သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ် ငြိမ်းချမ်းရေး


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေရပ်ဆဲပြီး ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ မြန်မာစစ်တပ်ကာကွယ်ရေး ဦးစီးချုပ်မှာ အဓိကတာဝန်ရှိသည်မြင်ကြောင်း နဲ့ နှစ်ဖက်စလုံးက အပစ်ရပ်ဆဲဖို့ လိုမယ့်အကြောင်း တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ ပူတာအိုခရိုင်က မဲဆန္ဒနယ်မြေ အမှတ် (၁၂) က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဂျေယောဝု က ပြောဆိုပါတယ်။ ကိုသိန်းထိုက်ဦး က တွေ့ဆုံမေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ကိုသိန်းထိုက်ဦး ။ ။ ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့အတွက် မြန်မာစစ်တပ်မှာ အဓိကရှိတယ်လို့ မြင်တဲ့အကြောင်း ကချင်တိုင်းရင်းသား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးဂျေယောဝု က ပြောဆိုပါတယ်။ ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်ရာမှာ မြန်မာစစ်တပ်ဖက်က တိုက်လေယာဉ်တွေအသုံးပြုနေတာကိုလည်း သူက ကန့်ကွက်ပြောဆိုသွားပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ ပူတာအိုခရိုင် မဲဆန္ဒနယ်မြေ အမှတ် (၁၂) က ဦးဂျေယောဝု ကို ကျနော်တွေ့ဆုံမေးမြန်းချိန် ကချင်ပြည်နယ်အတွင်း လတ်တလော ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး သူက အခုလို စပြောပြပါတယ်။

ဦးဂျေယောဝု ။ ။ ပူတာအိုကနေ စပြောရအောင်လေ။ ကျနော့် မဲဆန္ဒနယ်မြေ။ ပူတာအိုမှာလည်း ကျနော်တို့ တပ်ရင်းတွေ စစ်သားတွေ ၈၀၀-၁၀၀၀ လောက် အဲဒီကြားထဲမှာ ရောက်တယ်လို့ပြောတယ်။ ရောက်ပြီးမှ ဆွမ်ပရာဘွမ် ကို ဆင်းလာတယ်။ ဆွမ်ပရာဘွမ်ကို ဒီလိုဆင်းလာပြီးတော့ အဲဒီမှာလည်း ပစ်ကြခတ်ကြ တိုက်ပွဲတွေဖြစ်တယ်။ လုံချာရန် အကျော် ဆွမ်ဘီရန် အကြားမှာ။ မိုင်ပေါင်း ၂၅-၃၀ ကြားလောက် အဲဒီမှာ တိုက်ပွဲပြင်းထန်တယ်လို့ ပြောပါတယ်။ ကျနော်တို့ကတော့ အဲဒီနေရာတွေကို မရောက်ခဲ့ဘူးပေါ့။ အဲဒီမှာလည်း နှစ်ဦးနှစ်ဖက် အကျအဆုံးတွေ များကြတယ်လို့ ပြောကြပါတယ်။ မြစ်ကြီးနားဘက်ကိုလည်း တပ်မတွေ တက်လာတယ်။ တရန်ဇွတ်၊ ဆွတ်ခါး တို့ ဆွမ်ပရာဘွမ်အထက် ဘွမ်ခါးတို့မှာလည်း တိုက်ပွဲတွေ ပြင်းထန်တယ်လို့ ပြောတယ်။

ကိုသိန်းထိုက်ဦး ။ ။ ဒီရက်ပိုင်း သတင်းတွေမှာ မြန်မာအစိုးရဖက်က လက်နက်ကြီးတွေသုံးတယ်ဆိုတဲ့ သတင်းထွက်ပါတယ်။ တိတိကျကျ ဘာတွေ သိထားပါသလဲ။

