သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီနေ့ မြန်မာ့မီဒီယာ စာနယ်ဇင်း အခြေအနေ


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်မှာ ပေါက်မြို့နယ်ထဲမှာရှိတဲ့ အစိုးရရဲ့ ကာကွယ်ရေးစက်ရုံဆိုတဲ့ စက်ရုံတခုကို လျှို့ဝှက်ဓာတုစက်ရုံလို့ စွပ်စွဲဖော်ပြခဲ့တဲ့ ယူနီတီဂျာနယ် (Unity Journal) က အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းအပါအဝင် သတင်းထောက် (၅) ဦးကို မြန်မာနိုင်ငံလျှို့ဝှက်ချက် ဥပဒေပုဒ်မ (၃/၉) နဲ့ စွဲချက်တင်ဖို့အတွက် ပခုက္ကူခရိုင်တရားရုံးမှာ သောကြာနေ့မှာ ရုံးထုတ်ခဲ့ပါတယ်။ ဒီအမှုဟာ မြန်မာနိုင်ငံက သတင်းလွတ်လပ်ခွင့်အရေး ဆောင်ရွက်နေသူတွေအတွက် အထူးစောင့်ကြည့်ရမယ့်ကိစ္စ ဖြစ်လာတာမို့ မြန်မာစာနယ်ဇင်းကောင်စီအဖွဲ့ဝင် ဦးဇော်သက်ထွေးကို ဗွီအိုအေအယ်ဒီတာ ဦးသာညွှန့်ဦး က တွေ့ဆုံမေးမြန်းထားပါတယ်။

ဦးသားညွှန့်ဦး ။ ။ ကျနော် အရင်ဆုံးမေးချင်တာကတော့ မကြာသေးခင်ကပဲ ယူနီတီဂျာနယ်ကိစ္စ။ ဂျာနယ်ထဲမှာ အခုနပြောသလို ဓာတုလက်နက်စက်ရုံ ဆိုပြီးတော့ ပြောသွားတယ်။ ပြောသွားတော့ ယူနီတီဂျာနယ် အယ်ဒီတာချုပ်အပါအဝင် သတင်းထောက်တွေ ဖမ်းဆီးခံရတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ မြန်မာစာနယ်ဇင်းကောင်စီအနေနဲ့ ဘာတွေများ အရေးယူဆောင်ရွက် လုပ်ကိုင်နေသလဲ။

