သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ် စုံစမ်းတွေ့ရှိမှု လူ့အခွင့်အရေးကော်မရှင် ထုတ်ပြန်


ကချင်စစ်ပြေး ဒုက္ခသည်တွေဟာ ကေအိုင်အိုနဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေရှိနေဆဲဖြစ်တဲ့အတွက် တရုတ်မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေကနေ
ပြောင်းရွှေ့လိုကြတဲ့ ဆန္ဒမရှိကြဘဲ ဖြစ်နေပါတယ်။
ကချင်စစ်ပြေး ဒုက္ခသည်တွေဟာ ကေအိုင်အိုနဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေရှိနေဆဲဖြစ်တဲ့အတွက် တရုတ်မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေကနေ ပြောင်းရွှေ့လိုကြတဲ့ ဆန္ဒမရှိကြဘဲ ဖြစ်နေပါတယ်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ကချင်ပြည်နယ်အတွင်းမှာ သွားရောက် လေ့လာ တွေ့ရှိချက်တွေနဲ့ ပတ်သက်လို့ သြဂုတ်လ ၁၄ ရက်နေ့ မှာ ကြေညာချက် ထုတ်ပြန်ပြီးတော့ အကြံပြုချက်တချို့လည်း ထည့်သွင်း ဖော်ပြထားပါတယ်။ ဒါပေမယ့် ကချင် လွှတ်မြောက်ရေးအဖွဲ့ ကေအိုင်အို ကတော့ ဒီအဖွဲ့ဟာ အစိုးရက ခန့်ထားတဲ့အဖွဲ့ဖြစ်တဲ့အတွက် အဖြစ်မှန်တွေကို သမာသမတ် ကျကျ ထုတ်ဖော်ပြောဆိုခြင်း မရှိဘူးလို့ ထောက်ပြ ဝေဖန်လိုက်ပါတယ်။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က ပြောပြပါမယ်ရှင်။

ဟုတ်ကဲ့ပါ။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က အတွင်းရေးမှူး ဦးစစ်မြိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဝင် ၂ ဦး ဇူလိုင်လ ၂၃ ရက်ကနေ ၂၇ ရက်နေ့အထိ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့တို့မှာ ရှိတဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာခဲ့ပြီးတော့ သြဂုတ်လ ၁၄ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်တာပါ။ သူတို့အနေနဲ့ အဲဒီမှာ ရှိနေတဲ့ ဒုက္ခသည်တွေရဲ့စားဝတ်နေရေး အခြေအနေတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဆိုင်တဲ့ တိုင်ကြားချက်တွေကို ကာယကံရှင်တွေနဲ့ တွေ့ဆုံ မေးမြန်းခဲ့တယ်လို့ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်က ဗွီအိုအေကို ပြောပြပါတယ်။ သူတို့အနေနဲ့ အစိုးရဖက်ကရော၊ ကေအိုင်အိုဖက်ကပါ နှစ်ဘက်စလုံးက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်ဆိုတာကို စုံစမ်း တွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။

“ကျနော်ပြောချင်တာကတော့ ဒီလက်နက်ကိုင် ပဋိပက္ခ ဖြစ်တဲ့နေရာတွေဟာကမ္ဘာ ရဲ့ မည်သည့်နိုင်ငံ မည်သည့်နေရာမှာမဆို လက်နတ်ကိုင် ပဋိပက္ခဖြစ်တဲ့နေရာတွေမှာကတော့ လူ့အခွင့်အရေး ချိုးဖောက်ခံရမူတွေ ရှိတယ်လို့ ကျနော်တို့ရဲ့ လေ့လာမှုတွေအရ သိရပါတယ်။ ထိုနည်းအတူပဲ ကချင်ပြည်နယ်အတွင်းဖြစ်တဲ့ လက်နက်ကိုင် ပဋိပက္ခမှာလည်း ကျေးရွာလူထုအပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်မူတွေရှိတယ် ဆိုတာ ကျနော်တို့ ဒီတခေါက် သက်သေတွေ စစ်ဆေး ထွက်ဆိုချက် အရသိရပါတယ်။ ဒါ နှစ်ဘက်လုံးပါပဲ။ အတင်းအဓမ္မ ခေါ်ဆောင်ခြင်း၊ ပေါ်တာခေါ်ခြင်း နောက် အနိုင်ကျင့်ခြင်း၊ညှင်းပမ်း နှိပ်စက်ခြင်း ဆိုတဲ့ ဒီလိုအချက်အလက်တွေကို ကျနော်တို့ တွေ့ရှိခဲ့ပါတယ်။ ဒါ့ကြောင့် ကျနော်တို့ ဒီမှာဖော်ပြပြီးတော့ပန်ကြားခြင်း ဖြစ်ပါတယ်။”

