သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးအကျိုးဆောင် ကချင်အမျိုးသမီးခေါင်းဆောင်


ပြည်သူ့လွှတ်တော်အမတ် ဒေါ်ဒွဲဘူ
ပြည်သူ့လွှတ်တော်အမတ် ဒေါ်ဒွဲဘူ
ကိုဇော်ဝင်းလှိုင် ။ ။ အင်ဂျန်ယန်မြို့နယ် မဲဆန္ဒနယ် ကိုယ်စားပြု စည်းလုံးညီညွှတ်ရေးနဲ့ ဒီမိုကရေစီပါတီ ကချင်ပြည်နယ်က ဒေါ်ဒွဲဘူ ဗွီအိုအေကိုလာပြီးတော့ စကားပြောတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဒေါ်ဒွဲဘူ ။ ။ ကျမလည်း ကျေးဇူးတင်ပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ အခုဖြစ်နေတဲ့အထဲမှာ ဒေါ်ဒွဲဘူကိုယ်တိုင်လည်း ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီထဲမှာ ပါတယ်လို့ ကျနော်တို့ သိထားတယ်ဆိုတော့ အဲဒီရဲ့ လုပ်ငန်းစဉ်တွေက ဘယ်လိုရှိနေသလဲ။ သဘောက အစိုးရနဲ့ ကေအိုင်အိုတို့ တွေ့နေကြတာတွေတော့ရှိတယ်။ မပြေလည်နိုင်သေးဘူး ဖြစ်နေတာပေါ့။ အခုထိတော့ ကြားထဲမှာ တဖတ်နဲ့တဖတ် သဘောတူညီမှု မရနိုင်သေးဘူးဆိုတာ ဘာကြောင့်လို့ထင်သလဲ။ သဘောက အစိုးရဖက်က အများစုက အစိုးရက တချိန်လုံး သူဖက်က အမှားတွေ ကျူးလွန်နေခဲ့တာဆိုတော့ သူကိုတော့ blame လုပ်ကြတာများတယ်။ အပြစ်ပုံချကြတာများတယ်။ ကေအိုင်အိုဖက်ကရော ဘာကြောင့် သဘောတူညီမှု မရနိုင်တာလဲ။ အခုလို ဆွေးနွေးနေတဲ့နေရာမှာ။

ဒေါ်ဒွဲဘူ ။ ။ ကျမ တဦးတည်းအမြင်ကတော့ တင်းခံတာတော့ မရှိပါဘူး။ ဒါပေမဲ့ အခုလက်ရှိ ကေအိုင်အေ ကလည်း အထူးသဖြင့် ကချင်ပြည်နယ်က ကချင်လူထုရဲ့ အသံကို အလေးထားပါတယ်။ အလေးထားတဲ့အခါကြတော့ ပြည်သူလူထုအနေနဲ့လည်း ယခင်ကာလတွေမှာလည်း အစိုးရက ကျမတို့ တိုင်းရင်းသားအခွင့်အရေးတွေကို ဆောင်ရွက်ပေးမှု မရှိဘူးဆိုတဲ့အခါကြတော့ လက်နက်ကိုင်ထားတဲ့ ကေအိုင်အေအပေါ်မှာ အားကိုးတဲ့သဘောထား။ အဲဒီတော့ လက်နက်ကိုင်ထားရင်တော့ အခွင့်အရေးတွေ တောင်းပေးနိုင်မယ်လို့ သူတို့ကလည်း ယုံကြည်ပါတယ်။ ယုံကြည်တဲ့အတွက် သူတို့ကို အားကိုးတယ်။ ကေအိုင်အေကလည်း ကျမတို့ လေ့လာသလောက်ကတော့ လူထုရဲ့ အသံကို ဦးစားပေးတယ်။ အဲဒီအခါကြတော့ ဒီထဲမှာ လူထုထဲမှာ နားမလည်းတာလေးတခု အရင်ကာလထဲက