ဦးဇော်သက်ထွေး ။ ။ ကျနော်တို့ ဒီပြဿနာနဲ့ ပတ်သက်ပြီးတော့ စာနယ်ဇင်းကောင်စီမှာ အရေးပေါ်အစည်းအဝေးတခု လုပ်ခဲ့ပါတယ်။ အဓိကတော့ အရေးပေါ်အစည်းအဝေး လုပ်ရတဲ့အကြောင်းရင်းက မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီကို လွတ်လပ်တဲ့ စာနယ်ဇင်းအဖွဲ့တွေကနေ ပူးပေါင်းပြီးတော့ ယူနီတီဂျာနယ်မှာ ဖမ်းဆီးခံရတဲ့ သတင်းထောက်တွေနဲ့ ပတ်သက်ပြီးတော့ စာနယ်ဇင်းကောင်စီက အစိုးရနဲ့ ဖမ်းဆီးခံရတဲ့ မီဒီယာသမားတွေကြားမှာ ကြားဝင်ဆောင်ရွက်ပေးဖို့ တိုက်တွန်းတောင်းဆိုတဲ့စာ ကျနော်တို့ ပို့ထားပါတယ်။ ကျနော်တို့ အစည်းအဝေးမှာတော့ စာနယ်ဇင်းကောင်စီက ဒီပြဿနာမှာ သူမှန်တယ်၊ ကိုယ်မှန်တယ်လို့ ဝင်ပြီးလို့ ဆွေးနွေးနေတာထက်စာရင် ကျနော်တို့တိုင်းပြည်အတွက် နဲ့ မီဒီယာလောကအတွက် အကျိုးရှိစေမယ့် ထောင့်ကနေ ချဉ်းကပ်ဖို့ ကြိုးစားနေပါတယ်။ အဲဒါကတော့ အခု ဒီပြဿနာပေါ်မှာ မူတည်ပြီးတော့မှ သတင်းထောက်တွေ ဖမ်းဆီးရာမှာ ဥပဒေအရ ဖြစ်စေချင်တယ်။ နောက်တခုက ဒီသတင်းထောက်တွေက တကယ်လို့ ethical ချိုးဖောက်ပြီးတော့ သတင်းယူခဲ့တယ်ဆိုရင်လည်း ဒီဟာနဲ့ ပတ်သက်လို့ သူတို့ဖက်က ခုခံပိုင်ခွင့်တွေကိုလည်း အပြည့်အဝ ပေးစေချင်တယ်။ နောက်တခုက စာနယ်ဇင်းကောင်စီဆိုတာက powerful မဟုတ်ပါဘူး။ Powerless ပါ။ ဒါပေမဲ့ ကျနော်တို့က leading role မှာ ရှိနေတဲ့ အဖွဲ့အစည်းတခုဖြစ်တယ်။ ဒါကြောင့် ပြဿနာဖြစ်တိုင်းဖြစ်တိုင်း ကျနော်တို့က Buffer zone အနေနဲ့ ကြားကဝင်ပြီးတော့ ညှိနှိုင်းဆောင်ရွက်ပြီးမှ ကျနော်တို့ စာနယ်ဇင်းကောင်စီက ဖြေရှင်းလို့မရမှ တရားရုံးကိုသွားဖို့ဆိုပြီးတော့ ကျနော်တို့က မေတ္တာရပ်ခံထားတာတွေ ရှိပါတယ်။ ပြီးခဲ့တဲ့တနှစ်လုံးမှာ ပြဿနာပေါင်း (၂၀) ကျော်ကို ကျနော်တို့ ဖြေရှင်းပေးနိုင်ခဲ့တယ်။ ဒါပေမဲ့ ယူနီတီကိစ္စမှာတော့ ပြည်ထဲရေးကနေ တိုက်ရိုက်ဖမ်းဆီးတဲ့အတွက် ကျနော်တို့ စာနယ်ဇင်းကောင်စီ က မသိရှိလိုက်ပါဘူး။

ဦးသားညွှန့်ဦး ။ ။ ဒါပေမဲ့ စာနယ်ဇင်းကောင်စီဆိုတာလည်း သမ္မတကနေ ခန့်အပ်ပြီးတော့ ဖွဲ့ထားပေးတာ မဟုတ်လား။ ဒါကတော့ အစိုးရအဖွဲ့နဲ့ ပတ်သက်လို့ ကိုယ့်သြဇာ သက်ရောက်မှုရှိသလဲ စာနယ်ဇင်းကောင်စီအနေနဲ့။

ဦးဇော်သက်ထွေး ။ ။ အဲဒီတော့ ကျနော်တို့ စာနယ်ဇင်းကောင်စီရဲ့ သဘောထားကို နိုင်ငံတော်သမ္မတနဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနတို့ကို ပို့ထားတယ်။ လွှတ်တော်နှစ်ရပ်လုံးကို ပို့ထားတယ်။ အဓိကတော့ ဒီပြဿနာနဲ့ ပတ်သက်ပြီးတော့ စာနယ်ဇင်းကောင်စီက ကြားဝင်ဆောင်ရွက်ချင်တယ်ဆိုတဲ့အကြောင်းကို ကျနော်တို့က အကြောင်းကြားထားတာပေါ့။ ဒါနဲ့ ပတ်သက်လို့တော့ အစိုးရဖက်က တုန့်ပြန်လာမယ့်အခြေအနေကို စောင့်စားနေပါတယ်။

