သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်လမ်းတွေပေါ်က နံရံဆေးမှုတ်အနုပညာ


မြန်မာနိုင်ငံမှာ စာပေလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်မှုတွေ အထိုက်အလျောက် ရှိလာပြီဖြစ်ေပမဲ့လို့ မြို့ပေါ်လမ်းမတွေဘေး နံရံဆေးမှုတ် အနုပညာတွေကိုတော့ တစုံတရာ ကန့်သတ်ခံနေရဆဲ ဖြစ်တယ်လို့ လမ်းဘေး နံရံဆေးမှုတ် အနုပညာရှင်တွေက ပြောပါတယ်။ ဒါပေမဲ့လည်း ရန်ကုန်မြို့ လမ်းတွေမှာတော့ အရင်ကထက်စာရင် Graffiti ဆိုတဲ့ လမ်းဘေး နံရံဆေးမှုတ် အနုပညာတွေ ကတော့ ပိုပြီး တွေ့လာရတယ်လို့ ဆိုရမှာပါ။ ရိုက်တာသတင်းဌာနက ဒီအကြောင်း ရေးသားချက်ကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

ရန်ကုန်မြို့ရဲ့ ညစ်ပေနေတဲ့ လမ်းဘေးတခုရဲ့ နံရံမှာ အတောင်ပံပါတဲ့ ရုပ်မြင်သံကြားစက် တလုံးပုံကို တွေ့ရပါတယ်။ ဒါဟာ ရန်ကုန်မြို့ လမ်းတွေပေါ်မှာ Graffiti လို နံရံဆေးမှုတ် အနုပညာ ဖန်တီးနေတဲ့ ကိုအောင်ရဲ့ လက်ရာတခုပါ။ မီဒီယာလွတ်လပ်ခွင့်ရဖို့ မျှော်လင့်နေတဲ့ ဒီ ပုံဟာ အခု ရန်ကုန်မြို့ရဲ့ အခြားနေရာ အတော်များများမှာပါ ပုံတူကူးဆွဲထားတာ တွေ့ရပါတယ်။ ဒီ အနုပညာမျိုးကို ဥရောပတို့ အမေရိကန် ပြည်ထောင်စု မြို့ကြီးတွေရဲ့ လမ်းဘေးချောင်ကြားတွေမှာ တွေ့ရမြင်ရလေ့ ရှိပေမဲ့ မြန်မာပြည်မှာတော့ ကျယ်ကျယ်ပြန့်ပြန့် မရှိသေးပါဘူး။ တာဝန်ရှိသူတွေ ဘက်က လက်မခံနိုင်တဲ့ အတိုင်းအတာမျိုးတွေ ရှိနေတုန်းပဲလို့ Graffiti အနုပညာရှင် ကိုအောင်က ပြောပါတယ်။

“တော်တော်များများက သေသေချာချာလည်း သိပ်မသိကြဘူးလေ။ သိပ်မသိကြတော့ ဒီလို Graffiti ရေးတာကို အရေးခံရတဲ့ နေရာတွေက လူတွေကလည်း တအားကို sensitive ဖြစ်နေတုန်းပဲ။ ဒါပေမဲ့ အကြီးအကျယ်တော့ ဖမ်းပြီးတော့ ထောင်ချတယ်တို့ ဘာတို့ ဆိုတာမျိုးတော့ လောလောဆယ် မရှိသေးဘူး။ ဒါပေမဲ့ ခံဝန်ချက် ထိုးရတာမျိုးတော့ ရှိတယ်။”
ဒါပေမဲ့လည်း အခုလို လူမှု အဖွဲ့အစည်းအတွင်းက နိုင်ငံရေး လူမှုရေး အခြေအနေတွေကို ထပ်ဟပ်သရော်တဲ့ Graffiti ရေးဆွဲတာတွေဟာ၊ လက်ရှိ ပြုပြင် ပြောင်းလဲရေးတွေ မကြုံခင် စစ်အစိုးရ အောက်မှာဆိုရင် အတော်လေး အန္တရာယ်များမယ့်ကိစ္စပါ။ ၂၀၁၁ မတ်လမှာ အရပ်သားတပိုင်း အုပ်ချုပ်ရေး ပြောင်းလဲပြီးတဲ့နောက် လမ်းတွေပေါ်က Graffiti အနုပညာသမားတွေ အတွက် အပြောင်းအလဲ တစုံတရာ ရှိလာစေပါတယ်။

နိုင်ငံရေးလွတ်လပ်မှု တစုံတရာ ရှိလာတာနဲ့အမျှ၊ Graffiti သမားတွေကလည်း နိုင်ငံရေး လူမှုရေး ရိုက်ခတ်တဲ့ အနုပညာတွေကို ရန်ကုန်လမ်းတွေပေါ်မှာ သရုပ်ဖော် လာခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ် အတွင်းမှာတင် ရန်ကုန်လမ်းတွေပေါ် Graffiti ရေးဆွဲမှုတွေ အတော်များလာခဲ့တယ်လို့ ပန်ချီဆရာ ဂရစ်ဖစ်ဒီဇိုင်နာ ကိုအောင်က ပြောပါတယ်။ ကိုအောင် အဖို့တော့ သူ့ရဲ့ စံပြုသူဟာ ဗြိတိသျှအကျော်အမော် လမ်းဘေးအနုပညာရှင် Banksy ဖြစ်ပါတယ်တဲ့။ Banksy ဟာ စစ်ဆန့်ကျင်ရေး၊ ဆင်းရဲမွဲတေမှု စတဲ့ လူမူဘဝတွေကို လမ်းဘေးနံရံတွေ ဆေးမှုတ် ရေးဆွဲခဲ့သူပါ။ မြန်မာပြည်က Graffiti သမားတွေဟာလည်း ဒီ အယူအဆကို သယ်ဆောင်လာသူတွေပါ။ မြန်မာပြည်အနှံ့ မီးတွေပျက်တာကြောင့် မီးလာရေး လှုပ်ရှားမှု လုပ်ခဲ့စဉ်မှာ Graffiti သမားတွေကလည်း သူ့နည်းသူဟန်နဲ့ ဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပါတယ်။

