သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားလွှတ်တော်ချုပ် အဆောက်အဦး ထိန်းသိမ်းရေး ညှိနှိုင်းဆောင်ရွက်မည်


နှစ် ၁၀၀ ကျော်ကြာလာပြီ ဖြစ်တဲ့ ရန်ကုန်မြို့က တရားလွှတ်တော်ချုပ်ရုံး။ (စက်တင်ဘာလ ၁၀ ရက်၊ ၂၀၁၂)။
နှစ် ၁၀၀ ကျော်ကြာလာပြီ ဖြစ်တဲ့ ရန်ကုန်မြို့က တရားလွှတ်တော်ချုပ်ရုံး။ (စက်တင်ဘာလ ၁၀ ရက်၊ ၂၀၁၂)။
သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းဟာ ရှေ့နေကွန်ယက် ဦးဆောင်သူတွေနဲ့ တွေ့ဆုံ ခဲ့ပြီးတော့ ရှေးဟောင်း အဆောက်အဦးတွေ ဖြစ်တဲ့ ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်နဲ့ ရန်ကုန်တိုင်း တရားရုံးတွေကို ပြတိုက်နဲ့ ဟိုတယ်လုပ်မယ့် စီမံကိန်း ကိစ္စကိုပါ ပြောဆို ဆွေးနွေး ခဲ့ကြပါတယ်။ ရှေ့နေတွေက ဒီစီမံကိန်းကို ရပ်ဆိုင်းဖို့ လိုလားတာကြောင့် အများသဘောမတူရင် မလုပ်တော့ဘူးလို့ ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းက တုံ့ပြန်ခဲ့ပါတယ်။ ဒီလို ရှေးဟောင်း အဆောက်အဦးတွေ ထိန်းသိမ်းရေးအတွက်လည်း ပညာရှင်တွေနဲ့ တိုင်ပင်မှုတွေ ရှိနေတယ်လို့ ဒီကနေ့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မှာ လုပ်ခဲ့တဲ့ အဲဒီဆွေးနွေးပွဲမှာ ပြောပါတယ်။ ဒီအကြောင်းကို သွားရောက် သတင်းယူခဲ့တဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြထားပါတယ်။

နိုင်ငံတော် သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းနဲ့ ရှေ့နေများကွန်ယက် က ဦးဆောင်သူပိုင်း အချို့ဟာ ဒီကနေ့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တွင်းမှာ တွေ့ဆုံခဲ့ကြတာပါ။ နိုင်ငံတော် သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းက ရှေ့နေတွေနဲ့ ပြည်သူတွေ သဘောမတူဘူး ဆိုရင် တရားရုံးတွေကို ဟိုတယ်နဲ့ ပြတိုက် ပြုလုပ်ဆောင်ရွက် သွားမှာမဟုတ်ဘူးလို့ ပြောဆိုသွားပါတယ်။

“သို့သော်လည်းပဲ သမ္မတကြီးက မှာလိုက်ပါတယ်။ အကယ်၍ ဒီလို လုပ်တာကိုမှ မနှစ်သက်ဘူးဆိုရင် ကျနော်တို့က မလုပ်ဖို့ပဲ ရှိပါတယ်။ ရှေ့နေကွန်ယက် ကသော်လည်းကောင်း၊ အခြား အဖွဲ့အစည်းကသော်လည်းကောင်း၊ ထိန်းသိမ်းသင့်တယ်၊ ကျနော်တို့ fund ရှာမယ် ဆိုရင် ခေါ်ခဲ့ပါ။ ကျနော်တို့က လုပ်မယ့်သူတွေကို မလုပ်နဲ့တော့။ ဒီမှာ လုပ်မယ့် ရှေ့နေအဖွဲ့ရှိတယ်။ ဒါက တနည်းပါ။ သူတို့က လုပ်မယ်ဆိုရင်လည်း ကျနော်တို့က မလုပ်ခိုင်းပါဘူး။ အဲဒီမှာရှိတဲ့ ရှေ့နေချုပ်၊ ရန်ကုန်တိုင်း ရှေ့နေချုပ်ရယ်၊ ရန်ကုန်တိုင်း မြို့တော်ဝန်ရယ်၊ ကျနော်တို့ရယ် ကြပ်မတ်ပြီးတော့မှ ဘာလုပ်ပါ၊ ဘာလုပ်ပါ ပြောမှပါ။”

သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြည်တွင်းမှာရှိတဲ့ ရှေးဟောင်း အဆောက်အဦးတွေ အပါအဝင် ကိုလိုနီခေတ်က ရှိခဲ့တဲ့ ရှေးဟောင်း အဆောက်အဦးတွေ ကိုပါ ရှေးမူမပျက် ထိန်းသိမ်းဖို့ UNESCO အပါအဝင် သမိုင်း ပညာရှင် အဖွဲ့တွေနဲ့လည်း တိုင်ပင် ဆောင်ရွက် သွားမယ်လို့ သူက ပြောခဲ့ပါသေးတယ်။

ပုဂ္ဂလိကပိုင် ပေးစဉ်က ပါဝင်သွားခဲ့တဲ့ နိုင်ငံ့ဂုဏ်ဆောင် အထင်ကရ High Court လို့ သိကြတဲ့ တရားလွှတ်တော်ချုပ်ရုံး နဲ့ ရန်ကုန်တိုင်းဒေသကြီး တရားရုံး လို့ခေါ်တဲ့ စုပေါင်းရုံးတွေကို မူလအတိုင်း ရှေးမူမပျက် ထိန်းသိမ်းပေးဖို့ အာဏာပိုင်တွေကို တောင်းဆိုတဲ့ အပေါ်မှာ တစုံတရာ လိုက်လျောပေးတာတွေ မရှိတာကြောင့် မြန်မာနိုင်ငံ ရှေ့နေများကွန်ယက် က ရှေ့နေအင်အား ၁၀၀ ကျော်နဲ့ အောက်တိုဘာ လ ၁၇ ရက်နေ့မှာ ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲမှာ အဲဒီနေ့က ဆန္ဒပြခဲ့ကြတဲ့ ရှေ့နေကွန်ယက်က ရှေ့နေတချို့ ပါဝင်ခဲ့ကြပြီး တရားရုံးတွေ အပေါ်မှာ ဝန်ကြီး ရှုမြင်ချက်ဟာ အလွန်ပဲ သင့်တော်တယ် လို့ တရားလွှတ်တော် ရှေ့နေ ဦးကိုနီက ပြောပါတယ်။

“တရားရုံး အဆောက်အဦးတွေကို လုပ်ငန်းရှင်တွေကို ပေးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ ရှေ့နေကွန်ယက် ကနေပြီးတော့ သမ္မတကြီးဆီလည်း စာပို့ပေးပါတယ်။ သို့သော်လည်းပဲ အခုမှ ဒီနေ့မှာ ဒီစာဟာ ရောက်ချင်မှလည်း ရောက်မယ်ဆိုတာတောင် အခုမှ ကျနော်တို့ သိရတယ်ပေါ့လေ။ သို့သော်လည်းပဲ ဘာပဲဖြစ်ဖြစ် ဒီကနေ့ ကျနော်တို့ ဆန္ဒပြလိုက်တဲ့ ၁၇ ရက်နေ့က ဆန္ဒပြပွဲဟာ ဘာပဲဖြစ်ဖြစ် လူကြီးတွေ သတိထားမိသွားတယ် ဆိုတဲ့အချက်ကို ကျနော်တို့ ရလိုက်တယ်။ နောက် ပိုပြီးတော့ ဝမ်းသာစရာ ကောင်းတာက လူကြီးတွေက သတိထားမိရုံတင် မကဘူး။ ကျနော်တို့ကို ခေါ်ပြီးတော့ ဆွေးနွေးတဲ့အပြင် တော်တော်လေးကို လေးလေးစားစား တန်ဖိုးထားပြီးတော့ ဆွေးနွေးတဲ့အတွက်လည်း ကျနော်တို့ တော်တော်လေး ဝမ်းသာပါတယ်။ နောက်ပြီးတော့ ကျနော် မျှော်လင့်ပါတယ်၊ ကျနော်တို့ရဲ့ ဒီတင်ပြချက်တွေကို ဝန်ကြီး ဦးစိုးသိန်းက သမ္မတကြီးဆီကို ပြန်ပြီး သယ်ဆောင်သွားပေးမယ်။ ပြီးတော့ သမ္မတကြီးလည်းပဲ စဉ်းစားမယ်လို့ ကျနော်တို့ ထင်တယ်။ ဘာကြောင့်လဲ ဆိုတော့ သေချာတာက အခု ကျနော် ပြောသမျှသည် ကျနော်တို့ ကိုယ်ရေးကိုယ်တာ လုံး၀ မပါဘဲနဲ့ အမျိုးသား အကျိုးစီးပွား၊ နိုင်ငံ့ အကျိုးစီးပွား၊ နိုင်ငံ့ ဂုဏ်သိက္ခာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ဖြစ်တဲ့အတွက် ကျနော်တို့က ဒီအကြောင်းအရာတွေ ဖြစ်တဲ့အတွက် ကျနော်တို့က ဒီ တရားရုံးကိစ္စတွေဟာ အဆင်ပြေသွားလိမ့်မယ်။ သမ္မတကြီးကတော့ အကောင်းဆုံးဖြစ်အောင် တခုခု စီစဉ်ပေးမယ်လို့တော့ ကျနော် ယုံကြည်ပါတယ်။”