ဦးသားညွှန့်ဦး ။ ။ နောက်တခုက သတင်းထောက်တွေနဲ့ ပတ်သက်လို့ကော ယခုဆိုရင် ယူနီတီသတင်းဂျာနယ် ဖြစ်တယ်။ တလောကလည်း လွိုင်ကော်ဖက်မှာ သတင်းထောက်တယောက် သတင်းယူတာ ပိုင်နက်ကျူးလွန်မှုနဲ့ အရေးယူခံရပြီး ထောင်ပါချခံရတယ်။ သတင်းထောက်တွေနဲ့ ပတ်သက်လို့ အခွင့်အရေးကာကွယ်ရေးနဲ့ ပတ်သက်လို့ စာနယ်ဇင်းကောင်စီအနေနဲ့ ဘာတွေများ စဉ်းစားထားတာ ရှိသလဲ။

ဦးဇော်သက်ထွေး ။ ။ ကျနော်တို့ တော်တော်လေး စိုးရိမ်ပူပန်မှု ရှိပါတယ်။ ဘာလဲဆိုတော့ ကျနော်တို့က တိုင်းပြည်က ဒီမိုကရေစီနိုင်ငံ သွားတဲ့အခါကြတော့ Freedom of Expression က လွတ်လပ်နေဖို့ လိုပါလိမ့်မယ်။ ဒါပေမဲ့ အခု ဒီဖက်နှစ်ပိုင်းမှာ သတင်းထောက်တွေ သတင်းယူတဲ့အခါမှာတော့ တရားစွဲဆိုခံရတာတွေ၊ ထောင်ချခံရတာတွေ ရှိလာတယ်။ အဲဒီတော့ အဲဒါတွေအားလုံးကို အကာအကွယ်ပေးဖို့ကတော့ မီဒီယာဥပဒေ (media law) က လွှတ်တော်က အတည်မပြုနိုင်သေးတဲ့အတွက်ကြောင့် ကျနော်တို့က 62 Press Acts အောက်မှာပဲ လှုပ်ရှားသွားလာနေရတယ်။ အချိန်မရွေး ဒီဥပဒေနဲ့ ရင်ဆိုင်နေရတဲ့အခါကြတော့ လွှတ်တော်ကနေ ဒီ မီဒီယာဥပဒေကို အမြန် အတည်ပြုပေးဖို့လိုတယ်။ နောက်ပြီးတော့ သတင်းထောက်တွေက သတင်းရယူပိုင်ခွင့် ရှိပါတယ်။ အဲဒါတွေ ရယူပိုင်ခွင့်ရှိတဲ့အခါမှာလည်း လုံခြုံရေးရှုထောင့်ကနေ secrete act တွေ ပေါက်ကြားမှာစိုးလို့ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက သတင်းတွေကို ပိတ်ထားရင် မီဒီယာနဲ့ အစိုးရအဖွဲ့ကြားမှာ ပဋိပက္ခတွေ ရှိလာနိုင်ပါတယ်။ နားလည်းမှုတွေ လွှဲနိုင်ပါတယ်။ ဒါကြောင့်မို့ ဒါနဲ့ပတ်သက်လို့ clear message တခုကို အစိုးရဖက်ကရော၊ မီဒီယာဖက်ကရော၊ လွှတ်တော်ကရော ပေးဖို့ လိုအပ်နေပါတယ်။

ဦးသားညွှန့်ဦး ။ ။ နောက်တခုက အခု သတင်းမီဒီယာကိစ္စပါ။ သတင်းမီဒီယာကိစ္စဆိုတာ စာနယ်ဇင်းကောင်စီအနေနဲ့ သတင်းဥပဒေမူကြမ်းတွေ လုပ်နေတာတွေရှိတယ်။ ညှိနှိုင်းနေတာရှိတယ်။ ဒီ ဥပဒေကြမ်းက ဘယ်လောက်အထိ သတင်းသမားတွေကို အကာအကွယ်ပေးမယ့် အခြေအနေ ရှိနိုင်မလဲ။ ဘယ်လောက်အထိ မျှော်မှန်းထားသလဲ။

ဦးဇော်သက်ထွေး ။ ။ အဓိကတော့ ဒီ ဥပဒေသာ အတည်ဖြစ်ခဲ့ရင် သတင်းသမားတွေက ထောင်ကျမယ့်အဆင့်တော့ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ တခြား criminal case နဲ့ ပြစ်ဒဏ်ပေးတာမျိုးနဲ့တော့ မတတ်နိုင်ဘူး။ သို့သော် သတင်းရယူလို့ ထောင်ကျရမယ့်အရေးတော့ ဒီ media law က အကာအကွယ်ပေးထားတာတော့ ရှိတယ်။

