သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသား ၆၉ ယောက် ပြန်လည် လွတ်မြောက်


အင်းစိန်အကျဉ်းထောင်ရှေ့မြင်ကွင်း။
အင်းစိန်အကျဉ်းထောင်ရှေ့မြင်ကွင်း။
မြန်မာနိုင်ငံ အကျဉ်းထောင် ၁၈ခုကနေ နိုင်ငံရေးအကျဉ်းသား ၇၀လောက် ကို နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒီကနေ့ လွှတ်ပေးခဲ့ပြီး စာရင်းအရ ကျန်ရှိနေသူ ၆၀ကျော်လောက်ရှိနေသေးတယ်လို့ လက်ကျန်နိုင်ငံရေးသမားစိစစ်ရေးကော်မတီအဖွဲ့ဝင် တဦးက ပြောပါတယ်။ ဒီကနေ့ လွတ်မြောက်သူတွေထဲမှာ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူအဖြစ် လူသိများတဲ့ ဒေါ်နော်အုံးလှ ပါဝင်သလို အရင် အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့ မြေးတွေလည်း ပါဝင်ခဲ့ပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီကနေ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးခဲ့တာနဲ့ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံး ရဲ့ အင်တာနက် စာမျက်နှာမှာ နိုင်ငံတော်သမ္မတက နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီက ထောက်ခံ တင်ပြထားတဲ့ အကျဉ်းသား ၆၉ဦးကို လွှတ်ပေးခဲ့တာဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ဒီစာရင်းဟာ နိုင်ငံရေး အကျဉ်းသားစိစစ်ရေးကော်မတီက ဒီလ ၉ရက်နေ့က သမ္မတထံမှာ တင်ပြခဲ့တဲ့ စာရင်းဖြစ်ပြီး လောလောဆည်ပြုစုထားတဲ့ စာရင်းအရဆိုရင် နောက်ထပ် နိုင်ငံရေးအကျဉ်းသား ကျန်ရှိနေသေးတယ်လို့ စိစစ်ရေးကော်မတီဝင် ဦးရဲအောင်က ပြောပါတယ်။

"ကျနော်တို့ နိုင်ငံရေးအကျဉ်းသားစိစစ်ရေးကော်မတီမှာက နိုင်ငံရေးအကျဉ်းသားစာရင်းရယ်လို့ သီးခြားမရှိပါဘူး။ မရှိတဲ့အခါမှာ အဖွဲ့အစည်း အသီးသီး ကော်မတီဝင်တွေကပဲဖြစ်ဖြစ်၊ ပြင်ပတစ်ဦးတယောက်ကပဲဖြစ်ဖြစ် တင်ပြလာတဲ့ စာရင်းတွေကို စိစစ်ပြီးတော့ တင်ပြတဲ့သဘောမျိုးပါ။ အခု ပထမဆုံးအနေနဲ့ ကျနော်တို့ ဒီ၉ရက်နေ့ အစည်းအဝေးမှာ ဒီ ၆၉ဦးကို ကော်မတီက စိစစ်တင်ပြလိုက်တဲ့သဘောပါ။ အဖွဲ့ငါးဖွဲ့ဖွဲ့ ထားတာရှိပါတယ်။ ကော်မတီထဲမှာလည်းပါပါတယ်။ ကျနော်တို့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့တို့ AAPP ပါပါတယ်။ ၈၈၊ SNLD နောက် နိုင်ငံရေး အကျဉ်းသားများအဖွဲ့ချုပ် အဲ့ဒီ့အဖွဲ့တွေ ပြုစုထားတဲ့ စာရင်းအရ အယောက် ၆၀ရှိပါသေးတယ်ခင်ဗျ။"

ဒါအပြင် လက်ရှိ နိုင်ငံရေးဆိုင်ရာ ပုဒ်မတွေဖြစ်တဲ့ ပုဒ်မ ၁၈နဲ့ ပုဒ်မ ၅၀၅ (ခ) စွဲဆိုခံထားရပြီး စီရင်ချက်မချရသေးတဲ့အမှုပေါင်း ၂၀၀ကျော်ရှိနေသေးတယ်။ ဒါကြောင့် နောက်နှစ်အထိ နိုင်ငံရေးအကျဉ်းသားတွေဟာ ကျန်ရှိနေနိုင်ကြောင်း ဦးရဲအောင်က ဆက်ပြောပါတယ်။