ဦးဂျေယောဝု ။ ။ အဲဒီမှာ ကျနော်တို့ကြားတာက မြစ်ကြီးနားကလည်း တွေ့ရပါတယ်။ Fighter လည်း တက်သွားတယ်။ Helicopter gunship, Rockets တွေ သယ်ဆောင်ထားတဲ့ Helicopter နှစ်စီးလည်း သွားပါတယ်။ နောက် လူနာတင် Medic Helicopter လည်းသွားတယ်။ ကျနော်တို့ တွေ့တာပေါ့။ ပြည်သူလူထု တွေ တွေ့ရတယ်။ အဲဒီတော့ ဟိုမှာတော့ rocket နဲ့ ပစ်တယ်လို့ ကြားရတယ်။ rocket နဲ့ ပစ်တဲ့အချိန်မှာ တချို့ကြတော့ ကေအိုင်အေတွေ ထိတာပေါ့။ နဂိုလေယာဉ်တွေ မတက်ခင်မှာတော့ မြေပြင်မှာ နှစ်ဦးနှစ်ဖက် တပ်မတော်တွေလည်း အများကြီးကျတယ်။ ကေအိုင်အေလည်း ကျတယ်ပေါ့။ rocket နဲ့တော့ ကေအိုင်အေ ပိုကျတာပေါ့။

ကိုသိန်းထိုက်ဦး ။ ။ အခုအတိုင်းဆိုရင် ကချင်ပြည်နယ်အတွင်းမှာ ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်ဆဲရေးကိစ္စက တိုက်ပွဲတွေ ပြင်းထန်လာပြီးတော့ အလှမ်းဝေးလာတယ့် သဘောပေါ့။ ဒုက္ခသည်တွေ၊ ဒေသခံတွေ အနေအထားက ဒီလို တိုက်ပွဲတွေ ပြင်းထန်နေတဲ့ကြားမှာ သူတို့ ဘယ်လို အကူအညီတွေပေးသလဲ။ သူတို့ အနေအထား ဘယ်လိုရှိပါသလဲ။

ဦးဂျေယောဝု ။ ။ ဒုက္ခသည်တွေကလည်း တရက်တခြားတော့ တိုးပွားနေတယ်။ ကျနော်တို့ ပူတာအိုမှာလည်း ရောက်နေတယ်။ ကျနော်တို့ church တွေ၊ ဘုန်းကြီးကျောင်းတွေမှာ ဟောင်းသွားတဲ့ အိမ်တွေ အသစ်ပြန်ဆောက်ပေးပြီးမှ camp တွေ ဆောက်ပေးတယ်။ လျော့သွားတာ မရှိဘူး။ တိုးလာတာပဲရှိတယ်။ တိုးလာတာပဲရှိတယ်ဆိုတော့ ဒုက္ခသည်တွေ အခြေအနေလည်း ဆိုးပါတယ်။ အသက်ကြီးရွယ်အိုတွေဆို ဆုံးသွားကြတယ်။ ဖျားနာကြပြီးတော့။ ဒေသခံတွေကပဲ တာဝန်ယူပြီးမှ သဂြိုလ်ပေးရတယ်။ ဆုတောင်းပေးရတယ်။ ဒါမျိုးတွေလည်း အများကြီးရှိပါတယ်။ ပူတာအိုမှာတော့ camp တော့ မရှိဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့ နီးစပ်ရာနီးစပ်ရာ ဆွေမျိုးအိမ်တွေမှာ သွားနေကြတယ်။ အဲဒီလိုဆိုတော့ ပူတာအိုဘက်မှာ၊ မချမ်းဘောဘက်မှာ၊ ခေါင်လံဖူးဘက်မှာ၊ ဆွမ်ပရာဘွမ်ဘက်မှာ အဲဒီလို ဒုက္ခသည်တွေတော့ နဂို နောက်ဆုံးတသုတ်ပေါ့ အဖွဲ့တွေက များလာတယ်။

ကိုသိန်းထိုက်ဦး ။ ။ တိုက်ပွဲတွေ ဖြစ်နေတဲ့အနေအထား၊ ဒုက္ခသည်တွေ အကူအညီလိုအပ်နေတဲ့ အခြေအနေ။ ဒီအနေအထားတွေကို အမျိုးသားလွှတ်တော်အတွင်းမှာ ဆွေးနွေးတင်ပြခွင့် ရပါသလား။ ဆွေးနွေးကြပါသလား။