ဦးသားညွှန့်ဦး ။ ။ Media law က စာနယ်ဇင်းကောင်စီအနေနဲ့ ဆွေးနွေးပြီး ညှိနှိုင်းထားတဲ့အရာလား။

ဦးဇော်သက်ထွေး ။ ။ ဟုတ်ကဲ့ စာနယ်ဇင်းကောင်စီကနေ ညှိနှိုင်းပြီးတော့ ပြည်သူ့လွှတ်တော် နဲ့ အမျိုးသားလွှတ်တော်မှာ တင်တယ်။ သူတို့မှာလည်း ဒီအချက်ကို လက်ခံထားတာရှိတယ်။ တကယ်လို့သာ ဒီ media law အတည်ပြုရင်တော့ စာနယ်ဇင်းသမားတွေက ကြိုးတန်းပေါ်မှာ လမ်းလျှောက်ရတဲ့ အခြေအနေတော့ ကင်းဝေးသွားမှာပါ။

ဦးသားညွှန့်ဦး ။ ။ အဲဒါ ဘာဖြစ်လို့လဲ။ ဘယ်လိုအချက်မျိုး ပါလို့လဲ။

ဦးဇော်သက်ထွေး ။ ။ ကျနော်တို့က သတင်းရယူတဲ့အခါမှာ စာနယ်ဇင်းသမားတွေက အခုန အခြေအနေတရပ်ကြောင့် ပြဿနာဖြစ်ခဲ့ရင် တည်ဆဲဥပဒေအရ သူတို့ကို အရေးယူခွင့် မပြုဘဲနဲ့။ တခြား media law က ပေးထားတဲ့ ငွေဒဏ်နဲ့ တခြားပြစ်ဒဏ်တွေကိုပဲ ပေးဖို့အတွက်ကို ကျနော်တို့ ရေးဆွဲထားပါတယ်။ အဲဒါကိုလည်း အားလုံးက သဘောတူ လက်ခံထားပါတယ်။

ဦးသားညွှန့်ဦး ။ ။ ဒါပေမဲ့လဲ အခုန တရားစွဲတဲ့ကိစ္စတွေမှာဆိုရင် ပြီးခဲ့တဲ့ လွိုင်ကော်မှာ ဖြစ်တဲ့ကိစ္စဆိုရင်လည်း ပိုင်နက်ကျူးလွန်မှုတို့ ဘာတို့ပါပါတယ်။ အဲဒီတော့ criminal အမှုတွေပဲ ဖြစ်နေတာ မဟုတ်ဘူးလား။

ဦးဇော်သက်ထွေး ။ ။ အဲဒါက အန္တရာယ်ကြီးပါတယ်။ ကျနော်တို့က media law က အတည်ပြုပေးတဲ့အချိန်မှာတောင်မှ ဂျာနယ်လစ်တွေ၊ မီဒီယာသမားတွေကို အခုန အသေရေဖျက်မှုလိုမျိုးတွေ၊ security act တို့လိုဟာမျိုးတွေနဲ့ တရားစွဲရင် ကျနော်တို့ အချိန်မရွေး အန္တရာယ်ရှိတဲ့အခါကြတော့ ဒါတွေနဲ့ ပတ်သက်လို့ ကျနော်တို့အားလုံးဟာ တခုခုကိုတော့ ဆွေးနွေးပြီးတော့ လုပ်ထားဖို့လိုမယ်ဆိုတာကိုတော့ ဒီမှာ သိသာထင်ရှားနေတာပါ။