ဒါပေမယ့် ကော်မရှင်ရဲ့ ဒီထုတ်ပြန်ချက်ဟာ များသောအားဖြင့် အဖြစ်မှန်တွေနဲ့ ကွာဟနေပြီး အကြံပြုချက်၊ တင်ပြချက်တွေဟာလည်း အစိုးရဖက်က လိုက်ပြောပေးသလိုဖြစ်နေတယ်လို့ ကေအိုင်အို ကချင်လွှတ်မြောက်ရေး အဖွဲ့ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးလာနန်က ထောက်ပြ ပြောဆိုပါတယ်။

“သူတို့ကတော့ ဒီတပ်ကနေ ဖွဲ့စည်းထားတဲ့ ကော်မရှင် အဖွဲ့ ဆိုတော့ အစိုးရအကြိုက်ပဲ သူပြောတယ်ဆိုတာ သိသာပါတယ်။ ကြားကနေ နေဆိုပြီး သူ ပြောဖို့ ကတော့ မမြင်ဘူးလေ။ ပြီးတော့ သူ အဲ့ဒီ့မှာ ပြောသွားတဲ့ ထုတ်ပြန်ချက်မှာလည်း ကြည့်တဲ့အခါမှာ အစိုးရဘက်က လုပ်ဆောင်မူတွေ အားလုံးကို အကောင်းအနေနဲ့ပဲ ဖော်ပြထားတာတွေ့ရတယ်။ ဒုက္ခသည်စခန်းကနေ ဖမ်းဆီးခံရတဲ့ ပုဂ္ဂိုလ်တွေလည်းရှိတယ်။ ရွာတွေကနေ အိမ်ထဲမှာ လာပြီးတော့ ဆွဲသွားတဲ့ ဖမ်းသွားတဲ့ သူတွေလည်းရှိတယ်။ သူတို့ကို ဖမ်းသွားတဲ့အခါမှာလည်း ဥပဒေအရ လုပ်ပါတယ်ဆိုတဲ့ အနေနဲ့ သူကလက်ခံတဲ့သဘော တွေ့ရတယ်။ တကယ်ပဲ၂၄နာရီထက် ကျော်ပြီး ဖမ်းဆီးထားခွင့်ရှိတယ် မရှိဘူး ဆိုတဲ့ကိစ္စကိုတော့ မဖော်ပြဘဲနဲ့ မသင်္ကာတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို တစ်လကျော်ကျော် နှစ်လကျော်ကျော် ဖမ်းဆီးနှိပ်စက်တာမျိုး လုပ်တာတွေကို ဖော်ပြထားတာမျိုး မတွေ့ရဘူး။ လုပ်တဲ့လုပ်ငန်းတွေ အားလုံးဟာ သူ့ရဲ့ တည်ဆဲ ဥပဒေနဲ့ လုပ်တဲ့ကိစ္စဖြစ်တဲ့ အတွက်ကြောင့် လက်ခံတယ်ဆိုတဲ့ အနေနဲ့ ဖော်ပြထားတာ တွေ့ရတယ်။”

ဒီလို ဝေဖန် ပြောဆိုမှုတွေဟာ တယောက်နဲ့တယောက် အယူအဆချင်း၊ ခံယူချက်ခြင်း မတူတဲ့ အတွက် အခုလို ပြောဆိုတာမျိုး ဖြစ်မယ်လို့ ဦးစစ်မြိုင်က ပြောပါတယ်။

“မဟုတ်ဘူး။ အဲ့တာကတော့လေ သူတို့ခံစားတတ်တာလည်း ဆိုင်ပါလိမ့်မယ်။ တချို့ ကလည်း ခပ်ပြင်းပြင်းရှရှလေးကို ခံစားလိုက်ရမှ ခံတွင်းတွေ့တာရှိပါတယ်။ တချို့လည်း ပျော့ပျော့ပြောင်းပြောင်း ငြင်ငြင်သာသာမျိုးကို ခံစားရတာမျိုးကို နှစ်သက်တာမျိုးလည်း ရှိပါတယ်။ အဲ့တော့ ကျနော်တို့ ရခိုင်သွားတဲ့ ခရီးစဉ်မှာရော အခုရော ကျနော်တို့ နှစ်ဘက်စလုံးကို မျှပြောပါတယ်။ မျှပြောတယ်ဆိုတာ တကယ်လည်း ပြောစရာ အကြောင်းတွေ ရှိလို့ ကျနော်တို့ ပြောပါတယ်။ ဒါပေမယ့်လို့ ဘာတွေဖြစ်တယ် ဆိုတာကတော့ ဖော်ပြဖို့ မသင့်ဘူး။ ဒီလို ဆိုပါတော့ နှစ်ဘက်ဘာတွေ ဖြစ်ခဲ့လည်းဆိုတာ ဖော်ပြလိုက်မယ် ဆိုလို့ရှိရင် နှစ်ဘက်ကို သွေးထိုး သလိုဖြစ်ပြီးတော့ ပြည်သူလူထုရဲ့ စိုးရိမ်မူတွေ ပိုပြီးတော့ ကြီးထွားစေမယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် ကျနော်တို့ ပြောသင့် သလောက်ပဲပြောပြီးတော့ နှစ်ဘက်ကို ချပြီးတော့ မျှပြောပြီးတော့ ကျနော်တို့ တိုက်တွန်းတဲ့သဘောပဲ တင်ပြခြင်း ဖြစ်ပါတယ်ဗျာ”