ဦးဂျေယောဝု ။ ။ ကျနော့်အနေနဲ့တော့ မနှစ်က ဒီနှစ် ကျနော်တို့ ဦးဘရန်ရှောင်နဲ့ ကျနော်တို့ကတော့ ဒီငြိမ်းချမ်းရေးကိစ္စကို ကျနော်တို့က အဆိုတခုအနေနဲ့ မဟုတ်ဘဲနဲ့ မေးခွန်းတခုအနေနဲ့ တင်သွင်းလိုက်တယ်။ ဘယ်အချိန်မှာ ငြိမ်းချမ်းရေးရအောင် ကျနော်တို့ ဆောင်ရွက်ပေးပါမလဲ ဆိုပြီး မေးခွန်းမေးလိုက်တယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့ မေးခွန်းက ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ကော်မတီကိုပဲ ဦးကတ်ထိန်ရန်တို့ ကော်မတီကိုပဲ ပြန်ရောက်တော့။ ဦးကတ်ထိန်ရန်တို့က နောက်ဆုံး လွှတ်တော်ပိတ်ခါနီးမှာ စတုတ္ထအကြိမ် ပုံမှန်အစည်းအဝေး သူက ဘယ်လိုမေးခွန်း ပြန်မေးလာသလဲဆိုတော့ အပစ်အခတ် ဘယ်အချိန် ရပ်ဆဲမလဲ အဲဒီလို မေးလာတာပေါ့။ အဲဒီလိုမေးတော့ ဒုတိယကာကွယ်ရေးဝန်ကြီးကလာပြီးမှာ ကျနော်တို့ မပစ်ပါဘူး၊ ကျနော်တို့က ခုခံကာကွယ်တယ်လို့ အဲဒီလိုပြောပါတယ်။ ကေအိုင်အေတွေက သူတို့ရဲ့ ရိက္ခာပို့တဲ့ လာတိုက်တဲ့အတွက်ကြောင့် သူတို့လည်း ပြန်ပစ်ရတယ်လို့ ပြောပါတယ်။

ကိုသိန်းထိုက်ဦး ။ ။ ဒီတော့ ကချင်ပြည်နယ်အတွင်းမှာ ငြိမ်းချမ်းရေးမရသေးတာ အပစ်အခတ်ရပ်ဆဲရေး မအောင်မြင်သေးတာနဲ့ ပတ်သက်လို့ ဦးဂျေယောဝု အမြင်ပေါ့။ ဘယ်သူမှာ တာဝန်ရှိတယ်လို့ မြင်ပါသလဲ။

ဦးဂျေယောဝု ။ ။ ကျနော့်အနေနဲ့ ဒဲ့ဒိုးဗြောင်ပြောရမယ်ဆိုရင်တော့ ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ တပ်မတော်ကို ဆက်လက်မချီတက်ခိုင်းဘူးဆိုရင်တော့ မပစ်ခတ်တော့ဘူးပေါ့။ သမ္မတကြီးကလည်း မချီတက်နဲ့ သွားမတိုက်နဲ့ ပြောထားတဲ့ကြားက သူတို့က စခန်းတွေကို သွားတိုက်တယ်။ ပထမစခဲ့တာကတော့ ရွှေလီ တာပိန်ရေအားလျှပ်စစ် အဲဒီကနေ စခဲ့တာပဲ။ စခဲ့တယ်ဆိုတော့ ကေအိုင်အေ က နဂိုကတည်းက အဲဒီမှာ တပ်စွဲထားတယ်။ အခုက အဲဒီကတပ်ကို ဖယ်ပေးလိုက်ရတယ်။ လက်နက်ကြီးတွေနဲ့ထုတော့ နောက်ဆုတ်ပေးလိုက်ရတယ်။ အဲဒီကနေ စလာတယ်လို့ ပြောရမှာပဲ။ အဲဒီလိုဆိုတော့ အခုက တကယ်တမ်း ဖြစ်နေတဲ့ပုံက တပ်မတော်က သွားတိုက်တာ။ ကေအိုင်အေတွေက ဖယ်ဖယ်သွားရတယ်။ အဲဒီလိုဖြစ်သွားတယ်။ ဒါဆိုရင် ဒု-ဝန်ကြီးလာပြောတာကလည်း ပေါ်တင်လာညာတာပဲ။ လွှတ်တော်ကိုယ်စားလှယ်တွေလည်း အကုန်သိတယ်။ ပြည်သူတွေလည်း သိကြတယ်။ ဒါပေမဲ့လို့ ဘာမှတော့ မပြောဘူးပေါ့။ ကျနော်ကတော့ ဒီလိုပဲမြင်တယ်။ ကျနော့်အမြင်ကတော့ တပ်မတော်ဦးစီးမှူးအပေါ်မှာ လုံးဝတာဝန်ရှိတယ်လို့ ဒီလိုခံယူတယ်။ ဒီလို အကြမ်းနည်းနဲ့ အကောင်အထည်ဖော်မယ်ဆိုရင်တော့ ကျနော်တို့က အဆုံးမသတ်နိုင်တဲ့ တိုက်ပွဲပဲ ရှိနေမှာပေါ့။ ဘာကြောင့်လည်းဆိုရင် တိုက်ပွဲရဲ့ ဆိုးကျိုးက နေ့စဉ်နဲ့အမျှ များလာတယ်။ ပြည်သူလူထုတွေလည်း ပိုမိုထိခိုက်နစ်နာလာတယ်။ ပြည်သူလူထုတွေက ဘယ်လိုခံစားရသလဲ။ ခံစားရတယ်ဆိုတော့ တိုက်ပွဲတွေလည်း ဖြစ်ကြတယ်။ စားဝတ်နေရေးလည်း ခက်ခဲတယ်။