ဦးသားညွှန့်ဦး ။ ။ အခု နိုင်ငံရေးပွင့်လင်းလာပြီးနောက်ပိုင်း သတင်းမီဒီယာတွေနဲ့ ပတ်သက်လို့ လွတ်လွတ်လပ်လပ် သတင်းစာတွေ ထုတ်ခွင့်တွေရတာတွေ တွေ့ပါတယ်။ တခြား ခြိမ်းခြောက်ဟန့်တားမှု၊ ကန့်သတ်မှုတွေ တစုံတရာ ရှိသေးလား။ ဘာလိုဟာမျိုးတွေ ရှိနေသေးလဲ။

ဦးဇော်သက်ထွေး ။ ။ ရှိနိုင်တယ်။ ဥပမာဆိုလို့ရှိရင် အစိုးရဝန်ကြီးဌာနတွေနဲ့ တပ်မတော်ပိုင်းမှာ သတင်းယူတဲ့အခါမှာ သတင်းသမားတွေအတွက် နံပတ်တစ် အခက်အခဲရှိတယ်။ နောက်တခုက ပုဂ္ဂလိက သတင်းတွေယူတဲ့အခါမှာလည်း အဲဒီ ကုမ္ပဏီတွေက သူတို့ရဲ့ အားနည်းချက်တွေကို ပြည်သူလူထုကို သိသွားမှာ စိုးလို့အတွက် သတင်းထောက်တွေ၊ သတင်းစာတိုက်တွေ၊ ဂျာနယ်တွေကို အတင်းအကြပ် ဖိအားပေးတာမျိုးတွေလည်း ရှိနေတယ်။ ဒါတွေ အားလုံးဟာ ကျနော်တို့ အချိန် သူ့ဟာနဲ့သူ အသေးအမွှား ဖြစ်နေပေမယ့် နေရာတိုင်းမှာ ဒီလိုမျိုးတွေ ဖြစ်ပျက်နေတာကို ၂၀၁၃ တခုလုံးမှာ တွေ့ရပါတယ်။

ဦးသားညွှန့်ဦး ။ ။ သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ အစိုးရက အစိုးရဝန်ကြီးဌာနတွေနဲ့ ဆက်ဆံတဲ့အခါမှာ ဘယ်လို အနေအထားရှိသလဲ။

ဦးဇော်သက်ထွေး ။ ။ တော်တော်တော့ ဆိုးပါတယ်။ နိုင်ငံတော်သမ္မတကြီးနဲ့ စာနယ်ဇင်းကောင်စီ တွေ့တဲ့အခါမှာ အစိုးရရဲ့ ဝန်ကြီးဌာနတွေက contact person တွေ၊ speaker တွေကို ထားပေးဖို့။ ဒါမှ သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ အချက်အလက်တွေနဲ့ သိလိုတာကို သိဖို့အတွက်ကို တောင်းဆိုတဲ့အခါမှာ သမ္မတကြီးက ဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်။ အောက်ခြေမှာတော့ ဝန်ကြီးဌာနတွေမှာတော့ အဲဒါအတွက် ပြုပြင်ပြီးတော့ သမ္မတ ပြောတဲ့အတိုင်း လုပ်ပေးတာ မရှိပါဘူး။ အဲဒါ ကျနော်တို့ သမ္မတနဲ့ တွေ့ခဲ့တာ တနှစ်နီးပါးရှိပြီ။ အောက်ခြေမှာတော့ ပြုပြင်ပြောင်းမှုလည်း မရှိဘူး။ အစိုးရဌာနတွေကို သတင်းယူရာမှာလည်း အခက်အခဲတွေက ယနေ့တိုင်း ရှိနေတုန်းပါ။

ဦးသားညွှန့်ဦး ။ ။ နောက်တပိုင်းကတော့ သတင်းကျင့်ဝတ်ပိုင်းပါ။ အခုဆိုရင် သတင်းစာတွေ ထွက်လာပြီ။ သတင်းဂျာနယ်တွေလည်း ထွက်လာပြီ။ အဲဒီတော့ တဖက်မှာ သတင်းထောက်တွေရဲ့ လွတ်လပ်ခွင့် ပြောသလိုပဲ၊ သတင်းထောက်တွေရဲ့ ကျင့်ဝတ်ပိုင်းကို ဘယ်လိုမြင်သလဲ။ အခုဆိုရင် သတင်းစာတွေမှာ ရေးသားတာတွေနဲ့ ပတ်သက်လို့။