သူတို့အနေနဲ့ လုံခြုံရေးအရ စိတ်ချရမှု မရှိတဲ့ နယ်ခြားဒေသတွေကိုတော့ မသွားနိုင်ခဲ့ဘူး ဆိုတဲ့ အချက်ကိုတော့ ဦးစစ်မြိုင်က ဝန်ခံ ပြောဆိုပါတယ်။

“ကျနော်တို့က သွားတော့လည်း နယ်မြေအရ လုံခြုံရေးအရ ကန့်သတ်ချက်တွေက ရှိပါတယ်။ ရှိတော့ ကျနော်တို့ သွားနိုင်တာက မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်ပဲ ဖြစ်ပါတယ်။ ဆိုတော့ လုံခြုံရေးရှိတဲ့ မြို့တွေပဲ ကျွန်တော်တို့က သွားလို့ရတယ်။ ဟိုနယ်စပ်မှာရှိတဲ့ စခန်းတွေကတော့ ကျနော်တို့ က သွားဖို့လာဖို့ ဘယ်လိုမှကို အခြေအနေမပေးပါဘူး။ လုံခြုံရေးအရ လမ်းကြောင်းလည်း ဝေးလည်းဝေးတယ်။ အခုရိက္ခာမလောက်ဘူးဆိုတာ ကျနော် သိထားတာကတော့ အဲ့ဒီနယ်စပ်တလျှောက်မှာရှိတဲ့ စခန်းတွေပေါ့လေစောင့်ရှောက်ရေးစခန်းတွေလို့ ကျနော်တို့က သိရပါတယ်"

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင် ပြောပြခဲ့တာပါ။ ကချင်ပြည်နယ်အတွင်းမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးပြီး ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေကြသူတွေ နေရပ်ပြန်နိုင်ရေး၊ သူတို့ဘ၀ ရေရှည် ရပ်တည်ရေးနဲ့ အထူးသဖြင့်တော့ကလေးငယ်တွေ ကျောင်းပညာ ဆက်မသင်နိုင်တဲ့ ကိစ္စ တွေနဲ့ပတ်သက်လို့ အခုဆိုနှစ်နဲ့ချီ ကြာလာနေပြီဖြစ်တဲ့အတွက် ဝေဖန် ပြောဆိုနေကြတာ ဖြစ်ပါတယ်။

ဒီအတောအတွင်း တရုတ်နိုင်ငံထဲကို ရောက်ရှိနေကြတဲ့ ကချင်ဒုက္ခသည်တွေကို မြန်မာနိုင်ငံထဲကို ပြန်နိုင်အောင် စီစဉ်ဖို့ တရုတ်အစိုးရက ကချင် လွတ်မြောက်ရေး အဖွဲ့ကို တိုက်တွန်းနေတာကြောင့် ကေအိုင်အိုကရွှေ့ပြောင်းပေးဖို့ စတင်ပြင်ဆင် နေပေမယ့် ဒုက္ခသည်တွေကတော့ပြောင်းရွှေ့လိုကြတဲ့ ဆန္ဒမရှိကြဘဲ ဖြစ်နေတာပါ။ မြန်မာအစိုးရနဲ့ ကေအိုင်အိုအကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်နိုင်ဖို့ ဇူလိုင်လ ၁၇ ရက်နေ့မှာ ကေအိုင်အေဖက်က စာရေး အကြောင်းကြား ထားပေမယ့် အခုချိန်ထိတော့ အစိုးရဖက်က အကြောင်းပြန်ကြားတာမရှိသေးတဲ့အပြင် တိုက်ပွဲတွေလည်း နေ့စဉ်လိုလို ဆက်လက် ဖြစ်ပွားနေတယ်လို့ဦးလာနန်က ပြောပါတယ်ခင်ဗျား။
XS
SM
MD
LG