နားမလည်းနိုင်တာလေးတခုက ကျမတို့က လုံးဝလွတ်လပ်ရေးအတွက် ကြိုးစားမလား။ ဒါမှမဟုတ် ကျမတို့က ဖဒရယ်ကို လိုချင်တာလား။ တန်တူညီမျှရေးလား။ အဲဒီတော့ အစိုးရဖက်က အရင်ကာလက ခံယူတာက တပ်မတော် နဲ့ အစိုးရတို့က ဖယ်ဒရယ်ဆိုလို့ရှိရင် တိုင်းရင်းသားတွေက လွတ်လပ်ရေး တောင်းဆိုခြင်းဖြစ်တယ်။ ပြည်ထောင်စုကြီးက ခွဲထွက်သွားမယ်လို့မြင်တယ်။ အဲဒီတော့ ဖယ်ဒရယ်တောင်းလို့ရှိရင်တော့ လုံးဝမပေးနိုင်ဘူး။ တိုင်းရင်းသားတွေကလည်း ဖယ်ဒရယ်ပဲ။ အဲဒီမှာ လူထုထဲမှာက ဖယ်ဒရယ်လား။ လုံးဝလွတ်လပ်ရေး ဆိုတာကို ပြန်လည်သုံးသပ်တဲ့အခါမှာ တချို့ကလည်း နားမလည်းဘူးပေါ့။ ကျမတို့က တိုက်ရမယ် လုံးဝလွတ်လပ်ရေးရမှ အခွင့်အရေးရမယ်လို့ မြင်တယ်။ ဒါပေမဲ့ အခုတော့ ကေအိုင်အေအဖွဲ့ရဲ့ ဦးတည်ချက်က ဖယ်ဒရယ်ယူဖို့လိုတယ်။ လုံးဝလွတ်လပ်ရေး မဟုတ်ဘူး။ ပြည်ထောင်စုထဲက လုံးဝခွဲထွက်သွားဖို့လဲ မဟုတ်ဘူး။

ပြည်ထောင်စုထဲမှာ ကျန်တဲ့တိုင်းရင်းသားတွေနဲ့ အေးအတူပူအမျှနေပြီး ကျမတို့ရဲ့ ရပိုင်ခွင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ဖို့၊ တန်တူညီတူ အခွင့်အရေးရဖို့ ဒါပဲပြောတဲ့ဆိုတဲ့အတွက် ဒါကိုလည်း လူထုက လက်ခံပြီ။ ခွဲထွက်ဖို့ဆိုတာကိုလည်း လက်ခံပြီ။ အခုတော့ အစိုးရအပိုင်းကလည်း ဒါတွေကို လက်ခံလာတဲ့ အနေအထားမျိုးရှိပြီ။ အရင်ကတော့ ကျမတို့က အမှောင်ချထားတာကို ဘာဆိုတာလဲ မသိဘူး။ ကျမတို့ကိုယ်တိုင်လည်း နားမလည်းဘူး။ အခုတော့ တော်တော်လေး နားလည်းလာပြီ ဖြစ်တဲ့အတွက် ဒီကိစ္စတွေအပေါ်မှာ ကျမတို့က ဒါက လွှတ်တော်ဖက်က ဆောင်ရွက်ရမယ့်အပိုင်းတွေပါ။ အခုဆို တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေတွေ ပြဌာန်းဖို့အတွက် ဆွေးနွေးတိုင်ပင်နေပြီ။ နောက်ပြီးမှ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုလည်း ပြန်လည်သုံးသပ်ဖို့လည်း ကျမတို့ ဆောင်ရွက်နေပြီ။ ကော်မတီတွေဖွဲ့ပြီး ဆောင်ရွက်နေပြီပေါ့။ အဲဒီလို ဖွဲ့စည်းပုံအခြေခံဥပဒေက ကျမတို့ရဲ့ အသက်သွေးကြောဖြစ်တယ်။ ဒီနေရာမှာသာ ကျမတို့ ပြည်နယ်တွေ လိုလားတဲ့၊ တိုင်းရင်းသားတွေ လိုလားတဲ့အရာကို ထိထိရောက်ရောက် ကျမတို့ ဆောင်ရွက်ပေးနိုင်မယ်ဆိုရင် အခုန စိုးရိမ်နေတဲ့ကိစ္စရပ်တွေ အားလုံး ပြေလည်သွားမှာပါ။

အခု မပြေလည်နေဘူးဆိုတာက အစိုးရကို အယုံအကြည်မဲ့နေသေးလို့ ဖြစ်ပါတယ်။ အဲဒီတော့ အစိုးရကလည်း ယုံကြည်တဲ့၊ ယုံကြည်နိုင်တဲ့ ပြောဆိုဆွေးနွေးမှုနဲ့ ကတိကဝတ်တွေပေးဖို့ လိုပါတယ်။ တဖတ်က ပြည်သူလူထုနဲ့ ကေအိုင်အေ အဖွဲ့အစည်းကလည်း ယုံယုံကြည်ကြည်နဲ့ ဒီအလုပ်မှာ ပါဝင်ဆောင်ရွက်ဖို့ လိုပါတယ်။ နောက် လွှတ်တော်ဖက်မှာလည်း တွန်းအားပေးဖို့ လိုပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ဆိုတော့ ကချင်တိုင်းရင်းသားတယောက်အနေနဲ့ အခု အစိုးရနဲ့ ပြုလုပ်နေတဲ့ ကချင်နဲ့ပဲ မဟုတ်ဘဲနဲ့ အစိုးရ အခုဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းတွေအပေါ် ဘယ်လိုမြင်မိသလဲ။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ကေအိုင်အေ က ခေါင်းဆောင်တွေလည်း ဒုသမ္မတကြီးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဥက္ကဋ္ဌ ဒုဥက္ကဋ္ဌ စိုင်းမောက်ခမ်းနဲ့ တွေ့တယ်။ နောက် မကြာခင်မှာ ရက်ပိုင်းအတွင်းမှာပဲ သူတို့ UNFC တိုင်းရင်းသားပေါင်းစုံအဖွဲ့နဲ့လည်း ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့က ဦးအောင်မင်းတို့လည်း တွေ့ကြမယ်ဆိုတော့ သူတို့ လမ်းကြောင်းတွေက သွားနေတာတော့ အများကြီးရှိတယ်။ ငြိမ်းချမ်းရေးအတွက် ဦးတည်ပြီးတော့ ပြောဆိုနေကြတာ၊ ဆွေးနွေးနေကြတာ၊ တွေ့ကြတာတွေ အများကြီးရှိနေပြီ။ အဲဒီအပေါ် ဒေါ်ဒွဲဘူ ကချင်တိုင်းရင်းသူတယောက်အနေနဲ့ ဘယ်လိုမြင်မိသလဲ။ သူတို့ရဲ့ လုပ်ဆောင်ချက်တွေက။ တချို့က ပွင့်ပွင့်လင်းလင်း ပြောကြမယ်ဆိုရင် ဒါက အချိန်ဆွဲနေတဲ့ အလုပ်လို့ မြင်ကြတဲ့လူတွေလည်းရှိတယ်။ သဘောက တကယ့်တကယ် ငြိမ်းချမ်းရေး လိုလားရဲ့လားဆိုပြီး အစိုးရအပေါ်၊ အစိုးရလုပ်ဆောင်ချက်တွေအပေါ် မေးခွန်းထုတ်နေတာရှိတယ်။ ကာလက အရမ်းကြာလာပြီ။

ဒေါ်ဒွဲဘူ ။ ။ ဆိုတော့ ဒီကိစ္စတွေမှာ အခုတော့ အစိုးရ ဦးဆောင်ပြီး ဆွေးနွေးနေတာပေါ့။ ကျမတို့ ပါဝင်နေတယ်ဆိုတာကလည်း သမ္မတကြီး ဦးဆောင်နေတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီအောက်က ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်တဲ့ လုပ်ငန်းကော်မတီအဖွဲ့။ အဲဒီမှာ ကျမတို့ ပြည်သူ့လွှတ်တော်က ကိုးယောက်ပါတယ်။ အမျိုးသားလွှတ်တော်က ကိုးယောက်ပါတယ်။ အဲဒီတော့ အခုအချိန်အထိ ဒီဆွေးနွေးပွဲတွေမှာ ကျမတို့ လွှတ်တော်အပိုင်းကနေ ထိထိရောက်ရောက် ကျမတို့ ပါဝင်ဆွေးနွေးနိုင်ခြင်း မရှိသေးဘူး။ အဲဒီတော့ ကျမတို့ လွှတ်တော်အပိုင်းက ထိထိရောက်ရောက် မဆောင်ရွက်နိုင်သေးဘူးဆိုတာ ကျမတို့ လွှတ်တော်ရဲ့ တာဝန်သည် ဥပဒေပြုရေးတာဝန် ဖြစ်တယ်။ အဲဒီတော့ ကျမ လွန်ခဲ့တဲ့ ကေအန်ယူနဲ့ ဆွေးနွေးတဲ့အခါမှာ တင်ပြပါတယ်။ တိုင်းရင်းသားကိုယ်စားလှယ် တယောက်အနေနဲ့ ဒီဆွေးနွေးမှုတွေက ရရှိတဲ့အဖြေတွေကို ကျမတို့က လွှတ်တော်အပိုင်းဖြစ်တဲ့အတွက် လွှတ်တော်မှာ ဘယ်လိုမျိုး ဥပဒေပြုထားနိုင်မယ်။ ဘယ်လို ကူညီဆောင်ရွက်နိုင်မယ်ဆိုတာကို တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ခဏခဏ ဆွေးနွေးရမယ်။ ညှိနှိုင်းရမယ်၊ အဖြေရှာရမယ်။ အဲဒီတော့ ဒီအဖြေကို ကျမတို့ လွှတ်တော်မှာ မူဝါဒအနေနဲ့သော်လည်းကောင်း၊ ဥပဒေနဲ့သော်လည်းကောင်း လုပ်ထားနိုင်တယ်ဆိုရင် နောက်အနာဂတ်မှာ ကျမတို့ အားလုံးပါဝင်တဲ့ ဆွေးနွေးမှုပါ ကျမတို့ အခက်အခဲ မရှိနိုင်တော့ဘူး။ တကယ်လို့ အရင် ဆွေးနွေးနိုင်မှု မလုပ်ထားနိုင်လို့ရှိရင် အဆင့်ဆင့် အစိုးရနဲ့ ဆွေးနွေးပြီး လွှတ်တော်မှာ ရောက်တဲ့အခါကြရင် အကန့်တကန့်အနေနဲ့ ပြန်ပြီးအခက်အခဲ ရှိနိုင်ပါတယ်။ သူတို့လည်း ဒါကို စိုးရိမ်ပါတယ်။ သူတို့လည်း တကယ်လို့ ဒီဆွေးနွေးမှုဥပဒေကို နောက်ဆုံးလွှတ်တော်မှာ အဆင်မှပြေပါ့မလားဆိုတာကို ကေအန်ယူဖက်က တင်ပြခဲ့တာတွေ ရှိပါတယ်။ အဲဒီတော့ ဘာပဲပြောပြော ဒီအချိန်မှာတော့ ကျမတို့ လွှတ်တော်အပိုင်းလည်း တိုင်းရင်းသားတွေနဲ့ ဆွေးနွေးဖို့ အများကြီး လိုအပ်ပြီလို့ ဒီလိုပဲ ခံယူပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ကော်မတီဖွဲ့ထားပြီဆိုတော့ ကော်မတီဥက္ကဋ္ဌ ရှိတယ်ပေါ့။ အခုနလိုမျိုး ကော်မတီအဆင့်ဆင့် သွားကြတယ်။ ဒေါ်ဒွဲဘူတို့လို ကော်မတီဝင်တွေရဲ့ သဘောဆန္ဒကို သူတို့က ဘယ်လောက်အထိ အလေးထားသလဲ။ သဘောက ဒေါ်ဒွဲဘူဆိုရင် ကော်မတီဝင် ဖြစ်ရုံတင်မကဘူး ကချင်တိုင်းရင်းသူတဦးလည်း ဖြစ်နေတယ်။ အလားတူ တခြားတိုင်းရင်းသားတွေလည်း ပါကြမှာပေါ့။ သူတို့ရဲ့ သဘောထားတွေကော ဘယ်လောက်အထိ အလေးထားသလဲ။ ဒီ ဆွေးနွေးကြတဲ့အခါမှာ။

ဒေါ်ဒွဲဘူ ။ ။ အခု အချိန်အထိတော့ ကျမတို့က ထဲထဲဝင်ဝင် ဆွေးနွေးခွင့် မရသေးဘူး။ သွားမှနားထောင်နိုင်တဲ့ အနေအထားမျိုးပဲရှိတယ်။ အဲဒီတော့ အချိန်ကလည်း သိပ်မရဘူး။ အဲဒီတော့ ကျမတို့ လွှတ်တော်မှာ ဘာတွေဆောင်ရွက်နေသလဲ။ ဘယ်လိုတွေ လုပ်နေသလဲဆိုတာကို လွန်ခဲ့တဲ့ ဆွေးနွေးမှုမှာ သိရတယ်။ သူတို့က ကျမတို့လွှတ်တော်မှာ ဘာဥပဒေပြုတယ်။ တိုင်းရင်းသားနဲ့ ပတ်သက်တဲ့ဟာတွေ။ ဘယ်လိုလုပ်နေတယ်။ ကျမတို့ လွှတ်တော်ထဲက တိုင်းရင်းသားတွေက တိုင်းရင်းသားအရေးကို ဆောင်ရွက်ဖို့အတွက် ဘယ်လို ကြိုးပမ်းနေတယ်ဆိုတာကိုလည်း သူတို့ မသိသေးဘူး။ အဲဒါကို ကျမတို့က ပြန်ချိတ်ဆက်ဖို့ လိုပါတယ်။ အဲဒီတော့ ကျမတို့နဲ့ သူတို့နဲ့က အများကြီး ဆွေးနွေးဖို့ လိုပါတယ်။ အခုကတော့ ကျမတို့က အများကြီး ဆွေးနွေးဖို့ အခွင့်အရေးကို လုံးဝမရသေးဘူးလို့ မြင်ပါတယ်။ အဲဒီတော့ ကျမတို့ လွှတ်တော်ထဲက တိုင်းရင်းသားတွေနဲ့ အခုကော်မတီထဲမှာလည်း ကျမတို့ပါတဲ့ လူတွေကလည်း အားလုံးတိုင်းရင်းသားတွေပါ။ သူတို့ကလည်း အများကြီး ဆွေးနွေးချင်တယ်။ ဒါပေမဲ့ ဒီဟာတွေ အကောင်အထည်ဖော်ခွင့် မရသေးပါဘူး။

ကိုဇော်ဝင်းလှိုင် ။ ။ အခုသွားနေတဲ့ speed နဲ့ဆိုရင် ဆိုကြပါစို့ ၂၀၁၅ မှာ ရွေးကောက်ပွဲလုပ်မယ်။ ဒီ အစိုးရ အာဏာရကောင်းလဲရမယ်။ အစိုးရကောင်း တက်လာကောင်းလဲ တက်လာမယ်။ အဲဒီကြရင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီးက တမျိုးတမြည်း ဖြစ်ကောင်းဖြစ်သွားနိုင်တယ်။ ဆိုတော့ အခု ဒီအတိုင်းသွားလို့ရှိရင်ကော ၂၀၁၅ မတိုင်ခင် ငြိမ်းချမ်းရေး ဖော်ဆောင်ခွင့်လုပ်ငန်းကြီး ရုပ်လုံးပေါ်နိုင်သလား။ အကောင်အထည်ဖော်နိုင်မယ်လို့ ဒေါ်ဒွဲဘူ တယောက်ထဲအမြင်အရ မြင်သလား။

ဒေါ်ဒွဲဘူ ။ ။ ဒီအနေအထားအတိုင်း တဆင့်ပြီးတဆင့် သွားနေရင်တော့ နှေးမယ်လို့ မြင်ပါတယ်။ အဲဒီတော့ လွှတ်တော်အပိုင်းရော၊ အစိုးရအပိုင်းရော သူတို့လည်း ဆွေးနွေးရသလို။ တပ်မတော်အပိုင်းလည်း ပါတယ်။ တပ်မတော်ကလည်း အခု တပ်တွေ နေရာချထားရေး။ အဲဒါ သိပ်အရေးကြီးပါတယ်။ အခု ကချင်နဲ့ဆိုရင် တပ်နေရာ ချထားရေးကို သူတို့ ဘယ်လိုဆွေးနွေးနေသလဲတော့ မသိဘူး။ နှစ်ဖက် တင်းတင်းမာမာ ဖြစ်နေတယ်။ ဒါ့အပြင် လက်မှတ်ထိုးထားတဲ့ ရှမ်း၊ ကရင်တို့လည်း ကရင်ကတော့ တော်တော်မြို့ထဲ ရောက်လာပြီပေါ့။ ရှေ့ကိုသွားနေပြီပေါ့။ အဲဒီတော့ တပ်နေရာ ချထားရေးမှာ ရှမ်းနဲ့လည်း တော်တော်ဆွေးနွေးရမယ်။ ဒါက တပ်မတော်အပိုင်းပေါ့။ အစိုးရအပိုင်းကြတော့ ဒီ ငြိမ်းချမ်းရေးလက်မှတ် ထိုးထားတဲ့ လူတွေကိုလည်း အစိုးရအပိုင်းက အများကြီး ဆောင်ရွက်ပေးဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုရင် သူတို့ရဲ့ စားဝတ်နေရေး။ သူတို့ရဲ့ စီးပွားရေး၊ ရပ်တည်ရေး အခု မြို့ထဲရောက်လာပြီဆိုတော့ အဲဒါကို အစိုးရက ဖိဖိစီးစီး ဆောင်ရွက်ပေးဖို့လိုတယ်။ အဲဒါကို ဖိဖိစီးစီး ဆောင်ရွက်ခြင်း မရှိဘူးဆိုလို့ရှိရင် ထပ်ပြီးတော့ တကျော့ပြန် ဖြစ်သွားနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီဖက်ကို ဝင်လာပြီ၊ အလင်းဖက်ကို ဝင်လာပြီဆိုတော့ သူနဲ့ လိုက်လျောညီထွေတဲ့ ကိစ္စရပ်တွေအားလုံးကို အစိုးရက မဆောင်ရွက်ပေးနိုင်ဖို့ မရှိဘူးဆိုရင် မြို့ထဲက ပြည်သူလူထုနဲ့ သူတို့နဲ့ ပြဿနာတက်နိုင်တယ်။ ပြီးရင် သူတို့ဘဝ ရပ်တည်ရေးအတွက် မဖြေရှင်းနိုင်ဘူးဆိုရင် အများကြီး ပြဿနာ ပြန်တက်သွားနိုင်ပါတယ်။ အဲဒီတော့ အဲဒါတွေကို ဆောင်ရွက်ပေးဖို့ လိုတာပေါ့။ အဲဒီတော့ တကယ်တမ်း တည်တန့်တဲ့ ငြိမ်းချမ်းရေးရဖို့ကြတော့ ကျမတို့ လွှတ်တော်နဲ့ ပြန်ဆိုင်တယ်။ အဲဒီတော့ သူတို့နဲ့ ကျမတို့ ပြန်ဆွေးနွေးပြီ။ ကျမတို့ဆီက မူဝါဒတွေ၊ ဥပဒေတွေ ထွက်လာဖို့လိုတယ်။ အဲဒီတော့ တဆင့်ချင်းမဟုတ်ဘဲနဲ့ တပြိုင်တည်း ဆွေးနွေးနိုင်တယ်ဆိုရင်တော့ ၂၀၁၅ မတိုင်မီ ဖြစ်သွားနိုင်တယ်။ အဲဒီတော့ လွန်ခဲ့တဲ့ ဆွေးနွေးပွဲမှာတော့ ကေအန်ယူ က ချပြသွားပါတယ်။ သူတို့ရဲ့ အစီအစဉ်တွေနဲ့ သူတို့ဟာ ဒါတွေကို ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ဒါတွေကို ပြီးစီးချင်ပါတယ်လို့ ပြောပါတယ်။ ဒါတွေကို ကျမတို့က တကယ်ကြိုဆိုရမှာပါ။ ကျမတို့ကလည်း တကယ် ဖြစ်ချင်တာပါ။ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီမှာ ငြိမ်းချမ်းရေးကိစ္စရပ်တွေ ပြီးမယ်ဆိုလို့ရှိရင် ၂၀၁၅ ရွေးကောက်ပွဲကို တကယ့် ချိမ့်ချိမ့်သဲ ပြည်သူလူထုဆန္ဒအတိုင်း ပြန်လုပ်နိုင်တယ်ဆိုရင် နောင်တက်လာမယ့် ဘယ်အစိုးရမဆို ငြိမ်းချမ်းပြီးသာကဏ္ဍမှာ အလုပ်လုပ်တဲ့အခါမှာ နိုင်ငံတော်နဲ့ ပြည်သူလူထုအတွက် အများကြီး အဆင်ပြေလာမှာ။ အခုကတော့ ဒီငြိမ်းချမ်းရေးအတွက်ပဲ ကြိုးစားနေတာနဲ့ကို တိုင်းပြည်အတွက်ကို သူများနိုင်ငံက ရင်းနှီးမြှုပ်နံှမှုလည်း မဝင်လာနိုင်ဘူး။ ကျမတို့ဆီမှာ လာပြီးရင်းနှီးမြှုပ်နံှမှုကလည်း ဒါကိုပဲ စောင့်ကြည့်နေတယ်ဆိုတော့ အင်မတန် အခက်အခဲ ရှိပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ အဲဒီနေရာမှာ တပ်တွေထားရတယ်ဆိုတဲ့ နေရာမှာ ဒေါ်ဒွဲဘူ ဖြေလို့ရရင်လည်း ဖြေပေါ့။ ဦးဇခုန်တိန်ယိန်း ကိစ္စဆိုလို့ရှိရင် သူက ဒီငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီထဲမှာလည်း ပါတယ်လို့ သိထားတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ တပတ်လောက်က တပ်ပွဲတွေ ဖြစ်ကြတဲ့နေရာမှာ ကေအိုင်အေ နဲ့ သူတို့ တိုက်ပွဲတွေ၊ ထိပ်တိုက်ရင်ဆိုင်မှုတွေ ရှိတယ်လို့ ကျနော်တို့ ကြားရတယ်။ သူဖက်ကလည်း တိုက်ခိုက်မှုတွေရှိတယ်။ ပြန်ဆုတ်ခိုင်းတယ်လို့ ရာဇသံပေးတဲ့ ပုံစံမျိုး ပြောတယ်လို့ ကြားသိရတယ်။ အဲဒါကို ဒေါ်ဒွဲဘူ ကြားမိလား။

ဒေါ်ဒွဲဘူ ။ ။ ကြားပါတယ်။ ဒါလဲ မဖြစ်သင့်တဲ့ကိစ္စပါ။ ဒါက ဦးဇခုန်တိန်ယိန်း ဆိုတာလည်း ကချင်လူမျိုးတယောက်ဖြစ်ပါတယ်။ ကေအိုင်အေကလည်း ကချင်လူမျိုး ဖြစ်ပါတယ်။ အဲဒီတော့ အချင်းချင်း ပြန်ဖြစ်နေတယ်ဆိုတာ ပိုဆိုးတဲ့ ကိစ္စရပ်ဖြစ်တယ်။ အစိုးရတပ်နဲ့ မြန်မာ့တပ်မတော်နဲ့ ဖြစ်တာတောင်မှ တော်လှပါပြီ။ အချင်းချင်းဆိုတာ လုံးဝမဖြစ်သင့်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒါတွေကိုတော့ ကျမတို့က လုံးဝချုပ်ငြိမ်သင့်ပြီလို့ မြင်ပါတယ်။ အဲဒီတော့ ဒီအပေါ်မှာလည်း ဦးဇခုန်တိန်ယိန်း အဖွဲ့ကတော့ BGF နယ်ခြားစောင့်အဖွဲ့ ဖြစ်တယ်ဆိုတဲ့အခါကြတော့ ဒီကိစ္စမှာလည်း ကျမတို့ နယ်ခံတယောက်အနေနဲ့ မြင်တာက ယခင်ကာလတွေမှာ ဦးဇခုန်တိန်ယိန်းရဲ့အဖွဲ့ BGF ထဲမှာ ပါတဲ့အဖွဲ့တွေကိုလည်း အစိုးရအပိုင်းကနေမှ နေရာချထားမှုတွေ ဘာတွေ အားနည်းတယ်လို့ ကျမတို့ သိရပါတယ်။ အဲဒီတော့ တချို့ကတော့ စားဝတ်နေရေးတွေ မပြေလည်ဘူး။ အဆင်မပြေဘူးဆိုတဲ့ အခါကြတော့ တချို့တွေက ကေအန်အေဖက်ကို ပြန်ဝင်သွားတာလည်း ရှိပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ စောစောက ဒေါ်ဒွဲဘူ ပြောတာနဲ့ ဆက်စပ်နေတယ်။ သူတို့ဘဝ ရပ်တည်ရေး။

ဒေါ်ဒွဲဘူ ။ ။ ဟုတ်တယ်။ ဘဝရပ်တည်ရေးက အရေးကြီးပါတယ်။ အဲဒီတော့ ဘာပဲပြောပြော BGF နယ်ခြားစောင့်တပ်ဆိုတာလဲ အစိုးရအနေနဲ့ ကောင်းကောင်းမွန်မွန် အကောင်အထည် ဖော်ပေးပြီးမှ သူတို့က ဘယ်ကဏ္ဍ ဆောင်ရွက်မလဲဆိုတာတွေကို ဆောင်ရွက်သင့်ပါတယ်။ နောက်မှ ဦးဇခုန်တိန်ယိန်းအနေနဲ့လည်း ဒါတွေကို တောင်းဆိုသွားမှ ဟိုဖက်နဲ့လဲ ကောင်းကောင်းမွန်မွန် ဆွေးနွေးညှိနှိုင်းဖို့ လိုပါတယ်။ ဒီလိုမျိုးကိစ္စရပ်ကနေတဆင့် ကျမတို့ အချင်းချင်း ဖြစ်တယ်ဆိုတာကတော့ တကယ့်ကို ဒီအချိန်မှာတော့ လုံးဝမကြိုက်ဘူးပေါ့။ မဖြစ်သင့်ဘူးပေါ့။ ကေအိုင်အေဖက်ကလည်း ပြန်လည်စဉ်းစားသင့်ပါတယ်။ ဒီဖက်ကလည်း ဦးဇခုန်တိန်ယိန်းလည်း စဉ်းစားသင့်ပါတယ်။ အစိုးရကလည်း အများကြီး ပြန်ပြီးတော့ ဖြန်ဖြေသင့်ပါတယ်။ အချင်းချင်း ဖြစ်တာကိုတော့ အစိုးရကလည်း ဒီကဏ္ဍ တိုင်းရင်းသားအချင်းချင်း ဖြစ်ရာကနေ တခြားကဏ္ဍတွေ တခြားတိုင်းရင်းသားတွေနဲ့လည်း အများကြီး ဖြစ်ပွားလာနိုင်တယ်။ ကိုယ့်အချင်းချင်းထဲမှာ ပြေလည်မှ ကျန်တဲ့အဖွဲ့တွေနဲ့လည်း ပြေလည်နိုင်မှာ ဖြစ်ပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ဒေါ်ဒွဲဘူ ကျေးဇူးအများကြီး တင်ပါတယ်။

ဒေါ်ဒွဲဘူ ။ ။ ကျေးဇူးတင်ပါတယ်။
XS
SM
MD
LG