ဦးဇော်သက်ထွေး ။ ။ ကျနော်တို့ တိုင်းပြည်က အခု freedom of expression စာပေစီစစ်ရေး ဖျက်သိမ်းတဲ့ ၂၀၁၂ နှစ်ကုန်ပိုင်းကမှ ရခဲ့တာပါ။ အဲဒီအခါမှာ ဒီနယ်ပယ်က ချက်ချင်းကြီး space က အကျယ်ကြီး ဖြစ်သွားတယ်။ နောက်ပြီးတော့ အဲဒီအထဲကို လူငယ်လူရွယ်တွေက အလုပ်လုပ်ကိုင်ဖို့ ဝင်ရောက်လာကြတယ်။ ပြဿနာက ဒီလူငယ်လူရွယ်တွေက သတင်းထောက်အဖြစ် အရည်အချင်းတွေမှာ ဖြည့်ဆည်းဖို့ လိုအပ်နေတယ်။ အဲဒီတော့ ကျနော်တို့က တဖက်က ဒီအတွေ့အကြုံနုနယ်တဲ့ သတင်းယူတဲ့အခါမှာ ကျင့်ဝတ်နဲ့မညီတဲ့ သတင်းမျိုးတွေ တွေ့မြင်နေရတာ ရှိပါတယ်။ ဒါပေမဲ့ ဒါဟာ အပြစ်ဆိုစရာ မဟုတ်ဘဲနဲ့ ဒီအပေါ်မှာ capacity building လုပ်ပြီးတော့ ကျနော်တို့ရဲ့ မီဒီယာနယ်ပယ်က ဂျာနယ်လစ်တွေ၊ သတင်းသမားတွေရဲ့ အရည်အသွေးကို တိုးမြှင့်ပေးရမယ်။ ဒီဖက်မှာလည်း transitional period ကာလကို အစိုးရက နားလည်းပြီးတော့မှ ဒီလူတွေကို ထိန်းထိန်းသိမ်းသိမ်းနဲ့ ထိတွေ့ဆက်ဆံမယ်ဆိုရင်တော့ ကြီးကြီးမားမား ပြဿနာပေါ်ပေါက်မယ်လို့ မထင်ပါဘူး။

ဦးသားညွှန့်ဦး ။ ။ တခြား သတင်းလောကနဲ့ ပတ်သက်ပြီးတော့ ပွင့်လင်းလာတဲ့ အခြေအနေ၊ လက်ရှိ အခြေအနေနဲ့ ပတ်သက်လို့ ကိုဇော်သက်ထွေး အမြင် ကျေနပ်အားရမှု ရှိသလား။ အခု လက်ရှိ အနေအထားမှာ။

