယ်။ မြေယာပိုင်ရှင်ကြီးတွေ ရှိနေတယ်။ မြေယာတွေ သူတို့နံမည်တွေနဲ့ သိမ်းဆည်းထားတဲ့၊ သူတို့နံမည်တွေနဲ့ ပေါက်နေတဲ့ နေရာတွေ။ ရန်ကုန်တိုင်းမှာ၊ ဧရာဝတီတိုင်းမှာ အနံှရှိနေတယ်ဆိုတာတွေနဲ့ ပတ်သက်လို့ရော။

ဦးရဲထွန်း ။ ။ အတူူတူပေါ့ဗျာ။ သူတို့လည်း ဘယ်လို ဖော့တွေးတွေးတုန်း၊ ကိုယ်ဘာသာ ဖော့တွေးတာက သူတို့က အဲဒီတုန်းက လျှော်ကြေးပေးခဲ့ပြီးပြီ။ ဒါမှမဟုတ် လုပ်ထုံလုပ်နည်းနဲ့အညီ လုပ်တာပဲ စသဖြင့်ပေါ့ဗျာ။ အဲဒီလို တွေးပြီးတဲ့အခါကြတော့ တချို့ပြန်ပြီး မပေးဘူးပေါ့။ တချို့ကုမ္မဏီတွေ ဘာတွေကြတော့လည်း ပြန်ပေးလိုက်တာတွေလည်း ရှိတာပေါ့။ လယ်ဧက သောင်းနဲ့ချီပြီးတော့ ပြန်ပေးလိုက်တဲ့ ကုမ္မဏီတွေလည်း ရှိတာပေါ့။ အဲဒီတော့ အဓိကအားဖြင်တော့ ပါဝင်ပတ်သက်နေတဲ့ ပုဂ္ဂိုလ်များက ကိုယ်ချင်စာစိတ်နဲ့ တရားမျှတတဲ့စိတ် မွေးပြီးတဲ့အခါကြတော့ ရှေ့ကနေ ဦးဆောင်ပြီး မှန်ကန်စွာ လုပ်ပေးဖို့ လိုတာပေါ့။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒီလွှတ်တော်နာယကရဲ့ သဝဏ်လွှာနဲ့ ပတ်သက်ပြီးတော့ ပြည်သူလူထုအနေနဲ့ ဒါမှမဟုတ် လယ်သမားတွေ၊ နစ်နာခဲ့ရတဲ့ လူတွေအနေနဲ့ ဘယ်လိုတုံ့ပြန်လိမ့်မယ်လို့ ယူဆလဲ။

ဦးရဲထွန်း ။ ။ ပြည်သူလူထုကတော့ ကျနော်ထင်ပါတယ် မျှော်လင့်ချက်ထားပြီးတော့ လွှတ်တော်က သြဇာအာဏာ ရှိမလား။ အုပ်ချုပ်ရေးပိုင်းက သြဇာအာဏာ ရှိမလား။ အဲဒီလို တွေးပြီးတဲ့အခါကြတော့ ဘာမှဖြစ်မလာလို့ရှိရင်တော့ လွှတ်တော်လည်း သိက္ခာကျ၊ အစိုးရလည်း သိက္ခာကျ။ ပြည်သူလူထုရဲ့ ယုံကြည်မှုမရ ဖြစ်ပြီးတော့ နောက် ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ခွက်ခွက်လန်အောင် ရှုံးမှာပဲ အဖတ်တင်မှာပေါ့။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ မြေယာသိမ်းဆည်းမှုတွေကို သိမ်းဆည်းထားတဲ့ မြေတွေကို ပြန်ပေးဖို့ကိစ္စ။ ဒါမှမဟုတ်လို့ရှိရင် နောင်တချိန်မှာ အလားတူ မတရားမှုတွေ မပေါ်ပေါက်ဖို့အတွက်ကို ကာကွယ်နိုင်ရေးကိစ္စမှာ လွှတ်တော်အနေနဲ့ တိတိကျကျ ပြဌာန်းပြီး လုပ်ဆောင်နေတဲ့ ဥပဒေတွေ ဘာတွေများ ရှိလာနိုင်မလဲ။

ဦးရဲထွန်း ။ ။ မရှိသေးဘူးဗျ။ အဲဒါနဲ့ ပတ်သက်လို့ ကျနော်ကတော့ နှစ်ခါလောက် စာရေးပြီး အကြံပေးထားတာတော့ ရှိပါတယ်။ ကျနော်တို့ အခုလေ့လာသုံးသပ်ပြီးတော့ တွေးလာတာတွေကို ယေဘုယျအားဖြင့် အတန်းအစား ခွဲလိုက်ပြီးတဲ့အခါကြလို့ရှိရင် အဲဒီ ယေဘုယျ အတန်းအစားအလိုက်ကို နားလည်းပြီးပြီဆိုရင် ဒါနဲ့ ပတ်သက်လို့ရှိရင် အကြံပေးရမယ်။ ဘယ်လို အခြေအနေဆိုရင် ဘယ်လိုဆိုတာမျိုးကို ဥပဒေတခု ကျနော်တို့ လွှတ်တော်က ပြုသင့်တယ်။ ပြန်မပေးဘူးဆိုတဲ့လူကို ကျနော်တို့က ဥပဒေအကြောင်းအရ ပြစ်ဒဏ်သတ်မှတ်ပြီးတဲ့အခါကြတော့ ပြစ်ဒဏ်ချမယ်။ ချသင့်တယ်ပေါ့။ By force သဘောမျိုး ဆောင်သွားမှာပေါ့။ အဲဒါမျိုး ကျနော်က ဥပဒေပြုဖို့ကို အကြံပြုထားတယ်။ သို့သော်လည်း ကနေ့ထက်အထိတော့ အဲဒီလိုမျိုး ဥပဒေပြုဖို့ လုပ်ဆောင်တာ မတွေ့ရသေးဘဲနဲ့ အုပ်ချုပ်ရေးပိုင်း၊ အစိုးရအဖွဲ့ကိုပဲ ပူးပေါင်းပြီးတော့ ဆောင်ရွက်ဖို့ တိုက်တွန်းနေတာကိုပဲ တွေ့ရတယ်။ နောက်လာမယ့်ဟာတွေနဲ့ ပတ်သက်လို့လည်း မတော်မတရား ကိစ္စတွေ ဖြစ်လာလို့ရှိရင် ဘယ်လို အရေးယူမယ်။ တာဝန်ရှိတဲ့လူကို ပြစ်ဒဏ်ပေးမယ်ဆိုတာမျိုး ပြဌာန်းဖို့လည်း လုပ်ဆောင်ထားတာ မရှိဘူးဗျ။

ဦးသန်းလွင်ထွန်း ။ ။ သီပေါမြို့နယ် ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်း ကို ဗွီအိုအေ ဆက်သွယ်မေးမြန်းခဲ့တာပါ။
XS
SM
MD
LG