“ရန်ကုန်မှာ ကျနော်တို့ မီးတွေ ပျက်တဲ့အချိန် ရှိတယ်။ အဲဒီမီးတွေ ပျက်တဲ့အချိန်တုန်းက ကျနော်တို့က ဘာကိုဖြစ်လဲ ဆိုတော့ ဒီ မီးပျက်တဲ့ဟာကို ပြည်သူတွေက မလိုလားဘူး။ ဒါပေမဲ့ ပြည်သူတွေကို ကျနော်တို့ ကိုယ်စားပြုပြီး လုပ်တာတော့ မဟုတ်ဘူး။ ကျနော်တို့ကိုယ်တိုင် ဒီ မီးပျက်တာကို ခံစားလာရတာ။ အဲဒီ ခံစားလာရတာကို ကျနော်တို့က ရင်ဖွင့်ပြီးတော့ မီးပေးပါ တို့ ဆိုတဲ့ ပုံစံမျိုးနဲ့ ရေးကြတာ။”

Twotwenty လို့ ကိုယ့်ကိုကိုယ့် အမည်ပေးထားတဲ့ Graffiti လမ်းပေါ် အနုပညာသမားတဦး သူ့အတွေ့အကြုံကို ပြောခဲ့တာပါ။ ဒီလိုပုံတွေကြောင့် မြို့ရဲ့ အလှတွေ အနုပညာရသတွေ ပျက်စီးကုန်တယ်လို့ ဝေဖန်မှုတွေတော့ ရှိပါတယ်။ ဒါပေမဲ့ သူတို့အနေနဲ့ နေရာကို အသေအချာ သတ်မှတ် ရွေးခြယ်ပြီးမှ Graffiti ရေးဆွဲတာဖြစ်တယ်လို့ Twotwenty က ဖြေရှင်းချက်ပေးပါတယ်။
“ကျနော်တို့က တကယ် ဖျက်ဆီးတယ်ဆိုရင်လည်း ဖျက်ဆီးတယ်။ ဒါပေမဲ့ ကျနော်တို့ ဖျက်ဆီးတယ် ဆိုတာက ကျောင်းတွေ၊ ကလေးစာသင်ကျောင်း၊ Church တွေ၊ ဘာသာရေးဆိုင်ရာ နေရာတွေ။ ဒါတွေ ကျနော်တို့ ဖျက်ဆီးတဲ့စာရင်းထဲမှာ မပါဘူး။ ဒီနေရာတွေကိုလည်း ကျနော်တို့ မဖျက်ဆီးဘူး။ ဒါပေမဲ့ တကယ် ဖျက်ဆီးတာက ကျနော်တို့ မကျေနပ်တဲ့ နေရာတွေမျိုး။ အဆောက်အဦးတွေ၊ သူများတွေက နေရာယူပြီးတော့ အဲဒီ နေရာယူခံလိုက်ရတဲ့ သူတွေက ဘေးမှာ ဖယ်လိုက်ရတယ်ပေါ့။”

မြန်မာအစိုးရ အနေနဲ့ မီဒီယာထိန်းချုပ်မှု အတော်များများကို သြဂုတ် ၂၀ ရက်နေ့က ပယ်ဖျက်ပေး လိုက်ပါတယ်။ ဒါပေမဲ့လည်း ၂၀၀၇ ရွှေဝါရောင် လှုပ်ရှားမှု အပြီးမှာ ထင်ရှားတဲ့ တတ်ကြွ လှုပ်ရှားသူတွေ ထောင်နန်းစံ ခဲ့ရတဲ့ လွတ်လပ်စွာ ရေးသားပြောဆိုခွင့်ကို ဟန့်တားတဲ့ ဥပဒေ ပုဒ်မတွေကတော့ ရှိနေဆဲပါ။ ဒါကြောင့်လည်း Graffiti အနုပညာသမားတွေ အဖို့လည်း လွတ်လပ်မှု အကန့်အသတ်တွေက ရှိနေဦးမှာပါ။ တဘက်မှာလည်း Graffiti ကို ဝေဖန်သူတွေ ပြောသလိုပဲ၊ သာမန် မြို့ခံတွေ အဖို့လည်း လမ်းဘေးအနုပညာနဲ့ စည်းမဲ့ကမ်းမဲ့ ရေးခြစ်တာမျိုးကို ခွဲခြားမြင်နိုင်ဖို့ကလည်း ခက်ပါသေးတယ်။ ဒါပေမဲ့လည်း Graffiti ကို စိတ်ဝင်စားလာကြတဲ့ အနုပညာရှင်တွေလည်း အတော်လေးတော့ ပေါ်လာပါတယ်။ မကြာသေးခင်ကတော့ ကိုအောင်ဟာ ဗိုလ်ချုပ်အောင်ဆန်းပုံကို အာဏာရပါတီကြီးရဲ့ ဆိုင်းဘုတ်မှာ သွားဆွဲခဲ့ပါတယ်။ ဒါပေမဲ့ အလျင်အမြန်ပဲ နောက်နေ့ဆိုသလိုတော့ ပြန်ဖျက်တာ ခံခဲ့ရပါတယ်။
XS
SM
MD
LG