" သမ္မတပြောထားတာက ဒီဇင်ဘာမှာ အကုန်လွှတ်မယ်ပြောထားတာပေါ့လေ။ ဒါပေမဲ့ ကျနော်တို့ပြောချင်တဲ့သဘောကတော့ တကယ်လို့ ဒီပုဒ်မ ၁၈တွေ၊ ၅၀၅ (ခ) တွေ တက်ကြွလှုပ်ရှားသူတွေကို တရားစွဲဆိုထားတာတွေရှိတယ်ပေါ့ဗျာ။ ဒါတွေကို အမြန်ဆုံး တရားစီရင်မှုလုပ်ပြီးတော့ ဆုံးဖြတ်ချင်လည်း ဆုံးဖြတ်၊ အဲ့လိုမဟုတ်ဘူးဆိုရင်လည်း တခြားနည်းလမ်းနဲ့ အမြန်ဆုံးဖြေရှင်းပေးဖို့ ကျနော်တို့ကတော့ ပြောထားပါတယ်။ တကယ်လို့ အဲ့တာတွေ မဖြေရှင်းဘူးဆိုလို့ရှိရင်တော့ ဒီဇင်ဘာလကုန်မှာ သမ္မတပြောတဲ့ အတိုင်း ထောင်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသားမရှိဘူးဆိုရင်
တော့ ထောင်ကျလတ္တံ့ နိုင်ငံရေးအကျဉ်းသားကတော့ ကျန်နေဦးမှာပဲ။ အဲ့ကျရင်တော့ ကျနော်တို့အနေနဲ့ကတော့ နိုင်ငံရေးအကျဉ်းသား ကုန်ပြီလို့မပြောနိုင်ပါဘူး။ ရှိနေသေးတယ်လို့ ပြောဦးမှာပါပဲ မြန်မာပြည်မှာ။"

ဦးရဲအောင်ပြောတဲ့ ပုဒ်မ၁၈က ခွင့်ပြုချက်မရဘဲ ငြိမ်းချမ်းစွာ စုဝေးခြင်း စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မဖြစ်ပြီး ပုဒ်မ ၅၀၅(ခ) ကတော့ နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုကိုဖြစ်စေ ထိခိုက်စေအောင် လှုံ့ဆော်မှုဆိုတဲ့ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ တို့ ဖြစ်ပါတယ်။ လောလောဆယ် လွတ်မြောက်လာသူ ၆၉ယောက်မှာ ဒီပုဒ်မတွေနဲ့ လွတ်လာသူက ၃၀ကျော်ဖြစ်ပါတယ်။ ကျန် သူတွေကတော့ ဖောက်ခွဲမှုနဲ့ ၁၇(၁)ခေါ် တရားမဝင် အသင်းနဲ့ ဆက်သွယ်မှု ဆိုင်ရာပုဒ်မနဲ့ ပြစ်ဒဏ်စီရင်ခံရသူတွေလည်း ပါဝင်ကြတာ ဖြစ်ပါတယ်။

ဦးနေဝင်းမြေးများ ပြန်လွတ်မြောက်လာစဉ်။
ဦးနေဝင်းမြေးများ ပြန်လွတ်မြောက်လာစဉ်။
ဒီကနေ့ လွတ်မြောက်လာတဲ့အထဲမှာတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့ မြေးတွေ ဦးအေးနေဝင်းနဲ့ ဦကျော်နေဝင်းတို့လည်းပါဝင်ခဲ့ပါတယ်။ သူတို့တွေကိုတော့ နိုင်ငံတော် ပုန်ကန်မှုနဲ့ အရေးပေါ်စီမံချက်ဥပဒေ ပုဒ်မ ၅ နဲ့ ဖမ်းဆီးထားတာဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည်လွတ်မြောက်လာတဲ့အပေါ် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Amnesty International အဖွဲ့က ကြိုဆိုလိုက်ပါတယ်။ တဆက်တည်းမှာပဲ ယုံကြည်ချက်ကြောင့် အဖမ်းဆီးခံရတဲ့ တက်ကြွလှုပ်ရှားသူတွေ ရှိနေဆဲဖြစ်ကြောင်း Amnesty International ရဲ့ အာရှပစိဖိတ်ဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး က ကြေညာချက်မှာ ပြောဆိုခဲ့ပါတယ်။
XS
SM
MD
LG