ဦးဇော်သက်ထွေး ။ ။ မရှိပါဘူး။ ဘာလဲဆိုတော့ ဒီဖက်က ပြန်ကြားရေးဝန်ကြီးဌာနက Freedom of Expression နဲ့ ပတ်သက်ပြီးတော့ Responsible media ဖြစ်ဖို့ တာဝန်ယူပြီးမှ ကိုယ့်တာဝန်နဲ့ကိုယ် ယူပြီးမှ သတင်းတွေကို လွတ်လပ်ခွင့် ပေးချင်တယ့် သဘောထားမျိုးရှိတယ်။ ဒါပေမဲ့ ကျနော်တို့ ဒီဖက်က Media sector က လူတွေက absolute freedom ကို ယူချင်တယ်။ အဲဒီနှစ်ခုက အမြဲတမ်း confrontation ဖြစ်နေတယ်။ ဒီကြားထဲမှာ လွတ်လပ်စွာ ထုတ်ဝေခွင့်ရလာတဲ့အခါမှာ အဲဒီ သတင်းစာတွေ၊ ဂျာနယ်တွေထဲမှာလည်း တကယ့်ကို ethical နဲ့ မညီတဲ့၊ နောက်ပြီးတော့ အစိုးရဖက်က လက်ညှိုးထိုးစရာဖြစ်တဲ့ ကျင့်ဝတ်ဖောက်ဖျက် ရေးသားတဲ့ သတင်းစာတွေ၊ ဂျာနယ်တွေ တွေ့နေရတယ်။ ဒါက ဘာလဲဆိုတော့ မင်းတို့ကို လွတ်လပ်ခွင့် ပေးလို့မရသေးဘူး။ ဒီမှာ ရေးသားနေတာတွေက တော်တော်ကို ဆိုးဝါးနေတယ်။ ဒါက တိုင်းပြည်နဲ့ လူမျိုးနဲ့ ပြည်သူလူထုကို အန္တရာယ်ဖြစ်စေတယ်ဆိုတဲ့ လက်ညှိုးထိုးစရာ ပုံသဏ္ဍာန်ကို တမင်ဖန်တီးနေသလားလို့တောင် ယူဆကြတယ်။ ဒါကြောင့်မို့ ဒါတွေ အားလုံးကို သန့်စင်သွားဖို့အတွက်ကို ကျနော်တို့က တကယ့်ကို သတိကြီးကြီးနဲ့ နူနူညံ့ညံ့နဲ့ ဆောင်ရွက်သွားရမယ်။ တကယ်လို့ ဒါတွေကြောင့် Freedom of Expression နောက် ကာလတခုကြမှ ပေးမယ်ဆိုရင်လည်း ဒီ reasonable က အဓိပ္ပါယ် မရှိပါဘူး။ ဒါကြောင့်မို့ ဒီအခြေအနေမှာ ကျနော်တို့ မီဒီယာလောကကြီးက လျှောက်လှမ်းနေရတာပါ။

ဦးသားညွှန့်ဦး ။ ။ နောက်တခု self censorship နဲ့ ပတ်သက်လို့ မေးချင်ပါတယ်။ အခုက သတင်းစာနယ်တွေကို လွတ်လပ်ခွင့် ပေးလိုက်ပြီ၊ ဘာမှ စာပေစီစစ်ရေးတွေ ဖြတ်စရာ မလိုဘူး။ ဒါပေမဲ့ တချို့ နိုင်ငံတွေမှာ ဒီလိုပဲ အခြေအနေ ဖြစ်နေပေမယ့် ထုတ်ဝေမှုကို ရုတ်သိမ်းတာတို့၊ အဲဒီလိုမျိုး ဖြစ်တဲ့အခါမှာ ရေးတဲ့သားတဲ့ နေရာမှာ self censorship ကိုယ်ဘာသာ သတင်းကို ထိန်ချန်ပြီးတော့၊ စီစစ်ပြီးတော့၊ စိုးရိမ်ပြီးတော့ အာဏာပိုင်က အရေးယူမှာကို စိုးရိမ်ပြီးတော့ ရေးမှုသားမှုတွေ နိုင်ငံအတော်များများမှာ ဖြစ်တယ်။ ဗမာနိုင်ငံမှာလည်း အလားတူအခြေအနေတွေ မြင်ရသလား။

ဦးဇော်သက်ထွေး ။ ။ အခု စာပေလွတ်လပ်ခွင့် ပေးလိုက်တယ်ဆိုတာကို ဘယ်ဥပဒေနဲ့ ပေးလိုက်တယ်ဆိုတာ မရှိသေးဘူး။ နိုင်ငံရေး give and take. Political situation အရ ရခဲ့တဲ့ freedom of expression ဖြစ်နေတယ်။ အဲဒီတော့ သတင်းသမားတွေက self censorship လုပ်ပြီး ရေးနေရင်တောင်မှ ပြဿနာတခုခုဖြစ်တိုင်း ကျနော်တို့က လက်ရှိတည်ဆဲ 62 Press Act နဲ့ တခြား ဥပဒေပုဒ်မတွေနဲ့ အမြဲတမ်း ရင်ဆိုင်ရအုံးမှာပဲ။ အဲဒီတော့ ဒီဖက်မှာ media law က အတည်ပြု ပြဌာန်းလိုက်မယ်။ အဲဒီအခါကျမှ မီဒီယာသမားတွေရဲ့ လွတ်လပ်ခွင့်ကို အပြည့်အဝ အာမခံနိုင်မယ့် ဥပဒေပုဒ်မတွေ ပေါ်လာမှာ။ အခုလက်ရှိမှာတော့ အဲဒီ ဥပဒေတွေတောင် မရှိသေးတော့ ကျနော်တို့က self censorship ကလည်း တကယ့်ကို အန္တရာယ်ကြီးတဲ့ track တခုတည်းကို ရောက်နေတယ်လို့ ယူဆပါတယ်။