အရှေ့တောင်အာရှ ဒေသတွင်းမှာ နောက်ဆုံး ရှေးဟောင်း အဆောက်အဦး အများဆုံး ကျန်ရှိနေတဲ့ ရန်ကုန်မြို့က အဆောက်အဦးတွေကို ထိန်းသိမ်းဖို့ နိုင်ငံတော် သမ္မတကြီးနဲ့ တင်ပြ ဆွေးနွေးဖို့ ရှိတယ်လို့လည်း သမိုင်းပညာရှင် ဦးသန်းမြင့်ဦးက ဗွီအိုအေ ကို ပြောပါသေးတယ်။

“ဒါကတော့ နှစ်မျိုး ကြည့်လို့ရတယ်။ တမျိုးကတော့ ဟုတ်ပါတယ်။ ဒါကတော့ သေချာ မထိန်းသိမ်းတာ ကြာပြီ။ နောက်တခုက ဒါက တမျိုးကြည့်မယ် ဆိုရင်တော့ ရန်ကုန်မြို့ တမြို့ပဲ အာရှမှာ ကျန်တော့တယ်။ ဒီလိုမြို့မျိုး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့က နှစ် ၅၀ လုံးလုံး သေချာ တခြားနိုင်ငံတွေလို ဖွံ့ဖြိုးမှု မရှိတဲ့အတွက် ကျနော်တို့က အဆောက်အဦးတွေ အဟောင်းတွေ အများကြီး ရှိနေတယ်။ ဒါက တန်ဖိုးကလည်း အများကြီးရှိတယ်၊ ဒီအချိန်မှာ။ ဘာဖြစ်လို့လဲ ဆိုတော့ အရှေ့တောင်အာရှမှာ ဒီလိုမြို့ မျိုး မရှိတော့ဘူး။ အဲဒီတော့ ကျနော်တို့က သေချာ စဉ်းစားရမှာက။ အဲဒီရှိတဲ့ legacy နဲ့ ကျန်ခဲ့တဲ့ heritage နဲ့ ဘယ်လို သုံးမလဲ၊ ပြည်သူလူထုအတွက် ဘယ်လို သုံးနိုင်မလဲ။ အစီအစဉ်တခု ရှိရမယ်။ ရန်ပုံငွေကြေး သေချာ ရှာရမယ်။ အကုန်လုံး စနစ်တကျနဲ့ လုပ်ရမယ်လို့ ကျနော် ထင်တယ်။ ကျနော်တို့က အစိုးရနဲ့တော့ ဆွေးနွေးတာ ၆ လ၊ ၉ လလောက် ရှိပါပြီ။ ဝန်ကြီး ဦးစိုးသိန်းနဲ့ တခြား ဝန်ကြီးတွေနဲ့ တွေ့တာ သုံးလေးခါလောက် ရှိပါပြီ ဒီကိစ္စနဲ့။ ကျနော်တို့က နောက် တလအတွင်း basic plan ပေါ့၊ basic idea တွေ၊ recommendation တွေကို ဝန်ကြီးတွေနဲ့ ဖြစ်နိုင်ရင် သမ္မတကြီး ကိုယ်တိုင်ကို တင်ပြဖို့ အစီအစဉ် ရှိပါတယ်။”

ရန်ကုန်တိုင်း ဒေသကြီး အတွင်း ဒီကနေ့ အောက်တိုဘာလ ၂၇ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်း ပွဲမှာ သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန်မြို့တော်ဝန် တို့ တက်ရောက် ခဲ့ပြီး ရှေ့နေ ကွန်ယက်က ရှေ့နေများနဲ့ ညှိနှိုင်း ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG