သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာသာရေး အကြမ်းဖက်မှုကို မေတ္တာတရားနဲ့ ဖြေရှင်းဖို့


Benedict Rogers, CSW အရှေ့အာရှရေးရာဌာန အကြီးအကဲ
Benedict Rogers, CSW အရှေ့အာရှရေးရာဌာန အကြီးအကဲ
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာအစီအစဉ်မှာ လူမျိုးမတူသူတွေကြား မုန်းတီးရေး နဲ့ အကြမ်းဖက်လှုံဆော်မှုတွေကို မေတ္တာတရားနဲ့ ငြိမ်းချမ်းရေးအသံတွေက ဖုံးလွှမ်းနိုင်ဖို့ အရေးကြီးတယ်လို့ CSW (Christian Solidarity Worldwide) လို့ခေါ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန်သွေးစည်းညီညွှတ်ရေးအဖွဲ့က ပြောဆိုလိုက်ပါတယ်။ လူမျိုးရေးနဲ့ ဘာသာရေးအကြမ်းဖက်မှုတွေမှာ ဗုဒ္ဓဘာသာဝင်တွေအားလုံး ပါဝင်ပတ်သက်နေတာ မဟုတ်ဘဲ၊ ၉၆၉ လိုအဖွဲ့တွေ။ ဒါမှမဟုတ် ဘာသာရေးအမည်ခံပြီး မုန်းတီးမှု ဝါဒဖြန့်နေသူတွေက လှုံဆော်နေကြတယ်လို့ ယူဆတဲ့အကြောင်း ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန်သွေးစည်းညီညွှတ်ရေးအဖွဲ့က သုံးသပ်လိုက်ပါတယ်။ Interfaith လို့ခေါ်တဲ့ ဘာသာပေါင်းစုံပါဝင်တဲ့ အဖွဲ့တွေက ငြိမ်းချမ်းရေးလုပ်ငန်းတွေကို ဆော်သြလှုံဆော်နေတာတွေကိုလည်း အားပေးဖို့လိုကြောင်း မြန်မာပြည်က ဗုဒ္ဓဘာသာဝင်တွေအနေနဲ့လည်း ငြိမ်းချမ်းမှုကို လိုလားတဲ့အနေအထားတွေကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ်ပြောဆိုကြဖို့လိုကြောင်း CSW အဖွဲ့ရဲ့ အရှေ့အာရှရေးရာဌာန အကြီးအကဲ Benedict Rogers က ပြောဆိုပါတယ်။ အပြောင်းအလဲတွေ ဖော်ဆောင်နေတာကို အသိအမှတ်ပြု ကြိုဆိုပေမယ့် အစိုးရအနေနဲ့ ဒေသခံအာဏာပိုင်တွေ နဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို အကြမ်းဖက်မှုတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို ထိရောက်စွာ ညွှန်းကြားကြပြီး၊ အကြမ်းဖက်မှု ကျူးလွန်းသူတွေအပြင်၊ မုန်းတီးရေးဝါဒ ဖြန့်နေသူတွေကိုပါ ဥပဒေအရ တားဆီးအရေးယူဖို့ တာဝန်ရှိကြောင်းလည်း ထောက်ပြပါတယ်။ ဗွီအိုအေမြန်မာဌာနမှူး ဦးသန်းလွင်ထွန်း က Benedict Rogers ကို တွေ့ဆုံမေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အထူးသဖြင့် အနောက်မီဒီယာတွေက မြန်မာနိုင်ငံမှာ ဘာသာရေးပဋိပက္ခတွေ ဖြစ်နေတယ်လို့ ပြောပါတယ်။ အစိုးရကတော့ ဘာသာရေး ပဋိပက္ခမဟုတ်ဘူး၊ လူ့အသိုင်းအဝိုင်းကြားမှာဖြစ်တဲ့ သာမန် ခိုက်ရန်ဖြစ်ပွားမှုတွေပဲလို့ ဆိုပါတယ်။ အဲဒါကို ဘယ်လိုမြင်လဲခင်ဗျာ။
Benedict Rogers ။ ။ နှစ်မျိုးစလုံးလို့ထင်ပါတယ်။ ပြသနာဖြစ်ရတဲ့ အရင်းခံအကြောင်းတွေထဲမှာ ဘာသာရေးသက်သက်တင်မကဘဲ လူမှုရေး၊ စီးပွားရေး အခြေခံပြဿနာတွေအပြင် နိုင်ငံရေးပြဿနာတွေပါ ပါဝင်နေတာကို တွေ့နိုင်ပါတယ်။ အကြမ်းဖက်မှုတွေဟာ အဓိကအားဖြင့် မူစလင်အသိုင်းအဝိုင်းကိုပဲ ပစ်မှတ်ထားခဲ့တာဆိုတော့ ဘာသာရေးအခြေခံ ပြဿနာဆိုတာ ရှင်းပါတယ်။ ဒါပေမဲ့လဲ ကျနော်တို့ ရှင်းရှင်းလင်းလင်း သိထားရမယ့်အချက်က ဒီပြဿနာမှာ ဗုဒ္ဓဘာသာဝင်တွေအားလုံး ပါဝင်နေတာ မဟုတ်ဘူးဆိုတဲ့ အချက်ပါ။ ၉၆၉ အဖွဲ့လိုအဖွဲ့တွေ ဒါမှမဟုတ် ဘာသာရေးအမည်ခံပြီး မုန်းတီးမှုတွေ ဝါဒဖြန့်နေတဲ့လူတွေက လုပ်နေကြတာပါ။ မြန်မာပြည်က ဗုဒ္ဓဘာသာဝင်တွေအားလုံးကို ကိုယ်စားမပြုပါဘူး။ ဗုဒ္ဓဘာသာဝင်အများစုက ဒီအကြမ်းဖက်မှုတွေကို ဆန့်ကျင်ကြပါတယ်။ အဲဒီတော့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ငြိမ်းချမ်းမှုကို လိုလားတဲ့ သူတို့ရဲ့သဘောထားတွေကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ဖေါ်ထုတ်ပြောဆိုလာကြဖို့ပဲ ဖြစ်ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒါပေမဲ့လဲ တချိန်တည်းမှာပဲ အထူးသဖြင့် ပြည်ပရောက် မူစလင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ မူစလင်တွေဟာ အကြီးအကျယ် နှိပ်ကွက်ခံနေရတဲ့ အခြေအနေတွေမှာ ရှိနေတယ်လို့ ပြောဆိုနေကြတာ တွေရှိပါတယ်။ ခင်ဗျားရော အဲဒီလို မြင်သလားခင်ဗျာ့။
Benedict Rogers ။ ။ ပြီးခဲ့တဲ့နှစ်အတွင်း မူစလင်တွေကို ပစ်မှတ်ထားပြီး အကြမ်းဖက် တိုက်ခိုက်မှုတွေ ရှိခဲ့တယ်ဆိုတာတော့ ကျနော် မြင်ပါတယ်။ ရခိုင်ပြည်နယ်ကအစပြုပြီး မိထ္ထီလာ၊ လာရှိုး၊ ဥက္ကံ စသဖြင့် ပြန့်နှံခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လတုန်းကလည်း ကျနော်ကိုယ်တိုင် နေပြည်တော်နားက ကျေးရွာတခုကို သွားကြည့်ခဲ့ဘူးပါတယ်။ အဲဒီမှာ မူစလင်တချို့ တိုက်ခိုက်ခံခဲ့ရတယ်။ ဗလီနဲ့ စာသင်ကျောင်းတချို့ ဖျက်ဆီးမီးရှို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ကျနော် မရောက်ခင် သုံးရက်လောက်အလိုကမှ ဖြစ်ခဲ့တာပါ။ အရင်က နှစ်ပေါင်း (၂၀၀) ကျော် မြန်မာ ဗုဒ္ဓဘာသာဝင်တွေနဲ့ အတူယှဉ်တွဲနေလာခဲ့တာ ဘာမှမဖြစ်ခဲ့ဘဲ အခုမှ မုန်းတီးတိုက်ခိုက်မှုတွေ ပေါ်လာတာဖြစ်ပြီး သူတို့အားလုံး စိုးရိမ်ထိတ်လန့်နေကြရတယ်လို့ ကျနော်ကို ပြောပြပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒါ ဘာဖြစ်လို့လဲ ခင်ဗျာ့။
Benedict Rogers ။ ။ ဖြေရတာ အတော်ခက်ပါတယ်။ ပြဿနာက အတော်များပါတယ်။ ပထမအနေနဲ့ကတော့ ၉၆၉ လိုအစွန်းရောက် လှုပ်ရှားမှုတွေက ဗုဒ္ဓဘာသာကို ခုတုံးလုပ်ပြီးတော့ မူစလင် မုန်းတီးရေးဝါဒ ဖြန့်နေတဲ့ ပြဿနာပါ။ တချို့ကလည်း ဒီပြဿနာမှာ အစိုးရက နောက်ကွယ်က ဝင်ပြီးပါနေတယ်လို့ ဆိုပါတယ်။ ဖြစ်နိုင်ချေ ရှိပေမယ့် အထောက်အထား အတိအကျတော့ ကျနော် မတွေ့ရပါဘူး။ နောက်တခုကတော့ ပြဿနာဖြစ်တဲ့ နေရာတွေမှာ လုံခြုံရေးတွေက ထိထိရောက်ရောက်ဝင်ပြီး ထိန်းသိမ်းတားဆီးမပေးခဲ့တဲ့ အချက်ပါ။ မိထ္ထီလာမှာ ဖြစ်ခဲ့သလိုမျိုးပေါ့။ ရဲတွေက ဝင်ထိန်းပေးမှာ မဟုတ်ဘူး။ လုပ်ချင်တာလုပ်လို့ရမယ်ဆိုတဲ့ အသိမျိုး ရှိနေတော့ လူတွေလက်ရဲဇက်ရဲ နဲ့ တခြားနေရာတွေမှာ လိုက်လုပ်တဲ့အဖြစ်တွေ ရှိလာခဲ့ပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဒီလိုလုံခြုံရေးက ဝင်တားမပေးတာအပြင် မြန်မာပြည်က ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးကတောင် ဒီဘာသာရေးကိစ္စတွေမှာ နှုတ်ဆိတ်နေတယ်ဆိုပြီး ဝေဖန်တာတွေလည်း ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို အဓိကထားတာကတော့ အမှန်ပါပဲ။ ဒါပေမဲ့ မကြာသေးခင်ကပဲ ဒီလိုဘာသာရေး အကြမ်းဖက်မှု ပြဿနာမျိုးတွေမှာ သူတယောက်တည်း ဝင်ပြီး တားမြစ်လို့ မရနိုင်ဘူးလို့ပြောခဲ့ပါတယ်။ အဲဒီတော့ ခင်ဗျားအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို ဘယ်လိုမြင်သလဲခင်ဗျာ့။ မြန်မာအစိုးရအနေနဲ့ ဘာတွေများ လုပ်ဖို့လိုနေတယ်လို့ ထင်သလဲ။
Benedict Rogers ။ ။ ဒီနေရာမှာ အကြမ်းဖက်မှုတွေကို ဘယ်သူတွေက ကျူးလွန်သလဲဆိုတာနဲ့ ဒီကျူးလွန်မှုတွေကို တားဆီးဖို့ ဘယ်သူ့မှာ တာဝန်ရှိသလဲဆိုတာ ကြည့်ရပါလိမ့်မယ်။ အစိုးရအနေနဲ့ ဒေသခံအာဏာပိုင်တွေအနေနဲ့ လုံခြုံရေးရဲတပ်ဖွဲ့တွေကို ထိထိရောက်ရောက် ညွှန်းကြားပြီး တားဆီးလုပ်ဆောင်သွားဖို့ တာဝန်ရှိတာပါ။ အကြမ်းဖက်မှု ကျူးလွန်သူတွေအပြင် မုန်းတီးရေး ဝါဒဖြန့်နေသူတွေကိုပါ ဥပဒေအရ တားဆီးဖို့အရေးယူဖို့ တာဝန်ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အစိုးရမဟုတ်တဲ့အတွက် ဒီကိစ္စတွေမှာ အာဏာမရှိပါဘူး။ အဲဒီတော့ သူတယောက်တည်း မစွမ်းဆောင်နိုင်ဘူးလို့ ပြောတာဟုတ်ပါတယ်။ သူ့အနေနဲ့ နှုတ်ဆိတ်နေတယ်လို့ အပြောခံရတာလည်း သိပ်တော့မတရားပါဘူး။ တကယ်တမ်းမှာ သူလည်း မူစလင်အသိုင်းအဝိုင်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့က ဒီပြဿနာတွေကို အခုထက်ပိုပြီး ကျယ်ကျယ်လောင်လောင် ဝေဖန်မယ်ဆိုရင် မြန်မာစစ်တပ်နဲ့ရော၊ ၉၆၉ အဖွဲ့လို ဘာသာရေးအဖွဲ့တွေနဲ့ပါ ဆန့်ကျင်ပြောရမယ့်ပုံ ဖြစ်နေတော့ နဲနဲအခက်အခဲ ရှိပါတယ်။ နိုင်ငံရေးသမားတဦးအနေနဲ့ လာမယ့် ၂၀၁၅ ခုနှစ်မှာ အာဏာရယူနိုင်ဖို့ ရည်မှန်းချက် ရှိမယ်ဆိုရင် အနည်းဆုံးတော့ စစ်တပ်က ဆန့်ကျင်မလာစေဖို့ လိုနေတယ်ဆိုတဲ့ အခြေအနေရှိနေတော့ သူလည်းချိန်ဆရတာ တွေ့ရှိပါလိမ့်မယ်။ ဒါပေမဲ့ နိုင်ငံရေးသမားတယောက်အနေနဲ့ရော၊ အမျိုးသားခေါင်းဆောင်တယောက်အနေနဲ့ ပါဆိုရင်တော့ ငြိမ်းချမ်းရေးနဲ့ အတူယှဉ်တွဲ နေထိုင်ရေးတွေကို သူပိုပြောလာလိမ့်မယ်လို့ ကျနော်ယူဆပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ မြန်မာနိုင်ငံမှာ အပေါင်းလက္ခဏာဆောင်တဲ့ တိုးတက်မှုတွေ ရှိနေတယ်လို့ ခင်ဗျားပြောခဲ့ပါတယ်။ အဲဒါဘာတွေလဲခင်ဗျာ့။ CSW (Christian Solidarity Worldwide) ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန်သွေးစည်းရေးအဖွဲ့ရဲ့ အခန်းကဏ္ဍကရော ဘယ်လိုရှိသလဲ။
Benedict Rogers ။ ။ ဘယ်လို အစိုးရအဖွဲ့အစည်းမျိုးမဆို မှန်ကန်တဲ့လုပ်ရပ်တွေ လုပ်လာပြီးဆိုရင် အသိအမှတ်ပြုရမယ်၊ အားပေးရမှာ ဖြစ်တယ်လို့ ကျနော်ခံယူပါတယ်။ အလားတူပဲ အမှားတွေကို ကျူးလွန်တယ်ဆိုရင် ထောက်ပြဝေဖန်ပြီး အပြောင်းအလဲတွေကို တောင်းဆိုသွားမှာ ဖြစ်ပါတယ်။ မြန်မာအစိုးရရဲ့ အပေါင်းလက္ခဏာဆောင်တဲ့ လုပ်ဆောင်ချက်တွေကတော့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတယ်၊ ဒေါ်စုနဲ့ ဆွေးနွေးတယ်၊ ဒေါ်စုကို NLD နဲ့အတူ လွှတ်တော်ထဲ ဝင်ခွင့်ပေးတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအတွင်းမှာ လူမှုလူ့အသိုင်းအဖွဲ့အစည်းတွေအတွက် အခွင့်အလမ်းတွေ ပိုရလာပြီးဆိုတာကိုလည်း ကျနော်ကိုယ်တိုင် မြင်ခဲ့ပါတယ်။ မီဒီယာပွင့်လင်းမှုနဲ့ လွတ်လပ်စွာ ဖေါ်ထုတ်ခွင့်တွေလည်း အတော်ရှိလာနေပါပြီ။ ဒီနှစ်ဆန်းပိုင်းကဆို ဗြိတိန်အထက်လွှတ်တော်က Lord Altorn နဲ့အတူ မြန်မာပြည်ကို ကျနော် သွားခွင့်ရခဲ့ပါတယ်။ ရန်ကုန်က စားသောက်ဆိုင်တဆိုင်မှာ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ လှုပ်ရှားတက်ကြွသူတွေ၊ လူမှုအဖွဲ့အစည်းဝင်တွေ ရာကျော်နဲ့ တွေ့ဆုံပြီး ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးဆိုင်ရာတွေကို ဟောပြောဆွေးနွေးခွင့် ရခဲ့ပါတယ်။ ဒါမျိုးကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်ထိ ဘယ်လိုမှ ဖြစ်လာမယ်လို့တောင် မထင်ခဲ့ပါဘူး။ ဒီတော့ ပြောင်းလဲမှုနဲ့ တိုးတက်မှုတွေကို ကြိုဆိုပါတယ်။ ဒါပေမဲ့လဲ အားလုံးကောင်းသွားပြီလို့ အချိန်မတန်ခင် တက်မထောင် အပျော်ကျူးတာမျိုးတော့ ကျနော် မဖြစ်စေချင်ပါဘူး။
ဦးသန်းလွင်ထွန်း ။ ။ အခု ဘာသာရေးပဋိပက္ခတွေမှာ ကြိုတင်တားဆီးဖို့ရော ဘယ်လို အပေါင်းလက္ခဏာဆောင် လုပ်ဆောင်မှုတွေ တွေ့ခဲ့ရသလဲ။
Benedict Rogers ။ ။ လူမှုအဖွဲ့အစည်းတွေ နေရာရလာတယ်။ လွတ်လပ်စွာ ဖော်ထုတ်ခွင့်တွေ ရှိလာတယ်ဆိုတဲ့ အချက်အရပဲ အပေါင်းလက္ခဏာ ဆောင်တယ်လို့ ပြောနိုင်ပါတယ်။ ရန်ကုန်မှာဆိုရင် Interfaith လို့ခေါ်တဲ့ ဗုဒ္ဓဘာသာ၊ မူစလင်စတဲ့ ဘာသာပေါင်းစုံပါတဲ့ အဖွဲ့တွေက ငြိမ်းချမ်းရေးလုပ်ငန်းတွေကို ဆော်သြလုပ်ဆောင်နေတာ တွေ့ရပါတယ်။ ဒါမျိုးတွေကို အားပေးရမှာပါ။ ဒီလိုအဖွဲ့တွေ အများကြီးရှိပါတယ်။ အလားတူပဲ ဗုဒ္ဓဘာသာခေါင်းဆောင်တွေ၊ ခရစ်ယာန်ခေါင်းဆောင်တွေကလည်း ကြေငြာချက်တွေ ထုတ်ပါတယ်။ မြန်မာခရစ်ယာန်အသင်းတော်က