ကိုသိန်းထိုက်ဦး ။ ။ သမ္မတကြီး ဦးသိန်းစိန်ကတော့ တပ်တွေကို ခုခံကာကွယ်တဲ့ အနေနဲ့ပဲ လုပ်ပါဆိုပြီးတော့ မေတ္တာရပ်ခံခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမဲ့လည်း ထိုးစစ်တွေကတော့ ဆက်ဖြစ်နေတယ်လို့ ပြောချင်တာလား။

ဦးဂျေယောဝု ။ ။ ဟုတ်ကဲ့ အဲဒီလို ဖြစ်နေပါတယ်။ အခုလည်း ပြောမယ်ဆိုရင်တော့ သူတို့ ချီတက်တိုက်ခိုက်တဲ့ နေရာတွေက ဖားကန့်မှာလည်း တပ်ရင်း (၆) ရှိတဲ့နေရာလည်း ကေအိုင်အေ နဂိုကတည်းက ရှိတာပဲ။ အဲဒီမှာ သွားတိုက်နေတယ်။ နောက် လဂွေတပ်စခန်းကလည်း ကေအိုင်အေတွေက နဂိုနယ်ခြားစောင့်တဲ့ NDAK အဖွဲ့တွေက အဲဒီမှာ စခန်းချထားတယ်။ အဲဒီကို ချီတက်တိုက်ခိုက်နေတာပေါ့။ ပြောချင်တာကတော့ နယ်ခြားစောင့်တပ်နဲ့ ဗမာတပ်မတော် ပေါင်းပြီးမှ အဲဒီမှာ ကေအိုင်အေကို ပြန်တိုက်တာပေါ့။

ကိုသိန်းထိုက်ဦး ။ ။ ကေအိုင်အေဖက်ကလည်း သူကိုယ်သူ ခုခံကာကွယ်တဲ့အဆင့် မဟုတ်ဘဲနဲ့ သူကသွားပြီးတော့ အစိုးရတပ်တွေကို တိုက်ခိုက်တာမျိုး မရှိဘူးလား။

ဦးဂျေယောဝု ။ ။ ကျနော် ကြားသိသလောက်ကတော့ လောလောဆယ်တော့ အဲဒါမျိုးတော့ ကေအိုင်အေတပ်က ဗမာတပ်စခန်းကို သိမ်းလိုက်ပြီဆိုတာတော့ မနှစ်က ဇင်လုံဘွမ်ကိုပဲ တော်တော်လေးကြာ ဝိုင်းထားတယ်။ အဲဒီတခုပဲ။ ကျန်တဲ့နေရာတွေတော့ ဗမာတပ်တွေက။ ကျနော်တို့ တပ်မတော်ရဲ့ တပ်တွေကို ကေအိုင်အေ က ချီတက်တိုက်ခိုက်သိမ်းလိုက်တယ်ဆိုတာတော့ မကြားဘူးသေးဘူး။ ပန်းဝါ အမှတ် (၂) ၂၀၀၁-၀၂ မှာ အဲဒါကိုတော့ လာတိုက်သွားတယ်။ လာတိုက်ပေမယ့် သူတို့ မနိုင်ဘူး။ အဲဒီမှာလည်း air strikes ပစ်တော့။ အဲဒီမှာလည်း ကေအိုင်အေတွေ အများကြီးကျတယ်။