ဦးသားညွှန့်ဦး ။ ။ ကိုယ့်ဘာသာ ရေးရသားရမယ့်သူတွေ၊ အယ်ဒီတာတွေအနေနဲ့ ကိုယ့်ရေးမယ့်သားမယ့် သတင်းအပေါ်မှာ တစုံတရာ အရေးယူခံရမယ်ဆိုတဲ့ စိုးရိမ်စိတ်ကတော့ ရှိနေကြတာပေါ့။

ဦးဇော်သက်ထွေး ။ ။ ရှိပါတယ်။ ရင်ထဲမှာ worry တွေက ပိုတောင်မှ များလာတယ်။ ယူနီတီဂျာနယ်မှာ အဖမ်းခံရတဲ့ကိစ္စတွေနဲ့ နောက်ပိုင်းမှာ ရေးတဲ့ အယ်ဒီတာတွေနဲ့ သတင်းထောက်တွေရဲ့ ရင်ထဲမှာ စိုးရိမ်မှုတွေ ပိုတောင်မြင့်တက်လာတယ်။

ဦးသားညွှန့်ဦး ။ ။ အခုအခြေအနေက မြန်မာ့သတင်းလောက ပိုပြီးတော့ တိုးတက်လာမယ်။ အရည်အသွေးကောင်းဖို့တွေ ဖြစ်လာဖို့ဆိုရင် တကယ်တမ်း ကြုံရတဲ့ challenge စိမ်ခေါ်ချက်တွေဆိုရင် ကိုဇော်သက်ထွေး ဘာမြင်သလဲ။

ဦးဇော်သက်ထွေး ။ ။ အဓိက စိမ်ခေါ်ချက်တွေကတော့ ကျနော်တို့ဖက်က codes of conduct နဲ့ codes of ethics ကို ကျနော်တို့ သတင်းသမားတွေက ကျေကျေညက်ညက်နဲ့ နားပြီးတော့၊ အန္တရာယ်တွေကို ရှောင်ရှားဖို့လိုတယ်။ နောက်ပြီးတော့ democratic transition မှာ အစိုးရဖက်ကလည်း ဒီအခြေအနေကို နားလည်းပြီးတော့မှ စတုတ္ထမဏ္ဍိုင် fourth panel ကို လက်တွဲပြီး ခေါ်ယူဖို့ လုပ်ရပါတယ်။ အခုအချိန်အထိတော့ စတုတ္ထမဏ္ဍိုင်နဲ့ အစိုးရဖြစ်စေ၊ အာဏာပိုင်တွေနဲ့ဖြစ်စေ ကျနော်တို့တွေ ဒီမိုကရေစီ ထူထောင်ဖို့အတွက် တသားတည်း ဖြစ်မနေဘူးဆိုတာတော့ သိသိသာသာ ထင်ရှားပါတယ်။

ဦးသားညွှန့်ဦး ။ ။ အလားအလာတွေက စတုတ္ထမဏ္ဍိုင်ရယ်လို့ ခိုင်ခိုင်မာမာ ဖြစ်လာဖို့ ဗမာပြည်အနေအထားကို မြင်ရပြီလား။

ဦးဇော်သက်ထွေး ။ ။ မမြင်ရသေးပါဘူး။ အခုအခြေအနေက ရုန်းကန်နေရဆဲကာလ ရှိပါသေးတယ်။

ဦးသားညွှန့်ဦး ။ ။ ကိုဇော်သက်ထွေး ကျေးဇူးအများကြီး တင်ပါတယ်။
XS
SM
MD
LG