ဘုန်းတော်ကြီး Charles Bo ကဆိုရင် ကြေငြာချက်တွေ ထုတ်ခဲ့ပြီး ကျနော်ကိုယ်တိုင်လည်း အတူတွဲပြီး ဆောင်းပါတွေ ရေးခဲ့ပါတယ်။ ဒီလို ပြောဆိုခွင့်ရတာတွေဟာ ကောင်းတဲ့လက္ခဏာပါ။ မုန်းတီးရေး နဲ့ အကြမ်းဖက်လှုံဆော်မှုတွေကို မေတ္တာတရားနဲ့ ငြိမ်းချမ်းရေးအသံတွေက ဖုံးလွှမ်းနိုင်ဖို့ အရေးကြီးပါတယ်။
ဦးသန်းလွင်ထွန်း ။ ။ ပြီးခဲ့တဲ့လတုန်းက တိုင်းမ်စ်မဂ္ဂဇင်း (Time Magazine) မှာ ၉၆၉ ဘုန်းကြီးအရှင်ဝီရသူကို စစ်သွေးကြွဗုဒ္ဓဝါဒီလို့ ခေါင်းစဉ်တပ်လိုက်တော့ မြန်မာပြည်မှာ အတော်များများ ဒေါသဖြစ်ကြပါတယ်။ ဗုဒ္ဓဘာသာဝင်အများစုအနေနဲ့ ဗုဒ္ဓဘာသာနဲ့ ဒီလိုစစ်သွေးကြွဆိုတာကို ရောထွေးပြီး အခေါ်မခံချင်ကြပါဘူး။ ဒါမအပ်စပ်ဘူးလို့လည်း ဆိုကြပါတယ်။ မြန်မာဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ အနောက်မီဒီယာတွေမှာ မျှမျှတတ ရေးသားမှုတွေရှိတယ်လို့ ထင်သလားခင်ဗျာ့။
Benedict Rogers ။ ။ အနောက်မီဒီယာတွေက အရှင်ဝီရသူကို စစ်သွေးကြွဗုဒ္ဓဝါဒီလို့ ခေါ်ဝေါ်တာဟာ တနည်းအားဖြင့်တော့ မှန်တယ်လို့ထင်ပါတယ်။ သူ့ရဲ့ဟောကြားချက်တွေထဲမှာ စစ်သွေးကြွလှုံဆော်ချက်တွေ ပါနေပါတယ်။ ကျနော် နားလည်သလောက် ဗုဒ္ဓသဘာသာမှာတော့ ဒါတွေ မရှိပါဘူး။ မေတ္တာ၊ ကရုဏာစတဲ့ အဓိကအချက်တွေဟာ အရှင်ဝီရသူရဲ့ ဟောကြားချက်တွေ နဲ့ ၉၆၉ လှုပ်ရှားမှုတွေမှာ ပျောက်ကွယ်နေပါတယ်။ ဒါကြောင့် ကျနော်ပြောချင်တာက ဒီလှုပ်ရှားမှုနဲ့ လုပ်ရပ်တွေကို စစ်သွေးကြွ ဗုဒ္ဓဝါဒီတွေလို ဖေါ်ပြတာဟာ မှန်ပါတယ်။ ဒါပေမဲ့ ဒီလှုပ်ရှားမှုတွေဟာ မြန်မာဗုဒ္ဓဘာသာဝင်တွေအားလုံးကို ကိုယ်စားပြုနေတယ်လို့ ယူဆရင်တော့ မှားပါလိမ့်မယ်။ ဥပမာ အစ္စလာမ်မှာ အစွန်းရောက် အစ္စလာမ်တွေ ရှိပေမယ့် အစ္စလာမ်ဘာသာဝင်တွေအားလုံးကို ဆိုလိုတာ မဟုတ်ပါဘူး။ ဒီလိုအခြေအနေမျိုး အထင်အမြင် မှားတာမျိုးတွေကို ရှောင်လွှားချင်တယ်ဆိုရင်တော့ မေတ္တာ၊ ကရုဏာတရားတွေကို ရှေ့ထားတဲ့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဒီမုန်းတီးမှု လှုံဆော်တဲ့လှုပ်ရှားမှုတွေကို ဆန့်ကျင်ကြောင်း ပိုပြီးရဲရဲဝံဝံ ထွက်ပြီးပြောဆိုလာကြဖို့ လိုတယ်လို့ ကျနော် ထင်ပါတယ်။
XS
SM
MD
LG