ကိုသိန်းထိုက်ဦး ။ ။ ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေးရဖို့ အပစ်အခတ်ရပ်စဲရေးကိစ္စတွေ အောင်မြင်ဖို့ဆိုရင် ဘာတွေလိုအပ်မယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့ ကချင်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့ မြင်ပါသလဲ။

ဦးဂျေယောဝု ။ ။ ကျနော်တော့ ဒီလိုထင်တယ်။ ငြိမ်းချမ်းရေး မပြောခင်မှာ ကျနော်တို့ကတော့ အပစ်အခတ်ရပ်ဆဲကြရမယ်လို့ ထင်တယ်။ ဗမာတပ်၊ တပ်မတော်လည်း ရပ်။ ကေအိုင်အေလည်း ရပ်ပါ။ ရပ်ပြီးမှ နောက်မှ ကျနော်တို့ တကယ်တမ်း အပစ်အခတ်က တစ်လ၊ နှစ်လလောက် မပစ်ကြတော့ဘူးဆိုမှ တကယ် အပစ်အခတ်ရပ်စဲရေး treaty ထိုးရမယ်။ အခုက တိုက်နေရင်းနဲ့ ငြိမ်းချမ်းရေးဆိုတာ တအားဝေးပါတယ်။ မဟုတ်ဘူးလား။ တိုက်လေလေ ဆိုးကျိုးက ပိုများလေလေ။ မြို့မှာတွေလည်း ၁၇(၁) ဘာညာနဲ့ ဖမ်းချုပ်ခံရတယ့်လူတွေကလလည်း များလာလေလေ။ များလာတော့ မကျေနပ်မှုက ပိုများလာလေလေ။ အဲဒီမှာ လက်လွန်ခြေလွန်ဖြစ်တာတွေလည်း ရှိတယ်။ ဒါဆိုတော့ ဒါတွေက ကျနော်တို့ ပိုပြီးမှ အမုန်းတရားတွေ၊ နာကျဉ်းမှုတွေ ပိုများလာတယ်ဆိုတော့ မရနိုင်ဘူး။ ဒါကြောင့် ကျနော်တို့က နှစ်ဦးနှစ်ဖက်စလုံး အပစ်အခတ်ကို တဦးက ရပ်လိုက်တော့ မဟုတ်ဘူးလား။ ကျနော်တို့ တပ်မတော်က ပြောမယ်ဆိုရင် နိုင်ငံတော်အစိုးရရဲ့ တပ်မတော်ဆိုတော့ ကျနော်တို့က ရပ်လိုက်ပါ။ ကေအိုင်အေတွေ လာပစ်ရင်တော့ သူတို့အပြစ်ပေါ့။ ကေအိုင်အေတွေလည်း ရပ်လိုက်။ နှစ်ဦးနှစ်ဖက် ရပ်လိုက်ပြီးမှ ကျနော်တို့ အချိန်တခုကို စိတ်အေးအေးလေးနဲ့ ထားပြီးမှ ဆွေးနွေးယူရမယ်လို့ ကျနော်ထင်တယ်။ ဘာကြောင့်လည်းဆိုရင် အဓိကတော့ ပြည်သူလူထုပဲ တိုင်းပြည်ကို ပြည်သူကို အကျိုးပြုနေတယ်၊ တိုင်းပြည်ကို ကာကွယ်နေတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်နေတယ်လို့ ပြောပေမယ့် အများကို ပျက်စီးစေတယ်ဆိုရင်တော့ ဒါက ကျနော်တို့အတွက် ကောင်းတဲ့လက္ခဏာမဟုတ်ဘူး။ ကျနော်တို့ ကချင်ပြည်နယ် နာကြတယ်။ ပြည်သူတွေ နာကြတယ်။ ရွာတွေ ပျက်စီးကြတယ် ဘာညာ။ ဒါနဲ့ ကချင်ပြည်နယ်ပဲ ထိနေသလားလို့ မဟုတ်ပါဘူး။ ကျနော်တို့ ဟိုမှာ တပ်မတော်သားတွေ ကျကြတယ်။ ကျကြတော့ ဟိုအောက်ပြည်မှာရှိတဲ့ ပြည်မမှာရှိတဲ့ မိသားစုတွေ ဝမ်းနည်းကြေကွဲရတယ်။ နောက်တော့လည်း ကိုယ့်တိုင်းရင်းသားအချင်းချင်းပဲ သေကျေကြတယ်။ နောက် နိုင်ငံတော်ရဲ့ budget အမြင့်ဆုံးသုံးရတယ်။ ကာကွယ်ရေးဝန်ကြီးဌာနအတွက်။ ကိုယ့်နိုင်ငံရဲ့ ဘဏ္ဍာငွေက ကိုယ့်ရဲ့ချွေးနည်းစာတွေ၊ ပြည်သူလူထုရဲ့ ချွေးနည်းစာတွေ။ ဒါတွေက ကိုယ့်အချင်းချင်း သတ်ကြဖြတ်ကြတဲ့နေရာမှာပဲ သုံးစွဲတယ်ဆိုရင် ကျနော်တို့က လေးငါးဆ ဆုံးရှုံးသွားတာပေါ့။ အမှန်ဆိုရင် ဒီဟာက ကျနော်တို့က နိုင်ငံတိုင်းတပါးသားကို ကျနော်တို့ကို ကျူးကျော်လာရင်။ တကယ်တမ်း ဖြစ်လာရင် air strikes တွေ ဘာတွေက အဲဒီအချိန်မှာ သုံးရမှာဖြစ်တယ်။ ပြည်တွင်း internal war မှာ မသုံးရဘူးဆိုတာကို ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းမှာလည်း ပါတယ်။

ဒါပေမဲ့ အခုက ဒါသုံးတယ်ဆိုတော့ ကျနော်တို့က … ဖြစ်သွားတာပေါ့။ Air strikes သုံးတယ်။ Air crafts တွေကို သုံးတယ်ဆိုတော့ ဒါတွေက တော်တော်လေး တရားလွန်တဲ့အပိုင်းကို ရောက်တယ်။ ဒါကလည်း နောင် ကျနော်တို့ သားစဉ်မြေးဆက်မှာ လက်နက်ကြီးတဲ့လူတွေက အင်အားတောင့်တင်းတဲ့လူတွေက အင်အားနည်းနဲ့ လူတွေကို တခြားနည်းနဲ့ ဖြေရှင်းလို့ရရဲ့သားနဲ့ ဒီလို အင်အားနဲ့သုံးပြီးမှ သုံးစွဲခဲ့တယ်။ ကျနော်တို့ ဘိုးဘေးတွေ လုပ်ခဲ့ကြတယ်ဆိုတာကတော့ သမိုင်းကတော့ ပယ်ဖျက်လို့ မရတော့ဘူးလေ။ ဒါကတော့ ကျနော်တို့ပဲ လက်ရှိ နိုင်ငံတော်အစိုးရရယ်၊ အစိုးရထဲမှာ ပါဝင်တဲ့ တရားစီရင်ရေးနဲ့ လွှတ်တော်ရယ်၊ တပ်မတော်ရယ်။ အဓိကတော့ တပ်မတော်ပေါ့။ ကျနော်တို့ နောက်ဆုံး conclusion ဆွဲမယ်ဆိုရင် တပ်မတာ်က သမ္မတကြီးပြောသလို နာခံလိုက်မယ်ဆိုရင် ရပ်ဆိုင်းကြည့်လိုက်ပါ။ ၁၇ နှစ်လုံးလုံး ရပ်ဆိုင်းပြီးသာပဲ။ အခု ဒီတစ်လနှစ်လ ရပ်ဆိုင်းပြီးမှ ကြည့်ရအောင်။ အဲဒီအချိန်မှာ ချိုးဖောက်တယ်။ ချိုးဖျက်တယ်ဆိုရင်တော့ ဒါကတော့ ငြိမ်းချမ်းရေးပေါ်မှာ တကယ်မလိုလားတော့လိုပဲ နေမှာပေါ့။

ကိုသိန်းထိုက်ဦး ။ ။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ပူတာအိုခရိုင် မဲဆန္ဒနယ်မြေ (၁၂) က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဂျေယောဝု က ကချင်ပြည်နယ်အတွင်း အပစ်အခတ်ရပ်ဆဲရေး၊ ငြိမ်းချမ်းရေးတည်ဆောင်ရေးနဲ့ ပတ်သက်ပြီး သူ့ရဲ့ သဘောထားအမြင်ကို တင်ပြပြောဆိုသွားတာပါ။
XS
SM
MD
LG